Friday, December 4, 2009

တစညကို မထောက်ခံကြောင်း အော်ဟစ်သဖြင့် ရွာသားတဦး ထိန်းသိမ်းခံရ

ငြိမ်းချမ်း သောကြာနေ့၊ ဒီဇင်ဘာလ 04 ရက် 2009

ဒါကာ (မဇ္ဈိမ)။ ။ နိုင်ငံရေး ပါတီ တခုဖြစ်သည့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ (တစည) ၏ ရခိုင်ပြည်နယ် မောင်တောမြို့ နယ်တွင်း မဲဆွယ် စည်းရုံး ပွဲ၌ ရွာသား တဦးက မထောက်ခံကြောင်း အော်ဟစ် ပြောဆိုသဖြင့် ဒေသ အာဏာပိုင် များက ခေတ္တမျှ ခေါ်ယူ ထိန်းသိမ်း ခဲ့ကြောင်း ဒေသခံ များက ဆိုသည်။

ပြီးခဲ့သည့်လ ၂၆ ရက်နေ့က မောင်တောမြို့နယ် ကျောက်ပန်းတူ ရွာသားများကို စစ်ခေါင်းဆောင်များနှင့် နီးစပ်သည့် တစညပါတီမှ မဲဆွယ်စည်းရုံးရေး ဟောပြောနေစဉ် ၂၅ နှစ်အရွယ် ရွာသား ကိုသန်းဝင်းက မထောက်ခံကြောင်း အော်ဟစ်ရာမှ နောက်တရက်တွင် နယ်စပ်ဒေသ စစ်ဆေးရေးနှင့် ကွပ်ကဲရေးဌာန (နစက) က ခေါ်ယူထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။

“တစညက ရွာသားတွေကို ခေါ်တော့ မောင်သန်းဝင်းလည်း တက်တယ်။ အစည်းအဝေးထဲမှာ ဦးဘသိန်း (စည်းရုံးရေးမှူး၊ မောင်တောမြို့နယ်) က ပြောနေတဲ့ အချိန်မှာ သူက လူကြားထဲကနေ 'မထောက်ခံနိုင်ဘူး' လို့ ထအော်တာ။ သူ့ကို ၂၇ ရက်နေ့ မနက် ၉ နာရီလောက်ကတည်းက ခေါ်သွားတာ။ ညနေ ၆ နာရီလောက်မှ ပြန်လွှတ်ပေးလိုက်တယ်” ဟု ကျောက်ပန်းတူရွာသား ကိုဝင်းမောင်က မဇ္ဈိမကို ပြောပြသည်။

နစက နယ်မြေ အမှတ် ၈ မှ တပ်ကြပ်ကြီး တင်စိုးနိုင်နှင့် တပ်သား ၃ ဦးက ကိုသန်းဝင်းကို နေအိမ်မှ မြင်းလွတ်ရွာ အခြေစိုက် နယ်မြေ ၈ ဌာနချုပ်ရှိ ဗိုလ်မှူး စိန်ဝင်းထံ ခေါ်ဆောင်သွားခဲ့ကြောင်း သူက ပြောသည်။

“လာမယ့် ၂၀၁၀ မှာ လုပ်မယ့် ရွေးကောက်ပွဲမှာ စတညပါတီကို ထောက်ခံမဲပေးဖို့၊ သူတို့ပါတီက အာဏာရရင် ပြည်သူတွေအတွက် ဒီ့ထက်ပိုပြီး တိုးတက်အောင် လုပ်ဆောင်ပေးမယ်လို့ ပြောသွားတယ်” ဟု အခြား ကျောက်ပန်းတူ ရွာသားတဦးက မဲဆွယ်စည်းရုံးပွဲအတွင်း ဟောပြောခဲ့သည်များကို ပြန်ပြောပြသည်။

နိုဝင်ဘာလ ၂၄ ရက်နေ့မှ စတင်၍ မြို့နယ်စည်းရုံးရေးမှူး ဦးဘသိန်းက ဦးဆောင်ပြီး မဲဆွယ်စည်းရုံးမှုများ ပြုလုပ်လျက်ရှိရာ မောင်တောမြို့နယ်ရှိ ကျောက်ပန်တူ၊ အလယ်သံကျော်၊ အင်ဒင်း၊ မြင်းလွတ်၊ ကူတောင်ရွာများတွင် ဟောပြောပွဲများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ ကျန်ရှိသည့် ကျေးရွာများသို့လည်း ဆက်လက်၍ ပြုလုပ်လျက်ရှိကြောင်း မောင်တောမြို့သား ကိုမောင်ငွေက ပြောသည်။

ထို့အပြင် တစညသည် ရခိုင်ပြည်နယ်အတွင်း ရသေ့တောင်နှင့် ဘူးသီးတောင်တွင်လည်း ပြီးခဲ့သည့် အောက်တိုဘာလမှ စတင်၍ မဲဆွယ်စည်းရုံးရေး ပြုလုပ်ခဲ့ကြောင်း ရသေ့တောင်မြို့ခံ ဦးတင်မောင်ခိုင် အဆိုအရ သိရသည်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီသည် အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်းက ဦးဆောင်၍ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့ တွင် တည်ထောင်ခဲ့သည့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) မှ အမည်ပြောင်းလဲ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး လူထုတောင်းဆိုဆန္ဒပြပွဲများ ဖြစ်ပွားပြီးနောက် ၁၉၉၀ ခုနှစ် မေလ ၂၇ ရက်နေ့တွင် အာဏာသိမ်း စစ်အစိုးရက ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးခဲ့ရာ မဆလ ပါတီခေါင်းဆောင်များက တစည ပါတီအမည်အဖြစ် ပြောင်းလဲကာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

ထိုရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၄၈၅ နေရာ တည်ရှိခဲ့ရာ တစည သည် မဲဆန္ဒနယ်မြေ ၁၀ နေရာတွင် အနိုင်ရရှိခဲ့ပြီး နိုင်ငံတဝှမ်း၌ စတုတ္ထမြောက် လွှတ်တော်ကိုယ်စားလှယ် အများဆုံး ရရှိခဲ့သည့် ပါတီဖြစ်သည်။ ပါတီပေါင်း ၉၃ ပါတီ ယှဉ်ပြိုင်ခဲ့ရာ ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် လွှတ်တော် ကိုယ်စားလှယ် ၂၃ ဦးဖြင့် ဒုတိယ အများဆုံး၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်မှာ ၁၁ နေရာဖြင့် တတိယနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၃၉၂ နေရာ (၈၀ရာခိုင်နှုန်းကျော်)ဖြင့် လွှတ်တော်ကိုယ်စားလှယ် အများဆုံး ရွေးကောက်ခံခဲ့ရသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ်လောင်း ၂၃၈၀ ဦး ယှဉ်ပြိုင်ခဲ့ကြသည်။

လက်ရှိ စစ်အစိုးရက လာမည့်နှစ်အတွင်း ရွေးကောက်ပွဲများ ကျင်းပပေးသွားမည်ဟု ကြေညာထားသော်လည်း ယခုအချိန်အထိ ရွေးကောက်ပွဲဥပဒေကိုပင် ထုတ်ဖော်ကြေညာခြင်း မရှိသေးပါ။

ထိုသို့သော အခြေအနေတွင် တစည ပါတီက ရခိုင်ပြည်နယ်အတွင်း မဲဆွယ်စည်းရုံးရေးဆင်းနေခြင်း ဖြစ်သည်။

No comments:

Post a Comment