ဒေါ်အောင်ဆန်း စုကြည်နှင့် စစ် အစိုးရ ဆက်ဆံရေး ၀န်ကြီး ဦးအောင်ကြည်တို့ ယမန် နေ့က တွေ့ဆုံခဲ့ မှုအပေါ် အန်အယ်လ်ဒီ အနေဖြင့် သတိထား ကြိုဆိုရ မည်ဖြစ်ပြီး တွေ့ဆုံ ဆွေးနွေးမှု ဆက် လက်ဖြစ် ပေါ်လိမ့်မည်ဟု မျှော်လင့်ကြောင်း အန်အယ်လ်ဒီ ဗဟို အလုပ် အမှုဆောင် တဦးဖြစ်သူ ဦးခင်မောင်ဆွေက ပြောကြားသည်။“ဦးအောင်ကြည် နဲ့အခုလို ဒေါ်စုနဲ့ တွေ့ဆုံ တဲ့ကိစ္စကို ကျနော်တို့ သတိထား ပြီးကြိုဆို ရမှာပေါ့ဗျာ။ သတိကြီး ကြီးထား ကြိုဆိုပြီး တော့ ကာ ဦးသန်းရွှေနဲ့ ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံဖို့ အထိကို ကျနော်တို့ မျှော်လင့်နိုင် ပါတယ်။ တကယ်ဖြစ် မယ် မဖြစ်မယ် ဆိုတာ ကတော့ စောင့်ကြည့် ရမယ့် ကိစ္စတွေ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
အလုပ်သမားဝန်ကြီးဌာန ၀န်ကြီးလည်းဖြစ်၊ ဆက်ဆံရေးဝန်ကြီးလည်းဖြစ်သည့် ဦးအောင်ကြည်သည် ယမန်နေ့က အစိုးရဧည့်ဂေဟာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် (၄၅) မိနစ်ကြာ တွေ့ဆုံခဲ့သည်။
ယခုကဲ့သို့ ဦးအောင်ကြည်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခြင်းသည် ယခုနှစ်အတွင်း (၃) ကြိမ်မြောက်ဖြစ်ပြီး တွေ့ဆုံသည့်ကိစ္စကို တစုံတရာထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။
ထိုသို့တွေ့ဆုံမှုနှင့်ပတ်သက်၍ ဦးခင်မောင်ဆွေက “ကျနော်တို့ကို ကြိုတင်အကြောင်းကြားထားတာ မရှိပါဘူး။ ကျနော်တို့လည်း ဒေါ်စုနဲ့တွေ့တယ်ဆိုတာပဲ သတင်းကြားရတာပါပဲ။ အခုလောလောဆယ်တော့ ကျနော်တို့ သိနိုင်တဲ့အနေအထားမှာ မရှိသေးပါဘူး။ ဒေါ်စုဆီက ဘာမှ message မလာသေးပါဘူး။ အစဉ်အလာအရဆိုရင်တော့ အာဏာပိုင်ဘက်ကတော့ ဒေါ်စုကမ်းလှမ်းတဲ့စာပေါ်မှာပဲ မူတည်ပြီးတော့ လာရောက်တွေ့ဆုံတယ်လို့ ယူဆလို့ရပါတယ်” ဟု ပြောသည်။
ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံခဲ့ကြသည့်နေ့တွင်ပင် စစ်အစိုးရသတင်းစာများတွင် ဆောင်းပါးရှင် ချမ်းမြအေးက ဒေါ်အောင်ဆန်းစုကြည်၏ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ပေးပို့သည့် စာနှစ်စောင်နှင့်ပတ်သက်၍ ရိုးသားမှုမရှိကြောင်း၊ မီဒီယာမှတဆင့် စစ်အစိုးရကို အကျပ်ကိုင်ရန်ဖြစ်ကြောင်း ဝေဖန်ရေးသားထားသည်။
ထိုသို့ တွေ့ဆုံမှုနှင့် ဆောင်းပါးဖော်ပြချက် တိုက်ဆိုင်မှုအပေါ် ခေတ်ပြိုင်က ဦးခင်မောင်ဆွေအား မေးမြန်းခဲ့ရာ ၎င်းက “အဲဒါတော့ကျနော်ထင်တယ်၊ တစစီလို့ စဉ်းစားရလိမ့်မယ် ထင်တယ်ဗျာ။ ဦးအောင်ကြည်နဲ့ ဒေါ်စုတွေ့တာကတော့ ဒေါ်စုကမ်းလှမ်းတဲ့အပေါ်မှာ သူတို့သဘောထားညီလို့ ဒေါ်စုနဲ့လာတွေ့တာပေါ့ဗျာ။ ဆောင်းပါးရေးတာကတော့ အစိုးရအာဘော်လို့ ပြောရဖို့ကတော့ တော်တော်လေးခက်တယ်လေ။ ဆောင်းပါးမှာတော့ သူတို့ဘက်နဲ့ နီးစပ်တဲ့သဘောထား သို့မဟုတ် ဆောင်းပါးရေးနိုင်တဲ့ အခွင့်အလမ်းရှိတဲ့သူတွေက ရေးတယ်လို့ပဲ ကျနော်တော့ ယူဆတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ အာဏာပိုင်တွေဘက်ကနေပြီးတော့ တရားဝင်ပြောတဲ့စကား မဟုတ်ဘူးလို့ပဲ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။ ဒါဟာ ၀န်ကြီးတပါးပါးသော်လည်းကောင်း၊ သတင်းစာရှင်းလင်းပွဲသော်လည်းကောင်း ထုတ်ပြန်ခြင်းမဟုတ်ဘဲနဲ့ ဆောင်းပါးရှင်ရဲ့အာဘော်လို့ပဲ ကျနော်တို့ ယူဆပါတယ်” ဟု ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ နိုဝင်ဘာ (၁၁) ရက်နေ့စွဲဖြင့် ပေးပို့ခဲ့သည့်စာတွင် ဗဟိုအလုပ်အမှုဆောင်များနှင့် စုံညီအစည်းအဝေးကျင်းပခွင့်ပြုရန်လည်း တောင်းဆိုထားသည်။
“စီအီးစီတွေနဲ့ တွေ့ဆုံဖို့ ဒေါ်စုတောင်းဆိုထားတဲ့ကိစ္စကိုလည်း ဖြစ်နိုင်လိမ့်မယ်လို့တော့ မျှော်လင့်ပါတယ်။ ဒေါ်စုကလည်း စီအီးစီတွေနဲ့ တွေ့ဖို့ကိစ္စကို အခု ဦးအောင်ကြည်နဲ့တွေ့တဲ့အခါမှာ ထပ်ပြီးတော့ ပြောကြားလိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်” ဟု ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သည့် ဦးခင်မောင်ဆွေက ပြောသည်။
No comments:
Post a Comment