Saturday, December 26, 2009

ခံတပ်တခု ပြိုခြင်း


(၁)

စာများ အတွင်းမှ ဇာတ်ကောင်များသည် အပြင်တွင် အမှန်ပင်ရှိသည့်အလား ရင်းနှီးနေကြရသည့် သူများရှိ၏။ ဆရာမောင်ထင်၏ ငဘ….။ ဆရာ ဗန်းမော် တင်အောင်၏ ဒေါက်တာရေချမ်း …. ငသြ။ ဆရာ သိန်းဖေမြင့်၏ ကိုညိုထွန်း….၊ မခင်ထား….။ ဆရာဒဂုန်တာရာ၏ မေ….။ ဆရာမြသန်းတင့်၏။ သံချောင်း….၊ ကိုနန္ဒ။ ဆရာ ဆင်ဖြူကျွန်း အောင်သိန်း၏ ကိုဆေးရိုး …. စသည့်ဖြင့် … စသော သူများက … အပြင်တွင် အမှန်ပင် ရှိသည့်အလား…. ကျနော်တို့ စိတ်တွင် စွဲထင်၍ ရင်းနှီးနေ၏။ ဝတ္ထုထဲမှ ဇာတ်ကောင်များဟူ၍ မထင်….။


ထိုထိုသော ဇာတ်ကောင်များတွင် ဆရာ အီကြာကွေး၏ ဆိုက်ကားဆရာ စာကလေး၊ ဟာကြူလီ ငပျော့ … ဂုရုကွေး၊ ပုဂံရာမမှ ကိုရင်အီကွေးလျား၊ ကိုရင်ပျော့နှင့် အိုမိသင်၊ အိုဇာယုတို့လည်း ပါ၏။ ဆရာက ဂုရုကွေး၊ ဟာကြူလီငပျော့၊ စာကလေးတို့နှင့် အတူ ….မျက်မှောက်ပြုနေရသည့် ခေတ်ကို သရော်၏။ ထေ့၏။ ဟား၏။ အကျပ်အတည်း အခက်အခဲများကို ရယ်မော်ဖွယ်ရာလုပ်၍ ကလိ၏။ ဆရာက …. အထေ့၊ အသော့ရေးသည့် ဟာသစာရေးဆရာဟု ဆိုရမည်။ မြန်မာစာပေ၏ ‘အထေ့၊ အသော့၊ ဟာသ’ စာပေမျက်နှာစာ ခံစစ်စည်းတွင် ဆရာအီကြာကွေးသည်က မားမားထည်ထည် ရပ်ခံထားသည့် ခံတပ်တခု….။

၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ဆရာအီကြာကွေး ကွယ်လွန်ကြောင်း သတင်းကြားရ၏။ အာရုံတွင်မူ …. တစစီ ပြိုကျပျက်စီးနေသည့် ခံတပ်ကြီးတခုကို မြင်နေရ၏။


(၂)

မြန်မာစာပေတွင် ဟာသနှင့် သရော်စာရေးသည့် စာရေးဆရာဟူ၍ နည်း၏။ ရှား၏။ ရှားသည်ဟူသည်က … မရှိသလောက်ပင်….။ မျိုးစိတ်ပြုန်းမည့် အခြေအနေ…။ လက်ချိုး၍ ရေတွက်လျှင် … လက်တဖက်တည်းနှင့်ပင် ရ၏။ လုံလောက်၏။ ဆရာသော်တာဆွေ…ဆရာအီကြာကွေး…။ သွားပြီ။ ဆက်၍လက်ချိုးရန်က စဉ်းစားရပြီ။ ထားတော့….။ ယခုမူ …. ဆရာတို့နှစ်ဦးလုံးက မရှိတော့…။ ကွယ်လွန်ခဲ့ကြလေပြီ။

မြန်မာစာပေ၏ ဟာသနှင့် သရော်စာ ခံစစ်စည်းများက တစည်းပြီးတစည်း ကျိုးပေါက်၍နေ၏။ ခံတုတ်ကျင်းများက တခုပြီး၊ တခု ပြို၍နေသည်။ ဆရာတို့နှစ်ဦး ပထမဦးဆုံးအကြိမ် တွေ့ဆုံခဲ့ကြသည်က … ကြည်နူးပျော်ရွှင်ဖွယ်ရာများနှင့်….။

ရှုမဝတိုက်တွင် ဆုံတွေ့ကြခြင်းဖြစ်သည်။ ဆရာသော်တာဆွေက …. လျှမ်းလျှမ်းတောက် ဟာသစာရေးဆရာကြီး …။ ရှုမဝ၏ ပင်တိုင်စာရေးဆရာ…။ ဆရာအီကြာကွေး (ဓနုဖြူ) က ရှုမဝ၏ ‘အဟိကဏ္ဍ’ တွင် ကဗျာလေးတပုဒ်၊ နှစ်ပုဒ် တမျက်နှာဝတ္ထုလေးတပုဒ် နှစ်ပုဒ် … ထည့်သွင်းဖော်ပြခြင်း ခံရကာစ စာရေးဆရာ ….။ အီကြာကွေးစစ်စစ် မဖြစ်သေး … အနောက်တွင် ကွင်းစကွင်းပိတ်နှင့် ဓနုဖြူကြီးက ပါနေသေး၏။

ရှုမဝဦးကျော်၏ သားက ဆရာသော်တာဆွေနှင့် ဆရာအီကြာကွေးကို မိတ်ဆက်ပေး၏။
“ဦးလေး ကျနော့်သူငယ်ချင်းက ဦးလေးနဲ့ သိချင်လို့တဲ့”
“အေ သိချင်ရင် သိလို့ရပါတယ်။ မင်းက ဘယ်ကလဲ၊ ရန်ကုန်ကလား”
“ မဟုတ်ဘူးခင်ဗျ၊ ကျနော် ဓနုဖြူကပါ”
“ဘာလုပ်သလဲ…”
“ကျနော် အသင်း လုပ်တယ်”
“ဟေ…”
“ဘာအသင်းလဲ။ ရေကြည်တော်ဝတ်အသင်းလား၊ တံမြက်လှည်းအသင်းလား၊ မင်းအရွယ်နဲ့ နိုင်ငံရေးအသင်းတော့ မဖြစ်နိုင်ဘူး”
“မဟုတ်ပါဘူး။ ကျနော်လုပ်တဲ့အသင်းက စာပေဝါသနာရှင်များအသင်းပါ။ ဓနုဖြူမှာပါ”
“အေး …. အဲဒါဆို ဝါသနာရှင်ဘဝနဲ့ ရပ်မနေနဲ့။ စာလေးဘာလေးရေး၊ စာရေးဆရာဖြစ်အောင်လုပ်။ အရက်ကလေး ဘာလေးသောက်၊ ဝါသနာပါရင် ကြက်ကလေးဘာလေး တိုက်”
“သူရေးတယ် ဦးလေးဆွေ၊ ကျနော်တို့ ရှုမဝအဟိကဏ္ဍမှာ ရေးတာ။ သူ့သရုပ်ဖော်ပုံတွေ ကျနော်ဆွဲတယ်”
“ဟေ့ကောင် မင်းဘယ်သူလဲ။ ပြောစမ်း မြန်မြန်”
“ အီကြာကွေး (ဓနုဖြူ) ဆိုတာ သူလေ”
“ခွေးမသား လက်စသတ်တော့ မင်းကိုး” ဟု ပြောပြီး ခေါင်းကို လှမ်းပုတ်သည်။ နာအောင်မပုတ်ပါ။ ခေါင်းကိုပုတ်ပြီး မောင်ဆွေတင့်ဘက် လှည့်သည်။
“မင်း အလကားကောင်ပဲ မောင်ဆွေ”
“ဘာ အလကားလဲ ဦးလေး”
“ဒီကောင် အီကြာကွေးဆိုတာ ချက်ချင်းပြောလည်း ပြီးသားနဲ့။ ဟေ့ကောင် ... အီကြာကွေး မင်းလည်း အလကားကောင်ပဲ”
“ ဘာဖြစ်လို့လဲ ဆရာ…..”
“မင်းဟာမင်း ပြောလည်း ရသားနဲ့၊ မောင်ဆွေနဲ့ မိတ်ဆက်ခိုင်းနေရသေးတယ်”
“ဟား…ဟား…ဟား ငါက မင်းတို့လို အလကားကောင်မဟုတ်ဘူး။ ပိုက်ဆံနဲ့ကောင်ကွ။ ခုလေးတင် ကိုကျော့်ဆီက အနိုင်ကျင့်ပြီး စာမူခထုတ်ထားတာ။ ဟေ့ကောင်…. မင်းအရက်သောက်မလား၊ ငါတိုက်မယ်၊ တာဝါဘားမှာ တိုက်မယ်”
“ကျ … ကျနော် အရက်မသောက်တတ်ဘူးဆရာ”
“မသောက်တတ်ရင် သောက်တတ်အောင်လုပ်”
“မလုပ်ပါရစေနဲ့ဆရာ….”
ဤတွင် ဆရာသော်တာဆွေက တဟားဟားအော်ရယ်ပြီး ကောက်ချက်ချသည်။
“မင်း အလကားကောင်ဆိုတာ ငါ သေသေချာချာ သိသွားပြီ”
ကြည်နူးပျော်ရွှင်ဖွယ် ဆရာနှစ်ဦး၏ ဆုံတွေ့ခဲ့မှုက …. ယခုမူ လွမ်းမောဖွယ်ရာ ဖြစ်၍နေ၏။

(၃)

ဆရာက … ငယ်စဉ်ကပင် မိဘနှစ်ပါးလုံးကမရှိ…။ အဘိုး၊ ဘကြီး၊ အဒေါ်တို့၏ လက်ဝယ်တွင်ပင် ကြီးပြင်းခဲ့ရ၏။ အိမ်တောင်မရှိ တကိုယ်ရေ၊ တကာယသမား ဖြစ်သော်လည်း ဘကြီး၊ အဒေါ်တို့နှင့် အတူနေ၍ ဘကြီး၊ အဒေါ်တို့ကို ပြုစုစောင့်ရှောက်ရ၏။ ဓနုဖြူမှ အားလုံးပြောင်းရွှေ့ခဲ့ကြပြီး၊ ရန်ကုန်မြို့တော် တောင်ဥက္ကလာပ၊ မင်္ဂလာလမ်း ၁၂ ရပ်ကွက်ရှိ နေအိမ်တွင် နေသည်။ လမ်း၏တဖက် ၁၃ ရပ်ကွက်ထိပ်တွင်က ဆရာဗန်းမော်တင်အောင် နေ၏။

ဆရာက စာရေးခြင်းတခုတည်းနှင့်ပင် ရပ်တည်နိုင်ရန် ကြိုးစား၏။ မလွယ်…။ အိမ်ရှေ့ဖိနပ်ချွတ်၏ ခေါင်းရင်းဘက်အခြမ်းကို ကန့်ပြီး စာအုပ်အငှားဆိုင်လေး ဖွင့်ရ၏။ ဆိုင်၏ နာမည်က …. ‘နေရဉ္စရာ’ စာပေ…။ ဆိုင်းဘုတ်ကို ၁၂ ရပ်ကွက်၊ မာဃ ၇ လမ်းတွင် နေသည့် ပန်းချီဆရာ ဦအောင်သန်းကြီးက ရေးပေး၏။ ငွေကြေးမယူ…။ ဆိုင်းဘုတ်ရေးပြီး၍ နှစ်ယောက်သား လက်ဖက်ရည်ဆိုင်ထိုင်ပြီး လက်ဖက်ရည်တိုက်ခြင်းနှင့်ပင် ပြီး၏။ အနုပညာသည်အချင်းချင်း ဝိုင်းဝန်းကြ၏။

လုံးချင်းဝတ္ထုစာအုပ်များက တအုပ်လျှင် … နှစ်ကျပ်၊ သုံးကျပ်…။ စံရွှေမြင့်၊ ထွန်းမင်းလတ်၊ ကြံ့ဗဟုန်း …. စသည့် ရုပ်ပြကာတွန်းများကမူ … တကျပ်ခေတ်…။ ငှားရမ်းခက … တရက်လျှင် …. ဆယ်ပြား၊ ဆယ့်ငါးပြား၊ တမတ်…။ မဂ္ဂဇင်းများက ဆရာရေးသည့် မဂ္ဂဇင်းတိုက်များမှရော …. ဆရာမရေးသည့် မဂ္ဂဇင်းတိုက်များကပါ လက်ဆောင်ရသဖြင့် ဝယ်စရာမလို….။ အခြားအခြားသော စာအုပ်တိုက်များကလည်း ဆရာ စာအုပ်အငှားဆိုင်ဖွင့်သည်ဟူ၍ ကြားသည့်အတွက် လက်ဆောင်ပေးကြ၏။

ဤသို့နှင့်….ဆရာ့၏ ‘နေရဉ္စရာ’စာအုပ်အငှားဆိုင်လေး ဖြစ်သွား၏။ ဆရာ့မိသားစုအတွက် နေ့စဉ်ဝင်ငွေ ရှိသွား၏။ ဆိုင်ပိတ်လျှင် …. ငါးပြားစေ့၊ ဆယ်ပြားစေ့…မတ်စေ့သံတို့က တချွင်ချွင်နှင့်…။

ဆရာက … နေ့ခင်းတွင် စာရေး … ပြီးလျှင် မြို့ထဲသို့သွားပြီး စာမူများလိုက်ပို့၏။ အပြန်တွင် စာအုပ်များယူလာ … အိမ်ရောက်လျှင် …. စာအုပ်များကို အဖုံးချုပ်၏။ ညနေတွင်မူ … စာအုပ်အငှားဆိုင် ဖွင့်၏။ စာအုပ်စာရင်း ရေးမှတ်လိုက်၊ စာအုပ်များကို စီလိုက်နှင့် ဆရာက … စွပ်ကျယ်ချိုင်းပြတ်နှင့် ချွေးသံတရွဲရွဲ…။ ဆိုင်သိမ်းပြီးလျှင်မူ …. စာပြန်ရေး၏။

ဆရာက …. ၂၄ နာရီအတွင်း စာရေးဆရာဖြစ်လိုက်၊ စာအုပ်အငှားဆိုင်ရှင်ဖြစ်လိုက်နှင့် …. ဆရာ၏ တခါက နှစ်ဘဝ…။

(၄)

စာအုပ်အငှားဆိုင် ‘နေရဉ္စရာ’ မဖွင့်မီက … ဆရာသည် မြစ်ရိုး၊ ချောင်းရိုးတလျှောက် …. တရိုးဝင်၊ တချောင်းကူးနှင့် ဈေးရောင်းခဲ့သေး၏။ ဆရာတို့နေသည့် တောင်ဥက္ကလာ ၉ ရပ်ကွက်တွင် ဓနုဖြူမှ ဦးဘိုးချမ်း၏ သမီး ဒေါ်စိန်သောင်း နေ၏။ ဒေါ်စိန်သောင်းက ရွှေရည်စိမ်လုပ်ငန်း လုပ်၏။ လက်စွပ်၊ လက်ကောက်၊ ဆွဲကြိုး … ဆွဲပြား၊ နာရီကြိုး၊ ဟမ်းချိန်း … ရွှေရည်စိမ်များ…။ ရွှေရည်စိမ်လက်ရာက ရွှေနှင့် ခွဲမရ…။

ဆရာ့ဘကြီး ဦးကျော်ဒင်က …. အာမခံပြီး ပစည်းများကို အကြွေးယူပေး၏။ ဆရာက….ဝါးခယ်မ၊ လမ်းသမိုင်၊ ကျုံပေါက်ကွင်းတလျှောက် ရွာစဉ်အလိုက်ရောင်း၏။ ရောင်းပြီးမှ ငွေပြန်ချေသည်။ ‘ခေါက်ပြန်ချေ’ ပုံစံ…။ ကျုံပေါက်ရွာမှ ဆရာ့သူငယ်ချင်း ဖိုးကြုတ်က လှေလှော်၏။ ကျုံပေါက်ချောင်း အရီးမအုန်းပွင့်ချောင်း….။ တချောင်းဝင်၊ တချောင်းထွက်….။ တတဲဝင်၊ တတဲထွက်…။ နံနက်စောစောမှသည် ညမိုးချုပ်သည့်တိုင် လယ်တဲများကို လှည့်၍ရောင်းချရခြင်း ဖြစ်သည်။ ညတွင်မူ …. ကျုံပေါက်မှ ဖိုးကြုပ်၏ တဲ၌ ပြန်နား၏။ ထိုအခါမှ …. မီးခွက်တလုံးနှင့် တကုတ်ကုတ် စာရေးရ၏။ သန်းခေါင်းယံကြက်တွန်သည်အထိ ရေး၏။
ဆရာက …. ဈေးသည်ကြီး၊ စာရေးဆရာ …. ဖြစ်၍နေသည်။


(၅)

ဆရာက …. ဆရာ့ဇာတိမြေ ဓနုဖြူရှိ ကျိုက်ကလွန်ဗွန် စေတီတော်၏ တန်ဆောင်းတော်ကြီးတခုကို မကွယ်လွန်မီအထိ ပြုပြင်ခဲ့၏။ ထိုတန်ဆောင်းတော်ကြီးက ဆရာ၏ အဘိုး ဦးကံကြီး တည်ဆောက်လှူဒါန်းခဲ့သည့် တန်ဆောင်းတော်ကြီးဖြစ်သည်။ နှစ်ပေါင်းတရာကျော်ပြီဖြစ်သည့် တန်ဆောင်းတော်ကြီး….။ ဒုတိယကမ္ဘာစစ်၊ စစ်ပြေးစဉ်က ဆရာတို့ ထိုတန်ဆောင်ကြီးတွင် ခိုခဲ့ကြရ၏။ ယခုမူ အပျက်အစီး၊ အယိုအယွင်းများနှင့်….။ ဆရာက … စာရေး၍ရသည့် စာမူခ…၊ စာဆိုတော်ပွဲများတွင် ဟော၍ပြော၍ ရသည့် ဝတ္ထုအစုစု …. တို့ကို စားရန်ချန်ပြီး၊ ကျန်သည့် ငွေနှင့် တန်ဆောင်းကြီးကို ပြုပြင်၏။ ၁ဝ ကျော်ခဲ့ပြီ….။ ပြီးလျှင် …. ဆရာက …. သူကွယ်လွန်ပြီးပါက …. သူနေထိုင်ခဲ့သည့် တောင်ဥက္ကလာမှ နေအိမ်ကို သာသနာရေးဝန်ကြီးဌာနသို့ လှူဒါန်းခဲ့၏။ ဓနုဖြူ ကျိုက္ကလွန်ဗွန်းဘုရားကို ရည်းစူး၍ဖြစ်၏။

ဆရာက … ငယ်စဉ်ကပင် …. ဆရာမိဘနှစ်ပါး မရှိတော့ ….။ အဘိုး၊ အဘွား၊ ဘကြီး၊ အဒေါ်တို့နှင့် ကြီးပြင်းခဲ့ရ၏။ နောက် … အဘိုး ဦးကံကြီး အနိစ္စရောက်သည်။ ပြီးလျှင် …. ဘကြီးဦးကျော်ဒင် ဆုံးပါး၏။ နောက်ဆုံး … အဒေါ် ဒေါ်နုနု ကွယ်လွန်ပြန်သည်။ ဆရာက …. မိသားစုတွင် တဦးတည်း …. တယောက်တည်း ကျန်၏။

မဟေသီမဂ္ဂဇင်း၌ …. ဆရာဟိန်းလတ်နှင့် အင်တာဗျူးတခုတွင် ဆရာပြောခဲ့သည်ကို အမှတ်ရမိ၏။
“… ဦးကံကြီး ဂျင်နရေးရှင်း … အဘိုးဦးကံကြီးမျိုးဆက်က ကျနော်ကွယ်လွန်ရင် … သည်တွင် ပြီးဆုံးပါပြီ….”
၂ဝဝ၉ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ဆရာကွယ်လွန်ခဲ့၏။ ဆရာပြောခဲ့သကဲ့သို့ … “ဦးကံကြီး၏ မျိုးဆက်က … သည်တွင် ပြီးပါပြီ …” ဟူ၍။

သို့သော် … မြန်မာစာပေ၏ ဟာသနှင့် သရော်စာ ခံစစ်စည်းတွင်ကား …. ခံတပ်တခု ပြိုလေခြင်း….။


No comments:

Post a Comment