Friday, June 5, 2009
ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၂၅၇ (၁)
တရားခံ အဖြစ် စွပ်စွဲ ခံရသူ ဒေါ်အောင်ဆန်း စုကြည်၏ အကျိုး ဆောင်များ က ဦးတင်ဦး (နေအိမ် အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခြင်း ခံနေ ရသူ)၊ ဦးဝင်းတင်၊ ဒေါ်ခင်မို့မို့ နှင့် ဦးကြည်ဝင်း တို့အား တရားခံပြ သက်သေ များအဖြစ် အမည် စာရင်း တင်သွင်း ခဲ့သည်။
ထိုသို့ တင်သွင်းထားခြင်းကို သီးသန့်ခုံရုံးက ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၂၅၇ (၁) အရ ကျင့်သုံး၍ ဦးကြည်ဝင်း တဦးတည်းကိုသာ သက်သေအဖြစ် ဆင့်ခေါ်ရန် သမ္မန်စာထုတ်ဆင့်ခဲ့ပြီး၊ ကျန်သက်သေ ၃ ဦးအား တရားခံပြသက်သေအဖြစ် သက်သေထွက်ဆိုခွင့် မပြုကြောင်း ဆုံးဖြတ်ခဲ့သည်။ ထိုသို့ ဆုံးဖြတ်ခြင်းသည် ဥပဒေကို မျက်ကွယ်ပြု ဆုံးဖြတ်ခြင်းဖြစ်သဖြင့် လွန်စွာမှပင် မှားယွင်းနေသည်ကို အောက်ပါ အချက်များအရ အထင်အရှား တွေ့ရမည်ဖြစ်သည်။
တရားခံသည် တဦးတယောက်ကို စစ်ဆေးရန် သို့မဟုတ် ပြန်လှန်စစ်မေးရန်အတွက် ဆင့်ခေါ်ပေးရန် လျှောက်ထားခဲ့လျှင် ရာဇဝတ်တရားသူကြီးက ဆင့်စာထုတ်ပေးရမည်။ အကယ်၍ တရားခံက ယင်းသို့ ဆင့်ဆိုပေးရန် လျှောက်ထားခြင်းမှာ အနှောင့်အယှက်ပြုရန်၊ သို့မဟုတ် ကြန့်ကြာစေရန်၊ သို့မဟုတ် တရားမျှတစွာ ဆုံးဖြတ်နိုင်ရေးကို ထိခိုက်စေရန် ကိစ္စအလို့ငှာ ပြုလုပ်သည်ဟု ယုံကြည်ပါက ယင်း လျှောက်ထားချက်ကို ရာဇဝတ် တရားသူကြီးက ငြင်းဆိုနိုင်သည်။ ထိုသို့ ငြင်းဆိုသည့်အခါ မည်သည့်အတွက် ငြင်းဆိုရကြောင်းကို ရေးသားမှတ်တမ်းတင်ထားရမည်ဟု ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၂၅၇ (၁) တွင် ပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။
တရားခံဘက်မှ သက်သေအဖြစ် တင်ပြလာသည့်သူများကို တရားရုံး တရားသူကြီးအနေဖြင့် ငြင်းပယ်ခွင့်ရှိသည်။ သို့သော် -
တရားခံ၏ လျှောက်ထားချက်ကို ငြင်းပယ်ပါက မည်သည့်အတွက် ငြင်းပယ်ရသည်ကို ၂ ဖက် လိုက်ပါဆောင်ရွက်သည့် အကျိုးဆောင်များအား ရှင်းပြရမည်ဖြစ်ပြီး၊ ထိုသို့ ဆုံးဖြတ်ကြောင်းကိုလည်း အမှုတွဲ၏ နေ့စဉ်မှတ်တမ်းတွင် ဆုံးဖြတ်ချက်ကို ရေးမှတ်ထားရမည်ဖြစ်သည်။ ထိုသို့ ဆောင်ရွက်မှသာ ဆုံးဖြတ်ချက်ကို မကျေနပ်သည့်ဘက်က အထက်တရားရုံးသို့ ဆုံးဖြတ်ချက်ကို ဥပဒေနှင့်အညီ ပြန်လည်ပြင်ဆင်ပေးရန် ပြင်ဆင်မှု တင်သွင်းနိုင်မည်ဖြစ်သည်။
သို့သော် ယခုအမှုတွင် ထိုသို့ ဆောင်ရွက်ခဲ့ခြင်း မရှိဘဲ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၂၅၇ (၁) အရ ငြင်းပယ်သည်ဟုသာ ပြောကြားခဲ့သည်။ အကြောင်းပြချက်ကို မဖော်ပြခဲ့ပေ။ တရားခံ၏ အကျိုးဆောင်များက ထိုဆုံးဖြတ်ချက်ကို မကျေနပ်သဖြင့် အထက်တရားရုံးသို့ ပြင်ဆင်မှု တင်သွင်းရန်အတွက် ဆုံးဖြတ်ချက်မိတ္တူကို ကူးယူခွင့်ပြုရန် တရားရုံးသို့ လျှောက်ထားသည့်အခါ တရားသူကြီးများသည် တရားခွင်တွင် မရှိတော့ပါ။ တမင် မိတ္တူကူးယူခွင့် မရနိုင်အောင် စီမံဆောင်ရွက်ခြင်းဖြစ်သည်ကို တရားသူကြီးများ၏ အပြုအမူအရ သိသာထင်ရှားလျက် ရှိပေသည်။
တရားခံဘက်မှ သက်သေအဖြစ် အမည်စာရင်းတင်သွင်းထားသည့် ဦးတင်ဦး၊ ဦးဝင်းတင်နှင့် ဒေါ်ခင်မို့မို့တို့သည် တရားစီရင်ရေးကို ကြန့်ကြာအောင် လုပ်ဆောင်ကြမည့်သူများ မဟုတ်သလို တရားစီရင်ရေးကို အနှောင့်အယှက် ပြုကြမည့်သူများလည်း မဟုတ်ကြပါ။ နိုင်ငံရေးပါတီတခုတွင် တာဝန်ယူ ဆောင်ရွက်နေကြသူများသာ ဖြစ်သည်။ မှန်ကန်မျှတသည့် တရားစီရင်ရေး ဖော်ဆောင်နိုင်ရန်အတွက် ထိခိုက်စေမည့်သူများ မဟုတ်သလို တရားမျှတရေးကို ဖော်ဆောင်ရန် ကူညီဆောင်ရွက်မည့် သက်သေများဖြစ်သည်။ အဆိုပါ သက်သေများ၏ သက်သေထွက်ချက်များသည် အမှုနှင့် ဆက်စပ်ခြင်းလည်း မရှိ၊ အကြောင်းအရာများ စပ်ဆိုင်ခြင်းလည်း မရှိဆိုပါက တရားရုံး တရားသူကြီးများအနေဖြင့် အဆိုပါ တရားခံပြသက်သေများ၏ သက်သေထွက်ချက်ကို အမှုအား ဆုံးဖြတ်ရန် ထည့်သွင်းမစဉ်းစားဘဲ နေနိုင်သည်ကို အဆိုပါတရားသူကြီးများ အသိပင်ဖြစ်သည်။ တရားခံဘက်မှ တင်ပြမည့်သက်သေများ၏ သက်သေထွက်ချက်များသည် အမှုနှင့်စပ်ဆိုင်ခြင်း ရှိ၊ မရှိကိုပင် နားမထောင်တော့ဘဲ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၂၅၇ (၁) ကို ကျင့်သုံး၍ ယခုကဲ့သို့ ဆုံးဖြတ်ခြင်းသည် တရားခံဘက်မှ ဥပဒေနှင့်အညီ ခုခံချေပခွင့်ကို မျက်ကွယ်ပြုဆုံးဖြတ်ရာ ရောက်နေသည့်အတွက် လွန်စွာမှ မှားယွင်းနေသည်ကို တွေ့ရသည်။
အထူးခုံရုံး တရားသူကြီးများသည် ၂ဝဝဝ ပြည့်နှစ် တရားစီရင်ရေးဆိုင်ရာ မူဖြစ်သည့် ဥပဒေနှင့်အညီ ခုခံချေပခွင့်နှင့် အယူခံခွင့်ပေးခြင်းဆိုသည့် တရားစီရင်ရေးဆိုင်ရာ မူကို မျက်ကွယ်ပြု၍ ထပ်မံချိုးဖောက်လိုက်ခြင်း ဖြစ်သည်။
အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်အဖြစ် နိုင်ငံတကာက လက်ခံထားသည့် နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေး သဘောတူစာချုပ် အပိုဒ် ၁၄ (၁) တွင် တရားဥပဒေနှင့်အညီ ခုခံချေပရာတွင် အကျိုးဆောင်များနှင့် လွတ်လပ်စွာ တိုင်ပင်ဆွေးနွေးခွင့်ကို ခွင့်ပြုရမည် ဖြစ်သော်လည်း ယခုအမှုတွင် ထိုကဲ့သို့ ခွင့်ပြုခဲ့ခြင်း မရှိပါ။ ဒေါ်အောင်ဆန်းစုကြည်အား စွဲချက်တင်ပြီးသည့် နေ့နှင့် တရားရုံးတွင် သက်သေထွက်ဆိုမည့် နေ့အထိ အကျိုးဆောင်များက တွေ့ဆုံခွင့်ရရန်နှင့် အမှုအား ခုခံချေပရာတွင် တိုင်ပင်ဆွေးနွေးရန် တရားသူကြီးအား တောင်းဆိုခဲ့သော်လည်း တရားရုံးက ခွင့်မပြုခဲ့ပါ။ ယခုအခါ ထပ်မံ၍ တရားခံပြသက်သေအဖြစ် တင်ပြမည့်သူများကိုပင် တရားရုံးတွင် သက်သေထွက်ဆိုခွင့် မပြုခဲ့ခြင်းသည်။ အမှုအား လျင်မြန်စွာ ပြီးဆုံးစေရန်နှင့် အပြီးသတ် စီရင်ချက်နှင့် အမိန့် ချမှတ်နိုင်ရန် ရည်ရွယ်လုပ်ဆောင်နေကြောင်း သိသာထင်ရှားလှပေသည်။
တရားခံပြသက်သေ ဦးကြည်ဝင်းအား စစ်ဆေးပြီးစီးပါက တရားခံဘက်မှ ခုခံချေပရေး ပြီးဆုံးပြီဖြစ်သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင်များက အပြစ်မပေးထိုက်ကြောင်း အပြီးသတ် လျှောက်လဲချက် ပေးရမည် ဖြစ်သည်။ သာမန်အားဖြင့်ဆိုလျှင် ထိုကဲ့သို့ အပြီးသတ် လျှောက်လဲချက်ပေးရန်အတွက် လုံလောက်သည့်အချိန် ပေးရမည်ဖြစ်သည်။ ရာဇဝတ်မှုများတွင် အနည်းဆုံး ရက်သတ္တတပတ် ခွင့်ပြုမြဲဖြစ်သည်။ သို့သော် ယခုအမှုတွင် ထိုကဲ့သို့သော လုံလောက်သည့် အချိန်ရပါမည်လား၊ အထူးခုံရုံး တရားသူကြီးများ၏ လုပ်ဆောင်ခဲ့သည့် ပြုမူချက်များက လွန်စွာမှ သံသယဖြစ်ဖွယ်ရာပင် ဖြစ်သည်။
တရားခံပြသက်သေများကို ပယ်သည့်ကိစ္စအား အထက်တရားရုံးသို့ ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ပြင်ဆင်မှု မတင်သွင်းနိုင်မီ အမှုကို အပြီးသတ် ဆုံးဖြတ်ချက်ချနိုင်ရန် စီမံဆောင်ရွက်မည့် သဘောကို တွေ့မြင်နေရသည်။
တရားလိုဘက်မှ တင်ပြသည့် သက်သေအထောက်အထား မခိုင်လုံသော်လည်း တရားခံဖြစ်သူအား ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ပေးမည် မဟုတ်ပါ။ သေချာမှ အပြစ်ပေးပါ၊ မသေချာလျှင် တရားခံဖြစ်သူအား အမှုမှ လွှတ်ရန်သာ ရှိသည်ဆိုသည့် ဥပဒေဆောင်ပုဒ်နှင့်အညီ သံသယ၏ အကျိုးကိုလည်း ဒေါ်အောင်ဆန်းစုကြည် ခံစားရမည် မဟုတ်ပါ။
တရားစီရင်ရေးဆိုင်ရာမူများ၊ ဥပဒေက ခွင့်ပြုထားသည့် တရားခံ၏ အခွင့်အရေးများဖြစ်သည့် လွတ်လပ်စွာ တရားစီရင်ရေး၊ အများပြည်သူရှေ့မှောက် စစ်ဆေးစီရင်ရေး၊ ဥပဒေနှင့်အညီ ခုခံချေပခွင့်နှင့် အယူခံခွင့်ပြုရေး ဆိုသည့် တရားစီရင်ရေးဆိုင်ရာ မူများသည်လည်း ဥပဒေစာအုပ်များထဲတွင်သာ ရှိနေပြီး၊ သက်ဝင်လှုပ်ရှားလာလိမ့်မည် မဟုတ်ပါ။ မျှတသည့် တရားစီရင်ရေးဆိုသည်မှာလည်း မည်သည့်အခါမှ ပေါ်ထွန်းလာမည် မဟုတ်ပါ။
ထိုသို့ဆိုလျှင် စွဲဆိုထားသည့် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ အန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၂၂ ပါ ပြဋ္ဌာန်းချက်များအရ အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ အများဆုံး ၅ နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၅ဝဝဝ အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးဖြစ်စေ စီရင်ခြင်း ခံရမည်ဖြစ်သည်။
အထူးခုံရုံးများ၏ သဘောသဘာဝအရ ပြစ်ဒဏ်ပေးလျှင် မည်သည့်အခါကမျှ အနိမ့်ဆုံးပြစ်ဒဏ်ကို မပေး။ အများဆုံး ပြစ်ဒဏ်ကိုသာ စီရင်လေ့ရှိသည်။ အထူးခုံရုံး ဥက္ကဋ္ဌဖြစ်သူ ဦးသောင်းညွန့်က ၈၈ မျိုးဆက်ကျောင်းသားများ၏ အမှုတွင် အမြင့်ဆုံးပြစ်ဒဏ်ကို ပေးရုံမျှနှင့် မတင်းတိမ်။ ပြစ်ဒဏ်များကို သီးခြားစေကျခံစေရန် အမိန့်ကိုပင် ထပ်မံ ချမှတ်ခဲ့သည့်အတွက် ထောင်ဒဏ် ၆၅ နှစ် ကျခံနေရသည့် ကိုမင်းဇေယျာပါ ၁၄ ဦးအမှုက သက်သေခံလျက် ရှိသည်။
သို့သော် အထက်အာဏာပိုင်များ၏ ညွှန်ကြားချက်အရ သက်ညှာစွာ စဉ်းစား၍ ငွေဒဏ်လည်း ချမှတ်နိုင်ပါသည်။ ငွေဒဏ် ၅ဝဝဝ ကျပ် ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့ပါကလည်း ဒေါ်အောင်ဆန်းစုကြည်သည် ငွေဒဏ် ပေးဆောင်လိမ့်မည် မဟုတ်ပါ။ ဗဟန်းမြို့နယ် တရားရုံး၌ စစ်ဆေးစီရင်ဆုံးဖြတ်ခဲ့သည့် အမှုတွင် မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြဆိုသည့် ဆောင်ပုဒ်အတိုင်း ငွေဒဏ် မဆောင်ခဲ့သည့် သာဓက ရှိပါသည်။
ငွေဒဏ်မဆောင်သည့်အတွက် အထူးခုံရုံးအနေဖြင့် အထက်အာဏာပိုင်များ၏ ညွှန်ကြားချက်အရ မဖြစ်မနေ လွှတ်ပေးရမည် ဆိုပါကလည်း ဆိုင်းငံ့ပြစ်ဒဏ်ဖြင့်သာ လွှတ်ပေးမည်လား ဆိုသည်ကိုမူ အထူးခုံရုံး၏ တရားသူကြီးမင်းများသာ သိရှိပါလိမ့်မည်။
လွတ်လပ်မျှတသည့် တရားစီရင်ရေးကို မဖော်ဆောင်ဘဲ ဟန်ပြတရားစီရင်ရေး တခုသာ ဖြစ်ကြောင်းနှင့် ၂ဝဝ၇ ခုနှစ် ရွှေဝါရောင် သံဃလှုပ်ရှားမှုများတွင် စစ်ဆေးစီရင်ခဲ့သည့် အမှုများသည်လည်း အလားတူပင် စစ်ဆေးစီရင်ခဲ့ကြောင်းကို နိုင်ငံတကာက သိရှိစေရန် အထူးခုံရုံးက ဒေါ်အောင်ဆန်းစုကြည်၏ အမှုဖြင့် အထင်အရှား သက်သေပြလိုက်ပြီ ဖြစ်သည်။
No comments:
Post a Comment