Saturday, March 7, 2009

ကျန်နေခဲ့တဲ့ လမ်းပေါ်မှာ မိုးတွေ ရွာနေတယ်


(က)

တံတားကို ဖြတ်ကျော်ခဲ့ပြီးကာမှ

တမ်းတတတ်တဲ့ ရင်ဟာ

တခွင်လုံး မိုးသားတွေ ပြည့်လို့ ......။

(ဖော်ဝေးရဲ့ နံနက်ခင်း ချောက်ကမ်းပါး ... ကဗျာမှ)

၁၉၉၂-ခု၊ ဇွန်လ ၂၀ ရက် ...။

တောငှက်ပျောရွက်ကို အမိုးအကာ လုပ်ထားသည့် တဲကလေးပေါ်တွင် ကျနော်တယောက်တည်း ရှိနေသည်။ ကျောအောက်တွင် ပုဆိုးတထည်ကိုခင်းပြီး လဲလျောင်းလျက်။ လွယ်အိပ်ကို ခေါင်းခုလုပ်၏။ ကျောအောက်မှ မညီမညာ ၀ါးကြမ်းခင်းမှာ ခိုးလိုးခုလုဖြစ်နေ၏။ တုံးလုံးလှဲလိုက်စဉ်က အနေရ အထိုင်ရ သက်တောင့်သက်သာ မရှိသည့် စိတ်မှာ လရောင်များကိုမြင်တော့ ယူပစ်လိုက်သလို ပျောက်သွားရ၏။ တဲအမိုး တောငှက်ပျောရွက် အဖျားပေါ်တွင် လရောင်များ လိမ်းကျံလျက်.....။

လရောင်များကိုမြင်တော့ စိတ်မောလူမော ဖြစ်နေခြင်းမှာ လျော့ကျသွားနေ၏။ ယုတ်စွအဆုံး တဆစ်ဆစ် ကိုက်ခဲနာကျင်နေသော ခန္ဓာကိုယ်သည်ပင် တဖြေးဖြေး ပြေလျော့သက်သာသွားရ၏။ ကွဲပျက်လျက်ရှိသည့် ငှက်ပျောရွက် လက်ကြားများမှတဆင့် လရောင်များသည် ကျနော့်ခန္ဓာကိုယ်ပေါ် ပဆစ်အိမ်ဖွဲ့ နေကြပေပြီ။

ရှေ.ဆက်ရမည့်ခရီးမှာ မှုန်ဝါးလျက်ရှိနေသည်။ ကျောင်းသားတပ်မတော်မှ တပ်ရင်း ၂၁၀ ၊ တပ်ရင်းမှူး `ကိုဆန်းလင်း´ကို ရုတ်တရက် မတွေ့နိုင်တော့သည်မှာ သေချာ၏။ ထို့ပြင် `ကိုဆန်းလင်း´ဆီ စက်ဖြင့် အကြောင်းကြားဖို့ ဆိုသည်မှာပင် လွယ်ကူဟန်မတူ။ တပ်မဟာ ၂ KNLA တပ်ခွဲမှူး `ဗိုလ်ကျော့မေ´က ကတိပေးထားသည့်တိုင် `ကိုဆန်းလင်း´နှင့် လူချင်းတွေ့နိုင်ဖို့မှာ မလွယ်ကူမှန်း ကျနော် သိလာရ၏။

`တပ်မဟာမှူးဆီကို ကျနော် စက်နဲ့ အခုပဲ အကြောင်းကြားပြီးပါပြီ။ တပ်မဟာမှူးက စီစဉ်ပေးပါ့မယ်လို့ ပြောပါတယ်။ တပ်မဟာမှူးဆီက အကြောင်းကြားတာနဲ့ တပြိုင်နက် ဆရာတို့ ခရီးထွက်ရမယ်ထင်တယ်။ ဒီကြားထဲ ဒီမှာပဲ နားနားနေနေ ခဏနေပေါ့။ နေရထိုင်ရ၊ စားရသောက်ရတာတော့ နည်းနည်းအားနည်းမယ် ထင်တယ်´

`ဗိုလ်ကျော့မေ´နှင့် ကျနော် သည်စခန်းကို ရောက်ရောက်ချင်း ပြောခဲ့ကြသည့်စကား။ ရွာမှ ထွက်လာစဉ်တုန်းက စဉ်းစားထားခဲ့သည်များမှာ အဆင်မပြေချင်တော့။ တိတ်ပုရွာကိုရောက်တော့ `ကိုဆန်းလင်း´မှာ နောက်တန်းသို့ ပြန်သွားသည်မှာ ၃ လခန့် ရှိပြီဟုဆို၏။ တိတ်ပုရွာသူကြီးက KNLA မှ`ဗိုလ်ကျော့မေ´ နှင့် တွေ့ပေးမည်ဆို၏။ ကျနော် ခေါင်းညိတ်လိုက်ရ၏။ ကျနော်နှင့်အတူ လိုက်ပါလာသည့် တရွာထဲသား `မောင်ကြိုင်´မှာ `ကိုဆန်းလင်း´နှင့် လူချင်း တွေ့ဆုံဖို့ မလွယ်ကူမှန်း သိကတည်းက မျက်စေ့မျက်နှာ ပျက်နေခဲ့၏။

`ဆရာလေး .... ကိုဆန်းလင်းနဲ့ မတွေ့ဘဲ ဖြစ်ပါ့မလား။ ဗိုလ်ကျော့မေနဲ့ ဆရာလေးကလည်း လူချင်း တွေ့ဖူးခဲ့တာ မဟုတ်တော့ ကျနော်တို့ကို ကူညီပါ့မလား´

`ဒါကတော့ ပြောကြည့်ရမှာပေါ့ကွာ။ ကိုဆန်းလင်းကလည်း ငါ့ဆီကို အကြောင်းကြားဖို့၊ ငါကလည်း သူ့ဆီကို ကြိုပြောထားဖို့က လွယ်တာမှ မဟုတ်တာပဲကွာ။ ဒီရောက်လာမှတော့ အဆင်ပြေသလို ဆက်လုပ်ရမှာပဲ´

တိတ်ပုရွာသူကြီးအိမ်ကို ကရင်စစ်သားလေးတယောက် သေနတ်လွယ်ပြီး ရောက်လာတော့`မောင်ကြိုင်´ကို သူကြီးအိမ်တွင် ထားရစ်ခဲ့ကာ`ဗိုလ်ကျော့မေ´ရှိရာသို့ ကျနော်လိုက်ခဲ့ရ၏။

တဲတလုံးပေါ်တွင် လူသုံးယောက်က ကြမ်းပြင်ပေါ်တွင် ထိုင်လျက်။ လူတယောက်က စစ်ပုခက်တလုံးပေါ်တွင် အိပ်လျက်။ တဲပေါ်ကို ကျနော်တက်တော့ ပုခက်ထဲမှ လူက ပုခက်ပေါ်မှဆင်းပြီး ကျနော့်ကို ကြိုဆိုနှုတ်ဆက်၏။ `ဗိုလ်ကျော့မေ´၏ ကြိုဆိုနှုတ်ဆက်စကားနှင့် လေသံကို ကြားရလျှင် ကျနော့်မှာ စိုးရိမ်စိတ်များ ကင်းစင်ပပျောက်သလို ဖြစ်ရ၏။

`လာပါဆရာလေး....။ ဆရာလေးတို့ကို ကျနော် လာတွေ့မလို့ပါပဲ။ ဒီမှာ တခြားရွာက ဧည့်သည်တွေ ရောက်လာတာနဲ့ ရဲဘော်တယောက်ကို အခေါ်ခိုင်းလိုက်ရတာပါ။ ထိုင်ပါ... ဆရာလေး...´

`ကျနော် ... ဆရာလေးကို လူချင်းမတွေ့ဖူးပေမယ့် နာမည်ကို ကောင်းကောင်းသိပါတယ်။ ကိုဆန်းလင်းက ဆရာလေးအကြောင်း ခဏခဏ ပြောပြထားတာပါ၊ ကိုဆန်းလင်းကတော့ နောက်တန်းကို ရုတ်တရက် ပြန်သွားရတယ် ဆရာလေး။ အခု ... ဆရာလေးတို့ အလည်လာတာလား၊ ဒါမှမဟုတ် ကိုဆန်းလင်းနဲ့ တွေ့မှရမယ့် ကိစ္စလား။ ကျနော် ဘာအကူအညီပေးရမလဲ။ ပြောပါ´

ကျနော်က ရွာတွင် တွဲဖက် အ.လ.က ကျောင်းဆရာဖြစ်ပြီး၊ `ဗိုလ်ကျော့မေ´က ကျနော့်ကို ´ကိုဆန်းလင်း´ ခေါ်သလို `ဆရာလေး´ဟုပင် ခေါ်ဝေါ်ပြောဆိုသည်ကို ကြားရတော့ ကျနော့်မှာ အားရှိသွားရ၏။ စိုးရိမ်စိတ်မှာ အနည်းငယ် လျော့ရ၏။

ကျနော်က `မာနယ်ပလော´သို့ အပြီးအပိုင် ထွက်ခွာလာခြင်းဖြစ်ကြောင်း `ကိုဆန်းလင်း´နှင့် အမြန်ဆုံး ဆက်သွယ်ချင်ကြောင်း ရှင်းပြရ၏။ ရှင်းပြနေရင်းက`ဗိုလ်ကျော့မေ´၏ မျက်လုံးများကိုလည်း အဓိပ္ပာယ်ဖော်ရ၏။ အကဲခတ်နေခဲ့ရ၏။

အသားဖြူဖြူ၊ အရပ်မနိမ့်မမြင့်။ ယဉ်ကျေးပျူငှာလွန်းသည့် ကရင်တော်လှန်ရေး စစ်ဗိုလ်တဦး။ သူသည် အရပ်သားအ၀တ်အစား ညှိုညှိုးနွမ်းနွမ်းကိုပင် ၀တ်ဆင်ထား၏၊ ဆံပင်များမှာ ရက်ပေါင်းကြာမြင့်စွာ မဖြီးမသင်ဘဲ ထားခဲ့ဟန်တူ၏။ တခေါင်းလုံး မညီမညာ တောထလျက်ရှိ၏။

`ဒါဆိုရင် ဒီလိုလုပ်ပါ ဆရာလေး။ ဆရာလေးတို့နှစ်ယောက်၊ ဒီကနေ့ပဲ ကျနော့်စခန်းကို လိုက်ခဲ့ပါ။ စခန်းရောက်ရင် တပ်မဟာမှူးဆီ စက်နဲ့ အကြောင်းကြားပေးပါ့မယ်။ ကိုဆန်းလင်းဆီကိုရောပေါ့။ ပြီးတော့မှ တိုင်ပင်ပြီး ဆက်လုပ်ကြတာပေါ့´

သည်လိုနှင့်ပင် ကျနော်နှင့် မောင်ကြိုင်တို့နှစ်ယောက် ဗိုလ်ကျော့မေတို့ တပ်ဖွဲနှင့်အတူ အမည်မသိ တောတွင်း စခန်းတခုသို့ လိုက်လာခဲ့ကြရ၏။ သည်စခန်းကို ဘယ်လိုခေါ်သလဲ။ ဗိုလ်ကျော့မေရဲ့ တပ်ခွဲအမှတ်၊ မမေးသင့်ဘူး ထင်သဖြင့် မမေးဘဲ နေလိုက်၏။

တညနေ ခရီးလမ်းလျှောက်လာပြီးနောက် ဗိုလ်ကျော့မေ၏ တပ်ခွဲစခန်းချရာနေရာသို့ ချဉ်းကပ်လာခဲ့ကြသည်။ တောင်စောင်းတခု၏ ထိပ်တွင် တောငှက်ပျောရွက် အမိုးအကာလုပ်ထားသည့် ယာယီတဲကလေး တလုံးစနှစ်လုံးစကို တွေ့ရ၏။ တမနက်ခင်းလုံး မိုးတဖွဲဖွဲ ရွာချထားသဖြင့် တောတွင်းစခန်းကလေးမှာ မိုးရေများဖြင့် စိုရွှဲလျက်ရှိနေ၏။

ရောက်ရောက်ချင်းပင် ကျနော်နှင့် မောင်ကြိုင်အတွက် နေရာထိုင်ခင်း စီစဉ်ပေး၏။ ကျနော်က `ဗိုလ်ကျော့မေ´၏ တဲနှင့် အနီးဆုံးတဲ (ကျနော့်အတွက် မူလပိုင်ရှင် ကရင်စစ်သားလေး နှစ်ယောက်က နေရာဖယ်ပေးခဲ့ရသည်ဟု နောက်မှ သိရ၏) တွင် နေရမည်ဖြစ်ပြီး `မောင်ကြိုင်´ကမူ ရဲဘော်များ စုဝေးတဲထိုးထားရာ နေရာတွင် ရဲဘော်များနှင့်အတူ လိုက်နေရမည်ဆို၏။ ကျနော်က `မောင်ကြိုင်´၏ အားငယ်သိမ်ငယ်နေသည့် မျက်နှာကြည့်ကာ၊ မောင်ကြိုင်နှင့်ပင် အတူတူလိုက်နေရန် ပြောကြည့်သေး၏။ ဗိုလ်ကျော့မေက လက်မခံပါ။ သူနှင့် ကျနော် အလွယ်တကူ စကားပြောလို့ ရနိုင်ရန် စီစဉ်ခြင်းဖြစ်ကြောင်းနှင့် မောင်ကြိုင်အတွက် မစိုးရိမ်ရန် ပွင့်ပွင့်လင်းလင်းပဲ ရှင်းပြခဲ့၏။

မောင်ကြိုင်သည် သေနတ်လွယ်ထားသည့် ကရင်စစ်သားလေး၏ နောက်မှ ခေါင်းငုံ့ပြီး လိုက်ပါသွားခဲ့ရ၏။ ခြေလှမ်း နှစ်လှမ်းသုံးလှမ်း သွားပြီးမှ ကျနော့်ကို ခေါင်းတချက် ငဲ့ပြီးကြည့်၏။ ကျနော်က ပြုံးပြအားပေး နှစ်သိမ့်လိုက်ရ၏။

မိုးချုပ်ကာနီးတော့ `ဗိုလ်ကျော့မေ´က ကျနော့တဲပေါ် လာထိုင်ကာ နာရီဝက်ခန့် စကားပြောလေသည်။ ညစာဟင်း မကောင်းသည့်အတွက် စိတ်မကောင်းကြောင်း၊ ဇရပ်ကြီး၊ ကင်ပွန်းခြုံရွာများတွင် နအဖ စစ်တပ်များ ပိုပြီး အင်အားတိုးချဲ့ ချထားလာနေကြောင်း၊ ကျောင်းသားတပ်မတော်က `ကိုဆန်းလင်း´ မှာ တပ်ရင်းမှူးတဦးဖြစ်ပြီး၊ သူကမူ တပ်ခွဲမှူးအဆင့်သာ ရှိပါကြောင်း၊ တော်လှန်ရေးဌာနချုပ် `မာနယ်ပလော´ကို သူ မရောက်ဖူးသေးသည့်အကြောင်း၊ `မာနယ်ပလော´ မှာ စိတ်ဝင်စားဖို့ကောင်းကြောင်း၊ ရန်သူ့တပ်က ဒဏ်ရာရ စစ်ဗိုလ်တဦးကို ဖမ်းမိစဉ်၊ ´သူ့ကို မသေခင် မာနယ်ပလောကို ရောက်အောင် ပို့ပေးစေချင်တယ်' ဟု ပြောပြီး သေဆုံးသွားခဲ့ဖူးကြောင်း ...၊ လေအေးအေး ... အသံတိုးတိုးနှင့် သူချည်းပဲ စကားတွေ ပြောသွားခဲ့၏။ ကျနော်တို့ကိုလည်း `မာနယ်ပလော´ကို သွားမည်ဆို၍ ဂုဏ်ယူပါကြောင်း ပြော၏။ ပြီးတော့ ခရီးပမ်းလာသဖြင့် ကျနော့်ကို နှောင့်ယှက်သလို မဖြစ်စေရန်ဟုဆိုကာ ညဥ့်နက်အောင်မနေဘဲ သူ့တဲဆီ ပြန်သွားခဲ့၏။

တဲပေါ်တွင် ကျနော်တယောက်တည်း ရှိသည့်အခါ အထီးကျန်ခြင်း ဧကဒုက္ခမှာ ရုတ်တရက် ကျနော့်ဆီ ၀င်ပူးလိုက်၏။ အထူးသဖြင့် ရှေ့ဆက်ရမည့်လမ်းက မထင်မရှား ၀ိုးတ၀ါးဖြစ်နေသည့်အခါ ဧကဒုက္ခမှာ ကျနော့်ကို ပိုပြီး ကိုင်လှုပ်လိုက်၏။

နောက်တပတ်ခန့် ကြာသောအခါ ကျနော့်မိတ်ဆွေထဲမှရသည့် ကျနော် ရေးပေးထားခဲ့သည့် စာတစောင်ကို ဖတ်ကာ `မဒေ၀ီ´သည် ငိုကျွေးကောင်း ငိုကျွေးနေလေမလား။ ဒါမှမဟုတ် အကျိုးအကြောင်း ဝေကွဲမသိတတ်နိုင်သေးသည့် လူမမယ်သား ၃ ယောက်၏ ရှေ့တွင် ကြွေပြုန်းတော့မည့် နှလုံးသားကို ဟန်ဆောင်အပြုံးဖြင့် ဖုံးကွယ်ကာ ကျနော့်စာကို ဖတ်နေလေမလား။ ငယ်ရွယ်နုနယ်လွန်းသည့် လူမမယ်သား ၃ ယောက်ကို ကျနော်တို့၏ အပူမီးများ မဟပ်မိစေရန် `မဒေ၀ီ´ ဘယ်လိုများ ပြင်ဆင်ထားလေမလဲ။

တဲပေါက်ဝ ၀ါးကြမ်းခင်းတွင် ထုံးစံအတိုင်း ခြေထောက်နှစ်ဖက် တွဲလောင်းချကာ၊ သူ အင်မတန် နှစ်သက်သည့် သီချင်းတပုဒ်ကို အသံမထွက်ဘဲ ဆိုငြီးသည့် `မဒေ၀ီ´ကို ကျနော် မြင်နေရသည်။ သီချင်းသံများမှာ စစ်တောင်းမြစ်ကိုကျော်ကာ၊ ဇရပ်ကြီး၊ ခင်ပွန်းခြုံ၊ လှည်းလမ်းကူး ရွာကလေးများကို ကျော်ကာ တောင်ခြေ တောစပ်သို့ ရောက်လာကြ၏။ မကြာမီ တိတ်ပုရွာကလေးဆီ ရောက်လာတော့မည်။ ထို့နောက် ကျနော် ခေတ္တ တည်းခိုလဲလျောင်းလျက်ရှိရာ ငှက်ပျောရွက် တဲကလေးဆီ ရောက်လာပေတော့မည်။

သတိရလို့ ကိုယ့်ခန္ဓာကိုယ်ပေါ် ကိုယ်ပြန်ကြည့်တော့ လရောင်များ ဘယ်ဆီ ခြေထောက်ပေါက်ကုန်ကြပြီမသိ။ ဟိုး ... ခပ်ဝေးဝေးမှ မိုးခြိမ်းသံသဲ့သဲ့ကို ကြားရသည်။ တိမ်မဲများ ရုတ်တရက် ကျနော်တို့အပေါ် ဖြတ်ကျော်သွားကြ၏။ မဲမှောင်တိတ်ဆိတ်လျက်ရှိသော တောအုပ်အတွင်းက အမျိုးအမည် မသိနိုင်သည့် တိရစ္ဆာန်တချို့ အော်မြည်သံကို ကြားရသည်။

ကျနော် ခန့်မှန်းကြည့်သည်။ ကျန်နေရစ်ခဲ့သည့် ကျနော့် မိသားစုကတော့ ကျနော့်ကို စွန့်လွှတ်နိုင်ဖို့ရာ သောကနှင့် မျက်ရည်များကို ရင်းကာ အချိန်မည်မျှကြာအောင် ကုစားယူကြရမည်နည်း။ ကျနော် မသိနိုင်ပါ။

သေချာသည်ကတော့ နောက်တွင် ကျန်နေရစ်ခဲ့သည့် ကျနော် လျှောက်လှမ်းလာခဲ့ရာ လမ်းပေါ်တွင်မူ မိုးတွေ ရွာနေသည်ကို ကျနော် အလိုလိုသိနေ၏။ ။

No comments:

Post a Comment