Saturday, October 31, 2009

မျက်စိလည်ရင် လမ်းပျောက်သွားလိမ့်မယ်

ဘွဲ့ဖြူ

အခု တလော မြန်မာ့ နိုင်ငံရေး ရေစီးကြောင်း ထဲမှာ မူမမှန်တဲ့ ပြောင်းပြန် ရေစီးကြောင်း တခု ပေါ်ထွက် လာတာကို မြင်တွေ့ကြား သိနေ ရတယ်။ အဲဒီ ပြောင်းပြန် ရေစီးကြောင်း ကတော့ ဒေါ်အောင် ဆန်း စုကြည်က ဗိုလ်သန်းရွှေထံ ရေးသား ပေးပို့ လိုက်တဲ့ စာကို အကြောင်း ပြုပြီး ပေါ်ပေါက် လာတာ ဖြစ်တယ်။

ဒေါ်အောင်ဆန်း စုကြည်ရဲ့စာ ဗိုလ်သန်းရွှေ ထံရောက်ပြီး မကြာမီမှာ နအဖရဲ့ ဆက်ဆံရေး ၀န်ကြီးဆိုသူ ဗိုလ်အောင်ကြည် က ကြပ်ပြေး နေပြည်တော် ကနေ ရန်ကုန်ကို လာပြီး ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့တယ်။ နောက် (၄) ရက် အကြာမှာ တခါထပ် တွေ့တယ်။ နောက် နှစ် ရက် အကြာမှာ ဒေါ်အောင်ဆန်း စုကြည်နဲ့ ရန်ကုန် အခြေစိုက် အမေရိကန်၊ ဗြိတိန်နဲ့ သြစတြေးလျ သံရုံးတွေက သံရုံး အကြီး အကဲ တွေနဲ့ တွေ့ဆုံ ခဲ့တယ်။ အဲဒီလို တွေ့ဆုံခဲ့ တာဟာ ဗိုလ်သန်းရွှေထံ ပေးပို့ လိုက်တဲ့ စာမှာပါတဲ့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ တောင်းဆိုချက် ကြောင့်ဖြစ် တယ်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေ ချုပ်ငြိမ်းစေရေးအတွက် နအဖနဲ့ ပူးပေါင်းဆောင်ရွက်လိုကြောင်း၊ အဲဒီလုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းတရပ်အဖြစ် ဒဏ်ခက်ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ထားတဲ့ အဆိုပါနိုင်ငံ (၃) ခုက သံတမန်အကြီးအကဲတွေနဲ့ တွေ့ဆုံဆွေးနွေးလိုတယ်လို့ အဲဒီစာထဲမှာ မေတ္တာရပ်ခံတောင်းဆိုခဲ့တဲ့အတွက် နအဖက အခုလို တွေ့ခွင့်ပြုခဲ့တာဖြစ်ကြောင်း နအဖ သတင်းစာတွေထဲမှာ ရေးထားတာကို ဖတ်ရှုခဲ့ကြရတယ်။

ဒီမှာတင် မိုးရွာသွန်းမှုညံ့ဖျင်းတဲ့ မိုးလယ်ကာလတလျှောက် အချိန်အတော်များများ တွင်းထဲအောင်းပြီး ငြိမ်နေကြတဲ့ ဖားတွေဟာ သည်းထန်တဲ့ မုတ်သုန်နှောင်းမိုးနဲ့အပြိုင် တအုံးအုံး တအွမ်းအွမ်းနဲ့ ဆူညံလာကြပြန်တော့တာပဲ။ သူတို့ကိုယ်သူတို့ နိုင်ငံပြုပုဂ္ဂိုလ်ကြီးတွေပမာ အထင်ရောက်နေကြဟန်ရှိတဲ့ လူတစု ဦးစီးထုတ်ဝေ ပါဝင်ရေးသားကြတဲ့ ပြည်တွင်းထုတ် ဂျာနယ်တစောင်ပါ ဆောင်းပါးတပုဒ်ရဲ့ ခေါင်းစဉ်အရဆိုရင်တော့ မြန်မာ့ဒီမိုကရေစီရေး ရုန်းကန်မှုဟာ ရှေ့မှာ ချစ်သူတို့လျှောက်သောလမ်းတခုအဖြစ် ချောမွေ့ညီညာ သာယာဖြောင့်ဖြူးသွားတော့မယ့်ပုံပဲ။

အမျိုးသားအကျိုးစီးပွားကို ရှေးရှုပြီး နအဖနဲ့ တွေ့ဆုံဆွေးနွေးလိုကြောင်း ကုလသမဂ္ဂသံတမန် ဂမ်ဘာရီကတဆင့် ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုတော့ နိုင်ငံတော်အကြီးအကဲဆိုသူ နအဖခေါင်းဆောင် ဗိုလ်သန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသားသစ္စာဖောက် တရားခံတဦးဖြစ်လာအောင် အကွက်ဆင် ၀န်ခံခိုင်းပြီး အဲလိုဝန်ခံမှ တွေ့ဆုံနိုင်မယ်လို့ အကြောင်းပြန်ခဲ့တယ်။ အဲဒီတုန်းက နအဖ ထုတ်သုံးခဲ့တဲ့ ဖဲချပ်က အခုတခါ ထပ်မံပေါ်ထွက်လာပြန်တဲ့ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုဆိုတာပဲဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်က သူတို့ထောင်ချောက်ထဲမ၀င်ဘဲ အမျိုးသားအကျိုးစီးပွားကိုသာ စေ့စေ့ကြည့်ပြီး ရိုးသားဖြောင့်မတ်သော်လည်း ပါးနပ်လိမ္မာစွာ တုံ့ပြန်လိုက်တဲ့အတွက် နအဖအဖို့ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဖြစ်ပြီး တွေ့ဆုံဆွေးနွေးရေးဟာလည်း ထုံးစံအတိုင်း ဆက်ပြီးဇာတ်မျောနေခဲ့တယ်။

အဲဒီနောက် ဂျွန်ယက်တောကိစ္စ ပေါ်လာ၊ ဒေါ်အောင်ဆန်းစုကြည်ကို အိမ်အကျယ်ချုပ်ထပ်တိုး၊ အမေရိကန်သမ္မတသစ်က မြန်မာပြည်ဆိုင်ရာမူဝါဒကို ပြောင်းလဲ၊ ဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချုပ်ငြိမ်းကွယ်ပျောက်ရေးအတွက် နအဖနဲ့ ပူးပေါင်းဆောင်ရွက်လိုပါတယ်။ အရေးယူမှုတွေ ချမှတ်ထားတဲ့ နိုင်ငံတွေရဲ့ သံတမန်အကြီးအကဲတွေနဲ့ တွေ့ဆုံလိုပါတယ်လို့ နအဖထံ စာရေးအကြောင်းကြားလိုက်တော့ နအဖနဲ့ အန်အယ်လ်ဒီအကြား အာဏာပွဲစားလုပ်ဖို့ စိတ်ကူးယဉ်နေကြသူတွေ လက်ခေါက်မှုတ် လက်ခုပ်တီးပြီး အူလှိုက်သည်းလှိုက် ကြိုဆိုခဲ့ကြတာမဆန်းပါဘူး။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဘက်က တလျှောက်လုံး ခိုင်ခိုင်မာမာ ရပ်တည်လာခဲ့ကြတဲ့ အောင်ဆန်းစုကြည်ဝါဒီတွေအတွင်းမှာတော့ အနည်းငယ် ဇဝေဇ၀ါ ဖြစ်သွားခဲ့ကြတဲ့ အသံတွေကြားခဲ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုနောက်ဆုံးလုပ်ရပ်ကြောင့် တချိန်က ဗိုလ်သန်းရွှေ ၀န်ခံခိုင်းခဲ့တဲ့ကိစ္စကို ဒေါ်အောင်ဆန်းစုကြည်က ၀န်ခံလိုက်သလို ဖြစ်မသွားဘူးလားလို့ တချို့က မေးခွန်းထုတ်လာကြတာဟာ အဲဒီအခြေအနေရဲ့ ထင်ဟပ်ချက်တခုဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ကျိုးစွန့်အနစ်နာခံမှုနဲ့ သတ္တိဗျတ္တိတွေကြောင့် သူ့ကို ကျယ်ကျယ်လောင်လောင် ဝေဖန်ဖို့ ဆန္ဒမရှိကြပေမယ့် သူ့ရဲ့ဘက်တော်သားတွေအတွင်း အခုလို (အများကြီးမဟုတ်တောင်) ဇဝေဇ၀ါ ရှုပ်ရှုပ်ထွေးထွေး ဖြစ်သွားခဲ့ရတာကတော့ သူ့ရဲ့ အဲဒီလုပ်ရပ်အတွက် ဒီမိုကရေစီအင်အားစုတွေဘက်က ပထမဆုံးပေးလိုက်ရတဲ့ အရင်းအနှီး (သို့မဟုတ်) နအဖဘက်က ပထမဆုံးရသွားခဲ့တဲ့ အကျိုးအမြတ်ဖြစ်တယ်လို့ ဆိုနိုင်တယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်အောင်ကြည်တို့ ဘာတွေပြောဆိုကြသလဲ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အနောက်နိုင်ငံ (၃) ခုက သံတမန်တွေ ဘာတွေပြောခဲ့ကြသလဲ ဆိုတာတွေကို မသိရလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တကယ်ရည်ရွယ်ချက် အစစ်အမှန်နဲ့ အဲဒီရည်ရွယ်ချက် အောင်မြင်ပြီးမြောက်နိုင်ခြေ ရှိနိုင်မရှိနိုင်ဆိုတာကို သုံးသပ်ပြောဆိုဖို့ခက်တယ်။

ဒါကြောင့် အဲဒီအချက်တွေကို မသိကိန်းထားလိုက်ပြီး မြန်မာနိုင်ငံရေးသမိုင်းတလျှောက်မှာ အထင်အရှားရှိခဲ့တဲ့ ပေးထားချက်တွေကိုပဲ အခြေတည်ပြီး ရှေ့ဘာဖြစ်လာမလဲဆိုတာကို တွက်ချက်တာက အဖြေမှန်ရဖို့ ပိုမိုနီးစပ်မယ်လို့ ယူဆတယ်။ မြန်မာနိုင်ငံကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေချမှတ်ဖို့ တောင်းဆိုလှုံ့ဆော်တဲ့ မူဝါဒကို စွန့်လွှတ်ရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ နအဖ က ပြောခဲ့တယ်။ အဲဒီစကားဟာ နအဖရဲ့ တကယ့်စိတ်ရင်းအမှန်လား။

အင်မတန်နက်တဲ့ တောကြီးတွေထဲကို အကြောင်းတခုခုနဲ့ သွားလေ့ရှိကြသူတွေဟာ အပြန်လမ်းမှာ လမ်းမပျောက်စေဖို့အတွက် တောထဲကို စ၀င်ပြီဆိုတာနဲ့ မိမိသွားရာလမ်းကြောင်းမှာ တွေ့သမျှ သစ်ပင်ကြီးကြီးတွေကို ဓားနဲ့ ထင်ထင်ရှားရှား ထစ်ရာပေးပြီး မှတ်ထားကြရတယ်။ ဒါမှ မိမိကိစ္စပြီးလို့ အပြန်လမ်းမှာ အဲဒီဓားထစ်ရာရှိတဲ့ သစ်ပင်ကြီးတွေကို ကြည့်ပြီး ပြန်လာတဲ့အခါ လမ်းမပျောက်ဘဲ မိမိအိမ်ကို ပြန်ရောက်လာနိုင်မှာဖြစ်တယ်။ တကယ်လို့ အဲဒီဓားထစ်ရာတွေဟာ နောက်ကလိုက်လာသူတွေ လမ်းမပျောက်စေဖို့ ရည်ရွယ်တယ်ဆိုရင်လည်း အဲဒီဓားထစ်ရာတွေက နောက်ကလိုက်လာသူတွေအတွက် လမ်းပြအမှတ်အသားအဖြစ် ဆောင်ရွက်ပေးတယ်လို့ ဖတ်ဖူး မှတ်ဖူး သိဖူးတယ်။

ခေတ်သစ်မြန်မာနိုင်ငံရေးသမိုင်းတလျှောက်မှာလည်း မြန်မာပြည်သူတွေ လမ်းမပျောက်စေဖို့ စစ်အာဏာရှင်စနစ်နဲ့ ပတ်သက်ပြီး ဒီမိုကရေစီသူရဲကောင်းတွေ ထားရစ်ခဲ့တဲ့ ဓားထစ်ရာတွေ အထင်အရှား အများအပြားရှိခဲ့တာကို လူတိုင်းအသိဖြစ်တယ်။ မြန်မာနိုင်ငံ အာဏာရှင်စနစ်ဟာ စတင်ပေါ်ပေါက်လာကတည်းက ပြဿနာအကျပ်အတည်းတွေကို ပြည်သူတွေနဲ့ လက်တွဲပူးပေါင်းဖြေရှင်းဖို့ တခါမှ ဆန္ဒမရှိခဲ့ဘူးဆိုတဲ့ အချက်တွေဟာ အင်မတန် ထင်ရှားမြင်သာလှတယ်။

ဆဲဗင်းဂျူလိုင်အရေးအခင်းအစ၊ (၇၄၊ ၇၅၊ ၇၆) အရေးအခင်းနဲ့ ၈၈ အရေးအခင်းတွေအလယ် ရွှေဝါရောင်တော်လှန်ရေးအဆုံး ပေါ်ပေါက်ခဲ့သမျှ နိုင်ငံရေးအကျပ်အတည်းတွေမှာ မြန်မာပြည်စစ်အာဏာရှင်တွေဟာ ဘယ်အကျပ်အတည်းကို ပြည်သူလူထုနဲ့ လက်တွဲပူးပေါင်းဖြေရှင်းခဲ့ဖူးတာ ရှိဖူးလို့လဲ။ အင်အားသုံးပြီး အကြမ်းဖက်ပြီး ဖြေရှင်းခဲ့တာချည်းပဲ မဟုတ်လား။ ၁၉၆၃ ခုနှစ်မှာ ပေါ်ပေါက်ခဲ့ဖူးတဲ့ တွေ့ဆုံဆွေးနွေးရေးဆိုတာဟာလည်း တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဦးမတည်ဘဲ စစ်အာဏာရှင်စနစ် ရေရှည်တည်တံ့ခိုင်မြဲရေးကို ဦးစားပေးခဲ့လို့ တောထဲက လာရောက်ဆွေးနွေးတဲ့ တော်လှန်ရေးအဖွဲ့ပေါင်းများစွာထဲက ကရင်တော်လှန်ရေးကောင်စီတခုတည်းကသာ လက်နက်စွန့်လွှတ်ခဲ့တယ်မဟုတ်လား။

ဒဏ်ခတ်ပိတ်ဆို့အရေးယူရေးပေါ်လစီကို ဆုပ်ကိုင်ထားလို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ဆုံမဆွေးနွေးနိုင်ဘူးလို့ နအဖက ပြောတယ်။ ဒါဆိုရင် အဲဒီဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေ ပေါ်မလာခင်တုန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုချက်တွေကို မလိုက်လျောတာက ဘာကြောင့်လဲ။ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေ စတင်ချမှတ်ခဲ့တဲ့ ခုနှစ်မှတ်တမ်းကို ပြန်ကြည့်ရင် အဲဒီအချက်ဟာ သိပ်ကိုထင်ရှားလှတယ်။

တကယ်တော့ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေ ချုပ်ငြိမ်းပျောက်ကွယ်ရေးဆိုတာ နအဖ အမှန်တကယ်လိုချင်တဲ့ အရာမဟုတ်ဘူး။ နအဖ အမှန်တကယ်လိုချင်တာက စစ်ဗိုလ်ချုပ်တွေရဲ့ လက်ရှိအကျိုးစီးပွားတွေကို အခိုင်အမာကာကွယ်ပေးမယ့်၊ အနာဂတ်မှာလည်း တိုင်းပြည်ရဲ့ဘဏ္ဍာငွေတွေကို သူတို့ထင်သလို သိမ်းပိုက်ခွင့်အတွက် အာမခံချက်ရှိမယ့်၊ အတိတ်က ကျူးလွန်ခဲ့တဲ့ သူတို့ရဲ့ ရာဇ၀တ်မှုမှန်သမျှအတွက်လည်း စိုးရိမ်ပူပန်နေစရာ နည်းနည်းလေးမှမလိုတဲ့ စစ်အာဏာရှင်စနစ်ဆက်လက် တည်တံ့ခိုင်မြဲရေးသာဖြစ်တယ်။ အဲဒီရည်မှန်းချက်ဆီသွားတဲ့လမ်းမှာ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဆူးငြောင့်ခလုတ်ကန်သင်းမှန်သမျှကို ဖြစ်နိုင်ရင် ကမ္ဘာပေါ်က၊ အဲဒီအထိမှ မဖြစ်နိုင်သေးရင် မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်က ဖယ်ရှားရှင်းလင်းပစ်ချင်တာ နအဖရဲ့ ဆန္ဒအမှန်ဖြစ်တယ်။

ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုဆိုတာ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှုမလုပ်ချင်လို့ တနည်းပြောရရင် မြန်မာနိုင်ငံမှာ အမှန်တကယ်တည်ရှိနေတဲ့ နိုင်ငံရေးပြဿနာ အကျပ်အတည်းကို ပြည်သူလူထုနဲ့ ရိုးရိုးသားသား လက်တွဲပူးပေါင်း မဖြေရှင်းချင်လို့ အကြောင်းပြနေတဲ့ ဆင်ခြေသက်သက်သာဖြစ်တယ်။ ဒီလိုရှုမြင်တာဟာ အထက်မှာဖော်ပြထားတဲ့ `နိုင်ငံပြုပုဂ္ဂိုလ်ကြီးများ´ ရဲ့ဂျာနယ်မှာ စာဖတ်သူတွေကို သြ၀ါဒပေးထားသလို “Us နဲ့ Them” ဆိုပြီး တွေးလေ့ရှိသူတွေရဲ့ ရှုမြင်ပုံမဟုတ်ဘဲ မြန်မာစစ်အာဏာရှင်ခေတ် သမိုင်းတလျှောက် စစ်အာဏာရှင်တွေလုပ်ခဲ့သမျှ လုပ်ရပ်အားလုံးအပေါ် အသေအချာ ဆင်ခြင်သုံးသပ်ပြီး ကောက်ချက်ချထားတဲ့ ရှုမြင်ပုံသာဖြစ်ကြောင်း ရိုးသားသူတိုင်း မြင်တွေ့နိုင်တယ်။

ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေ ရုပ်သိမ်းပေးဖို့ အခွင့်ကြုံတိုင်း အော်ဟစ်တောင်းဆိုနေတဲ့ စစ်ဗိုလ်ချုပ်တွေ အမြဲပြောလေ့ရှိတဲ့ စကားတခွန်းရှိတယ်။ အဲဒါကတော့ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေဟာ အဲဒီအရေးယူမှုတွေကို ချမှတ်တဲ့နိုင်ငံတွေ ရည်ရွယ်သလို မိမိတို့ကို မထိခိုက်ပါဘူး။ အမှန်တကယ် ထိခိုက်တာက ပြည်သူလူထုတွေပါတဲ့။ အဲဒီစကားအမှန်ပဲဖြစ်တယ်။ အနောက်နိုင်ငံတွေက စီးပွားရေးပိတ်ဆို့ထားပေမယ့် ကျင့်ဝတ်သိက္ခာမစောင့်စည်းတဲ့ နိုင်ငံတချို့ကြောင့် ဗိုလ်ချုပ်တွေရဲ့ ဘဏ်စာရင်းတွေထဲ ငွေတွေ ဒလဟော ၀င်နေဆဲပဲဆိုတာ အားလုံးအသိဖြစ်တယ်။

အနောက်နိုင်ငံတွေ အထူးသဖြင့် အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုကြောင့် မြန်မာပြည်ထဲ ငွေ (၁၀၀) ၀င်မလာဘူးဆိုရင် ပြည်သူတွေ နစ်နာတာက (၅) ကျပ်၊ နအဖ နစ်နာတာက (၉၅) ကျပ်ဆိုတာ မှန်တယ်။ ဒါပေမယ့် နအဖကြောင့် ဆင်းရဲတွင်းနက်နေတဲ့ မြန်မာပြည်သူတွေအတွက် အဲဒီ (၅) ကျပ်က အတော်လေး အထိနာတယ်။ ခေတ်ပျက်သူဌေး စစ်ဗိုလ်ချုပ်တွေနဲ့ အပေါင်းအပါတွေအတွက်တော့ အဲဒီ (၉၅) ကျပ်ဟာ ဘာမှ မပြောပလောက်တာအမှန်ပဲ။ သူတို့မှာက ကျင့်ဝတ်သိက္ခာမရှိတဲ့ နိုင်ငံတွေထံက ရထားတဲ့ ဒေါ်လာဘီလီယံပေါင်းများစွာ ရှိနေတာကြောင့် အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေလောက်တော့ `ပျင်းတောင်ပျင်းသေးတယ်´ ဆိုတဲ့သီချင်းကို ကြိတ်ပြီးဆိုနေကြမှာ သေချာတယ်။ MNL ခေါ် ဘောလုံးပြိုင်ပွဲမှာ နအဖရဲ့ ပုလင်းတူဘူးဆို့တွေ သုံးနေကြတဲ့ ငွေပမာဏကို ကြည့်တာတခုတည်းနဲ့တင် အဲဒီအချက်ကို မြင်တွေ့နိုင်တယ်။

ဒါဆိုရင် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေ ရုပ်သိမ်းပေးဖို့ ဘာကြောင့် အော်ဟစ်နေကြတာလဲ။ ရည်ရွယ်ချက်အစစ်အမှန်က တခုတည်းဖြစ်တယ်။ အဲဒါကတော့ တွေ့ဆုံဆွေးနွေးရေးကို ရှောင်လွှဲချင်လို့ဖြစ်တယ်။ တွေ့ဆုံးဆွေးနွေးရေးမဖြစ်တာ ဒေါ်အောင်ဆန်းစုကြည်ကြောင့်ဆိုပြီး လက်ညှိုးထိုးချင်လို့ဖြစ်တယ်။ နအဖရဲ့ အဲဒီရည်ရွယ်ချက်ကို ဒေါ်အောင်ဆန်းစုကြည်ကလည်း ကောင်းကောင်းသိတယ်။ အဲဒီလိုသိထားလျက်နဲ့ ဗိုလ်သန်းရွှေဆီရေးတဲ့စာမှာ အဲဒီအကြောင်းကို ခေါင်းတပ်ပြီး ဘာကြောင့်မရေးသလဲဆိုတာတော့ ခန့်မှန်းရခက်တယ်။ အဆုံးစွန်အထိ အလျှော့ပေးပြီး တွေ့ဆုံဆွေးနွေးရေးကို ဖြစ်နိုင်တဲ့အပိုင်းကစပြီး လုပ်နိုင်ဖို့ ကြိုးစားတာလား။ ဒါမှမဟုတ် တခြားဘာရည်ရွယ်ချက်ရှိသလဲဆိုတာတော့ တွေးရခက်တယ်။

ဒါပေမယ့် စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေးဆိုတာမျိုးဟာ နှစ်ဘက်အင်အားစုကြားမှာ အင်အားမျှတဲ့ အခြေအနေ (equilibrium) တခုတည်ရှိနေမှသာ ပေါ်ထွန်းလာတတ်တယ်ဆိုတာ ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်းဖြစ်ရပ်များမှာ အထင်အရှား သက်သေပြသခဲ့ပြီးဖြစ်တယ်။ လက်ရှိအခြေအနေမှာ နအဖနဲ့ အန်အယ်လ်ဒီဦးဆောင်တဲ့ ဒီမိုကရေစီအင်အားစုတွေကြားမှာ အဲဒီအခြေအနေမျိုး မရှိသေးဘူးဆိုတာသေချာတယ်။ အန်အယ်လ်ဒီနဲ့ တွေ့ဆုံဆွေးနွေးပွဲ မဖြစ်မနေလုပ်ရလောက်အောင် နအဖမှာ အကျပ်အတည်းဆိုက်မနေဘူးဆိုတာ သေချာတယ်။ အဲဒီတော့ သမိုင်းရဲ့ပေးထားချက်တွေအရကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ရပ်ကနေ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲတခု ဖြစ်ထွန်းပေါ်ပေါက်လာဖို့ အလားအလာ မရှိသလောက် နည်းပါးတယ်ဆိုတာကို တွေ့ကြရမှာဖြစ်တယ်။ အခုပေါ်ပေါက်နေတဲ့ နိုင်ငံရေးအခြေအနေကို နအဖက သူ့အကျိုးအတွက် အသုံးချမှာဖြစ်သလို ပွဲစားတွေကလည်း သံယောင်လိုက်ပြီး ဖားတွေလို တအုံးအုံး တအွမ်းအွမ်း အော်ကြမှာပဲဖြစ်တယ်။

အရေးကြီးတာက ဒီမိုကရေစီဘက်တော်သားပြည်သူတွေ နားမယောင် မျက်စိမလည်သွားဖို့လိုတယ်။ ဒီမိုကရေစီ ခေါင်းဆောင်တွေနဲ့ ပြည်သူတွေလုပ်ရမှာက စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေးစားပွဲဝိုင်းဆီ နအဖ ရောက်လာအောင် နအဖကို ပြည်တွင်းရော ပြည်ပကပါ ဖိအားပေါင်းစုံ၊ အကျပ်အတည်းပေါင်းစုံ ၀ိုင်းပေးကြဖို့ပဲဖြစ်တယ်။ အင်အားမျှခြေမရှိရင် စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲဆိုတာ ရှိလာမှာမဟုတ်ဘူး။ အထက်မှာပြောခဲ့တဲ့ ‘နိုင်ငံပြုပုဂ္ဂိုလ်ကြီးတွေ’ ဘယ်လိုပဲ ပွဲစားလုပ်ပြီး `ပွဲ´ ဖြစ်အောင် တည်နေကြသည်ဖြစ်စေ၊ ပြည်သူတွေက ကိုယ့်ပန်းတိုင်ကိုသာ စေ့စေ့ကြည့်ပြီး ကိုယ့်လမ်းကိုယ်လျှောက်ကြရမှာ ပဲဖြစ်တယ်။ တခါက နအဖ သတင်းစာတွေမှာ ပါခဲ့ဖူးတဲ့ `သမိုင်းစာမျက်နှာဖွင့်လိုက်ပြီ´ ဆိုတဲ့ စာသားကို အမှတ်ရနေကြသူတိုင်းက နအဖ အခုနောက်ဆုံးမှောက်ထားတဲ့ ဖဲချပ်ရဲ့ အပွင့်အရေအတွက်ကိုလည်း သိထားကြပြီးဖြစ်တာသေချာတယ်။

ပြည်သူတွေရဲ့ ဒီမိုကရေစီရေစီးကြောင်း အားကောင်းမောင်းသန် ဆက်လက်စီးဆင်းနေစဉ်မှာ အခုလို ပြောင်းပြန်စီးတဲ့ မူမမှန်ရေစီးကြောင်းငယ်လေးတွေ မကြာမကြာ ပေါ်ပေါက်လာတတ်တဲ့ ဓမ္မတာပဲဖြစ်တယ်။ ဒါပေမယ့် အဲဒီမူမမှန်ရေစီးကြောင်းငယ်တွေက ပင်မရေစီးကြောင်းကြီးကိုတော့ လမ်းကြောင်းပြောင်းသွားအောင် တတ်နိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် သမိုင်းရဲ့အချိုးအကွေ့တချို့မှာ ဖြစ်ပျက်ခဲ့ဖူးသလို အတွေးအခေါ် မခိုင်မာတဲ့ အချို့သော ဒီမိုကရေစီဘက်တော်သားတွေ မျက်စိမလည် နားမယောင်သွားအောင်တော့ အားလုံးက ၀ိုင်းဝန်ကူညီ တည့်မတ်ပေးကြဖို့ လိုပါတယ်။ တောနက်ထဲမှာ သူယောင်မယ်တွေရဲ့ ဖြားယောင်းသွေးဆောင်မှုအောက်မှာ လမ်းပျောက်မသွားရလေအောင် အထင်အရှားရှိနေတဲ့ သစ်ပင်ကြီးတွေရဲ့ ပင်စည်တွေပေါ်က ဓားထစ်ရာတွေကို ကူညီပြသပေးကြဖို့ လိုအပ်ပါတယ်။


No comments:

Post a Comment