Monday, December 21, 2009

ကောက်သစ်ပေါ်ဦး ကရင်နှစ်သစ်ကူး


ရွှေရောင်လွှမ်းနေတဲ့ ကောက်သစ်စပါးတွေနဲ့ စပါးခင်း တမျှော်တခေါ်ကြီးကို ကျမ လွမ်းမိပါရဲ့။ စပါးခင်းရှိတဲ့ လယ်ကွင်းထဲမှာ မြေပြောင်ပြောင်ကို နောက်ချေး၊ နွားချေးနဲ့ မံ၊ တလင်းလုပ်ပြီး အခုလိုအချိန်ဆို ရိတ်သိမ်းထားတဲ့ ကောက်သစ်စပါးတွေကို အစေ့ချွေပြီး မြောက်လေနဲ့အတူ စပါးလှေ့နေကြရော့မယ်။ စက်မှုနိုင်ငံတော်သစ်ကြီးလို့ စစ်အစိုးရက ဘယ်လောက်ပဲ ကြွေးကြော်နေကြပါစေ။ ကျမတို့ မြန်မာနိုင်ငံရဲ့ လယ်ကွင်းထဲမှာ လူ့ခွန်အားနဲ့ လယ်ထွန်ပျိုးကျဲ၊ ကောက်စိုက် စပါးရိတ် စပါးလှေ့နေရတုန်းပါ။


ဆန်စပါးနဲ့ အသက်မွေးရတဲ့ တောင်သူဦးကြီးတွေက သူတို့ စပါးအထွက်တိုးဖို့ စပါးမပျက်စီးဖို့ သူတို့ယုံကြည်ရာ ဆိုင်ရာပိုင်ရာ ရိုးရာနတ်တွေကို ပူဇော်ပသရတဲ့ ယဉ်ကျေးမှုလည်း အခုထိ ရှိနေတုန်းပါပဲ။ ရိုးသားတဲ့ တောင်သူလယ်သမားများအဖို့ မိုးခေါင်လို့၊ မိုးကြီးလို့ဆိုတာ စပါးအထွက်များတာ၊ စပါးအထွက်နည်းတာ၊ နတ်တွေဖန်ဆင်းတာလို့ သက်ဝင်ယုံကြည်မှု ရှိကြတယ်။ ဒါကြောင့် စပါးအထွက်များအောင်လို့ ဆုတောင်းရတဲ့ နတ်တွေကလည်း လူမျိုးအလိုက် အမျိုးမျိုးရှိခဲ့တယ်။ မန္တလေးတိုင်း အမရပူရဘက်မှာတော့ ပုန်းမကြည်နတ် (အသံထွက်တော့ ပုန်းမဂျီပေါ့)၊ မုံရွာတနယ်လုံးနဲ့ ဂန့်ဂေါတခွင်မှာတော့ အမေကြီး (အမေယဉ်)၊ ကျမဆွေမျိုးများဘက်မှာတော့ လယ်စောင့်အဖိုး၊ အစရှိတဲ့ နတ်တွေကို ပူဇော်ကြတယ်။

ကျေးရွာရှိရင် ရိုးရာရှိတယ်။ ရိုးရာရှိရင် ယဉ်ကျေးမှုရှိတယ်။ ယဉ်ကျေးမှုရှိရင် အဆင့်အတန်းရှိတယ်လို့ ဆိုကြတယ်။ မြန်မာနိုင်ငံအတွင်းက တိုင်းရင်းသား လူမျိုးတိုင်းမှာလည်း ကိုယ့်ရိုးရာ ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ အများကြီး ရှိပါတယ်။ ဒီဓလေ့ထုံးစံတွေက စိတ်ဝင်စားဖို့လည်း ကောင်း၊ ပျော်ရွှင်စရာလည်း ကောင်း၊ ဂုဏ်ယူစရာလည်း ကောင်းလှပါတယ်။ ဒီထဲကမှ ကရင့်နှစ်သစ်ကူးဟာ ပိုလို့ပျော်ရွှင်စရာ ကောင်းခဲ့ပါတယ်။

ပြာသိုလဆန်း ၁ ရက်နေ့ဟာ ကရင်နှစ်သစ်ကူးပွဲတော်ပါ။ ကောက်သစ်စားပွဲတော်လို့လည်း ဆိုကြပါတယ်။ ဒီပွဲတော်မှာ စုပေါင်းဆောင်ရွက်ကြတယ်။ နှစ်သစ်ကူးမှာ လူကြီးမိဘတွေကို ကန်တော့ကြတယ်။ လူကြီးမိဘတွေရဲ့ ဆုံးမသြဝါဒကို ခံယူကြတယ်။ ရပ်ဝေးရပ်နီးမိတ်ဆွေတွေကို ပြန်လည်ဆုံဆည်းစေတယ်။ ရှေ့နှစ်မှာ ဘာတွေလုပ်မယ်ဆိုတာ တိုင်ပင်ကြတယ်။ ဒီလို အနှစ်အရသာရှိတဲ့ ကရင်နှစ်သစ်ကူးပွဲတော်ကို ကျမ ဒုတိယကြိမ်မြောက် ပါဝင်ဆင်နွှဲခဲ့ရပါတယ်။

နှစ်သစ်ကူးပွဲအတွက် ကြိုတင်ဒုံးအကတွေကို တိုက်နေတဲ့အသံကို တလကြိုပြီး ကြားနေရတာပါ။ မနက်စောစောဆို နို့ဖိုးရွာထဲမှာ ဒုံးသံတွေနဲ့ မြိုင်နေတတ်ပါတယ်။ စခန်းရုံးထဲမှာ မြေကျယ်ကျယ်ပြန့်ပြန့်ရှိတဲ့ ကွင်းပြင်မှာ ကျောင်းအားကစားကွင်းမှာ ချွေးတရွှဲရွှဲနဲ့ ဒုံးတိုက်နေတဲ့ သူတွေကို တွေ့ရပါတယ်။ ကရင်လူမျိုးတွေနဲ့ရောပြီး ကျမတို့ပါ နှစ်သစ်ကူးကို မျှော်ခဲ့ရတာ။

နှစ်သစ်ကူးပွဲတော်အတွက် တလကြိုတင်ပြီး ဘောလုံး၊ ဘော်လီဘော၊ ခြင်းလုံးပြိုင်ပွဲတွေ ကျင်းပကြပါတယ်။ ဘောလုံးပွဲကတော့ ပရိသတ်အများဆုံးပါပဲ။ အသင်းတွေဖွဲ့ပြီး အနယ်နယ်အရပ်အရပ်က ဒုက္ခသည်စခန်းထဲကို ရောက်လာတဲ့သူတွေထဲက ပူးပေါင်းပါဝင်ကစားကြတာ။ အနီးအနားရွာတွေက ပါဝင်ရောက်ယှဉ်ပြိုင်ကြပါတယ်။ စည်းကြပ်ဒိုင်၊ ကွင်းလယ်ဒိုင်အတွက် ၃ ရက်သင်တန်း ပေးကြတယ်။ အသင်း ၃0 လောက် ယှဉ်ပြိုင်ကစားတဲ့အခါ ကွင်းထဲမှာ ခြေထောက်နဲ့ ကန်နေတဲ့ ဘောလုံးသမားထက် ပါးစပ်နဲ့ကန်တဲ့ ပွဲကြည့်ပရိသတ်ရဲ့ ဘောလုံးတွေက ပိုပြီး ထိမိပါတယ်။ သူတို့ကြောင့် စည်းကြပ်ဒိုင်တွေ အယောင်ယောင်အမှားမှားဖြစ်၊ အလံကို ညာပြရာကနေ ဘယ်ပြ၊ ဟေးခနဲ ညာသံပေးအော်သံ၊ အိုးစည်ဒိုးပတ်သံက ပျော်စရာရွှင်စရာ၊ ပြုံးစရာ။

နိုးဖိုးတောင်ကြီးဘေး ကျောက်တောင်က၊ ကမူတွေပေါ်မှာ ငုတ်တုပ်ထိုင်အားပေးနေသူတွေက အထူးတန်းပွဲကြည့်စင်ထက် သာပါတယ်။ ဘောလုံးကွင်းကို အပေါ်က ဆီးကြည့်ပြီး ဘောလုံးသမားတွေကို အားမလိုအားမရဖြစ်ပြီး တင်လိုက်ပါလားဆို ဘေးကလူတွေက ''ဆွမ်းတော်ကြီး''၊ မြှောက်လိုက်ပါလားဆို ''ဦးရှင်ကြီး'' လို့ ညာသံပေးကြတယ်။ ဒီကြားထဲက ကစားပုံနည်းမကျရင် ''ဟေ့ကောင် … အိမ်ပြန်အိပ်လိုက်'' လို့ သြဘာပေးနေတတ်သေးတယ်။ ကျမကတော့ ဘောလုံးပွဲထက် ပွဲကြည့်ပရိသတ်ရဲ့ အသံကို ပိုပြီးနားထောင်ချင်တာ။

ကျမတူမ မီးမီးကတော့ ဘောလုံးပွဲကို နည်းပညာရော၊ ဘောလုံးဥပဒေပါ နားလည်သူ။ သူကတော့ ဘောလုံးကွင်းထဲကို ကွင်းလယ်ဒိုင်၊ စည်းကြပ်ဒိုင်ထက် အချိန်မှန်မှန် ရောက်တတ်သူ။ ဒါကြောင့် သူ့ကို “မီးမီး … ဘယ်သူ့ဘယ်အသင်းကို အားပေးလဲ” မေးရင် သူက ပြန်ဖြေတတ်တယ်။ “ဘယ်သူ့မှ အားမပေးဘူး ကိုယ့်ကိုယ်ကို အားပေးဖို့ ဘောလုံးကွင်းထဲသွားတာ၊ ရင်ထဲမှာ မွန်းကြပ်နေတာ ဘောလုံးပွဲရောက်လို့ အော်ဟစ်ပြီးရင် သက်သာသွားတယ်” တဲ့။ ဒါကြောင့် ထင်ပါရဲ့ ဘောလုံးပွဲအားပေးတဲ့ ပရိသတ်အသံက ဟိန်းဟိန်းထွက်လာတာ။

ဒီလိုနဲ့ ကျမတို့အားလုံး မျှော်လင့်နေတဲ့ ကရင့်နှစ်သစ်ကူးပွဲတော် ရောက်ရှိလို့လာခဲ့တယ်။ ပြာသိုလဆန်း ၁ ရက်နေ့ မနက်အရုဏ်က ကြက်တွန်သံနဲ့တင် နိုးရတာမဟုတ်ဘဲ ကျွဲချိုမှုတ်သံ၊ ဖားစည်သံနဲ့ နိုးခဲ့ရပါတယ်။

နို့ဖိုးတောင် ဘောလုံးကွင်းဘေးက စင်မြင့်ပေါ်မှာတော့ ကရင့်အမျိုးသားအလံက လေမှာ တဖျပ်ဖျပ်လွင့်လို့၊ ဘောလုံးကွင်းမှာ ကရင့်အမျိုးသား ဝတ်စုံဝတ် ကရင့်အလံလွှင့်ထူထားတဲ့ ကရင်အမျိုးသားတွေအပြင် တိုင်းရင်းသားဝတ်စုံအပြည့်နဲ့ ဒုက္ခသည်တွေ နေရာယူထားကြတယ်။ စင်မြင့်ပေါ်မှာတော့ ကရင့်အမျိုးသား တော်လှန်ရေးခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေ ထိုင်နေကြပါတယ်။

နို့ဖိုးတောင်ကြီးက ဇွဲကပင်တောင်ကြီးသာ ဖြစ်ခဲ့ရင် ကျမတို့အားလုံး သိပ်ကိုပျော်ကြမှာ။ ဒါပေမဲ့ စိတ်ဆိုတာ ရုပ်ကိုဦးဆောင်တာမို့ နို့ဖိုးတောင်ဟာ ဇွဲကပင်တောင် ဖြစ်သွားရတယ်။ ကရင်ပြည်နယ်ရဲ့ သင်္ကေတ ဇွဲကပင်တောင်ကြီးဘေးမှာ လူထုတွေ။ ကရင့်လူထု ခေါင်းဆောင်တွေ ကရင့်အမျိုးသား လူငယ်တွေ။ တိုင်းရင်းသား ညီအကိုမောင်နှမတွေ စုပေါင်းတက်ရောက်လာတဲ့ ကရင့်နှစ်သစ်ကူးပွဲတော်ကို ဖားစည်သံ၊ ကျွဲချိုသံပေးပြီး ဖွင့်လှစ်လိုက်ပါတယ်။ ကရင့်နိုင်ငံတော် သီချင်းကိုဆိုပြီး ကရင့်အမျိုးသား အလံကို ဦးညွှတ်ကြတယ်။

ဒီနောက်မှာ ကရင့်တော်လှန်ရေး ခေါင်းဆောင်တွေ အဖွင့်အမှာစကား ပြောသလို စခန်းအုပ်ချုပ်သူ လောင်းပလာကလည်း ကရင်လို ပြောပါတယ်။ ကျမရဲ့ မိတ်ဆွေ ကိုစောမြင့်ထွေးတို့ ဇနီးမောင်နှံက ပိုးကရင်တွေ။ သူတို့က မဲသဝေါထိုးစစ်ကြောင့် ဒုက္ခသည်စခန်းထဲ ရောက်လာသူ။ လောင်းပလာက ကရင်လိုပြောတော့ သူတို့က သဘောကျတယ်။ “ကျမတို့ စစ်ပြေးဒုက္ခသည်တွေက ထိုင်းနိုင်ငံရောက်ရင် ထိုင်းကရင် ဖြစ်သွားတယ်။ ထိုင်းနိုင်ငံမှာ ဘဝပေးအခြေအနေကြောင့် နေရပေမယ့် ကိုယ့်ဘာသာစကားကို နှစ်ပေါင်းကြာကြာ ထိန်းသိမ်းနိုင်ကြတယ်” တဲ့။

လောင်းပလာ ပြောတာကတော့ “နှစ်သစ်ကူးမှာ မကောင်းတဲ့ စိတ်ကူးအညစ်အကြေးတွေကို ဆေးကြောလိုက်။ မေ့ပစ်လိုက်။ နှစ်သစ်ကူးမှာ စိတ်ကူးသစ်၊ အတွေးသစ်တွေနဲ့ သွားရမယ်။ နှစ်ဟောင်းကိုပဲ မေ့ခိုင်းတာ။ ဇနီးခင်ပွန်းကို မေ့ခိုင်းတာ မဟုတ်ဘူး” တဲ့။

ကေအန်ယူ ဗဟိုကော်မတီ ပဒိုမန်းငြိမ်းမောင်ကတော့ မြင့်မြတ်မှုနဲ့ ရက်စက်မှု ဘေးချင်းယှဉ်နေတဲ့ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံကို အခုလို ခွဲခြားပြသွားပါတယ်။

“ကရင့်နှစ်သစ်ကူးပွဲတော်ကို ကျင်းပခွင့်ပေးတဲ့ ထိုင်းဘုရင်မင်းမြတ်ကို ဒီနေရာကနေ ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ တိုင်းသူပြည်သားတွေကိုလည်း ရင်ဝယ်သားကဲ့သို့ သနားကြင်နာစောင့်ရှောက်ခဲ့တဲ့ ထိုင်းဘုရင်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေလို့ နှုတ်ခွန်းဆက်ပါတယ်။ မြန်မာပြည် အဖိနှိပ်ခံဘဝတူ တိုင်းရင်းသားညီအကိုတွေ ကရင့်နှစ်သစ်ကူးပွဲတော်ကို ကြွရောက်လာကြတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။”


” ကိုယ့်အမျိုးသားပွဲတော်ကို၊ ကိုယ့်ယဉ်ကျေးမှု ပွဲတော်ကို ကိုယ့်နိုင်ငံမှာ ဘာ့ကြောင့် မကျင်းပနိုင်ရတာလဲ။ ကျနော်တို့ ကရင့်နှစ်သစ်ကူးပွဲတော်ကို အမှန်တကယ် ကျင်းပရမှာက မြန်မာပြည်မှာပါ။ ကိုယ့်လူမျိုးရဲ့ ရိုးရာပွဲကို သူများနိုင်ငံထဲမှာ ဒုက္ခသည်အဖြစ်နဲ့ ကျင်းပရတာ သိပ်ကိုကြေကွဲစရာကောင်းပါတယ်။ မင်းကောင်းမင်းမြတ်သည် မင်းကျင့်တရား ၁ဝ ပါးနဲ့ ပြည့်စုံရပါတယ်။ ဒါန၊ သီလ ရှိရမယ်။ ပေးကမ်းရမယ်။ ဖြောင့်မှန်ရမယ်။ ဒေါသမျက်မာန်မရှရဘူး။ မညှဉ်းဆဲရဘူး။ နူးညံ့ပျော့ပြောင်းရမယ်။ ပြည်သူလူထုရဲ့ အလိုဆန္ဒနဲ့ မဆန့်ကျင်ရဘူး။ ဒီမင်းကျင့်တရားတွေကို စစ်အာဏာရှင်က မျက်ကွယ်ပြုခဲ့တယ်။”

” စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှုကြောင့် ထိုင်းနိုင်ငံမှာ ဒုက္ခသည်တွေ ခိုလှုံနေရတယ်။ ဒီဒုက္ခသည်တွေဟာ ထိုင်းဘုရင်မင်းမြတ်ရဲ့ စေတနာကြောင့်သာ ခိုလှုံခွင့် ရခဲ့တာပါ။ ၁၉၉ဝ ပြည့် ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၈ဝ ရာခိုင်နှုန်းကျော်နဲ့ မဲအပြတ်အသတ်နိုင်ခဲ့တော့ တရားစောင့်တဲ့မင်း ပေါ်လာပြီ။ ဒို့နိုင်ငံ ဒို့ပြန်လို့ရပြီ။ ဒို့ဇာတိ ဒို့ပြန်လို့ရပြီလို့ မျှော်လင့်ခဲ့ပါတယ်။ ဒါပေမဲ့ ကျနော်တို့ မျှော်လင့်သလို ဖြစ်မလာခဲ့ပါဘူး။ စောဘဦးကြီး ပြောတဲ့ စကားကို နှစ်သစ်ကူးလက်ဆောင်အဖြစ် ပေးပါရစေ။”

”ကရင်လူမျိုးတွေဟာ တော်လှန်ရေး တခါမှ မလုပ်ခဲ့ဘူး။ အခုတော်လှန်ရေးက ပထမဦးဆုံးနဲ့ နောက်ဆုံးဖြစ်တယ်။ ကရင်တွေဟာ အုပ်ချုပ်တဲ့ လူတန်းစား တခါမှ မဖြစ်ခဲ့ဘူး။ အဖိနှိပ်ခံလူမျိုးတမျိုးအဖြစ်နဲ့ပဲ နေခဲ့ရတယ်။ ကရင့်တော်လှန်ရေးဟာ မရှုံးဘူး။ ကရင်တွေဟာ ရန်ကုန်သွားပြီး လည်ဆင်းမခံခဲ့ဘူး။ ကျနော်တို့တွေ အခုလို ကရင်နှစ်သစ်ကူးပွဲကို ကျင်းပနေချိန်မှာ ကျနော်တို့ရဲ့ ပြည်သူတွေ၊ ကရင်အမျိုးသားတွေဟာ တောင်ငူ၊ ညောင်လေးပင် ရှေ့တန်းစစ်မျက်နှာပြင်မှာ စစ်အစိုးရရဲ့ ဖိနှိပ်၊ ရက်စက်မှုကြောင့် အသက်ရှင်ရပ်တည်ဖို့အတွက် တိရစ္ဆာန်တွေလို ပြေးလွှားတိမ်းရှောင်၊ ပုန်းအောင်းနေရပါတယ်။ စစ်မှန်တဲ့ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးကို အသိအမှတ်ပြုမှ၊ လူမျိုးတမျိုးရဲ့ ရိုးရာဓလေ့ထုံးစံတွေကို အပြန်အလှန် လေးစားမှု ရှိမှသာ စစ်မှန်တဲ့ ဒီမိုကရေစီ ရရှိမှာ ဖြစ်ပါလိမ့်မယ်''

ပဒိုမန်းငြိမ်းမောင် စကားအဆုံးမှာ လက်ခုပ်သံများ ဆူညံသွားပါတယ်။ ရင်ထဲမှာ ကြေကွဲမှု၊ နာကျင်မှု၊ တက်ကြွမှုတွေက လေထဲမှာ လွင့်နေတဲ့ ကရင်အမျိုးသားအလံလို တဖျတ်ဖျတ်နဲ့။

၇၁ ကြိမ်မြောက် ကရင့်နှစ်သစ်ကူးပွဲကို ကျမတို့တင် ဆင်နွှဲရတာ မဟုတ်ဘဲ ကမ္ဘာ့နိုင်ငံအသီးသီးက နိုင်ငံခြားသားတွေပါ ပါဝင်ဆင်နွှဲကြပါတယ်။ သူတို့လို ဘာသာ၊ ယဉ်ကျေးမှု အရှေ့အနောက် ဖြစ်ရသူတွေတင် စိတ်ဝင်စားရတဲ့ ပွဲမဟုတ်ဘဲ ကျမတို့လို နိုင်ငံတခုထဲမှာ အတူနေခဲ့ရတဲ့သူတွေပါ စိတ်ဝင်စားရတဲ့ပွဲပါ။

အခမ်းအနားပြီးတော့ ဒုံးယိမ်းအဖွဲ့တွေက “ဖိဖိယော်” ဆိုတဲ့ ရိုးရာနတ်ကို ပြန်ပို့ဖို့ နတ်စင်ဘက်မှာ စုရုံးနေကြပါပြီ။ အခမ်းအနား လာသူတွေကို ကောက်သစ်ကောက်ညှင်းနဲ့ လုပ်ထားတဲ့ ကောက်ညှင်းကျည်တောက် ကရင်လို (ဝါ့ပလော) တွေကို လက်ဆောင်ပေးပါတယ်။ ကောက်ညှင်းကျည်တောက်တွေကို နိုင်ငံခြားသားတွေ စားသောက်ကြပြီး ဖိဖိယော်နတ်စင်ဘေးကို စုရုံးသွားကြပါတယ်။

“ဖိဖိယော်” ဆိုတဲ့ နတ်ကို ပွဲတော်မကျင်းပခင် ညနေမှာ တရက်ကြိုပြီး ပင့်ဖိတ်ထားတဲ့ နတ်ကွန်းလေး ရှိပါတယ်။ နတ်ပင့်တဲ့အခါမှာ ဒုံးယိမ်းအဖွဲ့အားလုံး အကနဲ့ ပင့်ကြရပါတယ်။ ပြန်ပို့တဲ့အခါမှာလည်း ဒုံးယိမ်းနဲ့ ပြန်ပို့ရပါတယ်။ စင်မြင့်ဘေးက ဝါးညှပ်ကျဲကျဲကာထားတဲ့ နတ်ကွန်းလေးထဲမှာ ကောက်သစ်စပါးပုံလေး ရှိပါတယ်။ ဝါးညှပ်နဲ့ လုပ်ထားတဲ့ နတ်ကွန်းတိုင်ဒေါင့် ၄ ခုမှာ တောပန်းတောင်ပန်းလေးတွေကို နှီးနဲ့ချည်ပြီး ပူဆော်ထားပါတယ်။ ဝိုင်းထဲမှာ စောင်း၊ ဗုံရှည်၊ မောင်း၊ လကွင်း၊ ကျွဲချိုတီးမှုတ်နေသူ ကရင်အမျိုးသားကြီးတွေ ရှိပါတယ်။ ဒါ့အပြင် ညွှတ်ကိုင်းနေတဲ့ တင်းဝါးရဲ့ ဝါးပင်အတိုင်း ဝါးရွက်အခက်အလက်တွေ မခုတ်ဘဲ ကောက်သစ်စပါးနဲ့ လုပ်ထားတဲ့ ခေါပြင်၊ ပြာရေထုပ်၊ ကောက်ညှင်းမုန့်တွေကို ချိတ်ဆွဲပြီး ပူဆော်ထားပါတယ်။ အုန်းသီး၊ ငှက်ပျောသီးလည်း ပါပါတယ်။

“ဖိဖိယော်” နတ်ပြန်ပို့မဲ့သူတွေ ဒန်အိုးမဲမဲ ၂ လုံးထဲက ထမင်းဟင်းတွေကို ဝါးနဲ့လုပ်ထားတဲ့ ပန်းကန် ၄ ခုထဲကို ထမင်းထည့်ပါတယ်။ ဝါးပန်းကန်တခုထဲကို ဟင်းထည့်ပြီး လူ ၄ ယောက်က ဝါးထမင်းဟင်းခွက်ကို ယောင်းမနဲ့ ခေါက်ပါတယ်။ ထမင်းဟင်းကတော့ ကောက်သစ်စပါးနဲ့ ချက်ထားတဲ့ ထမင်း၊ ကြက်မဒန်း အထီးတကောင်၊ အမတကောင်ပြုတ်ပြီး ဂဏန်း၊ ခရုချက်ထည့်ထားတဲ့ ဟင်းနဲ့ ပူဇော်တာပါ။

“ဖိဖိယော်” နတ်ပြန်ပြီလို့ ယူဆတဲ့အချိန်မှာ နတ်ကွန်းဝန်းထဲမှာ ရှိနေတဲ့ တီးမှုတ်နေသူတွေ နတ်ကို တင်မြှောက်ထားတဲ့ ထမင်းကို အားရပါးရစားကြတော့တယ်။ ဒီအချိန်မှာ ကရင်ဒုံးယိမ်းအဖွဲ့အားလုံး ကကြပါပြီ။ ရပ်ကြည့်နေတဲ့ ကရင်အမျိုးသမီးကြီးတွေက နတ်ကွန်းက ပန်းတွေဖြုတ်ပြီး တယုတရ သိမ်းသွားကြတယ်။ ကလေးငယ်တွေကို နတ်ကွန်းထဲက သူတွေက ခရုတွေ၊ ဂဏန်းတွေ ခွန့်ကြတယ်။ အဲဒီအချိန်က အပျော်ရဆုံးအချိန်ပါပဲ။

ဒုံးယိမ်းရဲ့ အကစည်းချက်နဲ့အတူ နတ်စင်ဘေးက ချောတိုင်တက်ပွဲရဲ့ လကွင်းသံကလည်း ကြည့်နေသူတွေရော၊ ကခုန်နေကြသူတွေကိုပါ ခွန်းအားဖြစ်စေပါတယ်။ ဆီရွှဲပြီး ဖြောင့်တန်းနေတဲ့ ဝါးလုံးထိပ်က အလံကို ယူဆောင်နေသူ ကရင်အမျိုးသားက ပုဆိုး ၃ ထည်ကို အသုံးပြုပြီး ကျွမ်းကျင်စွာ တက်သွားပါတယ်။ အလံကိုယူပြီး အောက်ကိုချလိုက်တဲ့ အချိန်မှာ စောင့်ကြည့်နေတဲ့ ပရိသတ်တွေက ဦးထုပ်မြှောက်၊ ပုဆိုးမြှောက်ပြီး ဂုဏ်ပြုကြတယ်။

ကရင်ဒုံးယိမ်းတဖွဲ့မှာ ယောက်ျား၊ မိန်းမ ၃၆ ယောက်က ကမယ့်သူ။ ယောက်ျား ၅ ယောက်၊ မိန်းမ ၅ ယောက်က သီချင်းဆိုမယ့် တီးမယ့် သူတွေ။ ဒုံးတဖွဲ့ရဲ့ ကရတဲ့ အချိန်က မိနစ် ၃ဝ ကနေ ၄၅ မိနစ်ထိရှိပါတယ်။

ဒုံးမကခင်မှာ မိန်းကလေးတယောက်က ပထမဆုံး သီချင်းဆိုပြီး ဆုတောင်းပါတယ်။ နှစ်သစ်ကူးအတွက် ဆုတောင်းတာပါ။ ”ကြိုင်သရိထောင်ထော့ မှုလက်နာ” “ဆူးခလိတ်လာ” မြန်မာလို အားလုံးချမ်းမြေ့ပါစေ၊ အေးမြခြင်း ဖြစ်ပါစေလို့ အဓိပ္ပာယ်ရပါတယ်။ ကရင်ဒုံးယိမ်းက ကောက်သစ်စားပွဲကို ပြန်လာဖို့ “ဖိဖိယော်” နတ်ကို ဖိတ်လိုက်တယ်။ ဒီနတ်က တောထဲတောင်ထဲမှာ နေတာမို့ သဘာဝအသံပေးပြီး “ဟေး…..ဟေး” လို့ ဖိတ်ခေါ်လိုက်တယ်။ သီချင်းထွက်ဆိုရတဲ့သူက ရွှင်ရွှင်မြူးမြူးလေးလုပ်ပြီး ဖိတ်ခေါ်ရတယ်။

သီချင်းတပုဒ်ဆုံးပြီးမှ ကမယ့် သူတွေ ထွက်လာရပါတယ်။ ဒုံးကကွက်ထဲမှာ ကောက်ရိတ်၊ စူးထိုးတဲ့ ဟန်တွေပါပါတယ်။ သီချင်းတွေ၊ စာသားတွေထဲမှာ ကရင့်တော်လှန်ရေးအကြောင်း၊ ရိုးရာယဉ်ကျေးမှုအကြောင်း၊ ဆန်စပါးတွေအကြောင်း၊ တောင်ယာလုပ်ငန်းတွေအကြောင်း ပါတဲ့ သီချင်း ၁ဝ ပုဒ်လောက်ပြီးအောင် ဒုံးကရတာပါ။

မြောက်လေနဲ့အတူ ပါလာတဲ့ ဆောင်းနှင်းမှုန်တွေကြားမှာ ကြည့်နေသူတွေအေးနေပေမယ့် ဒုံးကနေသူတွေ ချွေးပြိုက်ပြိုက်ကျနေကြပါတယ်။ ကရင့်ရိုးရာအဝတ်အစားတွေနဲ့ ရွှင်မြူးတတ်ကြွနေတဲ့ ဒုံးအကကို ကြည့်လို့ မဝနိုင်ခဲ့ပါဘူး။ ကရင်ဒုံးယိမ်းက ရွှင်မြူးတတ်ကြွသလောက် “ထား” ဆိုတဲ့ မြန်မာလို ကဗျာ၊ လကာင်္လို့ အဓိပ္ပာယ်ရတဲ့ “ထား” ပွဲကတော့ အေးဆေးငြိမ့်ညောင်းလှပါတယ်။ ကျမကတော့ သီချင်း ငြီးနေတယ်လို့ ခံစားရပါတယ်။ “ထား” ပွဲကို ပံ့ပိုးပေးတဲ့ ဂီတကတော့ ကျွဲချိုနဲ့ တနန်း (စောင်းကောက်) ပါပဲ။ ဒုက္ခသည်ဆိုတော့ စောင်းကြိုးဖြစ်ဖို့ သစ်နွယ်ကြိုး၊ ပိုးကြိုး မရှိပါဘူး။ သစ်နဲ့ ထွင်းထားတဲ့ စောင်းပုံသဏ္ဍာန်ကို ကြိုးအဖြစ် ဂီတာနံပါတ်လေးကြိုးကို တပ်ထားရပါတယ်။ ဝါးနဲ့လုပ်ထားတဲ့ ဟွန်းတယောလေးကလည်း သိပ်ကို ချွဲတတ်ပါတယ်။

မီးအလင်းမှိန်မှိန်အောက်မှာ ဝါးဟွန်းတယောလေး၊ စောင်းလေး ညှင်းညှင်းသဲ့သဲ့တီးပြီး အပျို၊ လူပျို ကဗျာရွတ်ကြတယ်။ အပျို၊ လူပျိုဆိုတော့ ချစ်ရေးဆိုကြတာပေါ့။ အချစ်ကို လှပအောင်၊ နူးညံ့အောင်၊ သိမ်မွေ့အောင် ပုံဖော်တတ်ကြတယ်။ အမျိုးသမီးက အဆိုဘက်က။ အမျိုးသားက အချေဘက်က။ ကျမတို့ မြန်မာလိုဆို စကားထာဝှက်ပြီး အပျိုလူပျို ကျီစယ်ကြတာဖြစ်မယ်။ အိမ်ထောင်ကျပြီးသား ယောက်ျား၊ မိန်းမဆို ချစ်ရေးမဆိုကြတော့ပါဘူး။ ဥပမာ ဆေးလိပ်မီးတောင်းတာ၊ အင်္ကျီတောင်းတာ၊ ဘယ်လောက် ဥာဏ်ကောင်းလဲဆိုတာ၊ ဆုံးမစကားပြောတာတို့ကို “ထား” နဲ့ ပြောကြတာလို့ IHE ကျောင်းအုပ်ဆရာကြီး “စောလားလေး” က ရှင်းပြပါတယ်။ ”ထား” ယဉ်ကျေးမှု မပျောက်အောင် ဆရာကြီးက နှစ်သစ်ကူးမှာ “ထား” ပြိုင်ပွဲလုပ်ပေးပါတယ်။ ကိုယ့်ယဉ်ကျေးမှုကို ထိန်းသိမ်းတာ သိပ်ကိုကောင်းတဲ့ စိတ်ကူးပါပဲ။

ကျမတို့ မြန်မာရှေးလူကြီးများလို ယောင်တစောင်းမထုံးဘဲ ထိပ်တည့်တည့်ထုံးထားတဲ့ တလဂုဏ် ကရင်လူမျိုးကိုလည်း တွေ့ခဲ့ရတယ်။ ရှားပါးတဲ့ ဆင်ယဉ်ထုံးဖွဲ့မှုနဲ့ နတ်ပူဇော်တဲ့ ဓလေ့နဲ့ တလဂုဏ် ကရင့်အမျိုးသားတွေ ကျမတို့ မြန်မာနိုင်ငံအတွင်းမှာ မတွေ့ရတော့ပါဘူး။ ထူးခြားတဲ့ ဆင်ယဉ်မှုနဲ့ တလဂုဏ် ကရင်အမျိုးသား၊ အမျိုးသမီးတွေကလည်း “ထား” ဆိုကြတယ်။ ကရင်စောင်နီနီပတ်ပြီး လွတ်လွတ်လပ်လပ် ခံစားချက်ကို ထုတ်ဖော်ကြတယ်။ ဆွဲဆွဲငင်ငင်နဲ့ “ထား” ဆိုနေကြတဲ့ သူတို့တွေမှာလည်း နူးညံ့တဲ့ ခံစားမှုအနုပညာ ရှိပါတယ်။

ကျမတို့မြန်မာတွေ ပတ်ပျိုး၊ တေးထပ်၊ သီချင်းကြီး၊ သီချင်းခန့် သီဆိုသလို ဆိုကြတာပါ။ သံစဉ်၊ စာသား၊ ဓလေ့ထုံးစံ၊ ဝတ်စားဆင်ယဉ်မှုသာ မတူတယ်။ ကြေး၊ကြိုး၊ သားရေ၊ လေ၊ လက်ခုပ် အခြေခံတဲ့ တူရိယာ ၅ မျိုးထဲကတော့ ခွဲမထွက်နိုင်ခဲ့ပါဘူး။

ကောက်သစ်စပါးနံ့သင်းနေတဲ့ ခေါပြင်၊ ကောက်ညှင်းကျည်တောက်၊ ကောက်သစ်စပါးကို အမှုန့်ထောင်းထားတဲ့ ဆန်မှုန့်နဲ့ ကြိမ်ဖူး၊ ခရုရောချက်ထားတဲ့ တာလပေါဟင်းက ကရင်ရိုးရာ အစားအစာတခုပါ။ ဒီအစားအစာတွေနဲ့ အသက်ရှင်ရပ်တည်ပြီး ကရင့်တော်လှန်ရေးကို ဆင်နွှဲနေကြပါတယ်။ ကျမတို့ ဒီနေ့အသက်ရှင် ရပ်တည်နေရတဲ့ အဓိက အစာဖြစ်တဲ့ စပါးရဲ့ တန်ဖိုးကို ရိုးရာဓလေ့ထုံးစံတွေနဲ့ ထုံမွှန်းဂုဏ်ပြုတဲ့ ပွဲပါပဲ။ ကရင်နှစ်သစ်ကူးဟာ ရိုးရာယဉ်ကျေးမှုတွေနဲ့ လှချင်တိုင်းလှနေတော့တာ။

ကောက်သစ်စပါးဖြစ်ဖို့ စိုက်ပျိုးခဲ့တဲ့ စပါးစေ့တွေဟာ ချက်ချင်း ထသီး၊ ချက်ချင်း ကောက်သစ်ပေါ်ရတာ မဟုတ်ပါဘူး။ အဆင့်ဆင့်ဖြတ်သန်း အချိန်ယူစိုက်ပျိုးခဲ့ရပါတယ်။ ကျမတို့ မြန်မာနိုင်ငံမှာ မြေကြီးတွေက သိပ်ကို အရောင်အသွေး စုံပါတယ်။ ဒါ့ကြောင့်လည်း စိုက်ပျိုးရေးနိုင်ငံလို့ ဆိုကြတာပါ။ ဒီမြေကြီးပေါ်မှာ ဒီမိုကရေစီ စပါးမျိုးစေ့တွေ၊ ဘဝ၊ ချွေး၊ သွေး၊ အသက်တွေ အများကြီးနဲ့အတူ သမိုင်းများစွာ၊ မျိုးဆက်များစွာ ကြဲပက်ထားပါတယ်။

ဒီကောက်သစ်ပေါ်ချိန်မှာ ကျမတို့အားလုံး ရိတ်သိမ်းပျော်ရွှင်ရမယ်လို့ နက်နက်ရှိုင်းရှိုင်း ယုံကြည်နေမိပါတော့တယ်။

No comments:

Post a Comment