Friday, June 5, 2009

ကော့သောင်း-ရနောင်း ဖြတ်ခွင့်ပိတ်လိုက်သောကြောင့် ပြည်သူများ အခက်တွေ့

ဝီရ / ၅ ဇွန် ၂၀၀၉

မြန်မာပြည် တောင်ပိုင်း နယ်စပ်မြို့ ကော့သောင်း မှာ ည မထွက်ရ အမိန့် နှင့် တဖက်ကမ်း ရနောင်း မြို့သို့ တပတ်စာ သွားရောက် လည် ပတ်ခွင့်ကို အာဏာပိုင် တို့က ပိတ်ပင် လိုက်သော ကြောင့် စီးပွားရေး သမားများ နှင့် ခရီးသွား များ အခက် အခဲ တွေ့နေ ကြသည်။


ပြီးခဲ့သည့် (၁၀) ရက်ခန့်ကစပြီး ယင်းသို့ နယ်စပ်ဖြတ်ကျော်ခွင့်ကို ကော့သောင်းမြို့ ဗျူဟာမှူးက ပိတ်ပင်လိုက်ခြင်း ဖြစ်ကြောင်း ရနောင်းမြို့မှ ကုန်ခြောက်ပစ္စည်းအမျိုးမျိုး တင်သွင်းနေသည့် ကော့သောင်းမြို့ခံ ကုန်သည်တဦးက ပြောသည်။

ထိုကြောင့် နယ်စပ်မြို့နှစ်ဖက်စလုံးတွင် ကုန်စည်ပို့ဆောင်ရေးအတွက် လာဘ်ပေးလာဘ်ယူမှုများ ယခင်ထက် ပိုများလာပြီး ကုန်သည်အချို့ လုပ်ငန်းများ ရပ်နားထားကြကြောင်း ၎င်းကပြောသည်။

“အရင်က ပစ္စည်းသွားသယ်ဖို့ လှေတစီးလုံး ငှားမယ်ဆိုရင် ဘတ်ငွေ တထောင်ဆိုရင် ဆိုင်အထိရောက်ပြီ။ အခုဆို ဂိတ်တဂိတ်အတွက်က (၃၀၀)၊ အားလုံး (၄) ဂိတ်တောင် ဖြစ်လာတယ်။ ဒီဗမာဘက်ကမ်းမှာ လှေအကြီးတွေကို လည်း မပေးသုံးတော့လို့ လှေငယ်တွေနဲ့ မှာယူနေရတယ်။ အခုက ဗမာဘက်ကပဲ ပိတ်တာ” ဟု ၎င်းက ပြောသည်။

ထို့အပြင် (၁၀) နာရီ နောက်ပိုင်း အပြင်မထွက်ရအမိန့်လည်း ကော့သောင်းမြို့တွင် လွန်ခဲ့သော ရက်သတ္တပတ်က ထုတ်ပြန်ခဲ့သဖြင့် အရောင်းအ၀ယ် ကျဆင်းလာကြောင်း အဆိုပါမြို့ခံကုန်သည်က ပြောသည်။

သို့သော် ယင်းအမိန့်အား တရားဝင် ထုတ်ပြန်ကြေညာခြင်းမျိုး မဟုတ်ဘဲ ဈေးဆိုင်၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များနှင့် တက္ကစီမောင်းသမားများအား ရပ်ကွက်အာဏာပိုင်တို့က ပြောကြားထားခြင်းဖြစ်ပြီး မလိုက်နာပါက ထိရောက်စွာ အရေးယူမည်ဟုလည်း သတိပေးထားသည်။

ယခင်လ (၁၅) ရက်၌ ရနောင်းသို့ သွားသည့်စက်လှေတစီး လူအဆမတန် တင်ဆောင်ခဲ့ခြင်းကြောင့် နယ်စပ်ဂိတ်ရှိသည့် ကျွန်းစုတွင် လှေမှောက်ပြီး ခရီးသည် (၁၁) ဦး သေဆုံးခဲ့သည်။ ယင်းနောက်ပိုင်း သွားလာလည်ပတ်ခွင့်ကို ကန့်သတ်ပိတ်ပင်လိုက်ခြင်း ဖြစ်သည်ဟု မြို့ခံများက ပြောသည်။

ယခုအခါ ကော့သောင်းမြို့သို့ ရေလမ်း၊ ကုန်းလမ်းခရီးမှ ရောက်လာသူများအား စစ်ဆေးမှု ပိုမိုများပြားလာပြီး ကော့သောင်းသို့ လာရောက်သည့် အကြောင်းပြ ခိုင်ခိုင်လုံလုံ မပြသနိုင်သူ ခရီးသည် အယောက် (၂၅၀) ကျော်ကို လည်း ဘုန်းတော်ကြီးကျောင်းတကျောင်းနှင့် ရပ်ကွက်လူကြီးရုံးများတွင် ထိန်းသိမ်းထားကြောင်း မြို့ခံတဦးက ပြောသည်။

၎င်းက “ထိုင်းနိုင်ငံသွားတဲ့လှေမှောက်လို့ လူသေသွားပြီးကတည်းက လူပို့တဲ့ ပွဲစားတွေလို့ ယူဆတဲ့လူတွေကို ဖမ်းမယ်လို့ သတင်းထွက်နေတော့ ပွဲစားတွေက ဟိုဘက်ကမ်းမှာ သွားရှောင်နေကြတယ်။ ကော့သောင်းကို ရောက်လာတဲ့ သူစိမ်းတွေကိုလည်း နေရပ် ပြန်ပို့ဖို့ စီစဉ်ထားတယ်” ဟု ပြောသည်။

ထိုင်းဘက်ကမ်း ရနောင်းဘက်မှ ကော့သောင်းသို့ ပြန်ရန် စောင့်ဆိုင်းနေသူများလည်း ရာချီရှိကြောင်း လှေသမားများက ပြောသည်။

No comments:

Post a Comment