Sunday, November 29, 2009

ကောက်ပဲသီးနှံပျက်စီးရသဖြင့် အလုပ်အကိုင်ရှားပါးလာသော အညာတောင်သူများ

သျှမ်းသံတော်ဆင့်

သျှမ်းပြည် (မြောက်ပိုင်း) မူဆယ်မြို့မှ တဆင့် နယ်စပ် ဂိတ်အတိုင်း တရုတ် ဘက်ခြမ်း ကျယ်ခေါင် - ရွှေလီမြို့ သို့ နေ့ စဉ် အကြောင်း အမျိုး မျိုးဖြင့် ဖြတ်သန်း သွားလာ နေသော မြန်မာပြည် သားများ ထဲတွင် တရုတ်ပြည် ဆိုသည်ကို အိပ်မက်ပင် မမက်ဘူး ခဲ့သော အညှာသား ကိုထွန်းထွန်းတို့ မိသား စုလည်း အပါအ၀င် ဖြစ်သည်။

အညှာဒေသဟု ဆိုလိုက်သည်နှင့် မြန်မာပြည်အလယ်ပိုင်း အပူပိုင်းဇုံ အတွင်းပါဝင်သည့် အရပ်ဒေသတစ်ခု ကို ထန်းပင် ထန်းတော ထနှောင်းတောများ စေတီဘုရားပုထိုးများနှင့် မြူလိုလို ဖုန်မှုန့်လိုလို ထနေတတ်သည့် အရာ များနှင့်တွဲ၍ အမြင်အာရုံတွင်လွမ်းမောဘွယ် ပြေးမြင်လာရတော့သည်။

သူတို့တစ်တွေရဲ့ တမူထူးခြားလှတဲ့ ဟန်ပန်အမူအရာနှင့် ခပ်နွမ်းနွမ်းဝတ်စားဆင်ယင်ပုံကို အကဲခတ်ရင်း သူတို့ မွေးရပ်ဇာတိကို ခွဲခွာလာရသည့် အကြောင်းအရင်းကို ခပ်ရေးရေးပုံဖေါ်ကြည့်နေမိသည်။

တကယ်တော့ ကိုထွန်းထွန်းတို့ မိသားစုက မိထ္ထီလာမြို့နယ် မြောက်လယ်ကျေးရွာအုပ်စုမှ တောင်သူများဖြစ်ကြပြီး ယခုနှစ် မိုးရာသီတွင် ထိုအရပ်၌ ရာသီဥတုဖေါက်ပြန်သဖြင့် စိုက်ပျိုးထားသည့် ကောက်ပဲသီးနှံများဆုံးရှုံးသွားကာ ၀င်ငွေအခက်အခဲကြောင့် ရရာအလုပ်လုပ်ရှာရန် ရေကြည်ရာမျက်နုရာသို့ ထွက်ခွာလာသူများ ဖြစ်သည်။

တရုတ်နယ်စပ်သို့ ယခင်ရောက်ရှိနှင့်ပြီးသား သူတို့အရပ်မှ မိတ်ဆွေများ၏ အဆက်အသွယ်ဖြင့် နယ်စပ်တွင်ဖွင့်လှစ်ထား သည့် မြန်မာလူမျိုးလုပ်ငန်းရှင်တစ်ဦးပိုင်သော ကားနှင့်ပတ်သက်သည့် အလုပ်ရုံတွင် အလုပ်ကူညီ လုပ်ကိုင်ရင်းယာယီ စခန်းချနေထိုင်နေကြသည်။

မတူကွဲပြားလှသည့် အရပ်မို့ အထာမကျသေးသည့် သူတို့က အရာရာနှင့် တစိမ်းပြင်ပြင်ရှိနေသည်။ အလုပ်ရုံ အတွင်းရှိ အလုပ်သမားများစားရန် ထမင်းချက် ဟင်းချက်အလုပ် အပြင် ကားနှင့်ပတ်သက်သည့် အလုပ်များကိုလည်း ကူညီ လုပ်ကိုင်ရင်း ဗျာများနေပုံရသော ကိုထွန်းထွန်းက ၀င်လာသမျှလူများကို အကဲခတ်ကြည့် နေတတ်သည်။

နဂိုကမှ ဆင်းရဲတွင်းနက်နေသည့် မြန်မာပြည်သားများအဖို့ ယခုနှစ်မိုးက မညှာမတာပြုရက်တယ်ဟု တွေးထင် နေပုံရသည့် ကိုထွန်းထွန်းက မြေနိမ့်ရာလှံစိုက်ဆိုသလိုဖြစ်ခဲ့ရသည့် သူတို့အရပ်မှတောင်သူများ အထိနာခဲ့ပုံကို ယခုလို ပြန်ပြောင်း ပြောပြသည်။

“ဒီနှစ် မိုးခေါင်တာက မိုးဦးကျတာနဲ့ဒီကနေ့အထိ အပင်စိုက်မိုးရယ်လို့ နှင်းမိုးလောက်ပဲရွာခဲ့တယ် ဒီကြားထဲမှာသီးပင် ဖြစ်နိုင်တဲ့မိုးက လုံးလုံးမရွာခဲ့ဘူး အခုက တောရွာတွေမှာက အိမ်မှာမကပ်နိုင်တော့ဘူး ဘေးမှာထွက်ပြီးအလုပ်လုပ်ကြ ရတယ် ” လို့ မချိတင်ကဲ ပြောသည်။

အဓိကမိုးခေါင်ခဲ့သည့်နေရာတ၀ိုက်ဖြစ်သည့် မိထ္ထီလာမြို့နယ် အနောက်ဘက်ခြမ်းတွင် တောင်သူများ အားထား စိုက်ပျိုးကြသော ပဲစေးငုံ နှမ်း ငရုပ် စသည့်သီးနှံတို့ ပျက်စီးဆုံးရှုံးသွားရသည်။

ကိုထွန်းထွန်းက ဧက (၄၀) ခန့်ပိုင်ဆိုင်သည့် တောင်သူကြီးတစ်ဦးဖြစ်ကာ ယခင်မိုးလေ၀သ ကောင်းမွန်သည့် နှစ် များက မိသားစု စားဝတ်နေရေးအတွက် မပူပန်ရသော်လည်း ယခုနှစ်အဖို့ အညာတောင်သူများ အခက်အခဲများ စွာ နှင့်ရင်ဆိုင်ကြုံ တွေ့ နေရကြောင်း ပြောသည်။

သူတို့ဒေသရှိတောင်သူတို့ အဓိက ၀င်ငွေရရှိသည့် စိုက်ပျိုးသီးနှံ ၃ မျိုးအနက် နှမ်းကရိတ်သိမ်းပြီးစီးကာ ငရုပ် နှင့်ပဲစေးငုံ မှာ မသိမ်းရသေးပါ။

သူတို့အဖို့ ရိတ်သိမ်းပြီးနှမ်းက မျိုးစားလောက်သာ ရရှိခဲ့ပြီး ငရုပ်မှာ ရိတ်သိမ်းချိန်တိုင်သော်လည်း မိုးမကောင်းခဲ့ သဖြင့် မရိတ်သိမ်းနိုင်သေးပဲ ဖြစ်နေရသည်။ ပဲစေးငုံမှာမိုးမရွာသည့်ဒဏ်ခံနိုင်သော်လည်း ယခုနှစ်အပင်နှင့်အသီးသိပ်မကောင်း လှကြောင်း ဆိုသည်။

“နှမ်းကလည်း မျိုးစားလောက်ပဲရခဲ့တယ် ဒီရဲ့ရှေ့မှာကြတော့ ငရုပ်ကုလားအော် မိုးကောင်းတဲ့နှစ်တွေနဲ့စာလို့ရှိ ရင် ဒီနှစ်က မခူးရသေးဘူး မိုးကောင်းတဲ့ နှစ်တွေဆိုရင်တော့ ခူးပြီးပြီ အပင်အနေအထားကျတော့လည်း ခါတိုင်းဆိုလို့ရှိရင် ဂျိုင်းတစ်ရပ် ဒီနှစ်ပိုင်းကျတော့ ဒူးပေါင်လည်ပဲ အသီးအားနှုန်းကျတော့လည်း နည်းသွားပြီ ” လို့ ဆက် ပြောသည်။

ယခုလို ကောက်ပဲသီးနှံဆုံးရူံးရသည့်အနေအထားက မိုးခေါင်ခဲ့သည့် မိထ္ထီလာ အနောက်ခြမ်းမှ တောင်သူများ အားလုံးလိုလို ကြုံတွေ့နေရသည်။

အပူပိုင်းဒေသ မိုးခေါင်ဒေသခြင်း တူသော်လည်း ချောင်းမြောင်းနှင့် ဆည်တမံတို့နှင့်နီးပြီး ရေရရှိသည့် မိထ္ထီလာမြို့ မုန်တိုင်နယ် တ၀ိုက်တောင်သူတို့ကတော့ မထောင်းသာလှဟု ဆိုသည်။

သျှမ်းပြည် (မြောက်ပိုင်း) မူဆယ်မြို့သည် ကိုထွန်းထွန်းကဲ့သို့သော တနယ်တကျေးမှ လာရောက်စီးပွားရှာလို သူများ အတွက် မျက်စိကျချင်စရာ ဖြစ်သည်။

တရုတ်-မြန်မာနှစ်နိုင်ငံ အဓိကကုန်သွယ်ရေး လမ်းကြောင်းကြီး ပေါ်တွင်ရှိသည့် နယ်စပ်အ၀င်အထွက် မြို့ဖြစ် သည့် အတွက် မြန်မာပြည်တွင်းရှိ အခြားသောမြို့များနှင့်စာလျှင် စီးပွားရေးအကွက်အကွင်း ပိုကောင်းသည်ဟု ဆိုရမည် ဖြစ်သည်။

နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင် ရှိသောကြောင့် သာမန်လက်လုပ်စားများအတွက် အလုပ်အကိုင် သစ်ရှာဖွေရာ တွင် ပိုမိုလွယ်ကူသည်ဟု ဆိုလျှင်မှားမည်မထင်ပေ။ ယုတ်စွအဆုံး ကုန်တင်ကုန်ချ အထမ်းသမားတော့လုပ်စား ၍ရသေး သည်။

အကြံဥာဏ် ကောင်းလျှင်ကောင်းသလို လုပ်တတ်ကိုင်တတ်လို့ကတော့ ကြီးပွားချမ်းသာနိုင်သည့် အခွင့်အလမ်းများစွာ လည်းရှိသည်။

ထိုသို့သော စီးပွားရေးအားသာချက်များရှိသည့်အပြင် ရာသီဥတုကောင်းမွန်လှသော နယ်စပ်မြို့လေးအား တနယ် တကျေးမှ စီးပွားရှာသူများ ပြောင်းရွေ့နေထိုင်လာကြသူများအဖို့ ရွေးချယ်စရာ ဖြစ်နေသည်ကတော့ အဆန်းမဟုတ် တော့ပါ။

အခက်အခဲဖြစ်နေသည့် အညာအရပ်မှ တောင်သူများက ကိုထွန်းထွန်းကဲ့သို့ပင် ပြင်ပတွင် အလုပ်အကိုင်သစ်ရှာရန် အတွက် နေရပ်စွန့်ခွာထွက်ခွာလာသူ မနည်းလှကြောင်း သိရသည်။

“ မိုးကွက်ကျားရွာခဲ့တဲ့ နယ်ကတောင်သူတွေအားလုံးလိုလိုပဲ ခံရတယ် နွားစာရိတ် နွားကျောင်းကျတော့လည်း ထုံးစံလိုဖြစ်နေတော့ အလုပ်လို့မခေါ်တော့ဘူး ၁၀၀ ရာခိုင်နှုန်းလို့ပြောလို့ရတယ် အိမ်တိုင်းနီးနီးပဲ ကျနှော်တို့ရွာဆိုရင် အိမ်ခြေ ၁၅၀ လောက်ရှိတယ် မြောက်လယ် ကျေးရွာအုပ်စုက ၉ ရွာ ရှိတယ် ” လို့ ပြောသည်။

အလားတူ မြန်မာပြည်အလယ်ပိုင်း အညာအရပ်ဒေသတစ်ခုဖြစ်သည့် စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ကန္နီနယ် တ၀ိုက်တွင် လည်း ယခုနှစ် မိုးခေါင်ခဲ့သဖြင့် အဆိုပါဒေသတ၀ိုက်မှ တောင်သူများ အလုပ်အကိုင် မရှိသည့် ဒဏ်ကို အလူးအလဲ ခံနေရသည်။

အဆိုပါ ဒေသမှတောင်သူများလည်း စိုက်ပျိုးထားသည့် ကောက်ပဲသီးနှံများ ပျက်စီးဆုံးရှုံးကြရပြီး ရရာအလုပ်လုပ်ဖို့ ပြင်ပထွက်ခွာကြရသည်ဟု ကန္နီနယ်မှ တောင်သူတစ်ဦးကလည်း ပြောသည်။

“ မိုးခေါင်တယ် မြေပဲ နှမ်း ပဲစေးငုံ စပါးပေါ့ စပါးကတော့ဘာမှကိုမရဘူး စပါးက အခုချိန်ထိမစိုက်ရသေးဘူးပျိုးပင်က တည်းက သေကုန်တာ နှမ်း က မိုးဦးနှမ်းမရဘူး နောက်ပိုင်းနှမ်း မိုးဦးနှမ်း နှစ်သီးရှိတာကိုး မိုးခေါင် တော့အကုန် သေကုန်တာ ဘာမှမရဘူး မိုးလေးနည်းနည်းကျတော့ ဘယ်လိုခေါ်မလဲ မိုးလယ်သီးနှံပေါ့ မြေပဲ လောက်ပဲနည်းနည်း ကျဉ်းကျဉ်းဖေါ်ရတယ် အခက်အခဲက လူတိုင်းဖြစ်နေတယ် မူး (မူးမြစ်) ရေ၀င်စပါးရှိတဲ့ဘက် စပါးရိတ်ပြီးအဲဒီစပါးတွေ ယူစားရုံပ ” လို့ ပြောသည်။

ယခုအခါ ကန္နီနယ်သားတို့လည်း ၀င်ငွေရရှိမည့် လုပ်ငန်းသစ်များ ရှာဖွေရန် မူးမြစ်ရေရရှိသည့် စစ်ကိုင်းတိုင်းအထက်ပိုင်း နယ်တ၀ိုက်နှင့် အိန္ဒိယနယ်စပ်တမူး ကလေးဘက် မိုးမြေပဲဆွတ်ရန် ခရီးထွက်ကုန်ကြကြောင်း သူကပြောသည်။

အညာတောင်သူများ အတွက် ထပ်ကြိုးစားလျှင် အောင်မြင်နိုင်မည့် မျှော်လင့်ချက်များ ရှိနေအုံးမည် ဖြစ်သော်လည်း တောင်သူတို့ဘ၀ တဖြည်းဖြည်း နိမ့်ကျလာပုံကို ခေတ်နှင့်နှိုင်းယှဉ်၍ ကိုထွန်းထွန်းက အခုလို ပြောသွား သည်။

“ကျနှော်တို့ဘက်တွေတော့ သီးနှံရမှ စားဝတ်နေရေးအဆင်ပြေမယ် နှစ်စဉ်တော့ ပဲစေးငုံ ၄ ၊ ၅ ဆယ်(တင်း) စပါး ၁၀၀(တင်း) ဟိုးအရင် အဖိုးအဖွားတွေခေတ်က စပါး ၁၅၀ ၊ ၂၀၀ ရတယ် အခုကျနှော်တို့ခေတ်ကျတော့ ၁၀၀ စံချိန်မှီရဖို့ဆိုတာ မလွယ်တော့ဘူး ” လို့ ဆိုသည်။

No comments:

Post a Comment