Monday, December 21, 2009

ကုလားတန် မြစ်ကြောင်း စီမံကိန်းကြောင့် ပိုင်ဆိုင်မှုများ ဆုံးရှုံးမည်ကို ဒေသခံများ စိုးရိမ်

Narinjara News


တာကလူး (နိရဉ္စရာ) ကုလားတန်မြစ်ကြောင်း စီမံကိန်းတွင် အဓိကကျသည့် စစ်တွေဆိပ်ကမ်းကို လာမည့် ၂၀၁၀-ခုနှစ်တွင် စတင် တည်ဆောက်တော့မည်ဟု သတင်းများ ထွက်ပေါ်လာခြင်းကြောင့် ပိုင်ဆိုင်မှုများ လက်လွတ် ဆုံးရှုံးရမည်ကို ဒေသခံများ စိုးရိမ်နေကြသည်။

စီမံကိန်းအရ စစ်တွေ ဆိပ်ကမ်းကို တိုးချဲ့တည်ဆောက်ရန် ရာတားသည့် မြေနေရာထဲတွင် ပြည်သူပိုင် အဆောက်အဦးများ ပါဝင်နေသည်သာမက လူနေရပ်ကွက်များနှင့် ဈေးများလည်း ပါဝင်နေ၍ ဖြစ်ကြောင်း ဖြစ်သည်ဟု စစ်တွေ ဒေသခံတစ်ဦးက ပြောသည်။

“ စစ်တွေ ဆိပ်ကမ်းကို စတင် တည်ဆောက်တော့မယ်လို့ သတင်းတွေ ထွက်လာတာနဲ့ လူတွေက စိုးရိမ် နေကြတာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆိပ်ကမ်းကို တိုးချဲ့ဖို့အတွက် ရာတားထားတဲ့ နေရာတွေထဲမှာ လက်ရှိ စစ်တွေ ဆိပ်ကမ်းနဲ့ အနီးကပ်ဆုံးမှာရှိတဲ့ ပြည်သူ့ဆေးရုံကြီး၊ စာတိုက်နဲ့ မြို့မဈေးကြီး အပါအ၀င် ကျေးပင်ကြီးရပ်ကွက်၊ အိုးတန်းရပ်ကွက်တွေထဲက အိမ်ယာမြေတွေ ပါဝင်နေတာကြောင့် ဖြစ်ပါတယ်။”

စစ်တွေမြို့မဈေးတွင် နှစ်အတော်ကြာအောင် ဈေးဆိုင်ခန်းများဖွင့်ပြီး သက်မွေး ၀မ်းကျောင်းပြုလာသူ စစ်တွေ ကျောင်းတက်လမ်း ရပ်ကွက်မှ ရွာသားတစ်ဦး ကလည်း သူ့သက်မွေးဝမ်းကျောင်း ဆုံးရှုံးရမည်ကို စိုးရိမ်ကြောင့် ယခုကဲ့သို့ပြောသည်။

“ကျွန်တော်တို့က ဒီမြို့မဈေးမှာ ဆိုင်ခန်းဖွင့်ပြီးလုပ်စားလာတာ အတော်ကြာပါပြီ။ ဆိပ်ကမ်း တိုးချဲ့လာရင် ဈေးအဖျက်ခံရမှာ သေချာနေတော့ လုပ်စားပျက်သွားမှာကို တွေးပြီး စိုးရိမ်နေရတာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။

မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ပြည်နယ် စစ်တွေဆိပ်ကမ်းမှ တဆင့် အိန္ဒိယ နိုင်ငံ၏ ကုန်းတွင်းပိုင်း ပင်လယ် ထွက်ပေါက် မရှိသော အရှေ့မြောက်ပိုင်းပြည်နယ်များနှင့် ကာလကတ္တားဆိပ်ကမ်းတို့ကို ဆက်သွယ်ရေး အပါအ၀င် အရှေ့တောင် အာရှ နိုင်ငံများနှင့် ကုန်သွယ်မှု တိုးမြှင့်လုပ်ဆောင်နိုင်ရန် ရည်ရွယ်ချက်များဖြင့် Kaladan Multi-Modal Transit Transport Project (ခေါ်) ကုလားတန် မြစ်ကြောင်း စီမံကိန်းကို အိန္ဒိယက မြန်မာ စစ်အစိုးရနှင့် လွန်ခဲ့သော ၂၀၀၈ ခုနှစ် ဧပြီလဆန်းပိုင်းက သဘောတူ လက်မှတ် ရေးထိုးခဲ့သည်။

အိန္ဒိယ၏ ၄င်းစီမံကိန်းတွင် စစ်တွေ ဆိပ်ကမ်းသည် အဓိက အချက်အချာကျသည့် နေရာတွင် တည်ရှိနေသည့် အတွက်ကြောင့် ဆိပ်ခံတံတားအပါအ၀င် ဆိပ်ကမ်းအဆောက်အအုံများကို အိန္ဒိယမှ Maritime ကုမ္ပဏီက လာမည့် ၂၀၁၀ ခုနှစ်အတွင်း စတင် တာဝန်ယူ ဆောက်လုပ်တော့မည် ဖြစ်သည်။

၎င်းအပြင် စစ်တွေမှ ချင်းပြည်နယ် ပလက်ဝမြို့ အထက် ကလက်ဝရွာ အထိ ၂၂၅ ကီလိုမီတာ ရှည်လားသည့် ကုလားတန် မြစ်ကြောင်းကိုလည်း တူးဖေါ် ပြုလုပ်သွားမည့်အပြင် စက်ပစ်ပြင် နှင့် အိန္ဒိယ မီဇူရမ်ပြည်နယ်တို့ကို ဆက်သွယ်မည့် ၆၂ ကီလိုမီတာ ရှည်လျားသော ကားလမ်းမပိုင်း ကိုလည်း ဖေါက်လုပ်သွားမည်ဖြစ်သည်။

စီမံကိန်းတစ်ခုလုံးကို (၂) နှစ်ကျော် ကာလအတွင်း အပြီးသတ်ပြုလုပ်သွားရန် အိန္ဒိယနှင့် မြန်မာစစ်အစိုးရတို့အကြား ဆုံးဖြတ်ခဲ့ ကြပြီးဖြစ်သည်။

နအဖ စစ်အစိုးရသည် ဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများတွင် နိုင်ငံတကာ ကုမ္ပဏီများ အတွက် ပြည်သူများ၏ ပိုင်ဆိုင်မှုများကို လျော်ကြေးတစုံတရာမပေးပဲ သိမ်းယူလျက်ရှိနေခြင်းကြောင်း ဒေသခံ ကျောင်းဆရာတစ်ဦး ကပြောသည်။

“ နအဖစစ်အစိုးရဟာ ရခိုင်ပြည်မှာ ဘာပဲလုပ်လုပ် ပြည်သူတွေ ဘ၀ပျက် နစ်နာနေကြရတာပါပဲ။ ဒေသတွင်း ဖွံ့ဖြိုးရေးအတွက် လုပ်တယ်ဆိုပြီး ပြည်သူတွေ ပိုင်ဆိုင်တဲ့ လယ်ယာမြေ၊ အိုးအိမ် ခြံမြေတွေကို လျော်ကြေး တစုံတရာ မပေးပဲ အဓမ္မ သိမ်းပိုက် ဖြိုဖျက် လိုက်တာတွေကြောင့် ဘ၀ပျက် ဆင်းရဲ သွားကြရတဲ့ လူတွေလဲ ရခိုင်မှာ အများကြီး ရှိပါတယ်။ ပြီးတော့ ပြည်သူတွေရဲ့ အကျိုးစီးပွားတွေကို မျက်ကွယ်ပြုပြီး နိုင်ငံခြား ကုမ္ပဏီတွေ၊ အစိုးရတွေနဲ့ ပေါင်းဖက်လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေရဲ့ ရေနံနဲ့ သဘာဓါတ်ငွေ့ ရှာဖွေ တူးဖေါ် နေမှုတွေကြောင့်လည်း ပြည်သူတွေရဲ့ ပိုင်ဆိုင်မှု၊ သက်မွေးဝမ်းကျောင်းမှုတွေ ဆုံးရှုံးနေရတာတွေအများကြီးပဲရှိပါတယ်။ အခုလည်း ကုလားတန် စီမံကိန်းကြောင့် လူထုတွေကို အကျိုး မဖြစ်ဘဲ အကျိုးယုတ်မာကို လူတွေက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။”

အဆိုပါ စီမံကိန်းအတွက် မြစ်ကြောင်း တိုင်းထွာမူများ အပါအ၀င် တခြား စစ်ဆေးမူများမှာလည်း ပြီးစီးသွားပြီ ဖြစ်သဖြင့် များမကြာမီ စီမံကိန်းများကို စတင် အကောင်အထည်ဖေါ် နိုင်ကြောင်း လေ့လာ သုံးသပ်သူများက ပြောသည်။


No comments:

Post a Comment