Friday, December 4, 2009

ဒေါ်အောင်ဆန်းစုကြည်အယူခံပြင်ဆင်ခွင့် လျှောက်လဲချက်အတွက် ရုံးချိန်းပေး

မင်းနိုင်သူ / ၄ ဒီဇင်ဘာ ၂၀၀၉

ဒေါ်အောင်ဆန်း စုကြည် အမှု အယူ ခံပြင်ဆင်ခွင့်အတွက် လျှောက်လဲ ချက်ကြား နာမည့် ရုံးချိန်ကို ယနေ့ ဗဟို တရားရုံးက ထုတ်ပြန် လိုက်ပြီဖြစ် ကြောင်း ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။

“ကျနော်တို့ အယူခံပြင်ဆင်ခွင့်အတွက် ဒီလ (၂၁) ရက်နေ့ ဗဟို တရား ရုံးမှာ လျှောက်လဲချက် ပေးရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

နေအိမ် အကျယ် ချုပ်ဖြင့် အထိန်း သိမ်းခံ နေရသော ဒေါ်အောင်ဆန်း စုကြည်၏ နေအိမ်ခြံဝင်း အတွင်း အမေရိကန် နိုင်ငံသား ၀င် ရောက် ခဲ့မှုကြောင့် နေအိမ် အကျယ်ချုပ် ဖောက်ဖျက် မှုဖြင့် အင်းစိန် ခရိုင်အထူး တရား ရုံးက ပြစ်ဒဏ်များ ချမှတ်ခဲ့မှု အပေါ် ရန်ကုန် တိုင်း တရားရုံးသို့ အယူခံ တင်ခဲ့ရာ တိုင်းတရား ရုံးက အောက်တိုဘာ (၂) ရက်တွင် အယူခံ အမှုကို ပယ်ချခဲ့သည်။

ထို့အတွက် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ဗဟိုတရားရုံးသို့ အယူခံပြင်ဆင်ခွင့်ကို နိုဝင်ဘာ (၁၃) ရက်တွင် တင်သွင်းခဲ့ရာ ရက်သတ္တ (၂) ပတ်ကျော်ကြာပြီးနောက် ဗဟိုတရားရုံးက လျှောက်လဲချက်ပေးရမည့် ရုံးချိန်း ထုတ်ပြန်ပေးလိုက်ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ဒေါ်အောင်ဆန်းစုကြည်အပေါ် ၁၉၇၄ ခုနှစ် အခြေခံဥပဒေကို အသုံးပြု၍ ကန့်သတ်တားဆီးမိန့်များ ချမှတ်ခဲ့ခြင်းသည် သက်ဝင်မှုမရှိတော့သည့် ဥပဒေကို အသုံးပြုထားခြင်းဖြစ်ကြောင်း အမှုတလျှောက်လုံး ခုခံချေပ တင်ပြလျှောက်လဲခဲ့ကြသည်။

အဆိုပါ တင်ပြလျှောက်လဲချက်ကို ရန်ကုန်တိုင်းတရားရုံးက လက်ခံခဲ့ပြီး ၁၉၇၄ ခုနှစ် အခြေခံဥပဒေမရှိတော့ဟု စီရင်ချက်တွင် ဖော်ပြခဲ့သော်လည်း ၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေအရ အောက်ရုံးအမိန့်ကို အတည်ပြုသည်ဟုဆိုကာ အယူခံကို ပယ်ချခဲ့သည်။

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် စစ်အစိုးရသက်တမ်း နှစ်ပေါင်း (၂၀) ကျော်အတွင်း (၁၄) နှစ် ကျော်ကြာ နေအိမ်အကျယ်ချုပ်ဖြင့် နေနေရသည်။

No comments:

Post a Comment