Sunday, March 1, 2009
လစန္ဒာနှင့် ခြူးပိုက်ဆံ
ငွေစကြေးစ တချွင်ချွင်၊ ငွေဒင်္ဂါးသံတချွင်ချွင် စသော အသုံးအနှုန်းများ ပျောက်ကွယ်ခဲ့သည်မှာ အတော်ကြာခဲ့လေပြီ။ မဆလခေတ်က တွင်ကျယ်ခဲ့သော ကျပ်စေ့၊ မတ်စေ့များကား ပြတိုက်ထဲ ရောက်သွားလေပြီ။ ထို့နောက် ကျပ်တန်၊ ငါးကျပ်တန်၊ ဆယ်တန်တို့သည်လည်း တဖြည်းဖြည်းနဲ့ မြင်ကွင်းမှ ဝေးခဲ့လေပြီ။ ငါးဆယ်တန်၊ တရာတန်တို့မှာလည်း သုံးနေရသည်နှင့်မတူ ဆုံးနေရသည်နှင့် တူလေသည်။
ဤသရုပ်သည် မြန်မာနိုင်ငံ၏ လက်ရှိ စီးပွားရေးကို မီးမောင်းထိုးပြနေပေသည်။ စစ်တပ်က ပြောနေသကဲ့သို့ တိုးတက်မြင့်မားလာသော အခြေအနေ အရပ်ရပ် ဆိုသည်တို့မှာ စဉ်းစားစရာပင် မလိုအပ်တော့။ လူထုအတွက် မရှိမဖြစ် သုံးစွဲနေရသော အကြွေကိုပင် လည်ပတ်အောင် ထုပ်မပေးနိုင်လေရာ ကျန်သည့် မြန်မာ့စီးပွားရေး ဆိုသည်ကိုမူ အကောင်းဘက်က ရှုမြင်ဖို့ မစွမ်းသာတော့။
လက်ရှိ ငွေကြေးတို့မှာ အရေအတွက်သာ ကြီးထွားလာပြီး၊ သုံးစွဲနေရသည်မှာ ဖောင်စီးရင်း ရေငတ် ဆိုသကဲ့သို့ ထောင်တန်ကြီး ကိုင်ထားပြီး သုံးရစွဲရခက် ဖြစ်နေလေသည်။ ငါးရာတန်ပင် တဖြည်းဖြည်း ရှားလည်း ရှား၊ စုတ်လည်း စုတ်လာလေပြီ။
လူဦးရေ သိပ်သည်းလှသော ရန်ကုန်မြို့လူထုမှာ မိုးလင်းပြီ ဆိုကတည်းက ရှားပါးလှသော မည်းကြုတ်ကြုတ် စက္ကူစုတ်များကို အသေအချာပင် စစ်မကြည့်နိုင်ဘဲ ကိုင်တွယ်နေရသည်။ လွှင့်ပစ်ရလောက်အောင်လည်း မချမ်းသာဆိုတော့ ဒါပဲ သုံးကြပေါ့။
ပန်းချီဆရာ ဂေါ်ဂင်အကြောင်း ရေးထားသည့် လစန္ဒာနှင့် ခြူးပိုက်ဆံ ဆိုသော ခေါင်းစဉ်လေးကို သတိရမိသည်။ စစ်တပ်ခေါင်းဆောင်များက အာဏာကို အလွှဲသုံးစားလုပ်ပြီး၊ ကိုယ်ကျိုးရှာသည်။ တိုင်းပြည်အတွက် တစိုးတစိလေးမျှပင် ချွေးမစို့ခဲ့ရသော သူတို့သားသမီးတွေက ချွေးပြိုက်ပြိုက်ကျအောင် ရှာဖွေနေကြသော လူထု၏ ချွေးနဲစာအပေါ် မတော်တရော် အခွန်တွေကောက်ပြီး၊ အမြိုင့်သား ထိုင်စားနေကြသည်။ ခါးကျိုးအောင် လုပ်နေရသော လူထုမှာ မည်းချိပ်နေသော ငွေစက္ကူ အနွမ်းအစများကို မထိရက်၊ မတို့ရက် ချွေချွေတာတာ သုံးစွဲနေရချိန်တွင် သူတို့က ငွေစက္ကူ အသစ်ကျပ်ချွတ်များကို အထုပ်လိုက်၊ အထုပ်လိုက် ဖြုန်းလို့ မပြီးနိုင်။ လူထုမှာ သုံးရက်စွဲရက်ကြသော မောင်မင်းကြီးသားတတွေကို မိုးပေါ်ကလကို ကြည့်နေသကဲ့သို့ တအံ့တဩ ကြည့်ပြီးနောက် ကိုယ့်လက်ထဲက တပဲနိ၊ နှစ်ပဲနိလေးတွေကို ၀မ်းနည်းပမ်းနည်း ကြည့်ရတော့သည်။ လစန္ဒာနှင့် ခြူးပိုက်ဆံပေါ့။
တရက်တရက် ပိုက်ဆံမည်းမည်းလေးတွေ ကိုင်ပြီး ကားစီးနေရသော၊ ဈေးဝယ်ထွက်နေရသော၊ ကျောင်းတက်နေရသော၊ ရောင်းဝယ်ဖောက်ကားနေရသော၊ လူတန်းစားအသီးသီးကို ကြည့်ပြီး နောက်ဆက်တွဲ ရလာနိုင်မည့် ရောဂါများအကြောင်းကို မစဉ်းစားဘဲ မနေနိုင်အောင် ဖြစ်ရသည်။ စစ်တပ်၏ ရှေ့နောက် မမြော်မြင်သော လုပ်ရပ်များကြောင့် အားလုံး စိတ်ဆင်းရဲရသည်။
မိုးလင်းလျှင် ရင်ဆိုင်ရသည့် ပြဿနာနှစ်ခု ရှိသည်။ တခုက ငွေစက္ကူစုတ်ပြဿနာ၊ နောက်တခုက သီချင်းကြိုက်တတ်လှသော မြန်မာတို့၏ စရိုက်ကို အသုံးချပြီး သီချင်းလေး ဖွင့်ပေးလိုက်၊ မမှန်သတင်းတွေ ပေးလိုက် လုပ်နေသော ပိတောက်မြေ အသံလွှင့်ဌာနနှင့် မန်းမြေ အသံလွှင့်ဌာန။
သီချင်းကောင်းလေးမှ နားထောင်မ၀ခင် စစ်အစိုးရက သင်ပေးသမျှ မဟုတ်မမှန်တို့ကို ၀ါဒဖြန့်သည်။ တိုင်းပြည်ကြီး ကောင်းစားနေသည်ကို မနာလို မရှုစိမ့်သော ပြည်တွင်းပြည်ပ အဖျက်သမားများ၊ ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်နေသော တိုင်းပြည်ကြီး၏ အရေးပါလှသော ၂၀၁၀ ရွေးကောက်ပွဲကြီးကို ပျက်စီးအောင် ဖန်တီးနေသော အနောက်နိုင်ငံတချို့၏ လက်ပါးစေ မီဒီယာများတဲ့။
ကြားလိုက်ရလျှင် မိုးမှ မလင်းသေး နားဒုက္ခ ပေးလေတော့သည်။ မိမိကိုယ်တိုင် အသံလွှင့် ပြောဆိုနေသည်များကို မိမိကိုယ်တိုင်ရော ယုံကြည်ပါလေစ။ လက်တွေ့နှင့် ကင်းကွာလှသော၊ မဟုတ်မမှန်သော သတင်းများကို မိမိထမင်းအိုးလေး ကွဲမည်စိုး၍ မျက်စိမှိတ်၊ နားပိတ်ပြီး ပြောဆိုနိုင်ရက်ကြသည်။
ယခုလည်း အပြင်မှာက မရှိလျှင် မဖြစ်သည့် ငွေစက္ကူ အတိုအစပင် အသစ်မထုတ်နိုင်။ ဤမျှလောက် အခရာကျသော၊ လက်တွေ့ကျလှသော ပြဿနာကိုပင် မရှင်းနိုင်ဘဲ စစ်အစိုးရ မီဒီယာတို့က အောင်မြင်လှသော ဈေးကွက်စီးပွားရေးကြီးအကြောင်း၊ အလုပ်အကိုင်သစ် အခွင့်အရေးသစ်တွေအကြောင်း၊ မစားရ၀ခမန်း ရေသောက်ပြီး အော်နေလေတော့သည်။
လူထုမှာတော့ မိုးလင်းမှာကိုပင် ကြောက်နေကြသည်။ အကြွေနုတ်ကိစ္စက တမျိုး၊ နားကိစ္စက တဖုံ။
ခြူးပိုက်ဆံပင် ရှားပါးလှသော ဤတိုင်းပြည်ကြီးရှိ လူထုကြီးမှာ တိုင်းပြည်ပိုက်ဆံကို သုံးစွဲပြီး၊ ကိုယ်ကျိုးရှာချင်လှသည့် စစ်ခေါင်းဆောင်တွေက တင်သွင်းမည့် ကိုယ်ရောင်ကိုယ်ဝါ ၀င်းဝင်းတောက်လှသော အမတ်လောင်းများ၏ ရွေးကောက်ပွဲကြီးကိုလည်း ကြုံတွေ့ရပေတော့မည်။
ရှေ့မနီးမဝေး၊ ကြုံလာနိုင်သည့် ရွေးကောက်ပွဲကြီးတွင် မြန်မာလူမျိုး တိုင်းရင်းသားအပေါင်းတို့ လက်ယဉ်လှပြီဖြစ်သော ပိုက်ဆံ မည်းမည်းကြီးများကို မည်သည့် မဲပုံးထဲ ထည့်ထည့် ပြန်ရေတွက်လျှင် ဖြူသွားနိုင်သည့် (အနက်ပုံးထဲထည့်လည်း အဖြူ၊ အဖြူပုံးထဲ ထည့်လည်း အဖြူ သို့မဟုတ် ကြက်ခြေခတ်လည်း အမှန်၊ မခတ်လည်း အမှန်) မဲပုံးထဲ တ၀ကြီး ထည့်လိုက်ရလျှင် ကောင်းလေစွဟု တောင့်တမိသည်။ သို့မှသာ လူထုသုံး စက္ကူမည်းမည်းများ ဇာတ်သိမ်းပေတော့မည်။
No comments:
Post a Comment