Wednesday, July 1, 2009

လမ်းပြင်ပေးမည်ပြောပြီး ကြံ့ဖွံ့ထဲဝင်ခိုင်း


NEJ / ၁ ဇူလိုင် ၂၀၀၉

ရန်ကုန် တိုင်း အတွင်း မှ မြို့နယ် အချို့တွင် လမ်းပြင် ပေးမည် ဟု ပြောပြီး အဆိုပါ လမ်းတွင် နေထိုင် သူများ ကို ကြံ့ဖွံ့ အဖွဲ့ ထဲ ၀င်ရန် ဖိအား ပေးနေ ကြောင်း သိရ သည်။

မြို့တော်စည်ပင်မှ ပြင်ဆင်ပေးခြင်းမရှိသည့် ဆိုးဝါးနေသည့်လမ်းများကို ကြံ့ဖွံ့အဖွဲ့ဝင်များက ရပ်ကွက်လူကြီးများမှတဆင့် လမ်းပြင် ပေး မည်၊ ပြည်သူများက ငွေထည့်စရာမလိုကြောင်း၊ သို့သော် လမ်းတွင်းနေထိုင်သူများက ကြံ့ဖွံ့အဖွဲ့သို့ ၀င်ရမည်ဟု ပြောဆို စည်းရုံး နေ ကြောင်း ကိုယ်တွေ့ကြုံ သူများ က ပြောသည်။

ရန်ကုန်တိုင်း တောင်ဒဂုံ (၇၁) ရပ်ကွက်တွင် နေထိုင်သူတဦးက “အဲဒါနဲ့ ရပ်ကွက်လူကြီးတွေက ဝင်ပါ့မယ် ကတိပေးလိုက်တယ်။ အဲဒီ နောက် စည်ပင်ကလူတွေလာတယ်။ လမ်းကို တိုင်းထွာပြီး ကျောက်ခဲတွေ လာပုံသွားကြတယ်။ နောက် အင်္ကျီအဝါ ဝတ်ထားတဲ့ အမျိုး သမီးရေးရာ အဖွဲ့ဝင်တွေလာပြီး အိမ်တိုင်းကို ကြံ့ဖွံ့အဖွဲ့ဝင် လျှောက်လွှာပုံစံတွေ လာပေးသွားတယ်။ ပုံစံတွေ ဖြည့်ပြီး ရပ်ကွက်ရုံးကို သွား ပေးရတယ်။ နောက်တော့ ကြံ့ဖွံ့အဖွဲ့ဝင် ကတ်ပြားတွေ အိမ်တိုင်ရာရောက် လာဝေပေးသွားတယ်။ ဒါပေမယ့် ဒီနေ့ထက်ထိ လမ်းပြင်တာ မတွေ့ရသေးဘူး” ဟု ပြောသည်။

ငွေမထည့်ရဘဲ လမ်းပြင်ပေးမည်ဆိုခြင်းကြောင့် ရပ်ကွက်အတွင်းနေထိုင်သူအများစုက ကြံ့ဖွံ့အဖွဲ့ဝင်ရန် လျှောက်လွှာ ဖြည့်စွက်ကြ ကြောင်း သိရသည်။

အလားတူလုပ်ရပ်များကို ရန်ကုန်မြို့လယ်ခေါင်တွင်ပင် ယခုတလော လုပ်ကိုင်နေပြီး အင်းစိန်တောင်သူကုန်းရပ်ကွက်တွင်မူ ရန်ကုန်မြို့ တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်း ကိုယ်တိုင် ဦးစီးကြောင်း ဒေသခံများက ပြောသည်။

မင်္ဂလာဈေးအနီး နေထိုင်သူတဦးက “ကျနော်တို့လမ်းမှာက ငွေကြေးတတ်နိုင်တဲ့သူတွေက ကိုယ့်ငွေနဲ့ကိုယ် ကိုယ်ထူကိုယ်ထလမ်းခင်းဖို့ စည်ပင်သာယာရေးအဖွဲ့ကို တင်ပြတယ်။ ဒါပေမယ့် သူတို့က လမ်းထိပ်မှာ ပြည်ခိုင်ဖြိုးအဖွဲ့က ဦးစီးပြီး ပြုပြင်ပေးနေပါတယ်ဆိုတဲ့ ဆိုင်းဘုတ်ကို ချိတ်မယ်၊ သူတို့က ဦးစီးမယ် ပြောလာတယ်။ ပထမတော့ လမ်းထဲက လူတွေက ကြံ့ဖွံ့လက်ထဲ ငွေအပ်လိုက်ရမှာမို့ မကျေနပ်ကြဘူး။ နောက်တော့ တခြားရွေးချယ်စရာလမ်းမရှိတော့ သဘောတူလိုက်ရတယ်။ ဘယ်သူကမှတော့ မကျေနပ်ဘူး” ဟု ပြောသည်။

လသာ၊ ကျောက်တံတား၊ ဗိုလ်တထောင်မြို့နယ်များ၌လည်း ကိုယ့်ငွေကိုယ်စိုက်ထုတ်ပြီး ရေပိုက်၊ ရေမြောင်း၊ ပလက်ဖောင်းပြုပြင်ခြင်း လုပ်ငန်းများကို ပြည်ခိုင်ဖြိုးမှ ဦးစီးပြီး ပြုလုပ်နေပါသည်ဆိုသည့် ဆိုင်းဘုတ်ချိတ်ဆွဲပြီး လုပ်နေကြကြောင်း မြို့ခံများက ပြောသည်။

ရန်ကုန်မြို့ခံတဦးက “စည်ပင်က လုပ်မပေးလို့ ပြည်သူတွေ ငွေကုန်ကြေးကျခံပြီး ကိုယ့်အားကိုယ်ကိုး လမ်းပြင်ကြတာကိုတောင် ကြံ့ဖွံ့ အဖွဲ့က ဦးဆောင်လုပ်ကိုင်နေတယ်ဆိုပြီး နိုင်ငံရေးအမြတ်ထုတ်နေတယ်။ ဒီလိုလုပ်နေတာဟာ လာမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် ကြံ့ဖွံ့အဖွဲ့က ကြိုတင်ပြင်ဆင်မှုတခုအနေနဲ့ လုပ်နေတာ ဖြစ်နိုင်တယ်” ဟု ပြောသည်။

No comments:

Post a Comment