Wednesday, March 25, 2009

ဒါလားဟဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ


မြန်မာ နိုင်ငံရဲ့ နိုင်ငံရေး ပြဿနာ ဟာ ၁၉၈၈ ခုနှစ် ပြည်သူ့ ဒီမိုကရေစီ အရေး တော်ပုံကြီးကို စစ်တပ်က ရက်ရက်စက်စက် ချေမှုန်း လိုက်ပြီး စစ်အာဏာရှင် စနစ်နဲ့ အုပ်ချုပ် လာတော့မှ ပေါ်ပေါက်လာ တဲ့ ပြဿနာ မဟုတ်ပါဘူး။ ဒီမိုကရေစီ အစိုးရ တရပ်ရဲ့ လက်ထဲက နိုင်ငံတော် အာဏာကို ဗိုလ်နေဝင်းက အတင်း အဓမ္မ လုယူ သိမ်းပိုက်လိုက်တဲ့ ၁၉၆၂ ခုနှစ် နောက်ပိုင်း ရောက်မှ ပေါ်ပေါက်လာတဲ့ ပြဿနာ တခုလည်း မဟုတ်ဘူးဆိုတာ သိမြင်သူများ အားလုံး နားလည်း သဘောပေါက် ထားပြီး ဖြစ်ပါတယ်။

မြန်မာပြည်ရဲ့ နိုင်ငံရေးပြဿနာတွေဟာ တိုင်းပြည် လွတ်လပ်ရေးမရခင် ၁၉၄၈ ခုနှစ် မတိုင်ခင်ကတည်းက ရှိနှင့်ပြီး ဖြစ်ပါတယ်၊ ဒီပြဿနာတွေကို စားပွဲဝိုင်းတွေပေါ်မှာ နိုင်ငံရေးနည်းနဲ့ဖြေရှင်းပြီး မြန်မာနိုင်ငံ ပြည်သူတွေအနေရဲ့ အဓိကရေးကြီးဆုံး လိုအပ်ချက်က တိုင်းပြည် ကိုလိုနီဘဝက လွတ်မြောက်ဖို့ လွတ်လပ်ရေး ရဖို့သာ ဖြစ်တယ်၊ လွတ်လပ်ရေးသည်သာ ပထမ၊ လွတ်လပ်ရေးသည်သာ ဒုတိယ၊ လွတ်လပ်ရေးသည်သာ တတိယဖြစ်တယ်ဆိုတဲ့ တခုတည်းသော ဦးတည်ချက်နဲ့ ရှိနေတဲ့ နိုင်ငံရေးပြဿနာတွေ၊ ပဋိပက္ခတွေကို နောက်ကိုတွန်းလို့ ယာယီညီညွတ်ရေးယူပြီး တိုင်းပြည်လွတ်လပ်ရေးကို အရယူခဲ့ကြတာဖြစ်ပါတယ်။ ရှည်ဝေးလွန်းမှာ စိုးတဲ့အတွက် ဘယ်လိုပြဿနာတွေ၊ ဘယ်လိုပဋိပက္ခတွေ ဘယ်ချိန်မှာ ဖြစ်ခဲ့တယ် ဆိုတာတွေကိုတော့ မတင်ပြတော့ပါဘူး။ သမိုင်းစာမျက်နှာတွေပေါ်မှာ မြင်သာထင်ရှား ရှိနှင့်ခဲ့ပြီး ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ရဲ့ လွတ်လပ်ရေး ဖခင် ဗိသုကာကြီးဖြစ်တဲ့ ကိုအောင်ဆန်း၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အားသွန်ခွန်စိုက် ကြိုးပမ်းအားထုတ်မှုနဲ့ ရယူနိုင်ခဲ့တဲ့ ပြည်နယ်ပြည်မ သွေးစည်းညီညွတ်ရေး တနည်အားဖြင့် တိုင်းရင်းသား သွေးစည်းညီညွတ်ရေး ပင်လုံစိတ်ဓာတ်နဲ့၊ အဲဒီသွေးစည်းညီညွတ်မှု အင်အားနဲ့ ကိုလိုနီ နယ်ချဲ့ရဲ့ လည်ပင်းကိုညှစ်ပြီး လွတ်လပ်ရေးကို အရယူခဲ့တာဖြစ်ပါတယ်။

အဲဒီ ပင်လုံစိတ်ဓာတ် သွေးစည်းညီညွတ်မှု အခြေခံနဲ့ပဲ ၁၉၄၇ ခုနှစ် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲအတည်ပြုနိုင်ခဲ့ပါတယ်။ ကျနော်တို့မှာ တိုင်းပြည်တခုကို ထူထောင်နိုင်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတခု အထင်အရှား ရှိခဲ့ပါတယ်။ ၁၉၄၇ ခုနှစ် အခြေခံဥပဒေနဲ့ပဲ မြန်မာနိုင်ငံကို ပါလီမန် ဒီမိုကရေစီစနစ်နဲ့ တည်ဆောက်ဖွံဖြိုး တိုးတက်လာစေခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ အတွင်းနိုင်ငံရေး ပြဿနာတွေကိုတော့ ပြေလည်အောင် ဖြေရှင်းအဆုံးသတ်အောင် မလုပ်နိုင်ခဲ့ပါဘူး။

နိုင်ငံရေးအယူဆနဲ့ နိုင်ငံရေးစနစ် ပြဿနာသာ မဟုတ်ပါဘဲ တိုင်ရင်းသားလူမျိုးစု များပြားတဲ့ နိုင်ငံဖြစ်တာနဲ့အညီ တိုင်ရင်းသား လူမျိုးစုတွေရဲ့ ပြဿနာတွေလည်း ရှိနေခဲ့ပါတယ်။ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရင်း မပြေလည်နိုင်ကြတဲ့အခါ လက်နက်ကိုင်စစ်ပွဲနဲ့ ဖြေရှင်းလာခဲ့ကြတဲ့အတွက် ပြည်တွင်းစစ်ရယ်လို့ မြန်မာနိုင်ငံမှာ ပေါ်ပေါက်လာခဲ့တာလည်း ၁၉၄၈ ခုနှစ်ကတည်းက ဖြစ်ပါတယ်။

အဲဒီ ပြည်တွင်းစစ်မီးကြောင့်ပဲ လွတ်လပ်တဲ့ နိုင်ငံတနိုင်ငံ ဖြစ်လာခဲ့သလို သယံဇာတ ပေါ်ကြွယ်ဝလှတဲ့ မြန်မာနိုင်ငံဟာ ဖွံဖြိုးတိုးတက်သင့်သလောက် ဖွံဖြိုးတိုးတက်မလာနိုင်ခဲ့ပါဘူး။ ရှိနေတဲ့ နိုင်ငံရေး အယူအဆ ပြဿနာ၊ တိုင်ရင်းသားလူမျိုးစုတွေရဲ့ ပြဿနာတွေကို အဲဒီအချိန်က ဒီမိုကရေစီ အစိုးရတွေက ကိုင်တွယ်ဖြေရှင်းခဲ့ကြပေမယ့် တိုင်းပြည်ရဲ့ အရေးထက် နိုင်ငံရေးဂိုဏ်းဂဏစွဲ၊ အယူဝါဒစွဲ၊ ကျဉ်းမြောင်းတဲ့ မျိုးချစ်စိတ်ဓာတ် မဟာလူမျိုးကြီးဝါဒ၊ မှာယွင်းတဲ့ ဇာတိသွေး ဇာတိမာန်တွေ အမျိုးသားရေးဝါဒတွေကြောင့် ပဋိပက္ခတွေကို ပြေလည်အောင် မဖြေရှင်းနိုင်ခဲ့ပါဘူး။

ဖြေရှင်းဖို့ ကြိုးစားနေဆဲ တိုင်းရင်းသားလူမျိုးစု ပြဿနာအရေး ပြေလည်ဖို့ အလားအလာ ကောင်းလာဆဲအချိန်မှာပဲ အာဏာရဲ့ အရသာကို မြည်းစမ်းခွင့်ရခဲ့လို့ ယစ်မူးသာယာ တပ်မက်လာတဲ့ ဗိုလ်နေဝင်း ဦးဆောင်တဲ့ စစ်အုပ်စုက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီစနစ်ကို ရိုက်ချိုးဖျက်ဆီးကာ စစ်အာဏာရှင်စနစ်ကို ထူထောင်ခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ သွေးစည်းညီညွတ်မှုအခြေခံနဲ့ ရေးဆွဲပြဋ္ဌာန်းခဲ့တဲ့ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၁၉၆၂ မတ်လ ၂ ရက်နေ့မှာ ဖျက်သိမ်းပစ်ပြီး တတိုင်းပြည်လုံးကို အရပ်ဝတ်အရေခြုံ စစ်အာဏာရှင်စနစ်နဲ့ လက်ဝါးကြီးအုပ် သွေးစုတ်ခေါင်းပုံဖြတ် အုပ်ချုပ်ဖို့ ၁၉၇၄ ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုရေးဆွဲပြီး ပြည်သူကို အာဏာနဲ့ ခြိမ်းခြောက်၊ အတင်းအကျပ် အတည်ပြုပြီး စစ်အုပ်စု ဦးစီးတဲ့ လူတန်းစားသစ်ကို ပေါ်ပေါက်လာစေခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ဆိုတဲ့ ဆိုရှယ်လစ် အတုယောင်စနစ်နဲ့ တိုင်းပြည်ကို အုပ်ချုပ်လာခဲ့တာဟာ ၁၉၈၈ ခုနှစ်အထိ ကာလရှည်ကြာခဲ့ပါတယ်။ လူတန်စားသစ်ကသာ ဥစ္စာဓန ကြွယ်ဝသထက် ကြွယ်ဝလာပြီး စစ်ကျွန်ဖြစ်ခဲ့ရတဲ့ ပြည်သူလူထုရဲ့ ဘဝကတော့ ဆင်းရဲသည်ထက် ဆင်းရဲတွင်းနက်ခဲ့ပြီး တိုင်းပြည်ဟာလည်း ကမ္ဘာ့ဖွံဖြိုးတိုးတက်မှု အနည်းဆုံး ဖြစ်လာခဲ့ရတယ် ဆိုတာလည်း အားလုံး သိခဲ့ကြပြီးဖြစ်ပါတယ်။

အဲဒီအခြေအနေနဲ့ ဆင်းရဲမွဲတေမှု၊ ဖိစီးနှိပ်စက်မှုတွေကို နှစ်ပေါင်းများစွာ ခါးစည်းခံစား၊ ဒီမိုကရေစီ၊ လူအခွင့်အရေး၊ ငြိမ်းချမ်းရေးတွေကို အာသာငန်းငန်း တောင့်တလာတဲ့ ပြည်သူလူထုကြီးဟာ ၁၉၈၈ ခုနှစ်မှာ စစ်အုပ်စုရဲ့ စနစ်ဆိုးကို ရိုက်ချိုးချေဖျက်ပြီး ဒီမိုကရေစီနိုင်ငံသစ်တခု တည်ဆောက်ဖို့ ကြိုးစားခဲ့ကြပါတယ်။ အောင်ပွဲရယူနိုင်ခဲ့ပေမယ့် အကျဉ်းချုံ့ပြောရရင် အဘက်ဘက်က ချို့ယွင်းအားနည်းနေခဲ့တဲ့ လူထုအရေးတော်ပုံကြီးကို လက်နက်အင်အား တခုတည်းရဲ့ အားကိုးနဲ့ စစ်အုပ်စုသစ်က အာဏာသိမ်းတာကို ခံခဲ့ရပြန်ပါတယ်။

၁၉၈၈ စက်တင်ဘာ ၁၈ ရက်မှာတော့ ပြည်သူလူထုကို အထင်သေးပြီး စစ်အာဏာရှင် စနစ်တခုကို တရားဝင် ထူထောင်နိုင်လိမ့်မယ်လို့ ယုံကြည်ခဲ့တဲ့ အာဏာသိမ်း စစ်အစိုးရက ရွေးကောက်ပွဲတခု ကျင်းပဖို့ စိန်ခေါ်ခဲ့ပါတယ်။ အဲဒီအချိန်မှာလည်း ပြည်သူလူထုဟာ သူတို့ရဲ့ သဘောထား အစစ်အမှန်နဲ့ အံတုရင်း ပြသနိုင်ခဲ့ပါတယ်။ ၁၉၉ဝ မေလ ၂၇ ရက်နေ့မှာ ဒီမိုကရေစီ အစိုးရတရပ်ကို ခိုင်ခိုင်မာမာ ထူထောင်နိုင်တဲ့ အဆင့်ထိ ရအောင် အောင်ပွဲရယူပေးနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ကမ်းကုန်အောင် ရက်စက်ဆိုးဝါးတဲ့ စစ်အစိုးရက ပြည်သူလူထုရဲ့ အလိုဆန္ဒကို ငြင်းဆန်ပြီး တိုင်းပြည်ကို အာဏာရှင်စနစ်နဲ့ ဆက်ပြီးအုပ်ချုပ်ဖို့ နည်းလမ်းပေါင်းစုံ အသုံးချပြီး အာဏာကို ဖက်တွယ်ထားခဲ့ပါတယ်။

တိုးတက်တဲ့ အတွေးခေါ်ရှိတဲ့ ကျောင်းသားလူငယ်တွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ပြည်သူလူထုဟာ စစ်အာဏာရှင်တွေကို အကြိမ်ကြိမ် ရင်ဆိုင်အံတုခဲ့ကြပေမယ့် လက်နက်အားကိုး အာဏာရှင်အစိုးရရဲ့ အရက်စက်ဆုံး ချေမှုန်းတာကို ခံခဲ့ကြရပါတယ်။ ဒါပေမဲ့ အဖိနှိပ်ခံ ပြည်သူလူထုဟာ သူတို့ရဲ့ သဘောထားမှန်ဖြစ်တဲ့ လူ့အခွင့်ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးကို တချိန်ချိန်မှာ အပြီးသတ် ရယူဖို့ ထပ်ကြိုးစားလာအုံးမယ် ဆိုတာကို နားလည်ထားတဲ့ စစ်အာဏာရှင်တွေက တရားဝင် စစ်အာဏာရှင်စနစ်ကို တည်ထောင်ဖို့ သူတို့စိတ်တိုင်းကျ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲ၊ ဒုက္ခကြားက ပြည်သူလူထုကို လက်နက်အာဏာနဲ့ ခြိမ်းခြောက်ပြီး အတည်ပြု ပြဋ္ဌာန်းခဲ့ပြီ ဖြစ်ပါတယ်။

အခုတခါ ထပ်ပြီး ပြည်သူလူထုကို ၂ဝ၁ဝ ခု ရွေးကောက်ပွဲနဲ့ စိန်ခေါ်အနိုင်ယူဖို့ ကြိုးစားလာပြန်ပါပြီ။ ဒါပေမဲ့ ဒီတကြိမ် ကြိုးစားလာတာက စစ်အာဏာရှင်စနစ် တရားဝင် ထာဝရ တည်မြဲရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေတရပ်ကို ကျားကုတ်ကျားခဲ ကိုင်စွဲထားပါပြီ။ တော်လှန်တိုးတက်တဲ့ ကျောင်းသားလူငယ်တွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ပြည်သူလူထုကို လုံးဝ နာလန်မထူနိုင်အောင် နှိပ်ကွပ်ရေး မဟာဗျူဟာ ချမှတ်ပြီး သူတို့ရဲ့ လမ်းညွှန်မြေပုံခရီးကို ပြီးဆုံးအောင် လျှောက်ဖို့ ကြိုးစားနေကြပါပြီ။ စစ်အာဏာရှင်တွေရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဘာလဲ-ဘယ်လဲ ဆိုတာ၊ အခြေခံမူ ဆိုတာတွေကို ကြည့်လိုက်ရုံနဲ့ မြင်သာထင်ရှား ဖြစ်ပါတယ်။

အခု စစ်အစိုးရက သူတို့စိတ်ကြိုက် ရေးဆွဲအတည်ပြု ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေနဲ့ပတ်သက်ပြီး ဟောင်ကောင် တက္ကသိုလ်က အငြိမ်းစား ပါမောက္ခနဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အကြံပေး အထောက်အကူပြု အဖွဲ့ခေါင်းဆောင်လည်းဖြစ်တဲ့ ပါမောက္ခ Yash Ghaii က သူရဲ့ “၂ဝဝ၈ ခုနှစ် မြန်မာဖွဲ့စည်းပုံ အခြေခံဥပဒေ သုံးသပ်အကဲဖြတ်ချက်” ထဲမှာ ဒီလုပ်ငန်စဉ်းကို “၁၉၆၂ ခုနှစ်မှာ ဒီမိုကရေစီ အစိုးရလက်ထဲက အာဏာကို လုယူခဲ့ပြီး ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ ပါတီရဲ့ အစိုးရဖွဲ့စည်းမှုကိုလည်း ငြင်းဆန်ခဲ့တဲ့ စစ်အုပ်စုက ပုံဖော်ကြီးကြပ် စီမံခဲ့တာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းတခုခုကို ဘယ်လွတ်လပ်တဲ့ အဖွဲ့အစည်းကိုမှ တာဝန်ယူခိုင်းတာမျိုး စီမံကြီးကြပ်ရတာမျိုး မရှိပါဘူး။ လုပ်ငန်းစဉ်ဟာ လျှို့ဝှက်ဖြစ်ပါတယ်။ စစ်တပ်က စီစဉ်ရေးဆွဲခဲ့တဲ့မူကြမ်းကိုပဲ အမျိုးသားညီလာခံမှာ တင်သွင်းခဲ့တာပါ။

တကယ်တော့ အစိုးရမှာ အခြေခံဥပဒေမူကြမ်းကို ပြင်ဆင်ရေးဆွဲခွင့် အခွင့်အာဏာ မရှိပါဘူး။ အစိုးရဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အကြောင်းအရာတွေ၊ ရွေးချယ်မှုတွေကို ပြည်သူလူထုကြားမှာ ချပြအသိပေးတာမျိုး ဒါမှမဟုတ် ပါဝင်ဆောင်ရွက်ဖို့ အသိစိတ်ဓာတ်ပေးတာမျိုး မလုပ်ခဲ့ပါဘူး။ တချို့ အဓိက ခေါင်းဆောင်တွေဟာ အကျဉ်းထောင်ထဲမှာ ရောက်နေကြပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တွေးမြင်ယူဆချက်နဲ့ ရွေးချယ်မှုတွေမှာ တခြား ရွေးချယ်စရာတွေကို ပိတ်ပင်တားဆီးထားတာဟာ အခြေအတင် ဆွေးနွေးငြင်းခုံမှုကို ပိုပြီး ဆိုးဝါးသွားစေပြီး တွေးမြင်ယူဆချက် များစွာဟာ ပြည်ပရောက် အုပ်စုတွေကြားကိုပဲ ရောက်ရှိသွားခဲ့ရပါတယ်။

လုပ်ငန်းစဉ်ဟာ တိုင်းပြည်တည်ဆောက်ရေး ဒါမှမဟုတ် အမျိုးသားညီညွတ်ရေး အစီအစဉ်တွေကို တိုးတက်မြင့်မားလာအောင် မလုပ်နိုင်ခဲ့ပါဘူး။ ဒီမိုကရေစီ တည်ဆောက်ရေးနဲ့ လူနည်းစုတွေရဲ့ အခွင့်အရေး၊ ယဉ်ကျေးမှုတွေကို ကာကွယ်စောင့်ရှောက်ရေးနဲ့ သက်ဆိုင်သူတွေကို ကျေနပ်နှစ်သိမ့်မှု မပေးနိုင်ခဲ့သလို ပြင်ပကမ္ဘာကိုလည်း အစိုးရရဲ့ နိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲရေးအပေါ် အလေးအနက် ထားလာအောင် သိမ်းသွင်းပြောဆိုမှု မလုပ်နိုင်ခဲ့ပါဘူး။

ပဋိပက္ခဖြစ်နေတဲ့ အုပ်စုတွေကြားမှာ ယုံကြည်မူ တည်ဆောက်ရမယ့်အစား သံသယတွေကိုသာ တိုးများလာစေခဲ့ပါတယ်။ အခုအချိန်မှာတော့ ကမ္ဘာတဝှမ်းလုံးက မှားယွင်းတဲ့ လုပ်ငန်းစဉ်လို့ ယုံကြည်လက်ခံထားတဲ့ လုပ်ငန်းစဉ်က ပြန်လည်ထုတ်လုပ်လိုက်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ အစိုးရနဲ့ နိုင်ငံရေး ပါတီတွေ လူနည်းစု အုပ်စုတွေ ကြားမှာရှိတဲ့ သဘောထား ကွဲလွဲမှုတွေကို ပိုပြီးပြင်းထန်လာစေခဲ့ပါပြီ” လို့ ရေးသားခဲ့ပါတယ်။ ဒါဟာ နိုင်ငံခြားသား တယောက်ရဲ့ စစ်အစိုးရ ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ် ရှုမြင်သုံးသပ်ပုံ တစိတ်တပိုင်းသာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံသား နိုင်ငံရေးအမြင် ရှိသူတွေကတော့ ဒီထက်ပိုပြီး သိမြင်နားလည်ပြီး ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ တိုင်းရင်းသား လူနည်းစုတွေနဲ့ အများစုကြီးဖြစ်တဲ့ သာမန် မြန်မာပြည်သူတွေ အဖို့ကတော့ စစ်အစိုးရရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာကို ခပ်လှမ်းလှမ်းကသာ ကြည့်မြင်ခွင့် ရခဲ့ကြပါတယ်။ ပါဝင်ဆောင်ရွက်ခွင့်၊ ပြောဆိုဆွေးနွေးခွင့်၊ အကြံဉာဏ်ပေးခွင့် လုံးဝ မရှိခဲ့ကြပါဘူး။ ဒါပေမဲ့ စစ်အစိုးရရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ အနှစ်သာရအားဖြင့် ဘာလဲ-ဘယ်လိုလဲ ဆိုတာကိုတော့ သာမန်ပြည်သူလူထုရဲ့ အောက်ဆုံးလွှာအထိ နားလည်သဘောပေါက်နေပါတယ်။ သူတို့ရဲ့ စစ်မှန်တဲ့ သဘောထားအရ နှလုံးသားထဲက ‘နိုး’ လို့ ငြင်းပယ်ထားပြီးပါပြီ။ ပြင်းထန်ရက်စက်လွန်းတဲ့ စစ်အစိုးရရဲ့ ဖိနှိပ်မှုတွေကြောင့် နေသေးသပခြုံထဲက ဖြစ်နေကြပေမယ့် ချိုသွေးသမှ တမြမြ လည်းဖြစ်နေကြပြီဆိုတာ သံသယရှိစရာအကြောင်း မမြင်ပါဘူး။

ပါမောက္ခ Yash Ghai ကတော့ “စာတမ်းက ဖော်ပြပြောဆိုခဲ့သည့်အတိုင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည်တည်ဆောက်ရေးနှင့် မူကြမ်းပါဝင်မှုများမှာ ယေဘုယျအားဖြင့် လက်ခံထားခဲ့ကြသော လူ့အခွင့်အရေး အခြေခံမူများအား အလေးထားမှု မရှိခဲ့ပါ။ အခွင့်အရေးများကို ထိန်းသိမ်းစောင့်ရှောက်မှုအတွက် အချက်အခြာဖြစ်သော တရားစီရင်ရေးမှာလည်း လွတ်လပ်မှု မရှိနိုင်သလို လူ့အခွင့်အရေးများကို ကာကွယ်နိုင်ခြေလည်း ရှိလိမ့်မည် မဟုတ်ပါ။ လူ့အခွင့်အရေးကော်မရှင် (သို့) လူထု တိုင်တမ်းမှု ကြားနာစစ်ဆေးရေး အဖွဲ့ကဲ့သို့ အခြားသော အဖွဲ့အစည်းများကိုလည်း ဖွဲ့စည်းပေးခြင်း (သို့) စဉ်းစားတွေးဆထားခဲ့ခြင်း မရှိခဲ့ပါ။

အခွင့်အရေးတွေကို ကန့်သတ်ဖော်ပြပေးထားတဲ့ စကားလုံးတွေမှာလည်း သူတို့ရဲ့ လေးစားမှုကင်းမဲ့ခြင်း ဖြစ်နိုင်ခြေတွေဖြစ်ပြီး အမှန်စင်စစ် ဆိုင်းငံ့ရပ်စဲထားခြင်းသာ ဖြစ်ပါတယ်။ စစ်တပ်သြဇာ လွှမ်းမိုးမှုခံရတဲ့ အစိုးရ ဖွဲ့စည်းတည်ဆောက်ပုံမှာလည်း လူ့အခွင့်အရေးတွေကို ရိုသေလေးစားလာဖို့ ကူညီထောက်ပံ့ပေးမှု မရှိနိုင်ပါ။ ဒီလိုနဲ့ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ အခြေခံ အကြောင်းခြင်းရာတွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ လူထုအတွက် အောင်မြင်နိုင်ခြေ မရှိဆုံး ဖြစ်ပါတယ်။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ မှားယွင်းဖောက်ပြန်တဲ့ အခြေခံဥပဒေတွေနဲ့ ဖွဲ့စည်းတည်ဆောက်မှုအရ ပိုမို ဒီမိုကရေစီကျပြီး တူညီမြှုဖစ်တဲ့ လူ့အဖွဲ့အစည်းတခုဆီ ကူးပြောင်းရေးအတွက် အခက်အခဲပေါင်းများစွာကို ဖွဲ့စည်းပုံ အခြေခံဥပဒေအတွင်း ရည်ရွယ်ချက်ရှိရှိ ထည့်သွင်းရေးဆွဲထားပြီး ဖြစ်ပါတယ်” လို့ သူ့ရဲ့စာတမ်းကို နိဂုံးချုပ်ထားခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဘယ်ဖွဲ့စည်းပုံ အခြေခံဥပဒေပဲဖြစ်ဖြစ် လုံးဝ အပြစ်အနာအဆာမရှိ အကောင်းဆုံးဆိုတာ မရှိပါဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေတခုဟာ သူ့ဆိုင်ရာ လူ့အဖွဲ့အစည်းရဲ့ ကောင်းကျိုးနဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ငြိမ်းချမ်းမှုကို တည်ဆောက်နိုင်ဖို့သာ ဖြစ်ပါတယ်။ အဲဒီလို မလုပ်နိုင်ဘူးဆိုရင် အဲဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ အောင်မြင်မှု မရှိဘူးလို့ ဆိုရပါမယ်။ ပြင်ဆင်ဖို့လိုရင် ပြင်ဆင်၊ ဖြည့်စွက်ဖို့လိုရင် ဖြည့်စွက်၊ အဆုံးစွန်ဆုံးမှာ အသစ်ပြန်ရေးသင့်ရင် ရေးရပါလိမ့်မယ်။ အဲဒီလို လုပ်ခွင့်မရှိဘူး၊ မလုပ်ရဘူးလို့ ဘယ်အစိုးကမှ ဟန့်တားပိတ်ပင်ခွင့် မရှိပါဘူး။ အဲဒီလို လုပ်ဆောင်နိုင်တဲ့ အခွင့်အရေးဟာ ပြည်သူမှာ အပြည့်ဝရှိပါတယ်။ အစိုးရဆိုတာ ပြည်သူ့ လက်အောက်ခံ၊ ပြည်သူ့ အခိုင်းအစေသာ ဖြစ်ပါတယ်။ ပြည်သူရဲ့ အရှင်သခင် မဟုတ်ပါဘူး ဆိုတာကို ပြည်သူလူထုကြီး တရပ်လုံး နားလည်ခံယူထားကြဖို့ အရေးကြီးပါတယ်။

ပြည်သူလူထုရဲ့ ဆန္ဒသဘောထားအမှန်ကို ဖော်ထုတ်ပေးဖို့၊ ရဲရဲဝံ့ဝံ့ ဖော်ထုတ်ပြသကြဖို့ လှုံ့ဆော်တိုက်တွန်း လမ်းပြကူညီအားပေးမှု ပေးဖို့ကတော့ ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ပြည်သူလူထုက ရွေးချယ်တာဝန်ပေးထားခဲ့တဲ့ နိုင်ငံရေးပါတီတွေ၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေ၊ ဒီမိုကရေစီ လိုလားသူ တိုးတက်တဲ့ ပညာတတ်တွေ၊ ကျောင်းသားလူငယ်တွေသာ ဖြစ်ပါတယ်။ ဒီတာဝန်ကို တခြား ဘယ်သူကမှ ဝင်ပြီး တာဝန်ယူထမ်းဆောင်ပေးလိမ့်မယ် မဟုတ်ပါဘူး။ ကျနော်တို့ မြန်မာနိုင်ငံသား ဒီမိုကရေစီရေး၊ လူအခွင့်အရေး၊ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသူအားလုံးရဲ့ တာဝန်သာဖြစ်ပါကြောင်း။

No comments:

Post a Comment