Thursday, December 10, 2009

၂၀၁၀ ရွေးကောက်ပွဲ အတွက် ရခိုင်တိုင်းမှူး ညွှန်ကြားချက်များထုတ်

Narinjara News

တာကလူး (နိရဉ္စရာ) လာမည့် ရွေးကောက်ပွဲ အတွက် ရံပုံငွေရှာဖွေရန်နှင့် လုံခြုံရေးဆိုင်ရာ ပြင်ဆင်မှုများပြုလုပ်ရန် ရခိုင် အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သောင်းအေးမှ ရခိုင်ပြည်နယ် အတွင်းရှိ ပယက၊ ခယက၊ မယက အရာရှိများနှင့် ရဲအရာရှိများအား ညွှန်ကြား လိုက်သည်ဟု စစ်တွေမှ ပယက ရုံးဝန်ထမ်း တစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်မြို့တော် စစ်တွေရှိ ပယက ရုံးခန်းမတွင် ဒီဇင်ဘာလ ၇ နှင့် ၈ ရက်နေ့များတွင် ကျင်းပခဲ့သည့် ဒေသဆိုင်ရာ အရာရှိများနှင့် နှစ်ရက်တာ တွေ့ဆုံ ဆွေးနွေးပွဲတွင် တိုင်းမှူး သောင်းအေးက ယခုကဲ့သို့ ညွှန်ကြား လိုက်ခြင်းဖြစ်သည်။

ယခုကဲ့သို့ တိုင်းမှူး သောင်းအေးက ရခိုင်ဒေသခံ အရာရှိများအားဆင့်ခေါ် တွေ့ဆုံခဲ့ခြင်းမှာ လွန်ခဲ့သော နိုဝင်ဘာလ နောက်ဆုံး အပတ်တွင် နေပြည်တော်၌ကျင်းပခဲ့သည့် နအဖ ထိပ်တန်း စစ်အရာရှိကြီးများ၏ လေးလပတ် အစည်းအဝေး ဆုံးဖြတ်ချက်များကို အကောင်အထည် ဖေါ်ရန် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်ဟု အမည်မဖေါ်လိုသူ အဆိုပါ ပယက ၀န်ထမ်းက နိရဉ္စရာသို့ပြောသည်။

”ကျွန်တော် သိရသလောက်တော့ အဲဒီ နေပြည်တော်အစည်းအဝေးမှာ အစိုးရ အရာရှိကြီး တွေက ၂၀၁၀ ရွေးကောက်ပွဲ အေးချမ်းစွာ ကျင်းပနိုင်ရေးကို အဓိကထား ဆွေးနွေးခဲ့ကြတယ်။ ပြည်နယ်နှင့် တိုင်းအလိုက် ကိုယ့်ဘတ်ဂျတန်ငွေနဲ့ကိုယ် ကျင်းပ ရမယ်ဆိုပြီး ဆုံးဖြတ် ခဲ့ကြတယ်လို့လဲ ကြားရပါတယ်။ အဲဒီဆုံးဖြတ်ချက်တွေကြောင့် တိုင်းမှူးက ဒေသခံ အရာရှိတွေကို ရွေးကောက်ပွဲ ရံပုံငွေရှာခိုင်းတာ ဖြစ်ပါတယ်” ဟု သူကပြောသည်။

ရခိုင်ပြည်နယ်အတွင်း တည်ရှိသော ဈေး၊ ကုတိုးဆိပ်၊ တံတား စသည့် စည်ပင်ဆိုင်ရာ အကောက်ကောက်ပိုင်ခွင့် ပါမိတ်များကို ဒေသဆိုင်ရာ ခယက၊ မယက များက ချုပ်ကိုင်ထားပြီး၊ ထိုလုပ်ငန်းများမှ အကောက်ခွန်များတိုးမြှင့် ကောက်ခံခြင်းဖြင့် ရံပုံငွေရှာနိုင်သည်ဟု သူက ပြောသည်။

၎င်းအပြင် ဒေသအတွင်းရှိ စီးပွားရေး လုပ်ငန်းရှင်များ၊ စီးပွားရေး ကုမ္ပဏီများနှင့် ပြည်သူများထံမှလည်း ရွှေးကောက်ပွဲအတွက် ငွေများကောက်ခံလာနိုင်သည်ဟု ဆက်ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲနှင့်ပတ်သတ်၍ အသေးစိတ်အချက်အလက်များကို မေးမြန်းစုံစမ်းခဲ့ရာ သူကပြောကြားရန် ငြင်းဆန်ခဲ့သည်။

ရဲသတင်းရပ်ကွက်များ၏ အဆိုအရ ၂၀၁၀ ရွေးကောက်ပွဲ အချိန်နီးကပ်လာသည်နှင့်အမျှ ရခိုင်ပြည်နယ် အတွင်း လူထု အုံကြွမှု တစုံတရာ မရှိစေရန် လုံခြုံရေးအရ ကြိုတင် တားဆီးမှုများ ပြုလုပ်ရန် နှင့် လိုအပ်လျှင် အင်အားဖြည့်တင်းရန် ညွှန်ကြားထားသည်ဟု သိရသည်။

နအဖစစ်အစိုးရသည် ၂၀၁၀ ရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ်အတွင်း အဘက်ဘက်မှ ပြင်ဆင်နေသော်လည်း ဒီမိုကရေစီ အရေး လှုပ်ရှားနေသည့် ဒေသခံ ရခိုင်အမျိုးသား နိုင်ငံရေးပါတီများကိုမူ တရားမ၀င်အဖွဲ့များ အဖြစ်ကြေငြာပြီး နှိပ်ကွပ် ထားဆဲဖြစ်သည်ဟု ရခိုင်အတိုက်အခံများက ပြောသည်။

No comments:

Post a Comment