ရဲဘော်ဖိုးသံချောင်း
ဒီနေ့ဗမာပြည်နိုင်ငံရေးမှာ နအဖစစ်အစိုးရရဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအပေါ် ဘယ်လိုသဘောထားတယ် ဆိုတာဟာ နိုင်ငံရေးပါတီတွေ၊ အင်အားစုတွေနဲ့ လူတဦးချင်းရဲ့ ရပ်တည်ချက်ကို တိုင်းတာတဲ့စံတခုဖြစ်နေ ပါပြီ။ လွယ်လွယ်အရပ်သားစကားနဲ့ပြောရရင် စစ်အုပ်စုရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ထောက်ခံသူဟာ စစ်အာဏာရှင် စနစ်ရဲ့ဘက်သား၊ ကန့်ကွက်သူ ဟာ ပြည်သူ့ဘက်သားဖြစ်ပါတယ်။ တကယ်တော့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုတာဟာ အဲဒီနိုင်ငံရဲ့လက္ခဏာကို ပြဋ္ဌာန်းတာ၊ ဖော်ပြတာ ဖြစ်တဲ့အတွက် ဒါဟာ တိုင်းပြည်တခုရဲ့ သေရေးရှင်ရေး ပြဿနာဆိုရင် မမှားပါဘူး။ တိုင်းပြည်ရဲ့ ပစ္စုပ္ပန်၊ အနာဂတ်တို့ကို အဆုံးအဖြတ်ပေးနိုင်တဲ့ အရာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဗမာနိုင်ငံက နိုင်ငံရေးပါတီတွေ၊ အင်အားစုတွေနဲ့ လူတဦးချင်းအနေနဲ့ ဒီသမိုင်း အကွေ့မှာ နအဖစစ်အစိုးရက မတရားအတည်ပြု ခဲ့တဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် ဘယ်လိုသဘောထား ရှိခဲ့တယ်ဆိုတာဟာ နောင်သူ့သမိုင်းမှာ အမြဲကပ်ပါသွားမယ့် မှတ်တိုင်တခုလည်းဖြစ်ပါတယ်။
ဒီ “ဖွဲ့စည်းပုံအခြေခံဥပဒေ” အခြေခံဥပဒေနဲ့ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ သူတို့ရဲ့သဘောထားကို ရွှေဂုံတိုင်ကြေညာချက်မှာ တိတိလင်းလင်းဖော်ပြခဲ့ပြီးပါပြီ။ သူတို့ ဘာကြောင့် လက်မခံတယ်၊ ဘာတွေလက်မခံ တယ်ဆိုတာကို အသေးစိတ်မဖော်ပြခဲ့ပေမယ့် သူတို့ရဲ့ ဖော်ပြခဲ့တဲ့သဘောထား၊ လုပ်ရပ်ဟာ မှန်ကန်တယ်လို့ပဲ ပြည်သူအများစုကြီးက မြင်ကြပါတယ်။ နအဖရဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြုပြင်ဖို့လိုတယ်လို့ ထောက်ပြလိုက်တာဟာ ဒီနေ့ နအဖရဲ့ ဒီမိုကရေစီအောက်မှာ လုံလောက်တယ်လို့ အများက နားလည်ကြပါတယ်။
လတ်တလောဗမာပြည်ရဲ့ နိုင်ငံရေးမှာ ရှေ့ဆုံးကိုတက်လာနေတဲ့ ပြဿနာတခုကတော့ အပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့အစည်းတွေရဲ့ ကိစ္စဖြစ်ပါတယ်။ ဒီအင်အားစုတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်လို့ သူတို့ရဲ့ သဘောထားကို ညောင်နှစ်ပင် ညီလာခံမှာ စနစ်တကျတင်ပြခဲ့ပါတယ်။ ဒါပေမယ့် သူတို့တင်ပြချက်ကို နအဖအစိုးရဟာ အဲဒီကတည်းက အများပြည်သူအကြားမှာ အကျယ်အပြန့်ဖြန့်ဖြူးခွင့်၊ ဆွေးနွေးခွင့်မပေးရုံမက ညောင်နှစ်ပင်က ကုလားထိုင်တွေအကြားမှာပဲ ချောင်ထိုးထားလိုက်ပါတယ်။ ဒီနေ့ နအဖနဲ့ ဒီအပစ်ရပ်အဖွဲ့အစည်း တွေအကြား ဖြစ်ပေါ်နေတဲ့ တင်းမာမှုဟာ အဲဒီလို နအဖက လူကြီးလူကောင်းမဆံခဲ့တာတွေနဲ့ တိုက်ရိုက်ဆက်နေပါ တယ်။ သူတို့ကို နအဖက နိုင်ငံရေးကိစ္စ၊ နိုင်ငံရေးပြဿနာတင်ပြခွင့်၊ ပြောကြားခွင့်မပြုဘူးလို့ သူတို့မှန်ကန်စွာ ခံစားနေရပါတယ်။
၁၉၈၉ ခုနှစ်တုန်းက ဗကပလက်အောက်ကနေ ခွဲထွက်ကြတုန်းက နဝတစစ်အစိုးရဟာ တနပ်စားဉာဏ်နဲ့ “ကျုပ်တို့ကတော့ စစ်အစိုးရပဲ၊ ရွေးကောက်ပွဲပြီးလို့တက်လာတဲ့ အစိုးရနဲ့ကျမှ ခင်ဗျားတို့ နိုင်ငံရေး ကိစ္စဆွေးနွေး ကြပါ။ ၁၉၉ဝ ပြည့်နှစ်မှာ ရွေးကောက်ပွဲ ကျင်းပပေးမှာပဲ” လို့ ချွေးသိပ်ပြီး ပိုနေမြဲကျားနေမြဲ နေခဲ့ကြပြီး တလျှောက်လုံး စစ်ရပ်စဲရေးဆိုတာနဲ့ပဲ တည်ရှိခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ စစ်အစိုးရဟာ သူတို့ရဲ့ ညောင်နှစ်ပင်မှာ ဝါဒဖြန့်ကောင်းအောင်လို့အတွက် ဒီအပစ်ရပ်အဖွဲ့အစည်းတွေကို တက်ခိုင်းပြီး ဒီလူတွေဟာ “တိုင်းရင်းသားခေါင်းဆောင်ကြီးတွေ”၊ “တိုင်းရင်းသားကိုယ်စားလှယ်ကြီးတွေ” လို့ ဝိသေသနတွေ တပ်ပေးခဲ့ပါတယ်။ ဒါပေမယ့် လက်တွေ့မှာကျတော့ သူတို့ရဲ့အဖြစ်ဟာ ရုပ်ပြသက်သက်သာဖြစ်နေတယ်ဆိုတာကို သူတို့ရဲ့စာတမ်း ချောင်ထိုးခံရတဲ့ အဖြစ်အပျက်က ရှင်းလင်းစွာ ဖော်ပြနေပါတယ်။ အခုနောက်ဆုံး ဒီအဖွဲ့တွေကို နယ်ခြားစောင့်ပုလိပ် လုပ်ခိုင်းရာမှာ သူ့ကိုယ်သူ ဗိုလ်သန်းရွှေရဲ့ကိုယ်စားလှယ်ပါလို့ပြောတဲ့ ဗိုလ်ရဲမြင့်က ဝသွေးစည်းညီညွတ်ရေးပါတီကို “ခင်ဗျားတို့ရဲ့တိုက်တွေ တာတွေ မနှမြောဘူးလား” ခနဲ့တဲ့တဲ့နဲ့ ခြိမ်းခြောက်တာဟာ သူတို့ရဲ့ ဒီအဖွဲ့အစည်းတွေအပေါ် သဘောထားမမှန်မှု၊ အထင်သေး၊ ပြက်ရယ်ပြုလိုမှုတွေကို ဖော်ပြနေတာ ဖြစ်ပါတယ်။
ဒီကတဆင့်တက်ပြီး နအဖစစ်အစိုးရဟာ သူတို့စိတ်ကြိုက် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ရေးဆွဲပြီး ဖြစ်ကတတ်ဆန်း အတည်ပြုလိုက်ကြပါတယ်။ ဒီနောက် ဘာမှမကြာဘူး ဒီအပစ်ရပ်အင်အားစုတွေကို “မင်းတို့တတွေ နယ်စပ် ကာကွယ်ရေးတပ်တွေလုပ်ကြ၊ ဒေသပြည်သူ့စစ်တွေလုပ်ကြ” ဆိုပြီး ခန့်ခွဲအမိန့်ပေးလာပါတယ်။ ဒီအခါမှာ နိုင်ငံရေးသူငယ်နှပ်စားတွေမဟုတ်တဲ့၊ ဆယ်စုနှစ်နဲ့ချီ လက်နက်ကိုင်တိုက်ခဲ့ဖူးကြတဲ့၊ တော်လှန်ရေးသမား ဟောင်းတွေဟာ အနည်းဆုံးကိုယ့်ဂုဏ်သိက္ခာအတွက် နအဖကို အာခံရပ်တည်လာကြပါတယ်။ သူတို့ပါးစပ်က ထုတ်မပြောပေမယ့် သူတို့ဖော်ပြနေတာက နိုင်ငံရေးအရ ဆွေးနွေးတာမလုပ်ဘဲနဲ့တော့ လက်နက်ကိုမစွန့်နိုင်ဘူး၊ နအဖအမိန့်ပေးတိုင်း မလိုက်နာနိုင်ဘူးရယ် လို့ပဲဖြစ်တယ်။ နအဖရဲ့လုပ်ပုံက သူ့လက်အောက်ခံတွေလို နာခံခိုင်းတာ သက်သက်ဖြစ်နေပါတယ်။ “ဒါလုပ်ရင်လုပ်၊ မလုပ်ရင် - - -” ဆိုတာမျိုး ဖြစ်နေပါတယ်။ ဒီတော့ ကိုယ့်ကိုယ်ကိုယ် လေးစားတန်ဖိုးထားသူတွေအနေနဲ့ အခုလိုရပ်တည်ရင်ဆိုင်တာ တရားပါတယ်။ ကျိုးကြောင်းဆီလျော်ပါတယ်။
အပစ်အခတ်ရပ်စဲထားတဲ့ အင်အားစုတွေအနေနဲ့ “ဖွဲ့စည်းပုံအခြေခံဥပဒေမရှိတာနဲ့စာရင် ရှိတာက တော်သေးတယ်” လို့ ပြောနေသူတွေလို မစဉ်းစားနိုင်ပါဘူး။ တချို့လူတွေက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာလေး ပြစရာရှိတော့ နအဖနဲ့ပေါင်းဖို့အတွက် အကြောင်းပြစရာ ရတာပေါ့လို့ သဘောထားတာပါ။ တချို့ကတော့လည်း နအဖရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ဘာတွေပဲ ပါနေနေ၊ ငါတို့အမတ်ဖြစ်ရင်ပြီးရောလို့ အောက်မေ့နေကြပါတယ်။ ဒါမျိုးကို အပစ်ရပ်အဖွဲ့တွေ မလုပ်နိုင်ပါဘူး။ သူတို့မှာ ယုံကြည်ချက်ရှိပါတယ်။ မူရှိပါတယ်။ တော်လှန်တဲ့ နိုင်ငံရေးအခြေခံ နောက်ကြောင်းတွေလည်း ရှိပါတယ်။ ထောက်ထားရမယ့် တိုက်ဖော်တိုက်ဖက် အာဇာနည်တွေအပြင် အသက်ပေး ကာကွယ်ရမယ့် အမျိုးသားအကျိုးစီးပွားတွေလည်း ရှိပါတယ်။
သူတို့ဟာ မနေ့တနေ့ကမှ နအဖအလိုကျ နိုင်ငံရေးထလုပ်တဲ့လူတွေလို စစ်အစိုးရကြိုးဆွဲရာမကနိုင်ပါဘူး။ နအဖ ဗိုလ်ချုပ်တွေက ထားရာနေစေရာသွားခိုင်းတဲ့အတိုင်း မလုပ်နိုင်ပါဘူး။ ဒီ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကိုသာ မဆန့်ကျင်လိုက်ရင် သူတို့သမိုင်း ဘာဖြစ်သွားမယ်ဆိုတာ သူတို့သဘောပေါက်ပါတယ်။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ကိုသာ ထောက်ခံမိရင် နောင်မှာ ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ပျက်သွားဦးတောင်မှ သူတို့အပေါ်မှာ တင်နေမယ့် အမည်းစက်ကြီးဟာ ဘယ်လိုမှမပျက်နိုင်တော့ဘူးဆိုတာ သူတို့ကောင်းကောင်းသိပါတယ်။
ဒီနေ့ဗမာပြည်မှာ ဖွဲ့စည်းအုပ်ချုပ်ပုံကိစ္စဟာ စေ့စပ်လို့မရတဲ့ကိစ္စဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ မလဲနိုင်ပါဘူး။ ဆိုလိုတာ ကိုယ်က သူ့ဖွဲ့စည်းပုံအခြေခံဥပဒေကို အသိအမှတ်ပြုပေးမယ်၊ သူက ကိုယ့်ကို အဲဒီရွေးကောက်ပွဲကျင်းပပေး ဆိုတာမျိုး လုပ်လို့မဖြစ်ပါဘူး။ ဒီနှစ်ခုဟာ ခေါင်းနဲ့ပန်းလိုပဲ ခွဲခြားလို့ မရတဲ့ အရာနှစ်ခုဖြစ်ပါတယ်။ နှစ်ခုစလုံးဟာ နအဖစစ်အုပ်စု အာဏာတည်မြဲရေးအတွက် လုပ်တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီအထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပိုပြီးအခရာကျပြီး ကျောရိုးလည်းဖြစ်ပါတယ်။ ဒီနအဖ စစ်အုပ်စုရဲ့ ကျောရိုးဖြစ်လာမယ့် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို တိုက်ဖျက်ရေးဟာ ဒီနေ့ခေတ်ဗမာပြည်သားတိုင်းရဲ့ သမိုင်းပေးတာဝန်ဆိုရင် မမှားပါဘူး။
No comments:
Post a Comment