Sunday, July 26, 2009

အဇာတသတ် ဇာတ်လမ်းသစ်

ဘွဲ့ဖြူ

၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၂၊ ၁၃) ရက်လောက်မှာ ထင်တယ်။ အဲဒီတုန်းက စစ်တပ်က အာဏာသိမ်းဖို့ စီစဉ်နေတယ် ဆိုတဲ့ သ တင်း ထွက်နေတာနဲ့ ပတ်သက်ပြီး ဘီဘီစီက ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားအမြင်ကို မေးမြန်းခဲ့တယ်။ ဒေါ်အောင်ဆန်း စုကြည် က “ပြည်သူတွေရဲ့ လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးဖို့ အာဏာသိမ်းတာဆိုရင်တော့ ထောက်ခံတယ်။ ဒီလိုမှမဟုတ်ဘဲ မဆလကို ကာကွယ်ဖို့ ရည်ရွယ်ချက် (တနည်း) ပြည်သူတွေရဲ့ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒကို နှိပ်ကွပ်ချေမှုန်းဖို့ ရည်ရွယ်ချက်နဲ့ အာဏာသိမ်း တာ မျိုး ဆိုရင်တော့ ဆန့်ကျင်တယ်” လို့ ဖြေဆိုခဲ့တယ်။

အဲဒီရက်ပိုင်းလောက်အတွင်းမှာ စစ်တပ်က အာဏာသိမ်းဖို့ ကြံစည်ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းဟာ ခိုင်ခိုင်မာမာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေခဲ့တဲ့အတွက် အဲဒီသတင်းနဲ့ ပတ်သက်ပြီး လူထုခေါင်းဆောင်တွေက စိုးရိမ်မကင်းတဲ့ ပြောဆိုသတိပေးမှုတွေ အများအပြားပေါ်လာခဲ့တယ်။ အဲဒီထဲမှာ ကျောင်းသားခေါင်းဆောင်တဦး (ဘယ်သူမှန်းတော့ တိတိကျကျ အမှတ်မရတော့) ပြောဆိုခဲ့တဲ့ စကားကို အခုအနှစ်နှစ်ဆယ်ကျော်လာတဲ့အချိန်အထိ အမှတ်ရမိနေတယ်။ အဲဒါကတော့ “ဗိုလ်ချုပ်ကြီးစောမောင်ခင်ဗျား … ပြည်သူတွေနဲ့ ဘယ်တော့မှ ပြန်မဆုံနိုင်တော့မယ့်လမ်းကို ရွေးချယ်လျှောက်လှမ်းခြင်းမပြုဖို့ အနူးအညွတ် မေတ္တာရပ်ခံပန်ကြားပါရစေ” ဆိုတဲ့ စကားပဲဖြစ်တယ်။

ဒါပေမယ့် အဲဒီကနေ နောက်လေးငါးရက်အကြာမှာ ဘာဖြစ်သလဲ။ ဗိုလ်စောမောင်ဟာ မြန်မာပြည်သူလူထုတရပ်လုံး မလုပ်စေချင်ဆုံး အလုပ်ကို ဆင်ခြင်တုံတရား ကင်းမဲ့စွာနဲ့ ပြုလုပ်ခဲ့တယ်မဟုတ်လား။ ဒါကြောင့် အဲဒီတုန်းကတည်းက မြန်မာစစ်ခေါင်းဆောင်ပိုင်းရဲ့ ရပ်တည်ချက်ကို ပကတိအရှိအတိုင်း ရဲရဲကြည့် ရဲရဲမြင်ပြီး သုံးသပ်တယ်ဆိုရင် ပြည်သူတွေနဲ့ ဘယ်တော့မှ ပြန်မဆုံနိုင်တော့မယ့်လမ်းကို ရွေးချယ်လျှောက်လှမ်းခဲ့ပြီး ဖြစ်တယ်ဆိုတဲ့ အမှန်တရားဟာ အထင်အရှားပဲ ဖြစ်တယ်။

ဒါပေမယ့် မြန်မာပြည်သူလူထုကြီးကတော့ စစ်ခေါင်းဆောင်တွေကို မိဘရင်ခွင်ကို စုံကန်ပြီး အကုသိုလ်အမိုက်တိုက်ထဲ နက်သထက်နက်အောင် တိုးဝင်နေတဲ့ သားဆိုးသားမိုက်တယောက်သဖွယ် သဘောထားပြီး (အခုအထိ) အနှစ်နှစ်ဆယ် ကျော်လုံးလုံး စော်ကားမော်ကား ပြောဆိုပြုမူသမျှကို သည်းခံခွင့်လွှတ်ပြီး စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးဆိုတဲ့ ငြိမ်းချမ်းရေးစကားကို ကမ်းလင့်ရင်း အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ ရင်ခွင်ကို ဖွင့်လှစ်ကြိုဆိုနေခဲ့တယ်။



လူထုခေါင်းဆောင်တွေက “မြန်မာစစ်ခေါင်းဆောင်တွေသာ တိုင်းပြည်ကို အမှန်တကယ် ချစ်မြတ်နိုးပြီး ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားတယ်ဆိုရင်” ဆိုတဲ့ စာပိုဒ်ကို ပြောဆိုသမျှ စကားတိုင်း၊ ထုတ်ပြန်သမျှ ကြေညာချက်တိုင်းမှာ ထည့်သွင်း သတိပေးရင်း စစ်ခေါင်းဆောင်တွေ အမှန်တကယ် လျှောက်သင့်လျှောက်ထိုက်တဲ့ ငြိမ်းချမ်းရေးလမ်းကို လမ်းညွှန်ပြသခဲ့တယ်။ အဲဒီကာလအတွင်း အကျဉ်းထောင်များအတွင်း မိမိတို့ရဲ့ တန်ဖိုးကြီးမားလှတဲ့ (တနည်း) အစားပြန်လည်မရရှိနိုင်တော့တဲ့ အချိန်ကာလများစွာကို စတေးပေးဆပ်ခဲ့ကြရတဲ့ ဒီမိုကရေစီသူရဲကောင်း အများစုတို့ဟာလည်း အကျဉ်းထောင် တွေထဲက လွတ်မြောက်လာကြတဲ့အခါမျိုးမှာ မိမိတို့ရဲ့ ပုဂ္ဂလိကဘဝ အနစ်နာခံရမှုများ အကြောင်း တခွန်းမှ မဟကြဘဲ အဲဒီ ‘ငြိမ်းချမ်းရေးလမ်း’ အကြောင်းကိုသာ အဓိကထားပြောဆိုခဲ့ကြတယ်။

ဒါပေမယ့် အားလုံးသိကြတဲ့ အတိုင်းပါပဲ။ ပြည်သူတွေနဲ့ ဘယ်တော့မှ ပြန်မဆုံနိုင်တော့မယ့်လမ်းကို လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ် ကျော်ကတည်းက ရွေးချယ်လျှောက်လမ်းခဲ့တဲ့ စစ်အုပ်စုက အဲဒီကာလအတွင်း ပြည်သူတွေနဲ့ ပို၍ပို၍ ဝေးကွာရာဆီသို့ ဦးတည်လျှောက်လှမ်းရင်း အခုနောက်ဆုံးမှာတော့ မြန်မာ့ရှေးဟောင်း ဆိုးရိုးစကားတခုအတိုင်း မြေကြီးပေါ်မှာ မိုက်စရာ နေရာမကျန်တော့လို့ တွင်းတူးပြီး မိုက်နေပြီဖြစ်တယ်ဆိုတာကို တွေ့မြင်နေကြရပါပြီ။ အဲဒါကတော့ နအဖစစ်အုပ်စုဟာ ဒီကနေ့ကမ္ဘာမှာ အဆိုးရွားဆုံး အရက်စက်ဆုံး အာဏာရှင်စနစ်ထွန်းကားနေတဲ့ မြောက်ကိုရီးယားကို အားကျအတုယူ ကိုးကွယ်ဆည်းကပ်နေတဲ့ လုပ်ရပ်ပါပဲ။

အားလုံးသိကြတဲ့အတိုင်း မြောက်ကိုရီးယားဟာ သူလုပ်ချင်တဲ့ အုတ်အော်သောင်းတင်း အကြမ်းဖက်လုပ်ရပ်တခုကို လုပ်ဆောင်နိုင်ဖို့အတွက် နိုင်ငံတိုင်းက စောင့်ထိန်းအပ်တဲ့ အနိမ့်ဆုံး နိုင်ငံတကာစည်းမျဉ်းဥပဒေများကိုတောင် မြေပေါ်ချနင်း ခဲ့တဲ့ နိုင်ငံဖြစ်တဲ့အတွက် မြန်မာစစ်အာဏာရှင်စနစ်ရဲ့ ခေါင်းကိုင်ဖခင်ကြီးဖြစ်သူ ဗိုလ်နေဝင်းကတောင် သည်းမခံ ခွင့်မလွှတ် နိုင်လို့ သံတမန်အဆက်အသွယ် ဖြတ်တောက်ခဲ့တဲ့ ကွန်မြူနစ်အမည်ခံ အာဏာရှင်နိုင်ငံ ဖြစ်တယ်။ ဒါ့အပြင် အဲဒီနိုင်ငံဟာ ဗိုလ်နေဝင်း သံတမန်အဆက်အသွယ် ဖြတ်တောက်ခဲ့တဲ့ ၁၉၈၃ ခုနှစ်ကစလို့ ဒီကနေ့အထိ ဘာတခုမှ ပြောင်းလဲခြင်းမရှိဘဲ ပိုပြီးတော့တောင် ပြင်းထန်တင်းမာကာ ကမ္ဘာနဲ့ အဆက်ပြတ်တဲ့ အာဏာရှင်စနစ်ကို ဆက်လက်ကျင့်သုံးနေခဲ့တဲ့ နိုင်ငံဖြစ်တယ်။

မြောက်ကိုရီးယားဟာ (၂ဝ) ရာစု အစောပိုင်းမှာ အပြိုင်းအရိုင်း ပေါ်ထွန်းလာခဲ့ကြတဲ့ အခြားအခြားသော ကွန်မြူနစ်နိုင်ငံတွေ လိုပဲ နိုင်ငံရဲ့အမည်ရှေ့မှာ “ဒီမိုကရက်တစ် ပြည်သူ့သမ္မတ” ဆိုတဲ့ စကားလုံးတွေ တပ်ဆင်ပြီး မာ့ခ်စ်၊ လီနင်ဝါဒနဲ့ မော်စီတုံး အတွေးအခေါ်ကို ကိုင်စွဲတယ်လို့ ထုတ်ဖော်ကြွေးကြော်ခဲ့ပေမယ့် လက်တွေ့မှာတော့ ကင်အီဆွန်းမင်းဆက် ထူထောင်ပြီး သူ့ရဲ့မိသားစုဆွေမျိုးတသိုက်နဲ့ သူ့ကို မှန်ပါ့ဘုရားလုပ်နေတဲ့ ဗောင်းတော်ညိတ် စိတ်တော်သိ အလိုတော်ရိတစု ကောင်းစားရေးဝါဒသာ ဖြစ်တယ်ဆိုတဲ့အချက်ဟာ တနေ့တခြား ဖုံးမရဖိမရလောက်အောင် အထင်အရှားပေါ်လွင်လာခဲ့ပြီ ဖြစ်တယ်။

ဒီကနေ့လို ကွန်မြူနစ်ဝါဒနိမ့်ပါးပြီး ကမ္ဘာတလွှား လူကြိုက်နည်းနေတဲ့ အချိန်မျိုးမှာတောင် ကွန်မြူနစ်ဝါဒကို ရိုးရိုးသားသား ခိုင်ခိုင်မာမာ နက်နက်ရှိုင်းရှိုင်း ဆတ်လက်ယုံကြည် ဆုပ်ကိုင်ထားသူတွေ ရှိနေကြဆဲဆိုတဲ့အချက်ကို မြင်တွေနေကြရပေမယ့် ကင်အီဆွန်းမင်းဆက် ထူထောင်ဖို့ ကြိုးပမ်းနေတဲ့ မြောက်ကိုရီးယားက ကွန်မြူနစ်စနစ်ဆိုတာကတော့ ဘယ်ရိုးသားဖြောင့်မတ် သူတဦးကိုမှ ဆွဲဆောင်နိုင်စွမ်းမရှိမှာ သေချာပါတယ်။

သူ့ဘာသာသူ မင်းဆက်ထူထောင်တာက ကိစ္စမရှိပါဘူး။ ကိစ္စရှိတာက အဏုမြူဗုံးနဲ့ တာတို၊ တာလတ်၊ တာဝေးပစ် ဒုံးကျည်တွေ တပြပြလုပ်ပြီး မိမိနဲ့ လူမျိုးတမျိုးတည်းဖြစ်တဲ့ အိမ်နီးချင်း ညီအစ်ကိုမောင်နှမ တောင်ကိုရီးယားနိုင်ငံကိုသာမက ဒေသတွင်းကိုပါကျော်ပြီး ကမ္ဘာကြီးတခုလုံးရဲ့ လုံခြုံတည်ငြိမ် ငြိမ်းချမ်းရေးကိုတောင် ထိပါးနှောင့်ယှက်ဖို့ ခြိမ်းခြောက်နေတဲ့ လုပ်ရပ်ပါ။ နိုင်ငံတကာရဲ့ ကူညီထောက်ပံ့မှုအပေါ်မှာ အားကိုးအားထားပြုပြီး အသက်ရှင်နေကြရတဲ့ ပြည်သူလူထု အများစုကြီးက နှစ်စဉ်လိုလို ငတ်မွတ်ခေါင်းပါးခြင်းကပ်ဆိုးနဲ့ ကြုံတွေ့နေကြရချိန်မှာ ကင်ဂျုံအီးနဲ့ အပေါင်းအပါတစုက ဒေသတွင်းအကြီးဆုံး စစ်တပ်ကြီးကို ထူထောင်ပြီး အဏုမြူလက်နက်တပြပြနဲ့ ကမ္ဘာကြီးကို ခြိမ်းခြောက်နေပုံကို မြင်ရတာ တကယ့်ကို အော့နှလုံးနာစရာပါ။

အဏုမြူစစ်ပွဲဖြစ်ပွားလာရင် နောက်ဆက်တွဲပေါ်ထွက်လာမယ့် ဆိုးကျိုးသက်ရောက်မှုတွေက ကြောက်ခမန်းလိလိ ကြီးမားမယ်ဆိုတာကို တွက်ဆသိရှိထားကြတဲ့ ကမ္ဘာ့ဦးဆောင်နိုင်ငံကြီးတွေက (၆) ပွင့်ဆိုင် ဆွေးနွေးပွဲအပါအဝင် ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံသုံးပြီး မြောက်ကိုရီးယားက အာဏာရှင်တွေကို ချော့မော့ဖျောင်းဖျဖို့ ကြိုးစားနေခဲ့ပေမယ့် အာဏာရှင်တွေက အဲဒီကြိုးပမ်းမှုတွေကို သူတို့အာဏာတည်မြဲရေးအတွက် ကစားကွက်များအဖြစ်သာ အသုံးချနေခဲ့ကြတာလည်း အားလုံးအမြင်ပါပဲ။

နိုင်ငံတကာအသိုင်းအဝိုင်းက “တုတ်နဲ့ မုန်လာ” နည်းလမ်းကို သတိကြီးကြီးထား ကိုင်တွယ်အသုံးပြုပြီး အဲဒီတကိုယ်တော် ဧကစာကျင့်နေတဲ့ နိုင်ငံကို လူ့အသိုင်းအဝိုင်းထဲ ဝင်လာနိုင်စေဖို့ ဆွဲဆောင်စည်းရုံး သိမ်းသွင်းနေတဲ့ကြားက အဲဒီနိုင်ငံဟာ တနေ့တခြားပိုမိုပြီး “ကန်းတက်” လာနေတဲ့အတွက် ငြိမ်းချမ်းရေးကို လိုလားတဲ့ ကမ္ဘာ့ပြည်သူတရပ်လုံး ကြိမ်မီးအုံးသလို စိတ်နှလုံး မချမ်းမမြေ့ ဖြစ်နေကြရပါတယ်။ မြောက်ကိုရီးယားဟာ “ဘယ်သူဘာပြောပြော ဂရုမစိုက်ဘူး” ဆိုတဲ့ အပေါက်မျိုး ချိုးနေပြီး အခုနောက်ဆုံး ကမ္ဘာ့ရပ်မိရပ်ဖသဖွယ်ဖြစ်တဲ့ ကုလသမဂ္ဂရဲ့လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်ချမှတ်ပြီး သတိပေးဟန့်တားနေတဲ့ကြားက ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုတွေကို တကြိမ်မက ပြုလုပ်ခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ စော်ကားတဲ့ အဲဒီအပြုအမူတွေကြောင့် အဏုမြူစစ်ပွဲဖြစ်ပွားလာမယ့်အရေးကို တွေးပူပြီး ကမ္ဘာ့ပြည်သူ တရပ်လုံး ရင်တမမ ဖြစ်နေကြရချိန်မှာ မြောက်ကိုရီးယားနိုင်ငံတည်ရှိနေတဲ့ အာရှဒေသက နိုင်ငံတခုဖြစ်တဲ့ မြန်မာနိုင်ငံက ပြည်သူတွေဟာလည်း သူတို့ကို ဓားမိုးအုပ်ချုပ်နေတဲ့ စစ်အာဏာရှင်တစုရဲ့ နောက်ဆုံးပေါ်လုပ်ရပ်ကြောင့် ဘူးလေးရာ ဖရုံဆင့်၊ နူရာဝဲစွဲ လဲရာသူခိုးထောင်း ဆိုသလို ခံစားနေကြရပါတယ်။

ဗိုလ်နေဝင်းခေတ်တုန်းက အရှေ့ဥရောပက ဆိုရှယ်လစ်ကွန်မြူနစ်နိုင်ငံတွေကို အတုယူနည်းမှီးခဲ့တဲ့ မြန်မာစစ်အာဏာရှင်တွေ ဟာ နဝတ၊ နအဖ ခေတ်ဦးပိုင်းမှာ အင်ဒိုနီးရှားနိုင်ငံက အာဏာရှင်ကြီး ဆူဟာတိုကို စံထားခဲ့ကြရာကနေ အခုနောက်ဆုံးမှာ တော့ မြောက်ကိုရီးယားနိုင်ငံက အာဏာရှင် ကင်ဂျုံအီးကို ကိုးကွယ်ဆည်းကပ်နေကြပါပြီ။ အာဏာရှင်ဆိုတာ မိမိအာဏာ တည်မြဲရေးအတွက်ဆိုရင် ဘာမဆိုလုပ်တတ်ကြတာ ထုံးစံတရပ်ဖြစ်ပေမယ့် မိမိတို့ရပ်တည်ရှင်သန်နေတဲ့ အာဏာရှင်စနစ်ကို မီးရှုးသန့်စင်ဖွားမြင်ပေးခဲ့တဲ့ ခေါင်းကိုင်ဖခင်ကြီးကတောင် အဆက်အဆံဖြတ်ခဲ့တဲ့ နိုင်ငံတခုကို မိမိတို့လက်ထက်မှာ ပြန်ပြီးပလူးပလဲလုပ်ခဲ့တဲ့ နအဖစစ်အာဏာရှင်တွေရဲ့ လုပ်ရပ်မျိုးကတော့ ကမ္ဘာပေါ်မှာ နှိုင်းယှဉ်ပြစရာ များများစားစား မရှိလောက်ပါဘူး။

နအဖစစ်အာဏာရှင်တွေ ဘာကြောင့်အဲသလို လုပ်ခဲ့ကြတာလဲ။ အဖြေကတော့ ရှင်းပါတယ်။ ပြည်သူတွေနဲ့ ဘယ်တော့မှ ပြန်မဆုံနိုင်တော့မယ့် လမ်းကို ၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၈) ရက်နေ့မှာ စတင်လျှောက်လှမ်းခဲ့တဲ့ နဝတ၊ နအဖစစ်အုပ်စု ဟာ မြောက်ကိုရီးယားကို ကိုးကွယ်ဆည်းကပ်ဖို့ ဆုံးဖြတ်လိုက်ခြင်းဖြင့် သူ့ရဲ့ကံကြမ္မာကို အပြီးသတ်ပြဋ္ဌာန်းလိုက်တဲ့ သဘောပါပဲ။ မြို့တော်ကို ရန်ကုန်ကနေ ပျဉ်းမနားကြပ်ပြေးကို ရွှေ့သွားတာ၊ မြောက်ကိုရီးယားအကူအညီနဲ့ အဏုမြူလက်နက်နဲ့ ဒုံးကျဉ်တွေ ထုတ်လုပ်နိုင်ဖို့ ကြံစည်ကြိုးပမ်းနေတာ၊ ကြပ်ပြေးနေပြည်တော်မှာ ဒုံးကျည်နဲ့ ဗုံးဒဏ်ခံနိုင်တဲ့ ဘန်ကာတွေနဲ့၊ မြေအောက်ဒုံးပစ်စင်တွေ တည်ဆောက်နေတာ စတဲ့လုပ်ရပ်တွေက နအဖဟာ ပြည်တွင်းမှာ ပြည်သူတွေကို အမြင့်မားဆုံးဖိနှိပ် နှိပ်ကွပ်ဖို့ကြိုးပမ်းရင်း ဒေသတွင်းနိုင်ငံတွေကို အင်အားပြခြိမ်းခြောက်ကာ နိုင်ငံတကာအသိုင်းအဝိုင်းကို ဖီဆန်အာခံအန်တု ခြင်းဖြင့် မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် ရာသက်ပန်တည်တံ့ခိုင်မြဲအောင် လုပ်ဆောင်သွားဖို့ ပိုင်းဖြတ်ထားပြီးပြီဆိုတဲ့ အချက်ကို အခိုင်အမာ သက်သေပြနေပါတယ်။

Public Enemy Number One ဆိုတဲ့ အမေရိကန်ရုပ်ရှင်ဇာတ်ကားတကားကို ကြည့်ဖူးတယ်။ ဖြစ်ရပ်မှန် ဇာတ်လမ်းတခုအပေါ် အခြေပြုရိုက်ကူးထားတယ်လို့ ဆိုတယ်။ ဇာတ်လမ်းက မုဆိုးမတဦးရဲ့ ဘဝဇာတ်ကြောင်းပါ။ အဲဒီမုဆိုးမဟာ မုဆိုးမဖြစ်စမှာ သားတွေ (သုံးယောက်ထင်တယ်) ကို ကျွေးမွေးပြုစုဖို့အတွက် ရိုးရိုးသားသား လုပ်ကိုင်ရှာဖွေခဲ့ပေမယ့် မလောက်ငတဲ့အတွက် ဘဏ်တခုကို ဓားပြဝင်တိုက်တယ်။ အဲဒီဖြစ်စဉ်အတွင်း လူတယောက်ကို မတော်တဆ သတ်လိုက်မိတယ်။ နောက်ပိုင်းမှာ မထူးတော့ဘူးဆိုပြီး လူတွေ ထပ်သတ်တယ်။ လုယက်တဲ့ လုပ်ငန်းမှာလည်း အတွေ့အကြုံသိပ်များလာပြီး လူသတ်တဲ့ကိစ္စမှာ လည်း သိပ်ကိုလက်ယဉ်လာတယ်။

အချိန်တွေကြာလာတာနဲ့အမျှ အဲဒီဒေသတဝိုက်မှာ သူ့ရဲ့သြဇာအရှိန်အဝါက သိပ်ကြီးလာပြီး လူထုတရပ်လုံးကလည်း သူ့ကို ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့လာခဲ့ကြတယ်။ သားတွေကလည်း အရွယ်ရောက်လာပြီဖြစ်လေတော့ မိခင်ရဲ့ ဒုစရိုက်လုပ်ငန်းမှာ ဝင်ကူလုပ်ကြတယ်။ ဒီလိုနဲ့ သူတို့သားအမိတတွေရဲ့ နာမည်ဆိုးနဲ့ ကျော်ကြားမှုဟာ ပြည်နယ် နယ်နိမိတ်ကိုကျော်လွန်ပြီး ဗဟိုအစိုးရ ထိပ်ဆုံးအာဏာပိုင်တွေနားထဲအထိ ရောက်လာတယ်။ ပြည်နယ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်အာဏာပိုင်အဆင့်ဆင့်ကို လာဘ်ထိုးတဲ့နည်း၊ ခြိမ်းခြောက်သတ်ဖြတ်တဲ့နည်းတွေ အသုံးပြုပြီး သူတို့ကို မတို့ရဲ မထိရဲဖြစ်အောင် လုပ်ထားနိုင်ပေမယ့် သူတို့သားအမိတတွေရဲ့ ဒဏ်ကိုမခံနိုင်တော့တဲ့ ဒေသခံပြည်သူတွေရဲ့ တောင်းဆိုမှုကြောင့် ဗဟိုအစိုးရအာဏာပိုင်တွေအနေနဲ့ သူတို့သားအမိတွေကို မဖြစ်မနေ နှိပ်ကွပ်ဖို့ လိုအပ်လာတော့တယ်။

ပြည်နယ်အာဏာပိုင်တွေရဲ့ အရေးယူမှုကနေ လွတ်မြောက်အောင် နှစ်ပေါင်းများစွာ ရှောင်တိမ်းလာနိုင်ခဲ့ပေမယ့် ဗဟိုအစိုးရရဲ့ ဝိုင်းပတ်ချေမှုန်းမှုကိုတော့ အဲဒီမုဆိုးမမိသားစု ဟာ လွတ်အောင်ရုန်းမထွက်နိုင်တော့ဘူး။ တနေ့တခြား လှုပ်ရှားနိုင်တဲ့ ခွင်ကျဉ်းမြောင်း လာတယ်။ နောက်ဆုံးတော့ လယ်တဲတခုမှာ ရဲတွေရဲ့ ဝိုင်းပတ်ပိတ်ဆို့ထားခြင်း ခံလိုက်ရတယ်။ ရဲတွေက လက်နက်ချပြီး အဖမ်းခံဖို့ပြောတယ်။ အဲဒီမှာ အဲဒီအမျိုးသမီးနဲ့ သူရဲ့သား (ကျန်တဲ့သားတွေက ရှေ့ကတိုက်ပွဲတွေမှာ သေဆုံးသွားခဲ့ကြပြီ) တို့က စဉ်းစားတယ်။ လက်နက်ချအဖမ်းခံရင်လည်း သူတို့ရဲ့ဘဝဟာ ကြိုးစင်ပေါ်မှာ အဆုံးသတ်ရမယ်။ ကြိုးစင်ပေါ်မရောက်မီ စပ်ကြားကာလမှာ စိတ်ဆင်းရဲရမှုက အဆစ်ပါဦးမယ်။ အခုအခြေအနေက အဝိုင်းခံထားရတယ်ဆိုပေမယ့် သူပစ်ကိုယ်ပစ် ဖောက်ထွက်ရင် လွတ်ကောင်းလွတ်နိုင်သေးတယ်။ အဲသလိုစဉ်းစားပြီး ဖောက်ထွက်ဖို့ကြိုးစားတယ်။ ဒါပေမယ့် ဝိုင်းထားတဲ့ ရဲအင်အားက များလွန်းတာကြောင့် နောက်ဆုံးတော့ သူတို့ နှစ်ယောက်စလုံး ကျည်ဆန်ရာ ဆန်ခါပေါက်ကိုယ်စီနဲ့ သေပွဲဝင်သွား ကြရတော့တယ်။ ဇာတ်လမ်းက အဲသလို ဖြစ်ပါတယ်။

မကြာသေးခင်က သွားခဲ့တဲ့ ဗိုလ်ရွှေမန်းရဲ့ မြောက်ကိုရီးယားခရီးစဉ်နဲ့ပတ်သတ်ပြီး စက်မှုပိုင်းဆိုင်ရာ ရှုထောင့်က ရေးသားထားတဲ့ အစီရင်ခံစာတစောင် ဒီရက်ပိုင်းအတွင်း ထွက်ပေါ်လာတယ်။ အဲဒီအစီရင်ခံစာရဲ့ ယုံကြည်အားထားလောက် ဖွယ်ရှိမှု (credibility) နဲ့ ပတ်သက်ပြီး သီးခြားအတည်ပြုချက်မရှိပေမယ့် အဲဒီအစီရင်ခံစာပါ အချက်အလက်တွေဟာ အမှန်ဖြစ်မယ်ဆိုရင်တော့ ဒီမိုကရေစီဘက်တော်သားတွေအဖို့ စဉ်းစားစရာတွေ ရှိလာတာအမှန်ပါ။

တချက်က မြောက်ကိုရီးယားက အာဏာရှင်တွေဟာ နိုင်ငံတကာမိသားစုရဲ့ ဆန္ဒနဲ့ မျှော်မှန်းချက်တွေကို ဖီဆန်ဆန့်ကျင် အာခံအန်တုဖို့ ဘယ်လောက်စနစ်တကျ အခိုင်အမာ ပြင်ဆင်စီမံထားတယ်ဆိုတာကို ဒီအစီရင်ခံစာက ပြသနေတယ်ဆိုတာ ဖြစ်တယ်။ နောက်တချက်က မြောက်ကိုရီးယားက အာဏာရှင်တွေဟာ သူတို့လို တွင်းတူးမိုက်နေတဲ့ အာဏာရှင်တွေကို တပည့်ခံပြီး တွင်းတူးမိုက်မယ့် အာဏာရှင်နောက်တဦး ပေါ်ပေါက်လာမယ့်ကိစ္စအတွက် အင်မတန်မှ စိတ်အားထက်သန် တက်ကြွနေကြတယ်ဆိုတာကို သူတို့ရဲ့ လျှို့ဝှက်စက္ကောမယန္တရားစနစ်တွေကို အဲဒီတပည့်ခံမယ့်သူကို အူမချေးခါးမကျန် လှန်လှောပြသခဲ့မှုက သက်သေပြနေတယ်ဆိုတဲ့ အချက်ဖြစ်တယ်။

၁၉၄၈ ခုနှစ်မှာ စာရေးဆရာကြီး ဂျော့ခ်ျအော်ဝဲလ်ရဲ့ ‘၁၉၈၄’ အမည်ရှိ စာအုပ်တအုပ်ထွက်ပေါ်ခဲ့တယ်။ ၁၉၈၄ ခုနှစ်လောက်မှာ တည်ရှိနေမယ့် အင်မတန်ဆိုးရွားတဲ့ အာဏာရှင်စနစ်ထွန်းကားတဲ့ နိုင်ငံတခုအကြောင်း ဆရာကြီးက စိတ်ကူးယဉ်ရေးသားခဲ့ တာဖြစ်တယ်။ ဝေဖန်ရေးဆရာတချို့ကတော့ ဆရာကြီးဟာ အဲဒီတုန်းက အင်အားသြဇာ အရှိန်အဝါ ကြီးထွားမှုပြုလာပြီဖြစ်တဲ့ ဆိုဗီယက်ပြည်ထောင်စုကို တင်စားရေးသားခဲ့တာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းခဲ့ကြတယ်။ ဆရာကြီးက အဲဒီခန့်မှန်းချက်ကို ဝန်ခံတာ ဒါမှမဟုတ် ပယ်ချတာ တခုခုလုပ်ခဲ့တယ်ဆိုတာမျိုးတော့ မဖတ်မိဘူး။

အားလုံးသိကြတဲ့အတိုင်း ၁၉၁၇ ခုနှစ်မှာ ပေါ်ထွန်းလာခဲ့တဲ့ ဆိုဗီယက်ပြည်ထောင်စုဟာ နှစ်ပေါင်း (၇ဝ) ကျော်အကြာမှာ ပြိုလဲသွားခဲ့တယ်။ သူနဲ့အတူ ပေါ်ပေါက်လာခဲ့တဲ့ အရှေ့ဥရောပတလွှားက ဆိုရှယ်လစ် ကွန်မြူနစ် နိုင်ငံတွေဟာလည်းအရင်းလဲ အဖျားထင်းဖြစ်ဆိုသလို တခုပြီးတခု ပြိုလဲခဲ့ကြရတယ်။ တယူသန် ကွန်မြူနစ်ကြီးတွေက အဲဒီလိုပြိုလဲသွားခဲ့ရမှုတွေအတွက် အမေရိကန်ဦးဆောင်တဲ့ အနောက်ကမ္ဘာရဲ့ သပ်လျှိုသွေးခွဲ အမှောင့်ပယောဂတွေဆိုပြီး လက်ညှိုးထိုးခဲ့ကြပေမယ့် တကယ့်အကြောင်းရင်းအစစ်အမှန်ကတော့ အဲဒီကွန်မြူနစ်ခေါင်းဆောင်တွေ ကျင့်သုံးခဲ့ကြတဲ့ အာဏာရှင်စနစ်ပဲဖြစ်တယ်။ အာဏာရှင်စနစ်ကို လွန်လွန်ကဲကဲ ကျင့်သုံးမှုဟာ လူသားရဲ့ပင်ကိုယ်သဘာဝနဲ့ ပြဒါးတလမ်းသံတလမ်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတာမို့ အဲဒီလိုအာဏာရှင်စနစ်မျိုး ကျင့်သုံးတဲ့နိုင်ငံတွေ ပြိုကွဲသွားခဲ့ကြရတာဖြစ်တယ်။

ဒီကနေ့ကမ္ဘာပေါ်မှာ မြောက်ကိုရီးယားဟာ အဆိုးဝါးဆုံး အပြင်းထန်ဆုံး၊ အတင်းမာဆုံး၊ အခက်ထန်ဆုံး အာဏာရှင်စနစ်ကို ကျင့်သုံးရင်း ကမ္ဘာ့နံပါတ်တစ် အာဏာရှင်နိုင်ငံဆိုတဲ့ ဂုဏ်ထူးဘွဲ့ထူးကို သိမ်းပိုက်ထားတယ်။ ဒီဘက်နှစ်တွေအတွင်း အဲဒီစာရင်းရဲ့ ထိပ်ဆုံး (၁၀) ထဲမှာ တောက်လျှောက်ရှိနေတဲ့ မြန်မာနိုင်ငံက စစ်အာဏာရှင်တွေဟာ အခုအချိန်မှာ ထိပ်သီးအာဏာရှင်နိုင်ငံနဲ့ သွေးသောက်ညီအစ်ကိုဖွဲ့နိုင်ဖို့ မျှော်မှန်းလုပ်ဆောင်နေတာကို မြင်တွေ့နေကြရတယ်။ သူတော်ချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့ ဆိုတဲ့စကားကို အမှတ်ရစရာဖြစ်တယ်။

ဗိုလ်ရွှေမန်းရဲ့ မြောက်ကိုရီးယားခရီး အစီရင်ခံစာကိုဖတ်ရင်း ဒေဝဒတ်က သူနဲ့ ဈာန်အဘိညာဉ်တန်ခိုး အမျိုးမျိုးတွေပြသပြီး အဇာတသတ်ကို တပည့်မွေးဖို့ ကြိုးပမ်းနေပုံကို သွားပြီးမြင်ယောင်မိတယ်။ အဇာတသတ်ဟာ ပါရမီရင့်သန်ကြီးမားသူဖြစ်ပြီး လမ်းမှန်ကိုရွေးနိုင်ခဲ့ရင် မဂ်ဖိုလ်ကို ဆိုက်ရောက်နိုင်လောက်သူဖြစ်ပေမယ့် ဆရာအတင်မှားခဲ့တဲ့အတွက် အဖသတ်သားအဖြစ် အဝီစိငရဲအထိ ဒုတ်ဒုတ်ကြီး ကျရောက်သွားခဲ့ရသူဖြစ်တယ်။

ဘာပဲပြောပြော လောလောဆယ်မှာ နအဖ ဘယ်လမ်းလျှောက်တော့မယ်ဆိုတဲ့ အချက်လက်ဟာ အဖုံးအကာတွေအောက်မှာ ရှိနေတဲ့ အရာတခုမဟုတ်တော့ပါဘူး။ အဲဒီလမ်းဟာ လတ်တလောမှာ မြန်မာပြည်သူတွေအတွက်သာ အန္တရာယ်ရှိတဲ့လမ်း ဖြစ်သေးပေမယ့် နောင်သိပ်မကြာတော့မယ့် ကာလမှာပဲ ဒေသတွင်းနိုင်ငံတွေအတွက် အဲဒီကတဆင့် ကမ္ဘာကြီးတခုလုံးအတွက် အင်မတန်အန္တရာယ်ရှိတဲ့လမ်း ဖြစ်လာတော့မယ်ဆိုတာ မြန်မာပြည်သူတွေ သိဖို့လိုအပ်သလို အိမ်နီချင်းနိုင်ငံတွေနဲ့ တရုတ်၊ ရုရှားတို့အပါအဝင် ကမ္ဘာ့ဦးဆောင်နိုင်ငံကြီးတွေအားလုံး နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်ကြဖို့ အထူးလိုအပ်နေတယ်။ အဲဒါကိုမှ သဘောပေါက်နားမလည်ဘူးဆိုရင်တော့ ဒီကနေ့ အပ်နဲ့ ထွင်းရမယ့် ပြဿနာဟာ မနက်ဖြန် ပုဆိန်နဲ့ ပေါက်ရမယ့် ပြဿနာ မလွဲမသွေ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် ငြိမ်းချမ်းရေးကို လိုလားသူမှန်သမျှ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး မီးဘေးရှောင်ချင်တယ်ဆိုရင် မလောင်ခင်တားကြဖို့ လိုအပ်ကြောင်း သတိပေးနှိုးဆော်လိုက်ရပါတယ်။ ။


No comments:

Post a Comment