Sunday, November 29, 2009

ကိုယ့်ပေါင် ကိုယ်လှန်ထောင်းနေရ

ရေကြောင်းတက္ကသိုလ်ကျောင်းသားတဦး

ကျတော်က ရေကြောင်းကျောင်းသားတယောက်ပါ။ ကျောင်းတက်နေဆဲပါပဲ။ ကျောင်းမှာ အတော်ကြာကြာ နေခဲ့သူဆိုလည်း ဟုတ်ပါတယ်ဗျာ။ ခုရေကြောင်းတက္ကသိုလ်သတင်း တွေ့တော့ ပြောချင်စိတ်ကလေးတွေ ပေါ်လာလို့ပါ။ reply မလုပ်ချင်တောင်မှ အကြောင်းသင့်ရင် စုံစမ်းနိုင်ပါတယ်။

လာမယ့် ကျောင်းဖွင့်ရာသီမှာ ဒုတိယနှစ်ကနေ စတုတ္ထနှစ်အထိ ကျောင်းသားတွေ စစ်ရေးပြ တပတ်ကို နှစ်ရက် ဆင်းရမယ်တဲ့။ တခါမှ အရင်က မရှိခဲ့ပါဘူး။ ကျောင်းဖွင့်စမှာ ကျောင်းဟာ အသိပညာကို ဦးစားပေးမယ်၊ ယူနီဖောင်းတွေ၊ စစ်ရေးပြတွေ မလိုဘူး စသဖြင့် ပြောခဲ့ပါတယ်။ ခုတော့ဖြင့် မယောင်ရာဆီလူး ဒီလိုအချက်တွေ ပိုလာပြီး ကုမ္ပဏီတွေနဲ့ ကျောင်းသားတွေကို နာမည်ကောင်းယူ စပ်ပေးနေတာဟာလည်း ပွဲစားလုပ်နေတာသာဖြစ်ပြီး စာသင်ကြားရေးနဲ့ ပတ်သက်ရင် ပိုအားနည်းလာတာသာ အဖတ်တင်ပါတယ်။

ကျောင်းက ဝေးသလောက် ဖယ်ရီလုံလောက်အောင် မရှိတာအစ၊ ဆရာမတွေ ကျူရှင်သင်တာအဆုံး အချင်းချင်းလွှဲချနေကြ ပေမယ့် ISO လေး ဘာလေးနဲ့ တဖက်က မောက်မာပြနေတာပါ။

တကယ်တော့ ကျောင်းမှာ သင်ရိုးညွှန်းတမ်း သေချာမရှိတာ၊ text book, lecture note, hands-out, reference ဘာဆိုဘာမှ ရေရေရာရာမရှိတာ ကျောင်းသားတွေ အသိဆုံးပါ။ နောက်ဆုံးတော့ ဆရာတွေ ပင်စင်ယူ၊ အလုပ်ပြောင်းကုန်ပြီး brain drain brain waste ဖြစ်ကုန်တာကလွဲရင် မြန်မာနိုင်ငံမှာ ဘာကြောင့် ဒါလောက်ခေတ်စားပြီး သည်းခြေကြိုက်ဖြစ်နေကြတယ်ဆိုတာ ကျောင်းသားတယောက်အနေနဲ့တောင် နားမလည်နိုင်တော့အောင်ပါပဲ။ ကျောင်းမှာ တနေ့တခြား တိုးပွားလာတာက စစ်ဘက်က ပြောင်းလာတဲ့ အရာရှိအရာခံတွေပါပဲ။ သူတို့က ကျောင်းသားတွေ သူတို့ကို အလေးပြုတာ ခံချင်ပုံရပါတယ်။
ဒါကို မိဘတွေ မသိဘူးလား။ ကျောင်းသားတွေကတော့ ခပ်ချာချာလို့ မပြောနိုင်ပါဘူး။ (ကိုယ့်ဘက်ကိုယ်ယက်တာ မဟုတ်ပါဘူးဗျ) ဆယ်တန်းအောင်မှတ်တွေ မြင့်တယ်ဆိုတော့ နည်းနည်းတော့ မှန်းနိုင်ပါတယ်။ ကျောင်းရောက်စ နှစ်တွေမှာတော့ တက်ကြွနေကြတာပေါ့။ ကြာကြာဝါးတော့မှ ခါးမှန်းသိတော့ ထွေးထုတ်ရ ခက်နေပြန်တာပါပဲ။ အထူးသဖြင့် ကျောင်းမှာ ဟိုဟာအဆင်မပြေ၊ ဒီဟာ အဆင်မချောတွေ များလာမှ စိတ်ကုန်ပြီး ဂိမ်းကစား၊ ကျောင်းလစ် ဖြစ်တာပါ။ အမှတ်မကောင်းဘူးဆိုတာ ကျောင်းသားတွေ ညံ့ဖျင်းတာထက် စီမံခန့်ခွဲမှု ညံ့လို့ပါ။ ဆရာတွေထဲမှာ အပျံစားတွေရှိတာ သေချာပါတယ်။ တချို့ဆို နိုင်ငံတကာက သူ့နယ်ပယ်မှာ သူ အသိအမှတ်ပြုခံရသူတွေပါ။

ဒါပေမယ့် စီမံမှုညံ့တာက အခရာဖြစ်နေတော့ ကျောင်းသားရော ဆရာပါ ဒဏ်မခံနိုင်တော့ပါဘူး။ အိုင်အက်စ်အိုဆိုတာ ဘာလဲလို့ မေးချင်လိုက်တာဗျာ။ မော်ကွန်းထိန်းတယောက် ရောက်စက ကျတော့်ကို မေးတယ်။ ကျောင်းမှာ ဘာတွေလိုတယ်ထင်လဲတဲ့။ ကျနော်က ရှင်းပြတယ်။ ဘယ်လို လုပ်ကိုင်ဆောင်ရွက်ရင် အဆင်အပြေဆုံးဖြစ်မယ်ဆိုတာ အကြံပြုတယ်။ နောက်ဆုံးတော့ သူလည်း ဟိုလူ့ လက်ညှိုးထိုး၊ ဒီလူ့လွှဲချနဲ့ ယောင်ဝါးဝါး လုပ်ပစ်လိုက်တယ်။ ဒီလိုကျောင်းမျိုးမှာ ဘယ်လိုဆရာကောင်းတွေက ခိုဝင်လာပြီး ကျောင်းသားတွေကို ပညာဝေမျှပေးနိုင်မှာလဲ။ ရှိနေတဲ့ဆရာတွေတောင် ကျောင်းသားတွေက အားနာနေတာ။ တော်ပါပြီဗျာ။ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းနေရတာ။ နောက်မှ ရေးတော့မယ်။

No comments:

Post a Comment