Monday, August 31, 2009

ကရင်တိုင်းရင်းသားတို့၏ ကျွန်းသာယာ

အီဒစ် မီရန်တီ

ကရင် တိုင်းရင်းသား က လေးငယ်များ ငြိမ်းချမ်း၊ လုံခြုံစွာ ဖွံ့ဖြိုး ရှင်သန်နိုင်သည့် ကျေးရွာလေး တခု ရှိနေသည်။ ကလေးများ ပုံမှန် ကျောင်းတက် နိုင်ကြသည်။ မိဘများ နှင့်အတူ ဘုရားကျောင်း ပုံမှန် သွားနိုင်သည်။ စစ်သား များကိုလည်း ကြောက်လန့် နေစရာမလို။ မိဘများလည်း ရွေးကောက်ပွဲ တွင် မဲပေးကြသည်၊ လွတ်လွတ် လပ်လပ် သွားလာနေကြသည်။

သူတို့ရွာလေးတွင် လျှပ်စစ်မီး ရှိသည်။ ရေပေးစနစ်များ၊ ဈေးဆိုင်များလည်း ရှိသည်။ ဤနေရာလေးမှာ လက်နက်ကိုင် ပုန်ကန် တိုက်ခိုက်မှု ဖြစ်ပွားနေသည့် ကော်သူးလေ ဒေသအတွင်း တည်ရှိနေခြင်း မဟုတ်ပါ။ ရန်သူများ ပတ်လည် ဝိုင်းနေသည့် ကရင်ပြည်နယ် ဖာပွန်မြို့ ဝန်းကျင်မှ ကျေးရွာလေးလည်း မဟုတ်ပါ။ လေဘေးသင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်တွင်လည်း မဟုတ်သည့် အပြင် ထိုင်းနိုင်ငံ အတွင်းမှ တည်ငြိမ်မှု မရှိသည့် ဒုက္ခသည် စခန်း တခုလည်း မဟုတ်ပါ။

သူတို့ရွာလေးတွင် လျှပ်စစ်မီး ရှိသည်။ ရေပေးစနစ်များ၊ ဈေးဆိုင်များလည်း ရှိသည်။ ဤနေရာလေးမှာ လက်နက်ကိုင် ပုန်ကန် တိုက်ခိုက်မှု ဖြစ်ပွားနေသည့် ကော်သူးလေ ဒေသအတွင်း တည်ရှိနေခြင်း မဟုတ်ပါ။ ရန်သူများ ပတ်လည် ဝိုင်းနေသည့် ကရင်ပြည်နယ် ဖာပွန်မြို့ ဝန်းကျင်မှ ကျေးရွာလေးလည်း မဟုတ်ပါ။ လေဘေးသင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်တွင်လည်း မဟုတ်သည့် အပြင် ထိုင်းနိုင်ငံ အတွင်းမှ တည်ငြိမ်မှု မရှိသည့် ဒုက္ခသည် စခန်း တခုလည်း မဟုတ်ပါ။

ဤရွာကလေး၏အမည်က ဝီဘီဟု ခေါ်သည်။ အက်ဒမန် ပင်လယ် (ကပ္ပလီပင်လယ်) အတွင်းရှိ အိန္ဒိယ နိုင်ငံက ပိုင်ဆိုင်သည့် ကျွန်းလေး တခုပေါ်တွင် တည်ရှိသည်။ ဤကျွန်းလေးကို ဗြိတိသျှအစိုးရက ၁၈၅ဝ ပြည့်လွန်နှစ်များ ကတည်းက သိမ်းပိုက်ခဲ့ပြီး သူတို့၏ ကိုလိုနီ ဒေသများမှ ပုန်ကန်သူများ၊ လူဆိုးများကို တကျွန်းပို့သည့် နေရာ ဖြစ်သည်။ အက်ဒမန် ပင်လယ် အတွင်းရှိ ကျွန်းများက မြန်မာပြည် အလယ်ပိုင်း ပဲခူး ရိုးမ တောင်တန်းကြီး ရေထဲ ငုပ်လျှိုးသွားရာမှ ပြန်ပေါ်လာသော ကျွန်းများ ဖြစ်ပြီး၊ နောက်ဆုံး ရေခဲခေတ် ကာလ ပင်လယ် ရေမျက်နှာပြင် မြင့်တက်လာချိန်မှစ၍ ပင်မ ကုန်းမြေကြီးနှင့် ပြတ်တောက် ကွဲကွာ သွားခဲ့ရခြင်း ဖြစ်သည်။

ဂျာရာဝါ (Jarawa)၊ အွန်ဂျီ (Onge)၊ ဂရိတ် အက်ဒမန်နိစ် (Great Andamanese)၊ စင်တီနီလိစ် (Sentinelese) စသည့် ဌာနေ တိုင်းရင်းသား လူမျိုးများက လွန်ခဲ့သည့် နှစ်တသောင်းကျော်ကတည်းက ဤကျွန်းများပေါ်တွင် နေထိုင်လာခဲ့ကြသည်။ သူတို့ အရေအတွက်က ၅ဝဝ ခန့် ရှိနိုင်သည်။

ဤကျွန်းငယ်လေးသည် ကိုလိုနီခေတ်က အိန္ဒိယနှင့် မြန်မာပြည်မှ အကျဉ်းသားများကို ထားသည့်နေရာ ဖြစ်ခဲ့ဖူးသည်။ အိန္ဒိယနိုင်ငံ လွတ်လပ်ရေး ရပြီးသည့် နောက်ပိုင်းတွင် ဘင်္ဂါလီ၊ ရန်ချီ (Ranchi) အပါအဝင် အိန္ဒိယနိုင်ငံမှ ပြောင်းရွှေ့ အခြေချ နေထိုင်လာသူ တိုင်းရင်းသားများနှင့် စည်ကားလာသည်။

၁၉၂ဝ ပြည့်နှစ်လွန် ဝန်းကျင်တွင် ကျွန်းပေါ်ရှိ သစ်မာတောများကို စီးပွားဖြစ် ခုတ်လှဲရောင်းချခဲ့သည်။ ထိုအချိန်က ဗြိတိသျှ သစ်ကုန်သည်များက မြန်မာနိုင်ငံမှ ကရင်တိုင်းရင်းသားများကို သစ်ခုတ်လုပ်သားအဖြစ်၊ ဆင်ထိန်းအဖြစ် ခိုင်းစေရန် ခေါ်ဆောင်လာကြသည်။

ပထမဦးဆုံးအသုတ် ခရစ်ယာန် ဘာသာဝင် ကရင်များက ဤကျွန်းပေါ်သို့ ၁၉၂၅ ခုနှစ်တွင် ရောက်ရှိလာသည်။ သူတို့နှင့် အတူ သင်းအုပ်ဆရာ ဦးလူကြီးလည်း အတူပါလာခဲ့သည်။ နောက်ဆုံး ကရင်လူမျိုး အရေအတွက် ရာဂဏန်း အနည်းငယ် ရောက်ရှိလာကြပြီး သူတို့ နေထိုင် အခြေချရန် မြေကွက်များကိုလည်း အက်ဒမန်ကျွန်း အလယ်မြို့ ဖြစ်သည့် မာယာဘန်ဒါ အနီးရှိ ယခု ဝီဘီကျေးရွာ၌ ရရှိခဲ့ကြသည်။ ၎င်းတို့မှ သက်ဆင်းလာကြသူများကို ယခုအခါ ကျွန်းများပေါ်ရှိ ဒေသခံများ အဖြစ် တရားဝင် သတ်မှတ်ထားလေသည်။

မကြာသေးမီနှစ်များအတွင်း သဘာဝ ပတ်ဝန်းကျင် ပျက်စီးလာမှုကြောင့် အက်ဒမန် ကျွန်းရှိ သစ်ထုတ်လုပ်ရေး လုပ်ငန်းများလည်း ရပ်ဆိုင်းခဲ့ရသည်။ မာယာဘန်ဒါမြို့ အနီးတွင် လက်ကျန်ဆင်များနှင့် ဆင်ဦးစီးများကို တွေ့နိုင်သည်။ ဆင်ဦးစီးများက တခြားသော အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို ရှာနေသည်။

ဝီဘီကျေးရွာမှ ကရင် လူမျိုး များနှင့် တခြားရွာသားများက ဟင်းသီးဟင်းရွက်များ စိုက်ပျိုး စားသောက်ကြသကဲ့သို့၊ ဈေးတွင်လည်း ရောင်းချကြသည်။ ကမ်း ရိုးတန်းတွင် ငါး၊ ခရု၊ ကမာများကို ရှာဖွေ စားသောက်ကြသည်။ တချို့က ခရီးသွား ကုမ္ပဏီများတွင် ရေငုပ်သမားများ ဖြစ်နေကြသည်။

ခေတ်ပညာတတ် ကရင်လူငယ်တချို့က အစိုးရအလုပ်များ လုပ်ကိုင်ကြသည်။ မာယာဘန်ဒါ၊ ပို့ဘလဲယား မြို့များရှိ သဘာဝ ပတ်ဝန်း ကျင် အရေး လုပ်ဆောင်နေသည့် အဖွဲ့အစည်းများ၊ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများတွင်လည်း ဝင်ရောက် လုပ်ကိုင် နေကြသည်။ ကရင် လူမျိုးများက ကိုယ်ခန္ဓာ တည်ဆောက်ပုံအရ သော်လည်းကောင်း၊ (ခရစ်ယာန်ဘာသာ ကိုးကွယ်ယုံကြည်မှု အပါအဝင်) ယဉ်ကျေး မှု အ ရ သော်လည်းကောင်း အက်ဒမန်ပင်လယ် တောင်ပိုင်း၊ အိန္ဒိယ နီကိုဘာကျွန်းစုများပေါ်ရှိ ဌာနေ တိုင်းရင်းသား များနှင့် လည်း တူညီကြ သည်။ တခါတရံ ပို့ဘလဲယားမြို့ပေါ်တွင် ကရင်များနှင့် နီကိုဘာကျွန်းသားများက သူတို့ အချင်းချင်း ရောထွေး မှားယွင်း တတ်ကြသေး သည်။

အလယ်အက်ဒမန်ကျွန်းသည် နတ်ကိုးကွယ်သူ ဂျာဝါရာလူမျိုးများ နေထိုင်ရာ ဒေသ ဖြစ်သည်။ ၎င်းတို့က ပို၍ ညိုမှောင်သည့် အသားအရောင် ရှိကြပြီး အမဲလိုက်ခြင်း၊ သစ်သီးသစ်ဥများ ရှာဖွေ စားသောက်ခြင်းဖြင့် အသက်မွေးကြသည်။ ဌာနေတိုင်းရင်းသားများအတွက်မူ ဤ ကျွန်းကလေးက သူတို့ပိုင်ဆိုင်သည့် သီးခြား နေရာလေး ဖြစ်နေသည်။ ကျွန်း၏အလယ်ကို အက်ဒမန်လမ်းမကြီး (Adman Trunk Road) ဟုခေါ်သည့် လမ်းမကြီးတခု ဖောက်ထားရာ သူတို့ဒေသကို ကန့်လတ်ဖြတ် ဖြတ်သန်းသွားသည်။

၁၉၉ဝ ပြည့်လွန် နောက်ပိုင်းနှစ်များတွင် ဌာနေတိုင်းရင်းသား ဂျာဝါရာလူမျိုးများနှင့် လမ်းမကြီး ဘေးတဖက်တချက်တွင် နေထိုင်ကြသည့် အခြေချလာသူများအကြား အကြမ်းဖက် ထိပ်တိုက်တွေ့မှုများ အကြိမ်ကြိမ်ရှိခဲ့သည်။ နောက်ပိုင်းတွင် ဂျာဝါရာလူမျိုးများ အပေါ် ကူးစက်ရောဂါများ ကျရောက်စေမှုနှင့် တခြားသော ဆိုးကျိုး အန္တရာယ် သက်ရောက်စေမှုများကြောင့် အခြေချလာသူများကို နေရာ ရွှေ့ပြောင်းလိုက်သည်။ လမ်းမကြီးက ပွင့်လျက် ဆက်လက် ရှိနေပြီး၊ ယာဉ်အသွားအလာ အနည်းငယ်မျှသာ ရှိသည်။

ဂျာဝါရာတို့ကို အကာအကွယ် ပေးရေးအတွက် ထိုလမ်းမကြီးကို ပိတ်ပစ်ရန် အိန္ဒိယနိုင်ငံ ဗဟို တရားရုံးချုပ်က ၂ဝဝ၂ ခုနှစ်တွင် အမိန့် ချမှတ်ခဲ့သော်လည်း လက်တွေ့ အကောင်အထည် ဖော်နိုင်ခြင်း မရှိသေးပါ။ အကယ်၍ လမ်းပိတ်လိုက်လျှင် ကရင်လူမျိုးများ ကဲ့သို့သော မာယာဘန်ဒါဒေသတွင်း နေထိုင်သူများအတွက် အခက်ကြုံရဖွယ် ရှိသည်။ ထို့ပြင် ပို့ဘလဲယားဆိပ်ကမ်းမြို့မှ တဆင့် သင်္ဘောများကို အားထား၍သာ သွားလာကြရဖွယ် ရှိနေသည်။

ကရင်လူမျိုးများက အကြမ်းဖက် လူမျိုးရေး အဓိကရုဏ်းများ ဖြစ်ပွားခဲ့ရာတွင် ပါဝင်ပတ်သက်ခဲ့ခြင်း မရှိပါ။ သို့သော်လည်း ကရင် ဧဝံဂေလိ ခရစ်ယာန် ဘာသာဝင်များက ဂျာဝါရာတို့ကို လက်ဝါးကပ်တိုင်များ ပေးအပ်ခဲ့သည် ဟူသော သတင်းများ ရှိခဲ့သည်။ ဂျာဝါရာတို့က ၎င်းတို့ ပိုင်နက်ရှိ ငါးများ၊ သီးနှံများကို လာရောက် လုယက် ခိုးယူကြသူများအား ၎င်းတို့ ဘာသာစကား အရ "ဘီမာ" (ဗမာ) ဟုခေါ်ကြသည်။ မြန်မာနိုင်ငံဘက်မှ လှေများဖြင့် လာရောက်ကြသူများကို ရည်ညွှန်း ပြောဆိုခြင်း ဖြစ်သည်။ ထိုအထဲတွင် အလယ် အက်ဒမန်ကျွန်းမှ လာရောက်သူများနှင့် ကရင်တံငါ တချို့လည်း ပါဝင်ကောင်း ပါဝင်မည် ဖြစ်သည်။

မည်သို့ဆိုစေ ဝီဘီကျေးရွာလေးက တည်ငြိမ် အေးဆေးလှသော ရွာလေးတခု ဖြစ်သည်။ ကွန်ကရစ် ခင်းထားသည့် လမ်းများ ရှိသည်။ မြင့်မားသည့် အုန်းပင်များ၊ အရိပ်ကောင်းလှသည့် သစ်ပင်ကြီးများလည်း ရှိသည်။ အိမ် အနည်းငယ်ခန့်မှာ ဝါးထရံကာ၊ သက်ငယ်မိုး ဖြစ်သော်လည်း အများစုမှာ ကွန်ကရစ်ခင်း သွပ်မိုးအိမ်များ ဖြစ်သည်။ မြန်မာနိုင်ငံတွင် နေထိုင်ကြသည့် ကရင် တိုင်းရင်းသားများနှင့် နှိုင်းယှဉ်လျှင် သူတို့ဘဝက အေးဆေး တည်ငြိမ်လှသည်။ ရှုပ်ထွေး ပွေလီ ပြဿနာများ မရှိ။ အေးချမ်းသည့် နိဗ္ဗာန်ဘုံကလေးသဖွယ် ဖြစ်နေသည်။

ဝီဘီရွာရှိ ကရင်အမျိုးသမီးများက အိမ်ထောင် ထိန်းကျောင်းကြသည့် မိခင်များ ဖြစ်ပြီး ဈေးဆိုင်များ ပိုင်ဆိုင် ရောင်းချကြသူများလည်း ဖြစ်နေသည်။ သူတို့က ဧရာဝတီတိုင်း အတွင်း နေထိုင်ကြသည့် ကရင်လူမျိုးများကဲ့သို့ ထဘီနှင့် ဘေးတွင် ကြယ်သီးတပ်ရသည့် ရင်ဖုံးအင်္ကျီကို ဆက်လက် ဝတ်ဆင်နေကြသည်။ ဤကျေးရွာသား အများစုက ကရင် စကား ဆက်လက်ပြောဆိုနေကြဆဲ ဖြစ်သည်။ အများစုက စကောကရင် ဘာသာစကားကို အသုံးပြုပြီး တချို့က ပိုးကရင်ဘာသာကို ပြောဆိုကြသည်။ ကျောင်းသားလေးများအတွက် ကရင်ဘာသာဖြင့် ပြုစုထားသည့် ကျောင်းစာအုပ်များ ရှိသည်။

အက်ဒမန်ကျွန်းပေါ်ရှိ ကရင်လူမျိုးများက ဟင်ဒီဘာသာ၊ မြန်မာဘာသာ စကား တို့ဖြင့် ပြောဆိုကြသည်။ အင်္ဂလိပ်စကားကိုလည်း မကြာခဏ အသုံးပြုကြသည်။ ကျမ အလည်ရောက်သွားသည့်နေ့သည် အင်္ဂလိပ်ဘာသာဖြင့် သင်ကြားနေသည့် ထိုကျောင်းလေး၏ စာသင်နှစ် နောက်ဆုံးရက် ဖြစ်နေသည်။ ကြက်သွေးရောင် တူညီဝတ်စုံဝတ် ကျောင်းသားလေးများက လိမ္မော်ရည်၊ စမူဆာများ စားသောက်ပြီး စာသင်နှစ် နောက်ဆုံးနေ့ အထိမ်းအမှတ်ကို ကျင်းပနေကြသည်။ မိသားစုတစုက ကျမကို ဖိတ်ခေါ်သဖြင့် သူတို့အိမ်သို့ လိုက်သွားသည်။ ၎င်းတို့၏ သမီးတဦးဖြစ်သူ တက္ကသိုလ်ကျောင်းသူက ရှိတ်စပီးယား ပြဇာတ်များအကြောင်းကို ကျမနှင့် ဆွေးနွေးပြောဆိုသည်။

မူစလင် နှင့် ဟိန္ဒူဘာသာဝင်များ အကြား အိမ်ထောင်ပြုမှု ရှိသော်လည်း ခရစ်ယာန် ဘာသာဝင် ကရင် လူမျိုး အရေအတွက်က ခိုင်ခိုင်မာမာ ကျန်ရှိနေဆဲ ဖြစ်သည်။ ဝီဘီကျေးရွာတွင် ဘုရားကျောင်း ၂ ကျောင်း ရှိသည်။ ဇီယွန် (Zion) နှစ်ချင်း ခရစ်ယာန်ကျောင်းနှင့် သင်းအုပ်ဆရာ ဦးလူကြီး အထိမ်းအမှတ် ဘုရားကျောင်းတို့ ဖြစ်သည်။ ဇီယွန် နှစ်ချင်း ခရစ်ယာန် ဘုရားကျောင်းက အခိုင်အခန့် တည်ဆောက်ထားသည့် အနီရောင် မျက်နှာစာတွင် အကွက် အပြောက်များဖြင့် မွမ်းမံ ချယ်သထားသည်။ ဘုရားအဝင်မုခ်ဦးနှင့် ဆင်တူသည့်၊ သင်းအုပ်ဆရာ ဦးလူကြီး အထိမ်းအမှတ် ဘုရားကျောင်း၏ အပြာရောင် ဂိတ်တံခါးကို စက္ကူ အလံများဖြင့် ချယ်သထားသည်။

အက်ဒမန်ကျွန်းနေ ကရင်များက မြန်မာနိုင်ငံရှိ အခြေအနေကို ဆွေမျိုးသားချင်းများမှတဆင့် လည်းကောင်း၊ ရေဒီယိုသတင်းများမှ လည်းကောင်း သိရှိနေကြသည်။ ပင်လယ်၏ ဟိုမှာဘက်ရှိ ကရင်လူမျိုးများ၏ အခြေအနေက သူတို့နှင့် လုံးဝ ကွာခြားလှသည်ကိုလည်း သိရှိနေကြသည်။ ဝီဘီကျေးရွာ အတွင်း ကျမ လည်ပတ် ကြည့်ရှုနေစဉ် "ဒေါ်အောင်ဆန်းစုကြည် အခြေအနေ ဘယ်လိုရှိသလဲ" ဟု မေးမြန်းသည်ကိုလည်း ကြုံခဲ့ရပါသေးသည်။

၂ဝဝ၉ ခုနှစ်၊ သြဂုတ်လထုတ် Irrawaddy မဂ္ဂဇင်းတွင် ဖော်ပြထားသော EDITH MIRANTE ၏ Island of Peace ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆို ဖော်ပြပါသည်။

No comments:

Post a Comment