Saturday, March 7, 2009

မြန်မာပြည် နိုင်ငံရေး ပြည်သူတွေသာ အဖြေပေးနိုင်

ဘယ်နိုင်ငံရေး ပြဿနာ၊ နိုင်ငံရေး ပဋိပက္ခ၊ နိုင်ငံရေး အကြပ် အတည်း၊ နိုင်ငံရေး အရှုပ်တော်ပုံ မဆို တစုံတရာ အတိုင်း အတာအထိ နိုင်ငံတနိုင်ငံရဲ့အမြင့်ဆုံး အဆင့်နေရာ ရောက်လာပြီဆိုရင် နိုင်ငံတကာ နိုင်ငံရေး International Politics နဲ့ကင်း လွတ်တာ မရှိပါဘူး။ တနည်း မဟုတ် တလမ်း၊ တမျိုးမဟုတ် တဖုံ နှီးနွယ်ဆက်စပ် နေတတ်ပါတယ်။

နိုင်ငံတနိုင်ငံရဲ့နိုင်ငံရေး အဆင့်ဟာ အိမ်နီးနားချင်း တိုင်းပြည်တွေ ရဲ့နိုင်ငံရေး၊ ဒေသတွင်း နိုင်ငံရေး၊ အာရှနိုင်ငံရေး၊ အဲဒီကနေ ကမ္ဘာ့နိုင်ငံရေး အဆင့်နဲ့ ဆက်နွယ် နေတာဖြစ်တယ်။ တခုနဲ့တခု တဆင့်နဲ့တဆင့် ကြောင်းကျိုးယှက်နွယ် ဆက်သွယ်မှု contractual နဲ့ ဆက်စပ်မှု အနေ အသား (context) ဖြစ်နေ ပါတယ်။

၁၉၆၂ စစ်တပ် အာဏာသိမ်းတဲ့ ဗမာပြည်ရဲ့ ၄၆ နှစ်သက်တမ်း ရှိနိုင်ငံရေး ပဋိပက္ခကို အနှစ်ချုပ်လိုက်ရင် အသစ်ပြောင်းလေ အဟောင်း နဲ့တူလေ The more the changes, the more the things are the same ဖြစ်နေတယ်။

၂၀၀၇ စက်တင်ဘာမှာ နောက်ဆုံး ဖြစ်ပေါ်ခဲ့တဲ့ ရွှေဝါရောင် တော်လှန်ရေး လို့လူသိများ ကြတဲ့ သံယာတော် များရဲ့ သပိတ်မှောက် ကံဆောင် လှုပ်ရှားမှု ကစပြီး ၂၀၀၈ မေ ၁၀ ရက်အခြေခံဥပဒေသစ် အတည်ပြု ဌာန်းရေး လူထုဆန္ဒခံယူပွဲနဲ့ ၂၀၁၀ ရွေးကောက်ပွဲ ထုတ်ပြန်ကြေငြာ ချက်တွေဟာ တခုနဲ့တခု အပြန်အလှန် တည်မှီလာတဲ့ ကြောင်းကျိုး ဆက်စပ်မှု cause and effect နိယာမ တွေအဖြစ် နိုင်ငံတကာ အသိုင်း အ၀ိုင်းက ရှုမြင်ကြပါတယ်။

ဘယ်သူမှမျှော်လင့် မထားတဲ့ မေ ၁၀ ရက် ဆန္ဒခံယူပွဲနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ဖေဖေါ်ဝါရီလ ဆန်းပိုင်းမှာ နအဖတို့ ရုတ်တရက် ထုတ်ပြန်ကြေငြာ လိုက်တာဟာ နိုင်ငံတကာ နိုင်ငံရေး အဆင့် International level အတွက် အခွင့်ကောင်းယူ အချက်ပိုင် ပါးနပ်မှု ထိုးနှက်ချက် တခုလို့ ပြောနိုင်ပါတယ်။ မျက်မှောက် ကမ္ဘာ့ အခြေအနေ ရေစီးကြောင်း အကွက်ထဲ ၀င်မိအောင် အမှီလိုက်တဲ့ ပါးနပ်မှု ပါဘဲ။

စစ်အေး တိုက်ပွဲလွန် Post Cold War မေ ၁၉၈၉ နောက်ပိုင်း လစ်ဘရယ် ဒီမိုကရေစီ Liberal democracy စနစ်ဟာ အသံကျယ်လောင် စွာဦး မော့လာပါတယ်။ ဒီမိုကရေစီစနစ်မှာ ဆန္ဒခံယူပွဲ referendum တို့ ရွေးကောက်ပွဲ election တို့ဆိုတာ (ဟန်ပြဖြစ်ဖြစ်၊ တကယ့် အနှစ်သာရ ဖြစ်ဖြစ်) အဓိကအရးပါ အရာရောက်ပါတယ်။ လုပ်ပုံလုပ်နည်း-ဟန်ပန်၊ အနှစ်သာရ၊ အတုအယောင်၊ အစစ်အမှန် forms and substances က ဘာလဲ၊ ဘယ်လိုလဲဆိုတာ တကဏ္ဍပါ။ အဲဒါတွေကို အနောက်အုပ်စု အပါအ၀င် ကမ္ဘာ့ အသိုင်းအ၀ိုင်းက အလေး အနက်ထားပြီး စူးစိုက် စောင့်ကြည့်မှု ကြီးကြီးမားမား သိပ်မရှိပါကြဘူး။ အရေးတယူ စိတ်ဝင်စားမှု သိပ်မရှိကြပါဘူး။ အဲဒါကို နအဖတို့ ကောင်းကောင်း သိကြပါတယ်။

ဒီမိုကရေစီနည်း ကျတဲ့၊ အနှစ်သာရ ရောအသွင်သဏ္ဍန်ပါ စစ်မှန်တဲ့ဆန္ဒခံယူပွဲ၊ ရွေးကောက်ပွဲ ဟုတ်မဟုတ်ဆိုတာ သက်ဆိုင် ရာ တိုင်းပြည်ရဲ့ ပြည်သူတွေအပေါ်မှာ အထူးမူတည်ပါတယ်။ အဲဒီ တိုင်းပြည်ကို အုပ်ချုပ်တဲ့ လက်ရှိအစိုးရ တခုထဲ အပေါ်မှာဘဲ လုံးဝ ဥဿုံ မူတည်တာ မဟုတ်ပါဘူး။

၂၀၀၈ ဆန္ဒခံယူပွဲနဲ့ ၂၀၁၀ ရွေးကောက်ပွဲ-အဲဒီကိစ္စကြီး နှစ်ရပ် ကို နအဖတို့အမှတ်မထင် ကြေငြာလိုက်တာဟာ ပါးနပ်တဲ့နိုင်ငံရေး ထိုးစစ်တရပ်ဖြစ်တယ်၊ အချက်ပိုင်တဲ့ နိုင်ငံရေးကျားကွက်ရွှေ့မှုကြီး တခုလဲဖြစ်တယ်လို့ ဘာ့ကြာင့်ပြောနိုင်သလဲ?။

အသေချာဆုံးအချက် တခု ကတော့ ဘယ်သူမှသူ့အပေါ် အပြစ်မြင်အကြပ်ကိုင်ဖိအားပေးတာ မလုပ်နိုင်ဘူး။ သူဘယ်လိုဘဲ ဒီယုံမြင်လို့ ဒီခြုံထွင်ထွင်ဘယ်သူမှသူ့ကို ကဲ့ရဲ့ရှုပ်ချတာမရှိဘူး။ အများစုလိုလိုက ကြိုဆိုထောက်ခံလာတာတွေ့ ရတယ်။ တချို့ကတောင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဆီ တကယ်ဦးတည်တော့မယ်လို့ ချီးကျူးထောပနာပြုကြတယ်။

တကယ်တမ်းတဖက်တလမ်းကနေ ပြန်ကြည့်ရင် ဒီမိုကရေစီဆို တာကို ဘယ်သူမှပုံသေကားချပ် အတိအကျ အဓိပ္ပာယ်ဖွင့်ဆို ထားတာ မရှိ၊ ဒီမိုကရေစီရဲ့ ပုံပန်းသဏ္ဍာန်နဲ့အနှစ်သာရကို စံချိန်စံနှုန်းပီပီပြင်ပြင် ကန့်သတ်ထားမှုမရှိတော့ ဘယ်သူကဘဲ ဘယ်နည်း ဘယ်ပုံ လိုရာဆွဲဆွဲ - ချဲ့ကား- ချုံးချုပ်လို့ရတယ်ဆိုတာ နအဖတို့သိပါတယ်။ အဲဒါကြောင့် စည်းကမ်းရှိတဲ့ဒီမိုကရေစီဆိုပြီး သူ့ဘာသာ သူအဓိပ္ပာယ်ဖွင့်ဆို- လိုရာ ဆွဲချဲ့ကားသတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ သူဘယ်လို အကြောင်းပြပြ သူ့ဘက်က အသာစီးရနေတော့ စိတ်ရှိလက်ရှိကစားနိုင်တဲ့အနေအထားပါ။ အဲဒီအနေအထားမှာ ဆန္ဒ ခံယူပွဲနဲ့ရွေးကောက်ပွဲကို ဒီနှစ်ဒီလမှာလုပ်မယ်လို့ နအဖတို့ ထုတ်ပြန်လိုက်တာဟာ အချက်ပိုင်ပါးနပ်တဲ့ အချိန်ဝယ်မှု (buying time) လဲဖြစ်တယ်။ လိမ်လည်ကောက်ကျစ်တဲ့ နအဖ လုပ်ရပ်ဆိုတာ ကတော့ သမားရိုးကျအစွယ်အပွါး အသေးအမွား ကိစ္စပါ။

ဗမာပြည်နိုင်ငံရေးပြောင်းလဲမှု အတွက်အရေးကြီးဆုံးအချက် တခုက ဒီမိုကရေစီပြုပြင်လဲရေးဖြစ်စဉ် democratization process ဖြစ်ပါ တယ်။ အဲဒီပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ပေါ်ပေါက်ဘို့ ပြည်သူလူထုအတွက် (စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျမ္မာရေး ကဏ္ဍ အသီး သီးမှာ) လွတ်လပ်ခွင့် right ရှိတဲ့နိုင်ငံရေးလွတ်လပ်ခွင့် political liberation ရှိရပါမယ်။

အဲဒါတွေရှိရင် လွတ်လပ်စွာလှုပ်ရှားနိုင်တဲ့ လူထုအခြေခံလူမှု အဖွဲ့အစည်း civil societies တွေရှိရပါမယ်။ ဗမာပြည်မှာ အဲဒါတွေ ဘာတခုမှမရှိပါဘူး။ နိုင်ငံရေးလွတ်လပ်မှု political rights မရှိရင် ဒီမိုကရေစီပြုပြင် ပြောင်းလဲမှုဖြစ်စဉ်လမ်းစ democratization process လဲလုံးဝမရှိနိုင်ဘူး။ အရင်းစစ်တော့ အမြစ်မြေ - အနှစ်ချုပ်လိုက်ရင် ဗမာပြည်နိုင်ငံရေး ပြဿနာနှစ်ရှည်လများ တစ်ခံ/ အသေ သော့ခတ် political deadlock ခံနေရတာဟာ ဘာမှမဆန်းဘူး။ စစ်တပ်ရေလဲသုံး ရေရှည်အာဏာ ဆုပ်ကိုင်မဲ့ အခြေခံဥပဒေကို မဖြစ်မနေ ထောက်ခံခိုင်းတဲ့ လူထုဆန္ဒခံယူပွဲဆိုတာလဲ ဘာမှအဆန်းကြီးမဟုတ်ဘူး။ အရာကိစ္စအားလုံး စစ်တပ်ကချည်း လက်ဝါးကြီးအုပ် နေမှတော့ ဒီလိုပုံစံဘဲထွက်လာမှာပါ။

ရောမအင်ပါယာတန်ခိုးကြီးထွားစဉ် ဧကရာဇ်စစ်ဘုရင်ဂျူးလီးယက် ဆီဇာကို (သူအယုံကြည်ရဆုံး စိတ်အချရဆုံး အားအထား ရဆုံး) သူ့သွေးသောက် ရဲဘော် ဘရူးးတတ်စ်တို့က ဘာ့ကြောင့်လွတ်တော်ထဲ မှာဝိုင်းပြီး ဓါးနဲ့ထိုးသတ် လိုက်ကြတာလဲ။ တိုင်းပြည် ဖွဲ့စည်းအုပ်ချုပ်ပုံ ပြဌာန်းရေးနဲ့ပတ်သက်ပြီး ဂျူးလီး ယက်ဆီဇာဟာ ဘယ်သူ့ရဲ့တိုက်တွန်း ဖြောင်းဖြမှုကိုမှ နားမ၀င်ဘဲ သူ့အတ္တ ဆန္ဒသည်သာ အရာရာ ဖြစ်တယ် (I'm the State, I'm the Law ငါသည်သာ နိုင်ငံတော်၊ငါသည်သာဥပဒေ) လို့ မာနတံခွန်တက် တာကနေစတင်ခဲ့ တာဖြစ်တယ်။ နအဖ ထိပ်သီး ဗိုလ်သန်းရွှေ လဲဘဲဆီဇာနဲ့ ခပ်ဆင်ဆင်ပါ။

ဗမာပြည်လူ့အဖွဲ့အစည်းကိုဆန်းစစ်ကြည့်ရင် - စစ်တပ်သည်သာ အခရာပါ။ နိုင်ငံရေးပါတီလဲစစ်တပ် (မဆလ/တစည)၊ လူမှုအဖွဲ့ အစည်းလဲ စစ်တပ် ( ကြံ့ဖွတ်၊ ကြက်ခြေနီ၊ မီးသတ်၊ အမျိုးသမီးရေးရာ)၊ နိုင်ငံတော်လဲ စစ်တပ်၊ အမိန့်အာဏာ၊ ဥပဒေလဲစစ်တပ် (ငါ့စကားနွားရ) အရာခပ်သိမ်းစစ်တပ်ချည်းတမိုးလုံးဖျောက်ဆိတ် ဖြစ်နေတာတွေ့ရပါတယ်။

၁၉၆၂ ဗိုလ်နေ၀င်းတို့ အာဏာသိမ်းပြီးနောက်ပိုင်း ၄၆ နှစ် သက်ကာလအတွင်း ဗမာပြည်ဟာ လူ့အဖွဲ့အစည်းနဲ့ နိုင်ငံတော် social and state ကိုပီပီပြင်ပြင်ခွဲခြားပြထားတာ မရှိတော့ နိုင်ငံတော် state ဆိုတာကို ပြည်သူလူထုအများစုက အုပ်စိုးသူအစိုးရလို့ဘဲ မှတ်ယူ သိရှိနားလည်ထားကြပါတယ်။ ဒီလိုဖြစ်အောင်လဲ စစ်တပ် အာဏာပိုင် တွေ တလျှောက်လုံးမှိုင်းတိုက် ဦးနှောက်ရိုက် အယုံသွင်းခဲ့တာဖြစ်တယ်။ ဒါဟာအင်မတန်ရင်ထုမနာ ကြေကွဲမှုကြီးပါ။

နိုင်ငံတနိုင်ငံရဲ့ အဆင့်အမြင့်ဆုံးနိုင်ငံရေးနဲ့ နိုင်ငံတကာ နိုင်ငံ ရေးဟာယှက်နွယ်မှု၊ ဆက်စပ်မှု ရှိတယ်ဆိုတာ အစပိုင်းမှာ တင်ပြခဲ့ပြီးပါပြီ။ ကနေ့ဗမာပြည်အနေအထားအရ ဒင်းတို့အသက်ရှုချောင်ရာ အာဇီ ယံရော၊ ဒင်းတို့အငြိမ့်သား ဆင်ဖြူတော်မှီကြံစုပ် နိုင်တဲ့ တရုပ်ရော၊ ဗမာ စစ်တပ်မှီခိုအားထားနေရတော့ သူ့အာဏာတည်မြဲရေးအတွက် ဉာဏ်နီ ဉာဏ်နက်သုံးပြီး မသမာနည်းနဲ့ စနစ်တကျ ငြမ်းဆင်တာကို ဘယ်လိုဘဲ သိသိ၊ ကုလကိုယ်စားလှယ် ဂမ်ဘာရီအစ ကမ္ဘာ့အသိုင်းအ၀ိုင်း International Community အဆုံး (စုပ်သတ် ညီးတွားရုံကလွဲလို့) ဘာမှ မလုပ်နိုင်ကြပါဘူး။ ဆန္ဒခံယူပွဲ လုပ်တာဟာ ဘာမှပြောင်းလဲမှုမရှိတာနဲ့ စာရင် ကောင်းပါ တယ် (Referendum is better than nothing) လို့ ဘဲ မချိပြုံး နှစ်သိမ့်ကြရပါတယ်။ နအဖ ဘာမှမပြောင်းဘဲဆက်ပြီးအခန့် သား ငြိမ်နေ တန့်နေ ခေါင်းမာတင်းခံနေရင်တောင်မှ ဘယ်လိုမှ မတတ်နိုင်ကြဘူးဆိုတာကို သိနေကြလို့ဖြစ်ပါတယ်။ ထိုင်းဝန်ကြီးချုပ် ဆမတ်က် တောင်မှ လွန်ခဲ့တဲ့အနှစ် ၄၀ တုံးက ထိုင်းဒီမိုကရေစီဖြစ်စဉ်နဲ့ နှိုင်းယှဉ်ပြလိုက်ပါသေးတယ်။ စိတ်ညစ်ညူးစွာနဲ့ ကောက်ချက်ချရရင် ဗမာပြည် ဒီမိုကရေစီဖြစ်ဘို့နောက်ထပ်အနှစ် ၄၀ သွားဦးမလား-ဆို တာပါဘဲ။

အဲဒီမချိပြုံးနှစ်သိမ့်မှုတွေအားလုံးဟာ အာဇီယံ၊ တရုပ်၊ အိန္ဒိယ သာမက ကုလသမဂ္ဂလုံခြုံရေးကောင်စီ-ဗန်ကီမွန်းတို့အတွက် မျက်နှာမပျက် ဣနြေ္ဒဆယ်မှုလဲဖြစ်နိုင်ပါတယ်။ မတတ်နိုင်ဘူး။ ရေနစ်တဲ့သူဝါးနဲ့ ကူထိုး စိတ်ထားမျိုးတော့ သူတို့မှာမရှိပါဘူးလို့ ဆုတောင်းရမှာဘဲဖြစ်တယ်။ မေလ ၂ - ၃ မှာမြစ်ဝကျွန်းပေါ်က ပြည်သူအသောင်းအသိန်း သေကြေပျက်စီးစေတဲ့ နားကစ်ဆိုင်ကလုံး လေမုန်တိုင်းကလည်း နူရာဝဲစွဲ လဲရာ သူခိုးထောင်း တပူပေါ်နှစ်ပူဆင့်တဲ့ လောကငရဲဒုက္ခဘုံကြီး ဖြစ်ပါတယ်။ အဲဒီအနေအထား၊ အဲဒီပြည်တွင်း ပြည်ပဖြစ်ရပ်ဖြစ်စဉ် မြင်ကွင်း တခုလုံးကိုတွေ့မြင်ရလေ-ဗမာပြည်သူတွေစိတ်တင်းထားဘို့ လိုအပ် လေပါဘဲ။

ဒီလိုဖြစ်နေတာကို ကြိုက်တယ်၊ မကြိုက်ဘူး။ လိုလားတယ်၊ မလို လားဘူးဆိုတာ တကဏ္ဍပါ။ ဘယ်လောက်ဘဲ စုပ်သပ်သပ်၊ တောက် ခေါက်ခေါက်၊ နံရံကိုလက်သီးနဲ့ထိုးထိုး- ဒါဟာ လက်ရှိ ကမ္ဘာ့နိုင်ငံရေး ပြယုဂ်ဖြစ်တယ်။ အာဇီယံကလဲ အကောင်းမြင်ဆက်ဆံမှု Constructive Engagement ကိုဘဲ ပြန်ပြီးသုံးစွဲလာတယ်။

မိမိတို့ရဲ့ကိုယ်ကျိုး စီးပွါးအမြတ်အစွန်း Economic Interest အတွက် ပြည်တွင်းရေးဝင် မစွက်ရေး non-interfear မူ အတိုင်းဆက်လက် ကျင့်သုံးသွားဘို့ဘဲ ရှိပါ တယ်။ ဒီဖြစ်ရပ်အနေအထား ကို သိမြင်နားလည်လို့ စိတ်ဓါတ် အားငယ် ဘို့မလိုပါဘူး။ ကျနော်တို့ကြိုက်ကြိုက် မကြိုက်ကြိုက်၊ ကမ္ဘာကြီးကတော့ သူ့ ဖြစ်ထွန်းမှု နည်းလမ်း အတိုင်းသွားနေတယ် - ကျနော်တို့လိုလားတဲ့အတိုင်းသွားနေတာ မဟုတ်ဘူးဆိုတာကို ကြည့်ရူလက်ခံဘို့လိုပါတယ်။ We like it or not, we need to look at the world the way it is. Not the way we want it to be. တချို့ အိမ်နီးနားချင်းတွေအဖို့-ဗမာပြည်ပြုပြင်ပြောင်းလဲမှု ကြန့်ကြာလေ ဗမာစစ်တပ်အာဏာခိုင်မြဲလေ၊ အကျိုးအမြတ်ရလေဖြစ် နေတယ်။

အဲဒါကြောင့်ပြည်သူလူထုရဲ့ဒုက္ခအဖုံဖုံထက် (ဒေါ်အောင်ဆန်းစုကြည်၊ ခွန်ထွန်းဦး၊ မင်းကိုနိုင်နဲ့ နိုင်ငံရေး နှိပ်ကွပ်မှုထက် ) သူတို့ရဲ့ စီးပွားရေးအမြတ်အခွန်အတွက်ပိုပြီးစိတ်ဝင်စားကြပါတယ်။ ဗမာပြည် ဒီမိုကရေ စီ ဆိတ်သုဉ်းမှုဟာ သူတို့ကိုယ်ကျိုးစီးပွါး ဖြစ်ထွန်းမှု ထက် အရေးမကြီးပါ ဘူး။ ထိုင်းအစိုးရတက်ဖြစ်တဲ့အာဏာရ ထတ်ဆင် ထိုင်းရတ်ထိုင်း TRT ပါတီဖြစ်ဖြစ်၊ အခုအစိုးရလုပ်နေတဲ့ ထတ်ဆင်ရုပ်သေး ၀န်ကြီးချုပ် ဆမတ်က်ရဲ့ပြည်သူ့စွမ်းအားပါတီ PPP ဖြစ်ဖြစ်၊ စီးပွားရေးပဓါန၊ နိုင်ငံရေးသာမည ပေါ်လစီ လက်ကိုင် ထားပြီး နအဖကိုမျက်နှာချိုသွေးနေတာပါ။

အဲဒါကိုလဲနအဖကနောကြေပြီးသားဖြစ်တော့မိမိရပ်တည်ရေး/ လုံခြုံရေးအာဏာတည်မြဲရေးအတွက် နိုင်ငံရပ်ခြား စီးပွားရေး အကျိုးအမြတ်နဲ့လဲလှယ်တဲ့ (Foreign economic interest exchange with SPDC's security, stability and survival) မဟာဗျူဟာကို ပိုင်ပိုင်နိုင်နိုင် အကွက်စေ့စေ့ ပါးပါးနပ်နပ် ကျင့်သုံးကစား လာနိုင်တာဖြစ်တယ်။

အဲဒါကြောင့်ဗမာပြည်နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ ဒီမိုကရေစီ ထွန်းကားမှု၊ လူ့အခွင့်အရေး ရရှိမှုဆိုတာတွေဟာ ဘယ်ပြင်ပ အင်အားစု အပေါ်မှာမှ မတည်မှီပါဘူး။ ဗမာပြည်ပြည်သူလူထုတရပ်လုံး အပေါ်မှာ ဘဲလုံးဝ တည်မှီပါတယ်။

“သဘောထားကြီးပြီးအာဏာကိုအလိုအလျောက် စွန့်လွတ် သွားတဲ့ အာဏာရှင်ဆိုလို့ကမ္ဘာပေါ်မှာ မရှိဘူးပါ။ ဒီအချိန်ဟာ တော်လှန်ရေး အလှည့်အပြောင်းဖြစ်နိုင်တဲ့ကာလဖြစ်ပြီး မြန်မာပြည်သူတွေ ရဲ့သူရဲကောင်း စိတ်ဓါတ်ကိုယုံကြည်ကြ။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တို့ရဲ့ အကူအညီကို မျှော်ကိုး စိတ်ကူး ယဉ်ပြီးအချိန်မဖြုန်းဘဲ အာဏာ ရှင်ကိုပြည်သူ့အင်အားနဲ့ ခြေမှုန်းတိုက်ဖျက် သွားကြ ”- ဆိုတဲ့ လူထု စိန်ဝင်းရဲ့လမ်းညွှန်အဆိုအမိန့်ဟာ သွေးထွက်အောင်မှန်ကန်တဲ့ အမှန် တရားသစ္စာစကားဖြစ်ပါတယ်။

(မှတ်ချက်- ၄/၅/၀၈ ဟောပြောသော ထိုင်းအငြိမ်းစား သံတမန်တဦးဖြစ်သူ Mr. Suraphong Jayanama ၏ ရှင်းလင်းချက် ကို နားလည်ဉာဏ်မှီသရွေ့ကိုးကားပါသည်။)

No comments:

Post a Comment