Wednesday, July 29, 2009

လွတ်လပ်ရေးကြိုးပမ်းခဲ့သူ အာဏာသိမ်း စစ်ခေါင်းဆောင်ဟောင်း ကွယ်လွန်

မေကျော်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကိုလိုနီ နယ်ချဲ့ လက်အောက်မှ မြန်မာ နိုင်ငံ လွတ်လပ် ရေး အတွက် ဆန့်ကျင် တော်လှန်မှုတွင် ရှေ့တန်းမှ ပါဝင် ခဲ့သည့် မြန်မာ့ လွတ်လပ် ရေး တပ်မတော် တွင် တာဝန် ထမ်းဆောင် ခဲ့ပြီး၊ လွတ်လပ်ရေး ရပြီးနောက် စစ်တိုင်းမှူး ဖြစ်ခဲ့သူ ဗိုလ်မှူးချုပ် မောင်မောင် (ငြိမ်း) (၉ဝ နှစ်) သည် ယခုလ ၈ ရက်နေ့တွင် လူကြီး ရောဂါဖြင့် ကွယ်လွန် ခဲ့ပြီ ဖြစ်သည်။

သူသည် ၁၉၅၈ ခုနှစ်တွင် အိမ်စောင့်အစိုးရအဖြစ် နိုင်ငံတော်အာဏာ သိမ်းပိုက်ခဲ့သည့် တပ်မတော်ခေါင်းဆောင် အနည်းစုထဲတွင် ပါဝင်ခဲ့သူလည်း ဖြစ်သည်။

၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့မှ စတင်ကာ အာဏာရှင်ဟောင်း ဦးနေဝင်းက တိုင်းပြည်အာဏာကို သိမ်းလိုက်ပြန်ပြီးနောက် သူ့ကို မြန်မာနိုင်ငံဆိုင်ရာ သံအမတ်အဖြစ် အစ္စရေး၊ ယူဂိုဆလားဗီးယား၊ အင်ဒိုနီးရှားနှင့် သြစတြေးလျားနိုင်ငံတို့တွင် အမှုထမ်းရန် စေလွှတ်ခဲ့ရသည်။ ထို့နောက် အငြိမ်းစား ဘဝဖြင့် ရပ်တည်ကာ သေဆုံးသည့်တိုင် နေထိုင်သွားခဲ့သည်။

ဗိုလ်မှူးချုပ် မောင်မောင်ကို ၁၉၂ဝ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ကွယ်လွန်ချိန်၌ ဇနီး၊ သားသမီးများနှင့် မြေး ၈ ဦး ကျန်ရစ်ခဲ့သည်။

ယခုလ ၁၄ ရက်နေ့တွင် ခရစ်ယာန်ထုံးစံဖြင့် သူ၏ ရုပ်ကလာပ်ကို သင်္ဂြိုဟ်ခဲ့ကြောင်း ကျန်ရစ်သူ မိသားစုက နိုင်ငံပိုင် သတင်းစာမှ နာရေးသတင်း ထုတ်ပြန် ဖော်ပြခဲ့သည်။

ကွယ်လွန်သွားပြီဖြစ်သည့် ဗိုလ်မှူးချုပ် မောင်မောင် အကြောင်းကို ဝါရင့်နိုင်ငံရေးသမားကြီး တဦးဖြစ်သူ သခင်ချန်ထွန်းကို ဆက်သွယ်ကာ သတင်းထောက် မေကျော်က မေးမြန်းထားပါသည်။

ဗိုလ်မှူးချုပ်ဟောင်း မောင်မောင် ကွယ်လွန်သွားပြီလို့ ကြားပါတယ် ဘဘ။ မြန်မာ့နိုင်ငံရေး သမိုင်းမှာ သူဟာ ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်ဆိုတာ ပြောပြပေးပါ။

ဗိုလ်မှူးချုပ် မောင်မောင်က စစ်ကြိုခေတ် ကျောင်းသား ဘဝတုန်းကတော့ အင်္ဂလိပ် တော်လှန်ရေးကို ကျောင်းမှာ စပြီးလုပ်ခဲ့ကြတာပေါ့။ ဗိုလ်မှူးကြီး ဝင်းတို့၊ ဦးဘဆွေတို့၊ အဲလို ဆက်ပြီးတော့ ပြည်သူ့အရေးတော်ပုံပါတီ ဖွဲ့ပြီးတော့ Underground (မြေအောက်) ပေါ့လေ။ အင်္ဂလိပ်ခေတ်ကပေါ့။ အဲဒီတုန်းကစပြီး လုပ်လာခဲ့တယ်။

နောက် (မြန်မာ့လွတ်လပ်ရေး တပ်မတော်) ဘီအိုင်အေ တို့၊ ဘာတို့ထဲ ရောက်လာတော့ ဘီအိုင်အေထဲ ဝင်တယ်။ အဲဒီကနေ တောက်လျှောက် စစ်တပ်ထဲမှာ ဝင်တယ်။ ၁၉၄၉ ခုနှစ်မှာ သူက မန္တလေးမှာ မြောက်ပိုင်းတိုင်းမှူးပေါ့လေ။ အဲဒီမှာ သူက ဗိုလ်မှူးကြီးကနေ တက်ပြီးတော့ ဖြစ်တယ်။ အင်္ဂလိပ်တပ်က ဗိုလ်ချုပ်တွေ ပြန်ကြတဲ့အခါ သူက တက်ပြီးတော့ ဖြစ်တယ်ပေါ့နော်။

အဲလို မဖြစ်ခင်ကတော့ တပ်မတော်မှာ အတွင်းရေးမှူးပေါ့၊ စစ်အတွင်းဝန်ပေါ့။ အဲဒီကနေ တိုင်းမှူးလုပ်တယ်။ တိုင်းမှူးလုပ်တဲ့ အခါရောက်တော့ ၁၉၄၉ ကရင်တွေက အထက်ဗမာပြည် သွားသိမ်းတဲ့အခါ ရောက်တော့ ပျဉ်းမနား စစ်ကြောင်းမှာ အဖမ်းခံရတယ်။ သူနဲ့အတူ စစ်ဗိုလ်တချို့ပေါ့လေ။ အဲဒီမှာ နောက်ဆုံး တိုက်ရင်းခိုက်ရင်းပေါ့လေ၊ တောင်ငူ-ထန်းတပင် ဘက်ကနေပေါ့လေ။ သူတို့ကို တောင်ကုန်းပေါ်မှာ ထားတယ်လို့ ပြောပါတယ်။ အဲဒီတော့ ဒီက ရန်ကုန်ဘဆွေတို့၊ ဗိုလ်ချုပ်အောင်ကြီးတို့၊ ဗိုလ်ချုပ်နေဝင်းတို့က လွတ်မြောက်ရေးအတွက် လုပ်တယ်။ ရန်ကုန်ဘဆွေနဲ့ အဖွဲ့ပေါ့။ ၂ နှစ်၊ ၃ နှစ်လောက် ကြိုးစားတော့ သူက အောင်မြင်ပြီးတော့ လွတ်လာတာပေါ့။ လွတ်လာတော့ တပ်မှာပြန်ပြီး တာဝန်ပေးတော့ နောက်မှ ဗိုလ်မှူးချုပ် ဖြစ်တာ။

၁၉၅၉ ခုနှစ် Care Taker အိမ်စောင့်အစိုးရ လက်ထက်မှာ သူက အထူးအရာရှိ ပြည်ထဲရေး ဆိုပြီးတော့။ အဲဒီမှာ ပြည်ထဲရေး ဝန်ကြီးက ဦးခင်မောင်ဖြူနော်။ ဦးခင်မောင်ဖြူက နာမည်ခံပဲ။ တကယ်က ဗိုလ်မှူးချုပ် မောင်မောင်က အကုန်လုံးကို တာဝန်ခံပြီးတော့ အဲဒီတုန်းကတော့ ပမညတ တွေရော၊ ကွန်မြူနစ် အနွယ်တွေရော အကုန်ဖမ်းတာပဲ။ နောက်ဆုံး ကိုကိုးကျွန်းတို့ ဘယ်တို့ ပို့တဲ့ထိအောင် သူက စီမံတာ။ အဲဒါတွေကတော့ သိပ်မကောင်းဘူးပေါ့လေ။ ရာဇဝင်က။

နောက် Care Taker အစိုးရကို ဦးနေဝင်းက ပြန်အပ်လိုက်တယ်။ အပ်လိုက်ပြီးတော့ ၁၉၆ဝ ခုနှစ် ရွေးကောက်ပွဲ လုပ်တော့ သူက ဦးနေဝင်းက စစ်တပ်ကနေ ဘက်မလိုက်ဖို့ လုပ်ပေမယ့် သူ (ဗိုလ်မှူးချုပ် မောင်မောင်) က တည်မြဲဘက်ကိုး။ တည်မြဲ သန့်ရှင်းကွဲတာကိုး။ ဦးကျော်ငြိမ်းတို့က တဖက်၊ ဦးနုတို့က တဖက်ပေါ့။ အဲတော့ ဆွေငြိမ်း အုပ်စုနဲ့ နုတင် အုပ်စု ဆိုပြီး ၂ အုပ်စုကွဲတာကို သူက ဆွေငြိမ်းဘက်ကို ရွေးကောက်ပွဲမှာ အားပေးတဲ့ သဘောမျိုး ဖြစ်ခဲ့တယ်။

အဲဒီရွေးကောက်ပွဲမှာ သန့်ရှင်း ဖဆပလ က အပြတ်အသတ် နိုင်တာကိုး။ အဲလို နိုင်လိုက်တဲ့အခါ ဦးနေဝင်းက ဗိုလ်မှူးချုပ် မောင်မောင်နဲ့ ဗိုလ်မှူးချုပ် အောင်ရွှေပေါ့လေ၊ နောက် ဗိုလ်မှူးကြီး ကြည်ဝင်းတို့၊ ဗိုလ်မှူးကြီး ချစ်ခိုင်တို့ အစရှိတဲ့ တည်မြဲကို ထောက်ခံတဲ့ ပြင်းထန်တဲ့ စစ်ဗိုလ်တွေကို သူက ထုတ်ပယ်လိုက်တယ်။

အဲဒါကို ဦးနုက ပြန်ပြီးတော့ စီစဉ်ပေးပါ ဆိုလို့ပြောတော့ သူက ပြန်ရတယ်။ ဒါပေမဲ့ သူတို့က စစ်တပ်ကို သူတို့က ကိုင်လာတာ အန္တရာယ်ရှိတယ်လို့ သန့်ရှင်း ဖဆပလ ခေါင်းဆောင်တွေက ဦးနုတို့ကပေါ့နော်။ ဗိုလ်မှူးချုပ် မောင်မောင်နဲ့ ဗိုလ်မှူးချုပ် အောင်ရွှေကိုတော့ သံအမတ်ပေးပါလို့ ပြောတော့ အဲဒါကို သူကလည်း သဘောတူတော့ သူတို့ သံအမတ် ဖြစ်သွားတယ်။

ကျန်တဲ့ ဦးချစ်ခိုင်တို့ ဘာတို့ကတော့ အရပ်သားတွေအနေနဲ့ ကျန်ခဲ့တာကိုး။ ဗိုလ်မှူးကြီး ကျော်မြင့် တို့ကတော့ အဲဒီတုန်းက ရွေးကောက်ပွဲမှာ ၁၉၆ဝ ရွေးကောက်ပွဲမှာ တည်မြဲဘက်လိုက်တဲ့ ရွေးကောက်ပွဲကို ဖြုတ်ခဲ့တဲ့အထဲမှာ ပါခဲ့တယ်။

နောက်ပိုင်းရောက်တော့ သူက သံအမတ်ကြီးအနေနဲ့ နိုင်ငံခြားသွားတယ်။ နောက် အာဏာသိမ်းပြီးတဲ့ အချိန်ရောက်တော့လည်း နေရာပေးပါသေးတယ် သူ့ကို။

၁၉၇၄ လောက်ရောက်တော့ အကုန်လုံးပေါ့လေ။ ဦးအောင်ရွှေ့လည်း အဲဒီတုန်းက သံအမတ်ပေးတာပဲ။ ဗိုလ်မှူးချုပ် မောင်မောင်လည်း ပေးတာပဲ။ ဦးနုက ပေးချင်တယ်။ ဦးနေဝင်း ကလည်း သဘောတူတယ်။

၁၉၇၄-၇၅ လောက်မှာ ပင်စင်ယူလာရတယ်။ အဲဒီနောက်ပိုင်း သူ အရောင်းအဝယ် လုပ်သေးတယ်။ နောက်ဆုံးတော့ အရောင်းအဝယ်လုပ်တာနဲ့ သူ့အကျင့်က သိပ်မကိုက်တော့ သူဘာမှ မလုပ်ဘဲ နားလိုက်တယ်။ အဲဒီနောက်ပိုင်းတော့ အေးအေးဆေးဆေးနဲ့ သေသည်အထိ နေသွားတယ်လို့ ကျနော် အဲလိုပဲ နားလည်ပါတယ်။

သူနဲ့ ဦနေဝင်းရဲ့ နောက်ပိုင်း ဆက်ဆံရေးကရော ဘယ်လိုအနေအထားမျိုး ဖြစ်သွားပါသလဲ ဘဘ။

နောက်အာဏာသိမ်းတာကျတော့ ဗိုလ်နေဝင်းက သူတို့ကို အသိမပေးတော့ဘူး။ အရင်တခါ သိမ်းတုန်းကတော့ ပါတာပေါ့။ ပထမ တခါတုန်းက ဦးနေဝင်းက မသိခဲ့ဘူး။ ဗိုလ်မှူးချုပ် မောင်မောင်တို့က သိမ်းခဲ့တာ။ တည်မြဲကို ထောက်ခံတဲ့ ဘက်က။ နောက်တော့ ဗိုလ်ချစ်ခိုင်တို့၊ ဗိုလ်အောင်ရွှေတို့ ပါတာ ဗိုလ်ကြည်ဝင်းတို့လေ။

ဗိုလ်အောင်ကြီးကတော့ သူက တည်မြဲရော၊ သန့်ရှင်းရော ဝင်ထွက်နေတဲ့သူ။ သူတို့က အဲလို အာဏာသိမ်းချင်တဲ့ သဘောနဲ့ ဦးနုဆီသွား အာဏာတောင်းတယ်။ အဲဒါကို ဦးနုက မင်းတို့ အဲလိုတော့ အာဏာမသိမ်းပါနဲ့။ အာဏာတောင်းတာကတော့ ဗိုလ်ချုပ် အောင်ကြီးရယ်၊ ဗိုလ်ချုပ် အောင်ရွှေရယ်၊ ဗိုလ်မှူးချုပ် မောင်မောင်ရယ်။ သွားတယ်လို့ ပြောတယ်။

ဒါနဲ့ ဦးနေဝင်းဆီ စာရေးပေးမယ်ဆိုပြီး ဦးနုကနေ စာရေးပေးတယ်။ ဦးနေဝင်းကလည်း တခါ စာပြန်တယ်။ အဲဒီ စာနှစ်စောင်ကတော့ အာဏာယူပါ။ အာဏာကို ခေတ္တ ထိန်းထားပါဆိုတဲ့ သဘောမျိုး ရေးထားတာပါ။ ဦးနေဝင်းကလည်း သဘောတူတယ်ဆိုတဲ့ သဘောမျိုး ရေးထားတယ်။

ဗိုလ်ချုပ် အောင်ကြီးတို့၊ ဗိုလ်ချုပ် အောင်ရွှေတို့၊ နောက် ဗိုလ်မှူးချုပ် မောင်မောင်တို့ကနေ ဦးနေဝင်းက သဘောတူလိုက်တော့ Care Taker Gov (အိမ်စောင့်အစိုးရ) ဆိုပြီး လုပ်ကြတာ။ အိမ်စောင့် အစိုးရဆိုပြီး ဖွဲ့လိုက်ကြတာ။ အဲဒီ အိမ်စောင့်အစိုးရမှာ လူထုက နည်းနည်းပါးပါး လက်ခံကြည်ညိုတဲ့ ဦးခင်မောင်ဖြူတို့ ဘာတို့နဲ့ အိမ်စောင့်အစိုးရကို ဖွဲ့လိုက်တာ။ အဲဒီနောက်တော့ ၁၉၆ဝ မှာ ရွေးကောက်ပွဲ လုပ်တယ်။

ဗိုလ်မှူးချုပ် မောင်မောင်က ပြည်ထဲရေး အထူးအရာရှိ။ အဲဒီ အိမ်စောင့်အစိုးရ လက်ထက်မှာ ဝန်ကြီးကို ဗိုလ်မှူးချုပ် တင်ဖေကိုပဲ ပေးတာ၊ အလုပ်သမားဝန်ကြီး ဆိုပြီးတော့။

သူက တပ်ထဲမှာတုန်းက အင်္ဂလိပ်တွေနဲ့ ပိုပြီး နီးစပ်တယ်လို့ ပြောကြပါတယ်။ သူ့ရဲ့ တပ်တွင်း ဆက်ဆံရေးက ဘယ်လိုများ ရှိပါသလဲ။

ကျောင်းသားထဲက တော်လှန်ရေးထဲ ပါလာတာ။ ဘီအိုင်အေတို့ ဘာတို့ပေါ့။ ဒါပေမဲ့ သူက စည်းကမ်းသိပ်ကြီးတဲ့သူ။ နောက် သူက ၁၉၄၇ ၊ ၁၉၄၈ ခုနှစ်မှာ တပ်မတော် အတွင်းဝန် ဖြစ်တာ။ အဲလို အင်္ဂလိပ်ရှိတုန်း ဖြစ်တာ။ ဖြစ်တဲ့အခါကျတော့ အင်္ဂလိပ်စစ်တပ်က စစ်ဗိုလ်တွေက ရာထူးခပ်ကြီးကြီးတွေ တော်တော်များများ ယူထားကြတာ။ သူက စစ်တပ်မှာ အတွင်းဝန်လို ဖြစ်သွားတာ။ စစ်တပ်ကို ဗမာက လွတ်လပ်ရေးရတော့ စစ်တပ်က အင်္ဂလိပ်စစ်ဗိုလ်တွေက ထွက်တာ။ ထွက်တော့ တပ်တခုမှာ ဗိုလ်မှူး ပက်ထရစ် ဖိုးလှ။ သူက ဗိုလ်မှူး၊ အင်္ဂလိပ်တပ်က ဗိုလ်မှူး။

ဗိုလ်ကြီး လှမြင့်က အရင်တုန်းက ကျောင်းသားတွေကတော့ ဘဲလ်ယားလှမြင့် လို့ ခေါ်တာပေါ့လေ။ ဗိုလ်ကြီး လှမြင့်က အဲဒီတုန်းက ဗိုလ်ကြီး၊ တပ်ခွဲမှူးပေါ့။ ဒုတပ်ရင်းမှူးပေါ့နော် ပက်ထရစ် ဖိုးလှက။ အဲဒီမှာ တပ်ရင်းမှူးက နိုင်ငံခြားပြန်တဲ့ အခါရောက်တော့ အင်္ဂလိပ်က သူ့နိုင်ငံကို ပြန်တယ်။

ရာထူးတိုးရင် ပက်ထရစ် ဖိုးလှက ရရမယ်။ ဒါပေမဲ့ မရဘူး။ အဲဒါ သူက ပက်ထရစ် ဖိုးလှက မရဘဲနဲ့ စက္ကရီတေရီ အနေနဲ့ သူက ဗိုလ်ကြီးလှမြင့်ကို တပ်ရင်းမှူး ခန့်တယ်။ ခန့်တော့ ပက်ထရစ် ဖိုးလှက သူသာ ဖြစ်သင့်တာပေါ့။ သူက မေဂျာလည်း ဖြစ်တယ်။ ဒုတပ်ရင်းမှူးလည်း ဖြစ်တယ် ဆိုပြီးတော့ ဝင်ပြောတော့ သူက ငါ ခန့်ချင်ရာ ခန့်မယ်၊ You get out ဆိုပြီး လုပ်လိုက်တယ်။ သူ့ကို ဖြုတ်လိုက်တယ်ဆိုပြီး လုပ်လိုက်တာ။ အဲဒီမှာ ပက်ထရစ် ဖိုးလှက အဲဒီမှာ အလုပ်က ပြုတ်လာတာ။

သူက ပြတ်တယ်ပေါ့။ လုပ်ချင်ရာကို လုပ်တတ်တဲ့ အကျင့်ရှိတယ်။


No comments:

Post a Comment