Narinjara News
မင်းဆက်ခိုင်(နိရဉ္စရာ) မြန်မာနိုင်ငံကို ၂ရက်တာ သွားရောက် လည်ပတ်ခဲ့သော ကုလ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းသည် ခရီးစဉ် အောင်မြင်မှု တစုံတရာ ရရှိခြင်း မရှိဘဲ မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။
အတွင်းရေးမှူးချုပ် ဘန်ကီးမွန်းသည် စိတ်ပျက်လက်ပျက်ဖြင့် မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာ သွားခဲ့ပြီဖြစ်ကြောင်း သတင်းအများ အပြားက ဖေါ်ပြသည်။
မစ္စတာ ဘန်ကီမွန်းသည် မြန်မာနိုင်ငံခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နှစ်ကြိမ် တွေ့ဆုံခွင့်ရခဲ့ပြီး တခြား အပစ်အခတ် ရပ်စဲထားသော ငြိမ်းအဖွဲ့များမှ ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။
သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် တောင်းဆိုခဲ့ရာ ဒုတိယ တကြိမ် တွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တွေ့ခွင့် မပေးနိုင်ဟု ဆိုကာ အတိအလင်း ငြင်းဆိုခဲ့သည်ဟု သိရသည်။
ဗိုလ်ချုပ်မှူးကြီးက ဒေါ်အောင်ဆန်းစုကြည် ရုံးတင်စစ်ဆေးခံနေရသည့် အချိန်ဖြစ်သည့် အတွက် သူ့အနေနဲ့ တရားစီရင်ရေးမှာ ဝင်မစွက်ချင်သောကြောင့် တွေ့ခွင့်မပြုနိုင်ဟု ပြောကြား ခဲ့သည်ဟု ဆိုသည်။
ယခုကဲ့သို့ ငြင်းပယ်ခဲ့သည့်အတွက် အလွန်တရာမှ စိတ်ပျက်မိပြီး နအဖအနေနဲ့ မြန်မာနိုင်ငံတွင် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး လုပ်ချင်သော ဆန္ဒရှိခြင်းကို ပြသဖို့ အင်မတန်မှ အရေးပါသော အခွင့်အလမ်းတခုကို လက်လွှတ် ခဲ့သည်ဟု ထင်မြင်ကြောင်း ထိုင်းနိုင်ငံ၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ကုလ အတွင်းရေးမှူးချုပ်က ပြောသွားခဲ့သည်ဟု သိရသည်။
၎င်းအပြင် အတွင်းရေးမှူးချုပ်က ဒေါ်စုနှင့် တွေ့ခွင့်တောင်းသည်ကို ပယ်ချခဲ့သော်လည်း သူတင်ပြသော တခြား အဆိုပြုချက်များကို နအဖ စစ်အစိုးရ အနေနဲ့ အလေးအနက် စဉ်းစားလိမ့်မည်ဟု သူ ယုံကြည်ကြောင်း သတင်းထောက်များသို့ ပြောကြားခဲ့သည်။
ကုလ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် သူ့၏ မြန်မာနိုင်ငံ ခရီးစဉ်အား ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြှောက်ရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ၂၀၁၀ ရွေးကောက်ပွဲကို အများလက်ခံ ယုံကြည်နိုင်သည့် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်စေရေးစသည့် ရည်ရွယ်ချက် (၃) ခုဖြင့် ပြုလုပ်ခဲ့သည်ဟု သိရသည်။
သို့သော်လည်း မစ္စတာ ဘန်ကီမွန်း တင်ပြခဲ့သော အချက် (၃) ချက်ကို နအဖ စစ်အစိုးရမှ လိုက်လျော့ရန် သိသာထင်ရှားသော အခြေအနေ တစုံတရာ မပြခဲ့သဖြင့် အတွင်းရေးမှူး ခရီးစဉ်မှာ အာင်မြင်မှု မရရှိခဲ့သော ခရီးစဉ် ဖြစ်သည်ဟု မြန်မာပြည်သူများက ထင်မြင် ယူဆနေကြသည်ဟု သိရှိရသည်။
No comments:
Post a Comment