Saturday, November 21, 2009

လယ်သမားတို့ရဲ့ ဘဝ

ရိုင်မရော

လယ်မြေ ဆိုတာ လယ်ယာ လုပ်ငန်း ကိုသာ အဓိက စောက်ချ လုပ်ကိုင် နေကြသည့် လယ်သမားတွေ အတွက် ရွှေတွေ ငွေတွေထွက်တဲ့ မြေကွက်လို့ ပြောလိုက်ရင် မှားစရာ အကြောင်း မရှိပါဘူး၊ လယ်သမား တွေရဲ့ ဘဝလမ်း ခရီး သာယာ လှပလာ အောင်လည်း လယ်ယာ မြေကွက် တွေက အဓိကပဲ ဖြစ်ပါတယ်။

နွေအကုန် မိုးအကူး မိုးဦးကျကာလမှာ လှည်းသံတညံညံနဲ့ ကျေးလက်နေ တောင်သူလယ်သမားဦးကြီးတို့က သူတို့၏ တစ်နှစ်စာ လယ်လုပ်ငန်းအတွက် လိုအပ်သည့် ပြင်ဆင်မှုများကို စတင်ပြင်ဆင်ဖို့ အလုပ်ရှုပ်နေကြသည့် ကာလပဲ ဖြစ်ပါတယ်။

ဒီလိုနှင့် တရွေ့ရွေ့ပြောင်းလဲလာတဲ့ ရာသီဥတုတွေ၊ တိုးတက်ပြောင်းလဲလာတဲ့ ခေတ်တွေရောက်လာတော့ နိုင်ငံတော်ကို အုပ်ချုပ်နေကြတဲ့ လက်ရှိမြန်မာစစ်အစိုးရတွေက ဆည်မြောင်းတွေ တည်ဆောက်လာပါတယ်၊ ရည်ရွယ်ချက်က လယ်သမားတွေ အတွက်ပေါ့၊ သို့ပေမယ့်လည်း ဆည်ကနေ သိုလှောင်ထားတဲ့ ရေတွေ များလာရင်တော့ ထုတ်လွှတ်ရတော့မှာပေါ့၊ အဲဒီရေတွေကြောင့် လယ်ယာမြေ ထောင်နှင့်ချီပြီး ပျက်စီးစ ပြုလာရတာပါ။ လယ်သမားတွေရဲ့ ဘဝတွေကလည်း ခေတ်နှင့်အညီ အဆိုးဘက်ကို ပြောင်းလဲစ ပြုလာပြီပေါ့။

တစ်နှစ်ထက် တစ်နှစ် လယ်မြေပျက်စီးမှုတွေက ပိုများလာသလို ယခုနှစ် မိုးရာသီအတွင်း အဆက်မပြတ် ရွာသွန်းနေတဲ့ မိုးကြောင့် မွန်ပြည်နယ်အတွင်းက လယ်ယာမြေဧက ရာနှင့်ချီ ရေနစ်မြုပ်ကာ စပါးပင်များလည်း သေကြေပျက်စီးကုန်ကြပါတယ်၊ အထူးသဖြင့် မုဒုံမြို့နယ်အတွင်းရှိ ဝင်းဖနုံရေလှောင်တမံရှိရာ ကျေးရွာတဝိုက်က လယ်ယာမြေများဟာ မိုးရေအပြင် ဆည်မြောင်းက လျှံကျလာတဲ့ ရေများကြောင့် လယ်ယာမြေများ ရက်အတန်ကြာ နစ်မြုပ်ပြီး စပါးပင်များလည်း ပျက်စီးကုန်ကြပါတယ်။

စိုက်ပျိုးထားတဲ့ စပါးပင်တွေ သေကုန်ပြီးတဲ့နောက်မှာ လယ်သမားတွေက အသစ်တဖန် ပြန်စိုက်ရတဲ့ အခြေအနေကို ရောက်လာရပါတယ်၊ ဒါပေမယ့် လယ်သမားတွေက နောက်ထပ် အသစ်တစ်ဖန် ပြန်လည်စိုက်ပျိုးဖို့ ကုန်ကျစရိတ် ထပ်သုံးရမယ့် အခြေအနေကို ကြုံတွေ့ရပါတော့တယ်၊ ဒါတွေကို တတ်နိုင်တဲ့ လယ်သမားတွေရှိသလို မတတ်နိုင်တဲ့ လယ်သမားတွေလည်း ရှိကြပါတယ်၊ တချို့လယ်တွေမှာ အသစ်ပြန်မစိုက်နိုင်ကြလို့ လာမယ့်နှစ်မှာ လယ်သမားတွေအတွက် စိုက်ပျိုးရေးနဲ့ စားဝတ်နေရေးအတွက် အခက်အခဲ ကြုံတွေ့နိုင်မယ့် အခြေအနေ ရှိကြောင်းကို လယ်ယာမြေ နစ်မြုပ်သွားကြတဲ့ တောင်သူလယ်သမားတွေက ပြောကြပါတယ်။

“ဒီနှစ်မှာ ကျနော်တို့လယ်သမားတွေ ထမင်းငတ်မယ့်နှစ်ပဲ၊ ခါတိုင်းနှစ်တွေမှာလည်း ဆည်ကလွှတ်တဲ့ ရေတွေနဲ့ မိုးကြီးလို့ စပါးပင်တွေ ပျက်တာပဲ။ ဒါပေမယ့် ဒီနှစ်လောက်တော့ အခြေအနေ မဆိုးဘူး၊ စားလောက်ရုံတော့ ရတယ် ပြီးတော့ နောင်နှစ်အတွက်လည်း အဆင်ပြေတယ်၊ ဒါပေမယ့် ဒီနှစ်မှာတော့ နောင်နှစ်အတွက် မပြောနဲ့၊ ဒီနှစ်စားဖို့တောင် ရမှာ မဟုတ်ဘူး၊ ဒါက ကျနော်တစ်ယောက်တည်း မဟုတ်ဘူး၊ လယ်သမားအားလုံး ဒီလိုပဲ ဖြစ်နေကြပါတယ်” ဟု ဝင်းဖနုံဆည်ရေကြောင့် လယ်မြေ (၃) ဧကခန့် ပျက်စီးသွားသည့် လယ်သမားတစ်ဦးက ပြောဆိုပါတယ်။

ဝင်းဖနုံဆည်အနီးအနားတဝိုက်မှာ လယ်မြေဧက ၅ ထောင်ကျော် ရှိပြီး၊ လယ်မြေဧက ၂ ထောင်ကျော်လောက်ဟာ ဆည်က ဖောက်လုပ်ထားတဲ့ မြောင်းငယ်ကတဆင့် ထုတ်လွှင့်လာတဲ့ ရေတွေကြောင့် မိုးတွင်းမှာ ရေမြုပ်ပြီး နွေမှာတော့ မြောင်းက ထုတ်လွှတ်ထားတဲ့ ရေတွေကြောင့် စိုစွတ်နေပြီး မြက်ပင်များနဲ့သာ စိမ်းလန်းနေတဲ့အတွက် လယ်မြေဘက်ကို အဝေးကနေ လှမ်းကြည့်လိုက်ရင် မိုးတွင်းက စိုက်ထားတဲ့ စပါးပင်လိုပါပဲ။

“တနှစ်စာ မလောက်မှာကိုပဲ ကျနော်တို့ စိုးရိမ်နေတာ။ ကျနော်တို့က လယ်ကိုပဲ အားကိုးနေရတာပါ။ စပါးသာ ကောင်းကောင်းမထွက်ရင် တစ်မိသားစုလုံး အခက်အခဲ ဖြစ်ရပြီးပေါ့၊ သားသမီးတွေလည်း ကျောင်းထားရဦးမယ်။ နောက်ပြီးတော့ ရွာမှာဆိုရင် ဟိုကြေး ဒီကြေးတွေကလည်း ရှိသေးတယ်၊ ကုသိုလ်လည်း ပြုရဦးမယ်၊ ဒါတွေအားလုံးအတွက် စပါးအထွက်ကောင်းမှ ကျနော်တို့ အဆင်ပြေကြမယ်” ဟု ၄င်းလယ်သမားက ရင်ဖွင့် ပြောဆိုပါတယ်။

“တနှစ်တနှစ်မှာ စားဖို့လောက်က တော်ရုံပဲ ကုန်ကျမှာ၊ ဘာကြေး ညာကြေးတွေ ကောက်နေတာက စားစရိတ်ထက် ပိုများနေတယ်၊ လယ်သမားတွေဆိုရင် ခဏနေကျ နွေစပါးအတွက် ရေရဖို့ဆိုပြီး ငွေကောက်တယ်၊ နောက်ပြီးတော့ ပိုက်လိုင်းလုံခြုံရေးအတွက်ဆိုပြီး ပိုက်လိုင်းမှာ စောင့်ဖို့ တလတခါ ငွေကောက်ပြန်ပြီ၊ အဲဒီကြားမှာ ခဏနေ ကြက်ဆူပင်ကြေး ဘောလုံးပွဲကြေး ငွေကောက်တာ လွတ်တဲ့နေ့ဆိုတာ မရှိသလောက်ပါဘဲ။ မယကလည်း ကောက်၊ ရယကတွေလည်း တောင်း၊ နည်းလာတာ မဟုတ်ဘူး၊ တနှစ်တနှစ် များများ လာတယ်။ နောက်ပြီးတော့ မိသားစုအသုံးစရိတ်တွေကလည်း ကြီးလာတယ်၊ ကုန်ဈေးနှုန်းတွေလည်း တက်လာတယ်” လို့ အဆိုပါလယ်သမားက ဆက်ပြောပါတယ်။

အဆိုးဆုံးကတော့ ဆည်မြောင်အနားမှာရှိတဲ့ လယ်မြေတွေကပဲ၊ ဟိုတုန်းက ဆည်မဆောက်ခင်မှာ လယ်တစ်ဧကမှာ စပါးတင်း ၇၀-၈၀ လောက် ထွက်တယ်၊ အဲဒီကနေစပြီး တနှစ်နဲ့တနှစ် စပါးအထွက်က လျော့လာတယ်၊ အခုဆိုရင် တစ်ဧကကို တင်း ၃၀-၄၀ လောက်ပဲ ထွက်တယ်၊ အဲဒါကို ကြည့်ရင်ပဲ သိနိုင်တယ်၊ ဆည်မြောင်းက ဘယ်လောက်ထိ ကောင်းကျိုးပေးလည်း ဆိုတာ၊ ဒါတင်မကဘူး ဆည်မြောင်းဆောက်ဖို့ဆိုပြီး ဒေသခံက ရာဘာခြံတွေ ဧကရာနဲ့ချီပြီး အသိမ်းခံလိုက်ရတာက တဖုံ၊ ရွာတွေဆီမှာ ပိုက်ဆံကောက်တာက တမျိုး၊ ဒေသခံတွေ အမျိုးမျိုး ခံလာရတာပါ။

တစ်မိသားစုလုံးအတွက် အခက်အခဲ ဖြစ်တာပဲ၊ တချို့လယ်သမားတွေမှာဆိုရင် စားဝတ်နေရေးအပြင် သားသမီးအရေးတွေလည်း ရှိသေးတယ်၊ ကျောင်းနေအရွယ် သားသမီးတွေရှိတဲ့ အိမ်မှာဆိုရင် ကျောင်းနေနိုင်ဖို့က လယ်ကိုပဲ အားကိုးတာပါ၊ တစ်နှစ်တစ်နှစ်မှာ ကလေးတွေရဲ့ ကျောင်းစရိတ်တွေကလည်း အကုန်အကျများတယ်၊ ဆယ်တန်းဆိုရင် အဆောင်မှာ ထားရတယ်၊ အဆောင်ထားဖို့က တစ်နှစ်ဆို သိန်း ၂၀ ကျော်ကျော် ကုန်ကျတယ်၊ အဲဒါဆို ဘယ်လိုလုပ် ရမှာလည်း၊ လယ်ကိုပဲ အားကိုးတဲ့ အိမ်ဆိုတော့၊ အချို့ကျတော့လည်း သားသမီးတွေ သူများနိုင်ငံမှာ အလုပ်သွားလုပ်စားတာ ရှိရင် နည်းနည်းတော့ အဆင်ပြေနေမယ်၊ တချို့က လယ်တစ်မျိုးကိုပဲ အားကိုးတဲ့ အိမ်ဆိုရင် ဒုက္ခလှလှ ရောက်ရပြီးပေါ့၊ ဒါတောင်မကဘူး ဟိုကြေး ဒီကြေးကောက်နေတဲ့ ရယကတွေ မယကတွေက လယ်သမားတွေရဲ့ ဒုက္ခတွေကို စာနာထောက်ထားဖို့ မပြောနဲ့၊ နွေစပါးအတွက်ဆိုပြီး လယ်တစ်ဧကမှာ ဘယ်နှစ်ထောင် ဆိုပြီးတော့ မိုးမကုန်ခင်က ကြိုတင် ကောက်ထားပြီးသားပါ၊ နွေစပါးစိုက်ဖို့ဆိုတာ ဘယ်လယ်သမားကမှ စိတ်မဝင်စားဘူ၊း ဘာဖြစ်လို့လည်းဆိုရင် နွေစပါးဟာ တနှစ်မှ အလုပ်မဖြစ်သေးပါဘူး၊ ပိုက်ဆံတွေပဲ ကုန်ကျနေရလို့ပါပဲ။

လယ်သမားတွေကလည်း စပါးပင်တွေ ပျက်စီးလို့၊ လယ်မြေတွေ ရေမြုပ်လို့ ဒုက္ခလှလှ ကြုံတွေ့နေရတဲ့အထဲ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဦးစီးဌာနက ကောက်တဲ့ နွေစပါးစိုက်ဖို့အတွက်ဆိုပြီး တောင်းတဲ့ငွေပမာဏကို မပေးနိုင်ဘူးဆိုရင်လည်း လက်ရှိကျန်ရှိနေသေးတဲ့ လယ်ကို ထပ်ပြီးသိမ်းပိုက်လိုက်မှာကိုလည်း စိုးရိမ်နေကြရတယ်၊ ဒါတွေဟာ လယ်သမားတွေရဲ့ လက်ရှိ ကြုံတွေ့နေရတဲ့ ဘဝတွေပါ။

ယခင်တုန်းက မိုးရေဆိုရင် မိုးကြီးရင် ခဏလေးပ၊ဲ မိုးတိတ်သွားတော့ ရေလည်းကျသွားမယ်၊ စပါးပင်တွေကလည်း သေတဲ့ထိတော့ မဖြစ်ဘူး၊ ဒါပေမယ့် အခုလို လယ်ယာမြေတွေ ပျက်စီးလာတာကတော့ အဲဒီလို မိုးလည်းကြီးနေတဲ့အချိန်မှာ ဆည်မြောင်းမှာ လှောင်ထားတဲ့ ရေတွေကလည်း ပိုများလာမယ်၊ အဲဒီတော့ ဆည်က ရေတွေကို ထုတ်လွှတ်လိုက်မှ ဆည်တာတမံတွေက ခံနိုင်မှာပေါ့၊ ထုတ်လွှတ်လိုက်တဲ့ ရေတွေက မိုးရေနဲ့ရောပြီး အားလုံးက လယ်ကွင်းထဲကို စီးဝင်သွားတာပဲ၊ အဲဒီအချိန်မှာဆိုရင် လယ်ကွင်းဘက်ကို လှမ်းကြည့်လိုက်ရင်တော့ ကောင်းကင်လို ဖြူဖွေးပြီး ပင်လယ်ပြင်ကို လှမ်းကြည့်လိုက်ရသလိုပါပဲ၊ လယ်ကွက်မရောက်ဖူးတဲ့ လူတွေဆိုရင်တော့ ဒါဟာ ပင်လယ်ပြင်လို့ပဲ မှတ်ယူကြပါလိမ့်မယ်။

လယ်တွေနစ်မြုပ်လို့ စပါးတွေသေနေတဲ့အကြောင်းကိုတောင် တွေးဖို့အချိန်မရ၊ ပြီးခဲ့တဲ့နွေက သူတို့ နွေစပါးစိုက်ပျိုးထားတာ အရှုံးပေါ်နေတာလို့ ဆိုပြီး တစည (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ) နဲ့ မယကတွေက ကျေးရွာဥက္ကဌကို အစည်းအဝေးခေါ်ပြီးတော့ နွေစပါးစိုက်ထားတဲ့ လယ်တွေဆီမှာ တစ်ဧကကို တစ်သောင်းပေးရမယ်ဆိုပြီး ထပ်တောင်းသေးတယ်။ မပေးနိုင်ရင်လည်း လယ်သိမ်းမယ် ဘာညာဆိုပြီး ခြိမ်းခြောက်တာ ရှိတဲ့အတွက် လယ်သမားတွေကလည်း ဖမ်းဆီးချုပ်နှောင်တာကို ကြောက်ရွံ့နေကြတော့ မရှိက ရှိက ရှာကြံပြီး ပေးရပြန်ရော။

လယ်သမားတွေက တနှစ်စာလုပ်ထားသမျှကို ထွက်တဲ့စပါးပမာဏအပေါ် မူတည်ပြီးတော့ နောက်နှစ်အတွက် လုပ်ငန်းအသစ်တဖန် ပြန်လုပ်ဖို့က စပါးအဟောင်းတွေကိုသာ ထုတ်ရောင်းကြရတယ်။ ကျန်ရှိတဲ့ စပါးအဟောင်းသာ ကောင်းကောင်းမထွက်ခဲ့ဘူးဆိုရင် တနှစ်စာ စားဝတ်နေရေးအပြင် နောင်နှစ်အတွက်လည်း စိတ်ပူရပါတယ်။

မွန်ပြည်နယ်ဟာ လယ်ယာစိုက်ပျိုးခြင်း၊ ရာဘာစိုက်ပျိုးခြင်းကို အဓိကထား လုပ်ကိုင်နေကြတဲ့ ဒေသတခုပဲ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာ ရေး၊ သံဖြူဇရပ်၊ မုဒုံ၊ မော်လမြိုင်၊ ကျိုက်မရော အစရှိတဲ့ မြို့နယ် (၆) ခုက လယ်မြေဧကပေါင်း ၁၆၀၀၀၀ ကျော်ဟာ မိုးစပါး စိုက်ပျိုးနေကြပြီး၊ ဧကပေါင်း ၇၀၀၀၀ လောက်ဟာ ယခု ၂၀၀၉ ခုနှစ် သြဂုတ်လက အဆက်မပြတ်သည်းထန်စွာ ရွာသွန်းခဲ့တဲ့ မိုးတွေကြောင့် ရေနစ်မြုပ်ခဲ့တယ်လို့ မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM) က အစီရင်ခံစာ ထုတ်ထားပါတယ်။

ဝင်းဖနုံရေလှောင်တမံကို ၂၀၀၁ ခုနှစ်က မြန်မာ့လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာက မော်လမြိုင်-ရေးကားလမ်း ဖြတ်သန်းသွားရာ မုဒုံမြို့နယ် အဘစ်ကျေးရွာ အရှေ့ဘက် တစ်မိုင်ခန့်အကွာရှိ တောင်ပေါ်မှာ ရေသိုလှောင်ထားပါတယ်၊ ၄င်းမှ လယ်ယာမြေကို ရေများထုတ်လွှတ်ပေးဖို့အတွက် မူလကရှိနေတဲ့ မြောင်းငယ် ချောင်းငယ်တွေကို ပိတ်လိုက်ပြီး လယ်ယာမြေတွေကို ဖြတ်သွားနိုင်အောင် မြောင်းအသစ်တွေကို ထပ်ဖောက်လိုက်ပါတယ်။

၎င်းဒေသတဝိုက်က လယ်ယာမြေတွေဟာ နွေစပါးစိုက်ပျိုးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ မြန်မာ့လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက ဒီဝင်းဖနုံရေလှောင်တမံကို တည်ဆောက်ထားပေမယ့်လည်း လက်တွေ့မှာ ထင်သလို ဖြစ်မလာခဲ့ပါဘူး။ ဒေသခံတွေအတွက် အကျိုးရလဒ်ကောင်း မရရှိတဲ့အပြင် လယ်ယာမြေတွေ ဆုံးရှုံးနေရတဲ့ ရလဒ်ဆိုးတွေနဲ့ ကြုံတွေ့နေရပါတယ်။

No comments:

Post a Comment