Friday, June 5, 2009

မုံရွာ ဗောဓိတစ်ထောင် ဘုရား ဓါတ်လှေကား ပျက်ကျ ဆရာတော် ( ၂ ) ပါး အပါအ၀င် လူ ( ၈ ) ဦး ဒဏ်ရာရ

မင်းနိုင်သူ / ၅ ဇွန် ၂၀၀၉

မုံရွာမြို့ ရှိ ဗောဓိတထောင် ရပ်တော်မူ ရုပ်ပွား တော်ကြီး အတွင်း ရှိ ဓာတ်လှေကား ယမန်နေ့ ညနေ (၆) နာရီ ခန့်တွင် ပျက်ကျခဲ့ သဖြင့် ရွှေပါရမီ တောရ ဆရာတော် အရှင်ဆန္ဒဓိက နှင့် ဆရာတော် ရဝေနွယ် (အင်းမ) တို့ အပါ အ၀င် (၈) ဦး ထိခိုက် ဒဏ်ရာ ရရှိသွား သည်။


“အခု မန္တလေးဆေးရုံကြီးကို ပို့ထားပါတယ်။ ဆရာတော် ရဝေနွယ်က ခြေထောက်ကျိုးတယ်။ ဆရာတော် အရှင်ဆန္ဒဓိက ကတော့ ဒူး ခေါင်း ကွဲသွားတယ် ဆိုတာလောက်ပဲ သိရသေးတယ်။ သုံးထပ်လောက်ကနေ ပျက်ကျခဲ့တာပါ။ အသေအပျောက်တော့ မရှိပါဘူး” ဟု ဗောဓိတထောင်ကျောင်းတိုက်မှ ဆရာတော်တပါးက မိန့်ဆိုသည်။

ဓာတ်လှေကားပျက်ကျချိန်တွင် အတွင်း၌ ဆရာတော် (၂) ပါး၊ ဒကာ (၅) ဦးနှင့် လိုက်လံပြသသော ဗောဓိတထောင်ကျောင်းတိုက်မှ ဦး ဇင်းတပါးတို့ ရှိနေခဲ့ကြကြောင်း၊ ယခုအခါ (၈) ဦးစလုံးကို မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

“ဓာတ်လှေကားက လုပ်ငန်းသုံး ဓာတ်လှေကားလေ။ ၀င့်သဘောပဲ။ ပစ္စည်းအတင်အချလုပ်ဖို့ အဓိကထား လုပ်ထားတာဆိုတော့ လူတိုင်း ကို ပေးမတက်ပါဘူး။ အခုဟာ ဦးခေါင်းတော်အထိ တက်ကြည့်ကြမယ်ဆိုပြီး တက်သွားကြတာ။ ဘယ်လိုဖြစ်လို့ ပျက်တယ်ဆိုတာတော့ သေချာစစ်ဆေးပြီးမှ သိရမယ်” ဟု ဗေဓိတထောင်ကျောင်းတိုက်မှ ဆရာတော်က မိန့်သည်။

ယင်း ရပ်တော်မူဘုရားကြီးတွင် လူစီးဓာတ်လှေကား တပ်ဆင်ထားခြင်းမရှိသေးဘဲ တက်ရောက်ဖူးမြော်လိုသူများ အနေဖြင့် ရိုးရိုး လှေ ကား ဖြင့်သာ တက်ရောက်နိုင်ကြောင်း သိရသည်။

ဗောဓိတထောင်သာသနာ့နယ်မြေရှိ ရပ်တော်မူရုပ်ပွားတော်ကြီးကို ၁၉၉၅ ခုတွင် ဗောဓိတထောင်ဆရာတော် အရှင်နာရဒ ဦးစီး တည် ထား ခဲ့ပြီး ဉာဏ်တော် (၄၂၄) ပေရှိရာ ကမ္ဘာ့ အကြီးဆုံး ရပ်တော်မူ ရုပ်ပွားတော်ကြီး ဖြစ်သည်။

ရပ်တော်မူရုပ်ပွား တော်ကြီး အတွင်းတွင် အထပ်ပေါင်း (၃၂) ထပ်ရှိပြီး ဗုဒ္ဓ၀င် ဇာတ်နိပါတ်တော်များ၊ ရှေးဟောင်း ဘုရား ဆင်းတုတော် များကို စုဆောင်း ပြသထား သည်။

No comments:

Post a Comment