Friday, June 5, 2009

သက်သေခေါ်ဆိုခွင့်ပြင်ဆင်မှု ဇွန် (၉) ရက်သို့ ရုံးချိန်း

မင်းနိုင်သူ / ၅ ဇွန် ၂၀၀၉

ရန်ကုန်တိုင်း တရားရုံး တွင် တင်ထား သော သက်သေ ခေါ်ဆိုခွင့် ပြင်ဆင်မှု ကို နှစ်ဘက် ရှေ့နေ များက တိုင်း တရားရုံး တွင် ယနေ့ လျှောက်လဲကြား နာပြီး နောက် ဇွန် (၉) ရက်သို့ ရုံးချိန်း လိုက်ကြောင်း ဒေါ်အောင်ဆန်း စုကြည် ၏ ရှေ့နေ ဦးဉာဏ်ဝင်း က ပြောသည်။


“လာမယ့် (၉) ရက်နေ့ကို အမိန့်ချ ရုံးချိန်းပေးလိုက်ပါတယ်။ အမိန့်ချဖြစ် မဖြစ်ကတော့ အဲဒီနေ့မှ သိရမှာပါ” ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်တို့၏ ရှေ့နေများအနေဖြင့် နံနက်ပိုင်းတွင် အင်းစိန်အထူးတရားရုံးသို့ သွားရောက်ခဲ့ကြရပြီး ညနေ (၃) နာရီတွင် ရန်ကုန်တိုင်းတရားရုံး၌ ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေခေါ်ဆိုခွင့် ပြင်ဆင်ပေးရန် လျှောက်ထားခဲ့သည်။

နံနက်ပိုင်းတရားခွင်နှင့် စပ်လျဉ်း၍ ရှေ့နေကြီး ဦးဉာဏ်ဝင်းက “ဒီနေ့ အင်းစိန်အထူးတရားရုံး တရားခွင်မှာတော့ ထွေထွေထူးထူး မရှိပါဘူး။ မနက် (၁၀) နာရီမှာ ဒေါ်အောင်ဆန်းစုကြည်တို့ကို ရုံးထုတ်ပါတယ်။ နောက် တရားသူကြီး က ဇွန် (၁၂) ရက်နေ့ကို ပြန်လည်ရုံးချိန်းလိုက်ပါတယ်” ဟု ရှင်းပြသည်။

မူလက ယနေ့အပြီးသတ်လျှောက်လဲချက်ပေးရန် အင်းစိန်အထူးတရားရုံးက ရုံးချိန်းပေးခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက သက်သေခေါ်ဆိုခွင့်အတွက် ရန်ကုန်တိုင်းတရားရုံးသို့ ပြင်ဆင်မှု လျှောက်ထားရာ တိုင်းတရားရုံးက လက်ခံကြားနာခဲ့သဖြင့် အပြီးသတ်လျှောက်လဲရက် ရုံးချိန်းပြောင်းရွှေ့သွားခြင်း ဖြစ်သည်။

နေအိမ်အကျယ်ချုပ်ချထားခြင်း ခံနေရသော ဒေါ်အောင်ဆန်းစုကြည်အိမ်အတွင်း အမေရိကန်နိုင်ငံသားတဦး ရေကူးဝင်ရောက်ခဲ့သည်ကို ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် နအဖစစ်အစိုးရက တရားစွဲဆိုခဲ့ပြီး တရားလိုပြသက်သေ (၁၄) ဦး တင်သွင်းခဲ့သည်။

အဆိုပါအမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေ (၄) ဦး တင်သွင်းခဲ့သော်လည်း အင်းစိန်အထူး တရားရုံးက (၃) ဦး ပယ်ချခဲ့ပြီး (၁) ဦးတည်းကိုသာ သက်သေထွက်ဆိုခွင့်ပေးခဲ့သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေကြီးများက ရန်ကုန်တိုင်းတရားရုံးသို့ ပြင်ဆင်မှု လျှောက်ထားခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment