Tuesday, September 1, 2009

တန်းမမီနိုင်သေးတဲ့ ပြည်ပပို့ ရေထွက်ကုန်

မျိုးသိဏ်း

ရန်ကုန် (မဇ္ဈိမ) ။ ။ ပုံမှန်အားဖြင့် နှစ်စဉ် အပေါင်း လက္ခဏာသာပြသော နိုင်ငံခြားဝင်ငွေ ရှာနိုင်စွမ်းအား ကောင်းသည့် မြန်မာ့ရေထွက်ပစ္စည်း ပို့ကုန် လုပ် ငန်း သည် ယခုနှစ်တွင်လည်း ထင်သလောက် ခရီးမပေါက်နိုင်ဘဲ နိမ့်ဆင်းနေဆဲ ဖြစ်သည်။

၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာ့ရေထွက်ပစ္စည်း ပို့ကုန်ကဏ္ဍမှ အမေရိကန်ဒေါ်လာ သန်း ၇ဝဝ ရရှိရန် လျာထားခဲ့ရာ ပထမလေးလပတ် ကုန်ဆုံးပြီး ရက်သတ္တပတ် နှစ်ပတ်ကျော်သည်အထိ လျာထားချက်၏ ၂၁ ရာခိုင်နှုန်းကျော်သာ တင်ပို့နိုင်သေးသည်။

၂၀၀၉ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ သြဂုတ်လ ၁၅ ရက်နေ့အထိ ရေထွက်ကုန်ပစ္စည်းပေါင်း အမေရိကန်ဒေါ်လာ ၁၄၇ ဒဿမ ၉၂၂ သန်းဖိုး တင်ပို့နိုင်ခဲ့ကြောင်း သိရှိရပြီး ပုံမှန်ကုန်သွယ်မှု (Normal Trade) မှ တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၉၃ ဒဿမ ၈၆၂ သန်းဖိုး ရှိသည်။


အအေးခန်းစက်ရုံပိုင်ရှင်တဦးက ''ကျနော်တို့ (နိုင်ငံခြား) ပို့နေတဲ့ ပမာဏ Volume က မနှစ်ကထက် များပါတယ်။ ဒါပေမဲ့ ဈေးတွေက မနှစ်ကထက် နည်းပါတယ်။ Financial crisis (ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်း) ဖြစ်ပြီးနောက်ပိုင်း Buyers (ဝယ်လက်) တွေနဲ့ အဆက်မပြတ်အောင် တောက်လျှောက်ထိန်းလုပ်လာခဲ့ရတာ။ Buyer ပေးတဲ့ဈေးနဲ့ပဲ ညှိပြီးထိန်းလုပ်နေရတုန်းပဲ'' ဟု ပြောသည်။

ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးအဆင့် အရာရှိတဦးက '' ရရှိတဲ့ ကိန်းဂဏန်းတွေအရ လအလိုက် တင်ပို့တဲ့ ပမာဏက တချို့လတွေမှာ မနှစ်ကထက် များခဲ့ပါတယ်။ စုစုပေါင်း တင်ပို့ပြီးတဲ့ ပမာဏကလည်း မနှစ်က ဒီလိုအချိန်ကထက်စာရင် ပိုပါတယ်။ Volume တက်လာပေမယ့် Value (တန်ဖိုး) ကျသွားတာမို့ စုစုပေါင်းပမာဏမှာ လျှော့နည်းနေသေးတာပါ" ဟု ဆိုသည်။

ရေထွက်ကုန် အမျိုးအစားများတွင် ရေချိုမွေးမြူရေးငါးတင်ပို့မှုမှာ အများဆုံးဖြစ်ပြီး စုစုပေါင်း ရေထွက်ကုန်တင်ပို့မှု ပမာဏ၏ ၂၆ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။ ပုံမှန်ကုန်သွယ်မှု လမ်းကြောင်းဖြင့် ရေချိုငါး အမေရိကန် ဒေါ်လာ ၃၉ ဒဿမ ၆၁၉ သန်းဖိုး တင်ပို့နိုင်ခဲ့ပြီး အဓိကတင်ပို့သော ရေချိုငါးမှာ ငါးမြစ်ချင်းဖြစ်ကြောင်း သိရသည်။

လူပေါင်း ၁ သိန်း ၃ သောင်းကျော် သေဆုံးခဲ့ရပြီး သန်းနှင့်ချီကာ အိုးမဲ့အိမ်မဲ့ ဖြစ်သွားစေခဲ့သော နာဂစ်မုန်တိုင်းက ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို အဓိက ဦးတည်တိုက်ခိုက်ခဲ့ခြင်းကြောင့် အကျိုးဆက်တခုက ရေထွက်ကုန် နိုင်ငံခြားတင်ပို့နိုင်မှု ကျဆင်းခဲ့ရသည်။

ယမန်နှစ် ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်တွင် ရေထွက်ပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၈၅၀ ရရှိရန် လျာထားသတ်မှတ်ခဲ့သော်လည်း လျာထားချက်၏ ၅၆ ရာခိုင်နှုန်းဖြစ်သော အမေရိကန် ဒေါ်လာ ၄၈၃ သန်းသာ ရရှိခဲ့သည်။ အဆိုပါ ပမာဏမှာ ၂၀၀၇-၂၀၀၈ ဘဏ္ဍာရေးနှစ်တွင် တင်ပို့နိုင်ခဲ့သော ပမာဏ ဒေါ်လာ ၅၆၁ သန်းထက် ဒေါ်လာ ၇၈ သန်း ပိုမိုလျော့နည်းခဲ့သည်။

ယခုနှစ် ၄ လခွဲကာလတွင် နယ်စပ်ထွက်ပေါက်များဖြစ်သော မြိတ်နှင့် မောင်းတောတို့မှ ဒေါ်လာ ၂၅ ဒဿမ ၁၆၃ သန်းနှင့် ဒေါ်လာ ၁ ဒဿမ ၈၈၁ သန်း စသဖြင့် အသီးသီးတင်ပို့နိုင်ခဲ့ပြီး တခုတည်းသော တရုတ်နယ်စပ် ထွက်ပေါက်မှ တင်ပို့မှုတန်ဖိုးမှာ ဒေါ်လာ ၁၆ ဒဿမ ၄၁၁ သန်းဖိုး ဖြစ်သည်။

ပြီးခဲ့သည့်နှစ်အတွင်း ၂၀၀၇-၂၀၀၈ ဘဏ္ဍာရေးနှစ်ထက် ဒေါ်လာ ၂ သန်းဖိုး ပိုမိုတင်ပို့နိုင်ခဲ့သော ကဏန်းတင်ပို့မှု အနေအထားမှာ ယခုနှစ်တွင် ပိုမိုတိုးတက်လာဖွယ်ရှိကြောင်း ကဏန်းတင်ပို့သူ ကုန်သည်များက ခန့်မှန်းထားကြသည်။ တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့သော ကဏန်းကို စီးပွားဖြစ် ထုတ်လုပ်နိုင်သည်အထိ အောင်မြင်စွာ သားဖောက်နိုင်ခဲ့ခြင်းကြောင့်ဖြစ်ပြီး၊ ကဏန်းပျော့ ထုတ်လုပ်သည့်လုပ်ငန်း ပိုမိုတိုးတက်လာခြင်းကြောင့် ဖြစ်သည်ဟု တင်ပို့သူများက ဆိုသည်။

စီးပွားရေး ကျဆင်းမှုဂယက် ကျဆင်းလာပြီးနောက် ငါးလုပ်ငန်းဦးစီးဌာနနှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ဥရောပဘုံဈေးအဖွဲ့ဝင် (အီးယူ) နိုင်ငံများသို့ ဈေးကွက်ရှာဖွေရန် ကြိုးစားခဲ့သည်။ အရည်အသွေး စံနှုန်းသတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ပြီး တင်ပို့ရန် စီစဉ်ခဲ့ပြီး အီးယူမှ ကျွမ်းကျင်သူများအား ဖိတ်ခေါ်ခဲ့သည်။

သို့သော်လည်း အီးယူစံနှုန်းသတ်မှတ်ချက်နှင့် ကိုက်ညီရန် လိုအပ်မှုများ များပြားသဖြင့် မိမိဆန္ဒအလျောက် အစစ်ဆေးခံရန် စာရင်းပေးသွင်းထားသော အအေးခန်း စက်ရုံများနှင့် Jetty များ အများအပြား နုတ်ထွက်သွားခဲ့ကြသည်။

မြန်မာ့ရေထွက်ကုန်များကို အများအပြားဝယ်ယူနေသော ဘင်္ဂလားဒေ့်ရှ်နိုင်ငံသို့ အိန္ဒိယမှ ရေထွက်ပစ္စည်းများ ဝင်ရောက်လာမှုကြောင့် ဈေးကွက်ဝေစုအနေအထား ပိုမိုပြင်းထန်လာသည်ဟုလည်း လုပ်ငန်းရှင်များက ပြောသည်။

"လက်ရှိ အိန္ဒိယက ရေထွက်ပစ္စည်းကို Export (ပို့ကုန်) ပိတ်ထားတယ်။ ဒါပေမဲ့ ဘင်္ဂလားကို တရားမဝင် လမ်းကြောင်းတွေက အများကြီး ဝင်နေတယ်။ အိန္ဒိယနဲ့ ဘင်္ဂလားနယ်ခြားက အရှည်ကြီး။ အိန္ဒိယအစိုးရက အကုန်လုံးထိန်းဖို့ မလွယ်ဘူးဖြစ်နေတယ်။ နောက် တရားမဝင် လမ်းကြောင်းဆိုတော့ အခွန်မရှိဘူး။ သူတို့ပစ္စည်းတွေနဲ့ ကျနော်တို့ ယှဉ်ဖို့က မဖြစ်နိုင်တော့ ဈေးနှိမ်တာ ခံနေရတယ်" ဟု Export လုပ်ငန်းရှင်တဦးက ပြောသည်။

အိန္ဒိယသည် ရေလုပ်ငန်းများစွာ ဖွံဖြိုးတိုးတက်သော နိုင်ငံဖြစ်ပြီး၊ လက်ရှိတွင် ပြည်တွင်းစားသုံးမှု ဖူလုံစေရန်အတွက် ရေထွက်ပစ္စည်း ပြည်ပတင်ပို့ခြင်းကို တရားဝင် တားမြစ်ထားသည်။

ရေထွက်ပစ္စည်း ထုတ်လုပ်တင်ပို့မှုလုပ်ငန်းမှာ ဖွံဖြိုးတိုးတက်လျက်ရှိနေသော်လည်း လက်ရှိတွင် ကမ္ဘာ့စီးပွားရေး ဂယက်ကြောင့် ဝယ်လိုအား ကျဆင်းသွားခြင်းနှင့် တန်ဖိုးမြင့် ရေထွက်ကုန်များ အဝယ်နည်းပါးသွားခြင်း၊ ဈေးနှုန်းနိမ့်ပါးသွားခြင်းတို့ကြောင့် လျာထားချက်အတိုင်း ထုတ်လုပ်နိုင်ရန် ခက်ခဲကြောင်း ရန်ကုန်တိုင်း ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အဖွဲ့ဝင်တဦးက ပြောသည်။

တရားဝင် ထုတ်ပြန်သော ကိန်းဂဏန်းများအရ မြန်မာနိုင်ငံ၏ ရေထွက်ပစ္စည်း ပို့ကုန်ပမာဏသည် စုစုပေါင်း ထုတ်လုပ်မှု ပမာဏ၏ ၁၂ ရာခိုင်နှုန်းကျော်သာ ရှိသော်လည်း ရေထွက်ပစ္စည်းကဏ္ဍသည် မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေ ရှာဖွေပေးနိုင်မှုမှာ သဘာဝဓာတ်ငွေ့၊ ပဲအမျိုးမျိုး၊ သစ်တောထွက်ပစ္စည်းပြီးလျှင် စတုတ္ထ အများဆုံး ကဏ္ဍဖြစ်သည်။

No comments:

Post a Comment