Wednesday, March 25, 2009

အချင်းချင်းနားလည်းမှုဖြင့် ပြဿနာကို ဖြေရှင်းကြစို့

နိုင်ဟံသာ

နိုင်ဟံသာ(စစ်မှန်သောပြည်ထောင်စုတည်ဆောက်ရေး)စာအုပ်မှပြန်လည်ဖေါ်ပြသည်။

လူသားတို့သည် တစ်ဦး တစ်ယောက်တည်း သို့မဟုတ် မိသား စုတစ်ခုတည်း တသီးတခြား နေထိုင်၍ ရကောင်း သည်မ ဟုတ်။ အန္တရာယ် အသွယ်သွယ်ကို ကာကွယ်ရန်နှင့် ပိုမိုပြည့်စုံသော သုခဘုံကို ရရှိရန် အစုနှင့် အဖွဲ့နှင့် နေထိုင်ကြရသည်။ အစုအဖွဲ့ ကြီးလေ အားရှိလေ၊ ပိုမိုကြီးမား သော အကျိုး ကျေးဇူးကို ရရှိလေပင်။ ထို့ကြောင့် ရပ်ကွက်၊ ကျေးရွာ၊မြို့၊ နိုင်ငံ၊ ဒေသတူ နိုင်ငံများအဖွဲ့ (အာဆီယံ၊ ဥရောပသမဂ္ဂ စသည်)၊ ကမ္ဘာ့နိုင်ငံများအားလုံးကို ကိုယ်စားပြုသည့်အဖွဲ့ (ကမ္ဘာ့ကုလသမဂ္ဂ) စသည်ဖြင့် စုစည်းကြသည်။


“စည်းလုံးခြင်းသည် အင်းအား” ဆိုရိုးစကားကို ကျွန်ုပ်တို့အားလုံး ကြားနေကြသိနေကြပြီး ဖြစ်သည်။ ကျွန်ုပ်တို့ ကိုယ် တိုင်းလည်း မိသားစု၊ အသင်းအဖွဲ့၊ ရပ်ကွက်၊ မြို့ရွာ၊ နိုင်ငံအဝန်းအဝိုင်းအလိုက် စည်းလုံးညီညွတ်ကြရန် ဆော်သြခဲ့၊ ကြိုးပမ်းခဲ့ကြဘူးသည်။ အသက်အရွယ်ကြီးလာလေ၊ တာဝန်ကြီးလာလေ၊ စည်းလုံးညီညွတ်ခြင်း၏ တန်ဖိုးကိုနားလည် လေ၊ ၎င်းအတွက် ဆော်သြကြိုးပမ်းခဲ့ဘူးလေပင်။

“ညီညွတ်မှ ငြိမ်းချမ်းမည်၊ ငြိမ်းချမ်းမှ တိုးတက်မည်” ဆိုသည့် ဆိုရိုးစကားကိုလည်း လူတော်တော်များများ ကြားသိနေ ကြပြီး ဖြစ်သည်။ အကြောင်းနှင့် အကျိုးစပ်ဟပ်မှုရှိသော စကားတစ်ခွန်းဖြစ်သည်။ ဒေသ၊ တိုင်း၊ ပြည်နယ်၊ နိုင်ငံတို့ဖြင့် စုဖွဲ့ထားသော အဝန်းအဝိုင်းအောက်ရှိ ပြည်သူများအတွင်း အကြောင်းကြောင်းသော ပဋိပက္ခများကြောင်း စည်းလုံးညီ ညွတ်ရေး ပျက်ပြားလာသောအခါ ထိုအဝန်းအဝိုင်းရှိ လူသားအားလုံး ငြိမ်းချမ်းသာယာမှု မရှိနိုင်ကြတော့ပါ။ အန္တရာယ် အမျိုးမျိုးကို စိုးရိမ်ထိတ်လန့်နေရသဖြင့် ပူပင်သောကဖြစ်ကြရသည်။ ပဋိပက္ခမြင့်မားသည့် အတိုင်းအတာအပေါ် မှု တည်၍ ငြိမ်းချမ်းမှုကင်းဝေးပြီး အန္တရာယ်ထူပြော၍ တိုးတက်မှုကင်းအောင် ဆုတ်ယုတ်ပျက်ပြားရေးကို ဖြစ်ပေါ်စေ
သည်။

ယခုကျွန်ုပ်တို့နေထိုင်ရပ်တည်နေသော နိုင်ငံတွင် လူ့အဖွဲ့အစည်းတစ်ခုနှင့် တစ်ခုအကြား သာမန်ထက်လွန်ကဲသော ပဋိပက္ခများ ဖြစ်ရှိနေသောကြောင့်၊ လက်နက်ကိုင်အဖွဲ့တစ်ခုနှင့် တစ်ခုအကြား၊ လက်နက်ကိုင်အဖွဲ့တစ်ခုခုနှင့် လက် နက်မကိုင်သော အဖွဲ့အချို့အကြား၊ လက်နက်ကိုင်အဖွဲ့တစ်ခုခုနှင့် အခြေခံပြည်သူများအကြား သတ်ဖြတ်ညှင်းဆဲ အနိုင် ကျင့်မှုများ ဒေသအများအပြားတွင် အကြိမ်ပေါင်းစွာ ဖြစ်ပွားနေသည်။ အထူးသဖြင့် အာဏာရအစိုးရအဆက်ဆက်နှင့် ဗမာမဟုတ်သော အမျိုးသားအင်အားစုများအကြား ပဋိပက္ခသည် အနှစ် (၅၀) ကျော် ဖြေရှင်းခဲ့ပြီးဖြစ်သော်လည်း ယ နေ့အထိပြေလည်စရာ လမ်းစကို မချဉ်းကပ်နိုင်သေးပါ။ ထို့ကြောင့် မြန်မာနိုင်ငံဟုခေါ်ဆိုနေသည့် ကျွန်ုပ်တို့နိုင်ငံသည် သဘာဝသယံဇာတနှင့် စီးပွားရေးအခြေခံကောင်းများ ပိုမိုပြည့်စုံနေသော်လည်း အိမ်နီးချင်းနိုင်ငံများနှင့် ယှဉ်လိုက် သည့်အခါ ခေတ်နောက်ကျ ကျန်ရစ်နေရသည်။

ကျွန်ုပ်တို့သည် ဤနိုင်ငံတွင်မွေး၍ ဤနိုင်ငံတွင် နေထိုင်နေကြသည်။ ကျွန်ုပ်တို့၏ကံကြမ္မာကို ကျွန်ုပ်တို့နိုင်ငံ၏ကံကြမ္မာ အခြေအနေက စိုးမိုးချယ်လှယ်နေသည်။ ရုန်းထွက်ခြင်းငှာ မစွမ်းနိုင်ပါ။ ထို့ကြောင့်ကျွန်ုပ်တို့နိုင်ငံ၏ ကံကြမ္မာ တိုးတက် ကောင်းမွန်လာအောင် ကျွန်ုပ်တို့အားလုံးတွင် တာဝန်အပြည့်ရှိသည်။ ဤကမ္ဘာကြီးတွင် လက်နက်အားကိုးပြီး အာဏာ သုံးခြင်းဖြင့် ပြဿနာအရပ်ရပ်ကို ပြီးပြတ်ပြေလည်အောင် ဖြေရှင်းနိုင်သော အတွေ့အကြုံမရှိသေးပါ။ အချိန်ကာလတစ် ခုအတွင်းသာ ထိန်းသိမ်းနိုင်ပြီး ထာဝရငြိမ်းချမ်းခြင်းမရှိနိုင်သည်မှာ ယနေ့ကမ္ဘာ့ရှုခင်းတွင် ဖြစ်ပေါ်နေသောအခြေအနေ များကသာဓက ပြနေပေသည်။ ထိုကြောင့် အချင်းချင်း နားလည်မှုဖြင့် တွေ့ဆုံညှိနှိုင်းပြီး အနာဂတ်အတွက် အဖြေရှာ သင့်သည်။

စစ်အစိုးရ၏ တိုင်းရင်းသားလက်နက်ကိုင် အင်အားများစုနှင့် ပြဿနာဖြေရှင်းရေးကို လေ့လာသုံးသပ်ကြည့်ပါက အဖွဲ့ အစည်းအချို့နှင့် အပစ်အခတ်ရပ်စဲရေး လုပ်ထားပါသော်လည်း ရှေ့ကိုမဆက် လမ်းခုလပ်တွင် ရပ်နေခြင်းကြောင်း မျှော်လင့်ချက်တစ်စုံတစ်ရာထား၍ မရသေးပါ။ သူ့လက်နက်သူကိုင်၊ သူ့နေရာသူနေ အဆင့်မှာသာရှိနေပြီး ပြဿနာကို ပြေလည်စေကြောင်း ဖြေရှင်းမှုမရှိ သေးပါ။ စီးပွားရေးလုပ်ငန်းတစ်ချို့နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းတစ်ချို့ဖြင့် ချော့သိပ်ချောင် ပိတ်ထားသည်။ ဤလုပ်ဟန်သည် ပြဿနာဖြေရှင်းရေးမဟုတ်၊ ဖုံးအုပ်ထားခြင်းဟု ပြောလျှင် ပိုမှန်ပါလိမ့်မည်။

ဤအနေအထားအပေါ် ရေရှည်အတွက်စဉ်စားလျှင် ရင်လေးဖွယ်ရာ ဖြစ်နေသည်။ လက်နက်ဖြင့် သူနိုင်ကိုယ်နိုင်အပြိုင် ကျဲနေကြဆဲ အဖွဲ့များလည်း များစွာရှိနေသည်။ ထိုနယ်မြေက ပြည်သူများမှာနေစရာ၊ စားစရာ အာမခံချက်ဘာမှ မရှိ၊ ထိုထက်ပိုဆိုးသည်မှာ မကြာခဏ ဓားစာခံဘဝ ဖြစ်နေကြရသည်။ ဤအနေအထားသည်လည်း ပြေလည်ဖွယ်မမြင် ရင်လေးစရာ တစ်ခုဖြစ်သည်။ကျွန်ုပ်တို့သည် နိုင်ငံသားများဖြစ်ကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ပုခုံးထက်တွင်လည်း အများနည်းတူ တာဝန်အပြည့်ရှိသည်။

ကျွန်ုပ်တို့နိုင်ငံ၏ ပြဿနာကို မဖြေရှင်းနိုင်ဘဲလျှက် ကျွန်ုပ်၏လူမျိုး၊ ကျွန်ုပ်၏ဆွေမျိုး ကျွန်ုပ်၏ကိုယ်ကျိုးပြဿနာများ
ကို ပြီးပြည့်စုံအောင် ဖြေရှင်း၍ရနိုင်မည်မဟုတ်ပါ။ ယာယီ သို့မဟုတ် တစ်စိတ်တစ်ပိုင်းအားဖြင့် ပြေလည်ကောင်းပြေ လည်ပါလိမ့်မည်။ သို့သော်လုံခြုံစိတ်ချနိုင်ခြင်းမရှိ။ ထို့ကြောင့် ပြေလည်မှုမရှိနိုင်ရန်နည်းလမ်းကို ရှာဖွေကြည့်ဖို့ လိုအပ် နေပါသည်။

အဆိုပါ ဖြေရှင်းရမည့်နည်းလမ်းများကို နိုင်ငံတကာအတွေ့အကြုံနှင့် စာအုပ်စာပေများမှာထက် အတိတ်နှင့်ပစ္စုပ္ပန်တွင် ရုန်းကန်ဖြေရှင်းခဲ့ကြသော လက်တွေ့နယ်ပယ်မှာ ရှာဖွေကြည့်ခြင်းက ပိုမိုတိကျ မှန်ကန်သော နည်းလမ်းကို ရရှိနိုင် မည်ဟု ယုံကြည်သည်။ မှန်ကန်သောသဘောတရားတစ်ရပ်ကို လက်တွေ့နယ်ပယ်ထဲမှ အတွေ့အကြုံများကို သုံးသပ် လေ့လာပြီးမှ အမှားကိုပယ်၊ အမှန်ကိုဆယ်ယူခြင်းဖြင့် ရရှိနိုင်ကြောင်း ပညာရှင်များက ညွန်ပြထားသည်။ ထို့ကြောင့် အတိတ်နှင့်ပစ္စပ္ပုန်တွင် ဖြေရှင်းခဲ့သောနည်းနာများကို ဆန်းစစ်ကြည့်ပါစို့။

၁၉၄၇ ခုမှ ယနေ့အထိ ကြိုးပမ်းဖြေရှင်းခဲ့သော နည်းနာသဘောတရားများကို လေ့လာကြည့်ပါက မတူခြားနားသော နည်းနာသုံးမျိုးကို တွေ့ရသည်။ ၎င်းတို့မှာ -
(၁) ပင်လုံသဘောထား သို့မဟုတ် နားလည်မှုဖြင့် ဖြေရှင်းခြင်း၊
(၂) ဆွဲဆောင် လှည့်စားသဘောတရားအချို့နှင့် ဖြေရှင်းခြင်း၊
(၃) အင်အားသုံးဖြေရှင်းခြင်း ဟူ၍ဖြစ်သည်။

၁။ပင်လုံသဘောထား သို့မဟုတ် နားလည်မှုဖြင့်ဖြေရှင်းခြင်း

ဤနည်းသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် ရှမ်း၊ ကချင်၊ ချင်းအမျိုးသားခေါင်းဆောင်များ စုပေါင်းညှိနှိုင်းဖြေရှင်းခဲ့သော နည်းဖြစ်သည်။ အင်္ဂလိပ်တို့သည် မြေပြန့်ဒေသနှင့် ဗမာလူမျိုးအများစု နေထိုင်သော ဒေသကို ဦးစွာလွတ်လပ်ရေး
ပေးလိုသည်။ တောင်တန်းဒေသဖြစ်သော ရှမ်း၊ ကချင်၊ ချင်း၊ ကရင်နီ အမျိုးသားနယ်မြေများနှင့် ကရင်အမျိုးသား နယ်မြေ တချို့တို့ကို နောက်ချန်ထား၍ အချိန်ဆွဲပြီးပေးရန် ဖြစ်သည်။ ၎င်းအစီအစဉ်အတိုင်း လက်ခံခဲ့လျှင် ကျွန်ုပ်တို့ နိုင်ငံ၏ မြေပုံသည် ယနေ့အနေအထားအတိုင်း ဖြစ်ချင်မှဖြစ်မည်။ မဖြစ်ဖို့ ပိုများပါသည်။

ဤအခြေအနေတွင်ရှမ်း၊ကချင်၊ချင်းအမျိုးအားခေါင်းဆောင်များစုစည်းညှိနှိုင်းကြပြီး၎င်းတို့၏နယ်မြေဒေသများနှင့် မြေ ပြန့်ဒေသများပေါင်း၍ ပြည်ထောင်စုတစ်ခု တည်ဆောက်ရန် ဗမာအမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ညှိနှိုင်းခဲ့ကြသည်။ စုစည်းသည့်နည်းမှာ နယ်မြေကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ လူဦးရေ နည်းသည်ဖြစ်စေ၊ များ သည်ဖြစ်စေ၊ နိုင်ငံရေးအရတန်းတူရေးနှင့် အမျိုးသားလွတ်လပ်ခွင့် (ကိုယ်ပိုင်ပြဌာန်းခွင့်) အပေါ် အခြေခံပြီး စုစည်း ခဲ့ကြသည်။ ဤနည်းနာသည် တကွဲတပြားစီရှိနေသော အနေအထားကို ဆန္ဒအရ တစ်စုတစ်စည်းတည်း ဖြစ်အောင် လုပ်နိုင်ခဲ့သည်။ ပြဿနာအထွေအထူးမရှိခဲ့။ ချစ်ကြည်မှု၊ ယုံကြည်မှုကို ရယူတည်ဆောက်နိုင်ခဲ့သည်။

ကံဆိုးသည်မှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် စေတနာမှန်သော အမျိုးသားခေါင်းဆောင်အချို့ ၁၉၄၇ ဇူလိုင်လ (၁၉) ရက် နေ့တွင် လုပ်ကြံခံလိုက်ရသည်။ ထိုခေါင်းဆောင်များ မရှိတော့သည့်နောက်တွင် ၎င်းတို့၏သဘောထား၊ ဦးတည်ချက် များကို နောက်လူတွေက မရိုးသားသော စေတနာဖြင့် ပျက်ပြားလွဲချော်သွားအောင် လုပ်ခဲ့သည်။ ထို့ကြောင့် ထိုနည်း နာသည် ရှင်သန်ကြီးထွားခွင့် မရဘဲ ပဋိသန္ဓေအဆင့်တွင် ပျက်ပြားသွားရသည်။

၂။ ဆွဲဆောင်လှည့်စား သဘောတရားအချို့နှင့် ဖြေရှင်းခြင်း

ဤနည်းနာကို နိုင်ငံရေးပါတီအဖွဲ့အစည်းအချို့တို့က ကျင့်သုံးခဲ့ကြသည်။ အဓိကအားဖြင့် မတူကွဲပြားနေသော လူမျိုး
ရေး လက္ခဏာအပေါ် အာရုံလျော့ပါးစေပြီး အခြားကိစ္စတစ်ခုခုအပေါ် အလေးထားစေသော နည်းဖြစ်သည်။ ဦးတည် ချက်မှာ ဗမာမဟုတ်သော အမျိုးသားများ၏ အမျိုးသားရေးလက္ခဏာများကို အသိအမှတ်မပြုရေး၊ ၎င်းကို သဘော တရားအချို့ နှင့်ရိုက်ချိုးပစ်ရေးဖြစ်သည်။ ဤနည်းကို တချိန်က လက်ဝဲပါတီကွန်မြူနစ်၊ ဆိုရှယ်လစ်များက ကျင့်သုံး ခဲ့သည်။

၎င်းတို့က “လူမျိုးရေးပြဿနာသည် လူတန်းစားပြဿနာ၏ လက်အောက်ခံဖြစ်သည်။ လူတန်းစားပြဿနာကို ဖြေရှင်း ပြီးပါက လူမျိုးရေးပြဿနာသည်လည်း အလိုလို ပြေလည်သွားမည်” ဟု ပြောဆိုရိုက်သွင်းခဲ့သည်။ ၎င်းတို့သည် လူမျိုး ရေးအမြင်ကို သေးသိမ်အောင်လုပ်ခဲ့သည်။ ကွန်မြူနစ်၊ ဆိုရှယ်လစ် လက်ဝဲအယူအဆ ခေတ်ကောင်းခဲ့သော ကာလ တစ်လျှောက်တွင် လူမျိုးရေးဆိုင်ရာ သဘောထားသည် အချို့နေရာတွင် အတိုင်းအတာတစ်ခုအထိ မှေးမှိန်ခဲ့ရသည်။

သို့သော် ပြောပလောက်အောင် ပျောက်ကွယ်ဆိတ်သုဉ်းသွားခြင်းမရှိပါ။ ကွန်မြူနစ်၊ ဆိုရှယ်လစ်များသည်သာ အကျ ခေတ်တွင် ဗမာမဟုတ်သော အမျိုးသားများ၏ ထောက်ခံမှုကို မရသဖြင့် မရပ်တည်နိုင်တော့ဘဲ အလွယ်တကူ အား နည်းပျက်သုဉ်းသွားခဲ့ရသည်။ ဤကဲ့သို့ပင် ဗမာအမျိုးသားများ ဦးဆောင်သည့် အဖွဲ့အစည်းအချို့တို့က ဒီမိုကရေစီကို ရှေ့တန်းတင်ပြီး အရာရာကို အများစုဆန္ဒဖြင့် ဆုံးဖြတ်ဖြေရှင်းသည့်နည်းကို ပြောဆိုရိုက်သွင်းပြီး အမျိုးသားရေးအခန်း ကို မှေးမှိန်အောင် လုပ်နေသည်။ ၎င်းတို့က “အများစုဆန္ဒဖြင့် ဆုံးဖြတ်လျှင် အမှန်တရား၊ လူတစ်ကိုယ် မဲတစ်ပြားစနစ် သည် တန်းတူညီမျှမှု အဖြစ်ဆုံး” ဟု ပြောဆိုနေကြသည်။

ဤအခြေခံနှင့် ခြားနားသော အမျိုးသားဆိုင်ရာ အခွင့်အရေး၊ အမျိုးသားစာပေ၊ ယဉ်ကျေးမှုလွတ်လပ်ခွင့်နှင့်အမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့် တောင်းဆိုခြင်းတို့ကို သေးသိမ်၍ ခေတ်မမီတော့သယောင် သဘောထားကြသည်။ ဤအမြင်သ ဘောထားသည် မနေ့ကမှ ယနေ့အထိ၊ နက်ဖြန်သို့တိုင်ရှိခဲ့၊ ရှိနေ၊ ရှိနှင့်ဦးမည်ဖြစ်သည်။ အခြေအနေမဟန်သေးသည့် အခါ ဤသဘောထားကို ချိုထားငုံထားတတ်ပြီး အခြေအနေကောင်းလာသည်နှင့် ထုတ်ဖော်ကြွေးကြော်လာတတ် သည်။

နောက်တစ်နည်းမှာ အထက်ပါကဲ့သို့ နိုင်ငံရေးအယူအဆအပေါ် အခြေမခံဘဲ ဝေါဟာရဖြင့် လှည်းစားမှိုင်းတိုက်သည့် နည်း ဖြစ်သည်။ ထင်ရှားသည့်ဝေါဟာရ တစ်ခုမှာ- ဗမာနေရာတွင် မြန်မာကို အစားထိုး လိုက်ခြင်းဖြစ်သည်။ မြန်မာ ပြည်၊ မြန်မာစာဟု ခေါ်လိုက်ခြင်းဖြင့် လူမျိုးအားလုံးကို ကိုယ်စားပြုသယောင် လှည့်စားနည်းဖြစ်သည်။

ဤသို့ဆွဲဆောင်လှည့်စား သဘောတရားရိုက်သွင်းသည့်နည်းသည် ကာလဒေသအချို့အတွင်း အောင်မြင်မှုအချို့ရှိပါခဲ့ သော်လည်း ကျွန်ုပ်တို့နိုင်ငံတွင်ကား အောင်မြင်မှုမရှိခဲ့ပါ။ ဖြစ်ရှိနေသော လူမျိုးရေး၊ ပဋိပက္ခကို မည်သို့မျှလျော့ပါးစေ ခြင်း မရှိသည်မှာ လက်တွေ့ပြသခဲ့ပြီးဖြစ်သည်။

၃။ အင်အားသုံးဖြေရှင်းခြင်း

ဤနည်းကို ၁၉၄၈ ခုမှ ယနေ့အထိ အာဏာရအစိုးရအဆက်ဆက်တို့ ကျင့်သုံးခဲ့သည်။ ၎င်းတို့သည် ၎င်းတို့လုပ်ပိုင်ခွင့် ရှိသော အုပ်ချုပ်ရေးအာဏာစက်ဖြင့်လည်းကောင်း၊ စစ်အင်အားဖြင့်လည်းကောင်း၊ ဗမာမဟုတ်သော အမျိုးသားများ
၏ လူမျိုးရေးဆိုင်ရာ အခွင့်အရေးများကို ရိုက်ချိုးပိတ်ပင်ခြင်း၊ မနာခံသူများအပေါ် ဖိနှိပ်ချေမှုန်းသတ်ဖြတ်ခြင်းများ လုပ်ခဲ့သည်။ ၎င်းတို့၏အခြေခံအမြင်မှာ ယနေ့မြန်မာနိုင်ငံသည် အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရား လက်ထက်သကဲ့သို့ ဗမာတွေသိမ်းပိုက်ရရှိထားသော တိုင်းပြည်ဖြစ်သည်။ ဗမာမဟုတ်သော အမျိုးသားများသည် ဗမာအမျိုးသား များ၏ အုပ်စိုးမှုအောက်တွင် ရှိနေရမည်။ အမျိုးသားရေးအရ မည်သည့်တောင်းဆိုမှုကိုမျှ ခွင့်မပေး လိုပေ။ သီးခြား ပြည်နယ်နှင့် အမျိုးသားများအဖြစ် တည်ရှိနေခြင်းကိုပင် လက်မခံလိုပေ။

ထို့ကြောင့် ပြည်ထောင်စုအသွင်ကို ဖျောက် ဖျက်ပြီး တတ်နိုင်သလောက် တစ်ပြည်ထောင်စနစ်ဖြစ်အောင် အကောင် အထည် ဖော်လာခဲ့ကြသည်။ တစ်ဖက်တွင် ဗမာမဟုတ်သော အမျိုးသားများ၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုများ ကို တော်ရာတန်ရာနေရာမပေး၊တန်ဘိုးနည်းသွားအောင် အာဏာဖြင့် ပိတ်ပင်ထားခြင်း၊နည်းပရိယာယ် ကြွယ်ကြွယ် ဖြင့်လည်း နှိမ်ထားလိုက်သည်။ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ရေးစသော အခွင့်အာဏာတောင်းဆိုမှု မှန်သမျှကို နယ်ချဲ့လက်ပါးစေ၊ ခွဲထွက်ရေးသမားများဟု တံဆိပ်ကပ်ပြီး ငြင်းပယ်တားမြစ်အရေုးယူသည်။ လက်နက်ကိုင်ပုန်ကန် ပါက ပိုမိုကြီးမားသောစစ်အင်အားဖြင့် မရပ်တည်နိုင်အောင် လိုက်လံချေမှုန်းသည်။ ချေမှုန်းရန်မလွယ်သည့်အခါ အခြေ ခံပြည်သူများကို မြေလှန်စနစ်အရ မရပ်တည်နိုင်အောင် မောင်းထုတ်ပစ်ကြသည်။ ဤနည်းနာကြောင့် စစ်ပြေးဒုက္ခ သည်များ သိန်းဂဏန်းချီပြီး ထွက်ပေါ်လာခဲ့ရသည်။ အုပ်စုလိုက်မုဒိန်းကျင့်မှု၊ သတ်ဖြတ်မှုများကိုလည်း မကြာခဏကြား သိနေရပြီး ခွင့်လွှတ်ရန်မလွယ်သော နာကျည်းမှု၊ မုန်းတီးမှုများကို ဖြစ်ပေါ်စေခဲ့သည်။

အထက်ပါနည်းနာ (၃) မျိုးအနက် မည်သည့်နည်းက နိုင်ငံကို လက်တွေ့ အကျိုးပြုခဲ့ပါသနည်း။
ပထမနည်းသည် တကွဲတပြားစီရှိနေရာမှ စုစည်းစေခဲ့သည်။ ကျယ်ဝန်းသော နယ်မြေနှင့် များပြားသော အမျိုးသားအင် အားစုများကို တစ်စုတည်းသော အင်အားဖြစ်အောင် ဖွဲ့စည်းနိုင်ခဲ့သည်။ အမျိုးသားများ အချင်းချင်း ယုံကြည်မှု၊ ချစ် ကြည်မှုကို တည်ဆောက်နိုင်ခဲ့သည်။ အချိန်တိုအတွင်းမှာ ကြီးမားသော အကျိုးကျေးဇူးကို ဖြစ်ပေါ်စေခဲ့သည်။

ဒုတိယနည်းမှာကား အရာမထင်၊ အကျိုးမမြင်။ ရိုက်သွင်းသူများသာ နောက်ဆုံးပျက်ဆီးဆုံးရှုံးခဲ့ရသည်ကိုတွေ့ရသည်။

တတိယနည်းမှာကား နှစ်ပေါင်း (၅၀) ကျော် ပြည်တွင်းစစ်မီး တောက်လောင်ခဲ့ရပြီး အမျိုးသားပေါင်းစုံ ပြည်သူအားလုံး ဒုက္ခအမျိုးမျိုးနှင့် ရင်ဆိုင်ခဲ့ရသည်။ ထိုထက်ပိုဆိုးသည်မှာ လူမျိုးရေးအရ နာကျည်းမှု၊ မုန်းတီးမှု၊ ရန်လိုမှု၊ လက်စားချေ လိုမှု၊ မယုံကြည်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ ဖြတ်သန်းခဲ့ရသော စနစ်ဆိုးခေတ်ဆိုးများကြောင့် ပြည်သူများအတွင်း ကိုယ်ကျင့်တရားပျက်ပြားပြီး လိမ်လည်ခိုးဝှက်၊ လုယူတတ်သောစိတ်ထားများ ဝန်ထမ်းများအတွင်း ခိုကပ်လာဘ်စား၊ ခြစားမှုစိတ်ဓါတ်များ၊ လက်နက်ကိုင်အင်အားစုနှင့် အာဏာပိုင်များအတွင်း ပြည်သူအပေါ်အနိုင်ကျင့်၊ ဖိနှိပ်၊ ခေါင်ပုံဖြတ် စားလိုသည့် စိတ်ဓါတ်များဖြစ်ပေါ်လာပြီး ပြုပြင်ကုစားနိုင်ရန် အချိန်များစွာ ပေးရပေဦးမည်။

မည်သို့ပင်ဆိုစေကာမှု စုစည်းညီညွတ်မှုကို တည်ဆောက်ရန် ဆက်စပ်နေသော နယ်မြေများ၊ အမျိုးသားများကို အမျိုး သားနယ်မြေများဖြင့် စုစည်းပြီး ပြည်ထောင်စုတစ်ခု တည်ဆောက်ရေး သဘောထားကို ရိုးသားစွာ လက်ခံတတ်ရန် ဗမာခေါင်းဆောင်များအတွင်း လိုအပ်နေသည်ဟု မြင်သည်။ ဗမာလူမျိုးကြီးဝါဒ၊ ဖက်ဆစ်အမျိုးဖြုတ်ဝါဒဖြင့် အခြား သော အမျိုးသားများကို အင်အားသုံးဝါးမျိုးပြီး ဗမာလူမျိုးတစ်မျိုးတည်း ဖြစ်လာရေးအမြင်ကို ပယ်ရှင်းဖို့လိုသည်။

ယခုခေတ်ကာလသည် လွန်ခဲ့သော နှစ်တစ်ရာကျော်ကကဲ့သို့ အင်အားကြီးသောလူမျိုးက အင်အားငယ်သော လူမျိုးကို လူမျိုးတုံး ပျောက်ကွယ်သွား အောင် တိုက်ခိုက် သတ်ဖြတ်၍ ရသော ခေတ်မ ဟုတ်တော့ပြီ။ ကမ္ဘာ့ရွာကြီး အဖြစ်ကို ဦးတည် နေသောခေတ်တွင် ရပ်ကွက်တစ်ခု အတွင်းရှိနေ ကြသော ကျွန်ုပ်တို့သည် မှန်ကန်သော သဘောထား လုပ်ဟန်များဖြင့် စုစည်း ညီညွတ်ကြရန် လိုသည်။ မြင့်မြတ်မှန်ကန်သော သဘောထား လုပ်ဟန်များဖြင့် စုစည်း ညီညွတ်ကြရန် လိုသည်။ မြင့်မြတ်မှန်ကန်သော သဘောထားနှင့် လုပ် ဆောင်ချက်သည် ကောင်းမွန်သော အကျိုးတရား ကို ဖြစ်ထွန်းစေမည်မှာ မြေကြီး လက်ခတ်မလွဲပါ။ နိုင်ငံရေးတွင် စေတနာ မှန်သူများသာ အရှည်အဖြင့် ခေါင်းဆောင်နေရာ ရရှိပါလိမ့်မည်။

ယခုအချိန်သည် စုစည်းညီညွတ်သော ပြည်ထောင်စုကို တည်ဆောက်ရန် ခေါင်းဆောင်ကောင်းများ လိုအပ်နေပါသည်။ အများ လက်ခံသော ခေါင်းဆောင်ကောင်း ဖြစ်နိုင်ရန်မှာ ပြည်သူများအတွက် လွတ်လပ်ခွင့်များပေးအပ်ရန် လိုအပ်သလို ကွဲပြားနေသော အမျိုးသားများကိုစုစည်းရန် အမျိုးသားရေးဆိုင်ရာ အခွင့်အရေးများ မျှတမှန်ကန်စွာ ပေးအပ်ဖို့လို ကြောင်း ရိုးသားစွာ တင်ပြ လိုက်ပါသည်။

No comments:

Post a Comment