Monday, December 28, 2009

ဝတပ်ဖွဲ့ နယ်ခြားစောင့်တပ် လက်ခံဖို့ဆိုတာ

ပေါက်ပေါက်


နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းဖို့ အခုချိန်အထိ ငြင်းဆန်နေတဲ့ အပစ်ခတ်ရပ် တိုင်းရင်းသားအဖွဲ့အစည်းတွေအနက် ရှမ်းပြည်နယ် အထူးဒေသ (၂)၊ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ခေါ် ၀တပ်ဖွဲ့ဟာ သက်တမ်းအနုဆုံးအဖွဲ့ ဖြစ်သော်ငြား နအဖနဲ့ ဆွေးနွေးရာမှာတော့ တင်းတင်းမာမာ အဖြစ်ဆုံးပါ။

ဒီလိုဖြစ်နေတာကလည်း မိမိရဲ့လူသူလက်နက်အင်အား၊ တိုက်ခိုက်စွမ်းရည်ကို ယုံကြည်တာထက် မိမိတို့ရဲ့နယ်မြေ၊ ပစ္စည်းဥစ္စာဓန ကာကွယ်လိုစိတ်အပေါ် အခြေခံထားတယ်ဆိုတာကို ၀တပ်မှူးတွေနဲ့ စကားပြောခွင့်ကြုံတိုင်း သတိထားမိပါတယ်။ တနည်းအားဖြင့် မိမိဒေသကာကွယ်ရေး တရားသောစစ်ပွဲ ဆင်နွှဲဖို့အတွက် စိတ်ဓာတ်ရေးရာအရ ပြင်ဆင်ထားနေကြပုံရပါတယ်။

ဝတပ်ဖွဲ့ဟာ ပြည်သူ့စစ်တပ်ဖွဲ့အပါအ၀င် လက်နက်ကိုင်စစ်သည်အင်အား (၃) သောင်းဝန်းကျင် ရှိနိုင်တာမို့ အခြားသော အပစ်ရပ်အဖွဲ့တွေထက် အင်အားအတောင့်တင်းဆုံးလည်း ဖြစ်ပါတယ်။ တကယ်တမ်းပြောရရင် ဒီအင်အားနဲ့ စစ်အာဏာသိမ်း အနှစ် (၂၀) ကျော်ကာလတလျှောက်လုံး အင်အားတိုးချဲ့၊ လက်နက်တပ်ဆင်မှုတွေ အမြဲမပြတ်လုပ်လာခဲ့တဲ့ နအဖတပ်ကို ရေရှည်ခုခံတိုက်ခိုက်ဖို့ဆိုတာ လုံလောက်တဲ့ အင်အားတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း မိမိနယ်မြေနဲ့ ဥစ္စာပစ္စည်းဓန အဆုံးရှုံးမခံရရေးအတွက် စစ်ပွဲကို မတိုက်လိုသော်ငြား တိုက်ပွဲဝင်ဖို့တော့ အသင့်ပြင်ထားကြပါတယ်။

ဝတပ်ဖွဲ့အနေနဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံသေးတဲ့ အဓိကအကြောင်းတခုက နအဖဘက်က ပေးထားတဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ စစ်ရေးဆိုင်ရာ ကတိက၀တ်တွေ ချိုးဖျက်ခံထားရပြီး ယုံကြည်မှု ကင်းမဲ့နေလို့ ဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်၊ ဧပြီလမှာ ဗမာပြည်ကွန်မြူနစ်ပါတီကို အာဏာသိမ်း၊ အပစ်ခတ်ရပ်စဲရေး လုပ်ကြတော့ နိုင်ငံရေးကိစ္စကို နောင်တက်လာမယ့် အစိုးရနဲ့သာ ဆွေးနွေးမယ်ဆိုတဲ့ အခြေခံမူအောက်မှာ အပစ်ခတ်ရပ်စဲရေး ပြုလုပ်ခဲ့ကြပါတယ်။ အခုအခါမှာတော့ နောင်တက်လာမယ့် အစိုးရ ဆိုတဲ့စကားကို နအဖဘက်က လက်မခံတော့ဘဲ ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ ဖြေရှင်းမယ်ဆိုပြီး ဖိအားပေး အကျပ်ကိုင်နေပါတယ်။ အခုနောက်ဆုံး ဒီနှစ်မကုန်ခင် နယ်ခြားစောင့်တပ် ဖွဲ့စည်းဖို့ အကြောင်းပြန်ရမယ်လို့ ဖိအားပေးနေပါတယ်။

အပစ်ခတ်ရပ်စဲရေးလုပ်တဲ့အချိန်က စီးပွားရေးကို လွတ်လပ်စွာ လုပ်ခွင့်ရတဲ့ အခြေအနေအောက်မှာ ၀တပ်ဖွဲ့က မူးယစ်ဆေးဝါး ထုတ်လုပ်ခဲ့ကြပါတယ်။ ထွက်ရှိလာတဲ့ မူးယစ်ဆေးဝါးတွေကို ပြည်တွင်းလမ်းကြောင်းတွေကသာ သယ်ယူနေခဲ့တာမို့ နအဖ ဒေသဆိုင်ရာ တိုင်းမှူး၊ တပ်မှူးအပါအ၀င် ဒေသဆိုင်ရာ အာဏာပိုင်တွေလည်း ဘိန်းဆက်ကြေးတွေ ရခဲ့မှာပါ။ အထူးသဖြင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတွေဖြစ်ခဲ့တဲ့ ယခု နအဖ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦး၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒုတိယဗိုလ်ချုပ်ကြီး မြင့်လှိုင်၊ ကွတ်ခိုင်စစ်ဗျူဟာမှူး လုပ်သွားခဲ့တဲ့ ဗိုလ်မှူးကြီး စိုးရီနဲ့ စံရွှေသာတို့ဟာ ၀တပ်ဖွဲ့ဆီက လာဘ်ငွေတွေ ရသွားခဲ့တယ်လို့ ၀တပ်ဖွဲ့သတင်းရပ်ကွက်က အခိုင်အမာ ပြောနေပါတယ်။

အမေရိကန်အစိုးရက ၀ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်လာတာနဲ့ တရုတ်အစိုးရရဲ့ ပြောဆိုဖိအားပေးမှုတွေကြောင့် မူးယစ်ဆေးဝါးလုပ်ငန်းကို ရပ်ခဲ့ကြပါတယ်။ ၂၀၀၅ ခုနှစ်၊ ဇွန်လမှာ ဘိန်းကင်းလွတ်ဇုန် (Opium free Zone) အဖြစ် ကြေညာပြီး တဘက်ကလည်း ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးရေးစီမံကိန်းတွေကို နိုင်ငံတကာ အန်ဂျီအိုအဖွဲ့စည်းတွေ အကူအညီနဲ့ ဆောင်ရွက်ခဲ့ကြပါတယ်။

ဝတွေအနေနဲ့ ဒီလိုအပြုသဘောဆောင်တာတွေ လုပ်ခဲ့ပေမယ့် နအဖဘက်က လျစ်လျူရှုခဲ့တာတွေ ရှိခဲ့ပါတယ်။ ဘိန်းအစားထိုးသီးနှံ ပန်းဂျုံစိုက်ပျိုးရေး စီမံကိန်းဆိုတာတွေကလည်း နအဖဘက်က ပံ့ပိုးကူညီမှု မရှိတာကြောင့် ပျက်စီးသွားရပါတယ်။ ဘိန်းစိုက်တောင်သူတွေကို ကုလသမဂ္ဂ ဒဗလျူအက်ဖ်ပီက နအဖကတဆင့် ဆန်ထောက်ပံ့ဖို့ ငွေကြေးပေးပေမယ့် နအဖက ဆန်အကျိုးအကြေတွေ၊ သဲ၊ ခဲတွေ ပါတဲ့ ဆန်ညံ့တွေကို ၂၀၀၇ ခုနှစ်က ထောက်ပံ့ခဲ့ပါတယ်။ ဆန်ညံ့တွေ ပေးလာတဲ့ လုပ်ရပ်အပေါ် အတော်လေး မကျေမလည် ဖြစ်ခဲ့ကြပါတယ်။ ဒီလိုဖြစ်လာတော့ ၂၀၀၈ ခုနှစ်အတွက် တရုတ်အစိုးရကတဆင့် ပေးခိုင်းရတဲ့အထိ ဖြစ်လာပါတယ်။ ၂၀၀၉ ခုနှစ်အတွက်ကျတော့ မစားရတဲ့အမဲ သဲနဲ့ပက် ဆိုသလို နအဖဘက်က သဘောတူလက်မှတ်မထိုးလို့ ထောက်ပံ့ဆန် မရရှိတော့ပါဘူး။

စစ်ရေးအရ ကြည့်မယ်ဆိုရင်လည်း ခွန်ဆာ ဦးဆောင်တဲ့ MTA တပ်ဖွဲ့တွေ လက်နက်ချလာအောင် စစ်ရေးအရ နအဖက ဖိအားပေးတဲ့နေရာမှာ ၀တပ်တွေကို ဆွဲထုတ်အသုံးချခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်က ခွန်ဆာတပ်ဖွဲ့တွေ တိုက်တဲ့နေရာမှာ ၀ စစ်သည်အင်အား ရာနဲ့ချီ ကျဆုံးခဲ့ရပါတယ်။ ရွက်ဆစ် ဦးဆောင်တဲ့ ရှမ်းပြည်တပ်မတော်နဲ့ တိုက်တဲ့နေရာမှာလည်း စစ်သည် (၃၀၀) ကျော် ကျဆုံးကာ (၇၀၀) ကျော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ အဲဒါတွေဟာ သူတို့ နိုင်ငံရေးနားမလည်တော့ နအဖရဲ့ အသုံးချတာကို ခံလိုက်ရတယ်လို့ ၀တပ်မှူးက ပြောပါတယ်။

အခု နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် ကျိုင်းတုံအခြေစိုက် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ဆောင်ရွက်စဉ်တုန်းက ၀တပ်တွေဟာ ပန်ဆန်းကနေ ကားတန်းတွေနဲ့ နေရောညပါ ချီတက်ပြီး ရှမ်းတပ်မတော်နဲ့ သွားတိုက်ခဲ့ရပါတယ်။ အဲဒီအချိန်တုန်းက နအဖတပ်တွေရဲ့ တိုက်ရည်ခိုက်ရည် ညံ့ဖျင်းပုံအကြောင်း ၀တပ်မှူးရဲ့ ပြောပြချက်ကလည်း စိတ်ဝင်စားစရာပါ။

“ကျနော်တို့တပ်တွေက တောင်ကုန်း (၂၂) ကုန်း သိမ်းပြီးချိန်မှာ ဗမာတပ်က တောင်ကုန်း (၁) ကုန်းမှ မသိမ်းနိုင်သေးဘူး။ အဲဒီတောင်ကုန်းကိုလည်း ကျနော်တို့တပ်တွေနဲ့ ပေါင်းပြီးသိမ်းမှ ရလိုက်တယ်။ ကျနော်တို့ ရဲဘော်တွေ သေကျေ၊ ထိခိုက်ဒဏ်ရာရတာ (၁,၀၀၀) လောက်ရှိတယ်၊ ကျိုင်းတုံဆေးရုံမှာပဲ တင်ခဲ့ရတယ်။ အဲဒီတုန်းက ကျည်တွေဆိုလည်း နအဖဘက်က လိုသလောက် ထပ်ဖြည့်ပေးတယ်။ ရိက္ခာတွေ၊ ဆေးဝါးတွေ အစုံထောက်ပံ့ပေးနေတယ်။ ၀တွေ ဒီလောက်တိုက်နေတာတောင် သူတို့က မတိုက်နိုင်ရကောင်းလား၊ တပ်မတော် သိက္ခာကျတယ်ဆိုပြီး ဗိုလ်မောင်အေးက ကျိုင်းတုံကို လာပြီး သိန်းစိန်ကို ဆူပူကြိမ်းမောင်းသွားသေးတယ်” လို့ ၀တပ်မှူးက ရိုးရိုးသားသား ပြောပြခဲ့ပါတယ်။

နအဖဘက်က စစ်မတိုက်တတ်ဟန်ဆောင်ပြီး ၀ကို ပရိယာယ်ဆင် စစ်တိုက်ခိုင်းကာ သေကျေခိုင်းခဲ့တယ်ဆိုရင်တော့ ၀တွေအပေါ် နအဖရဲ့အကြွေးက နည်းနည်းနောနောမှ မဟုတ်ဘဲနော။

ရှမ်းတပ်မတော်နဲ့ တိုက်ခဲ့ရတဲ့ ကာလ၀န်းကျင်ကတည်းက ထိုင်းနယ်စပ်မှာ ၀တပ်တွေ အခြေချနေပါပြီ။ အမှန်မှာတော့ ဗမာပြည်ကွန်မြူနစ်ပါတီရှိစဉ် ၁၉၈၀ ကာလများကတည်းက ဘိန်းစားကျက်လုရင်း လွယ်မော် တပ်ဖွဲ့တွေကို တိုက်ကတည်းက ဗကပအလံအောက်မှာ ၀တွေ အခြေချနေခဲ့တာပါ။ ၁၉၉၅ ခုနှစ်နောက်ပိုင်းမှာတော့ ယခုအခါ အဖမ်းခံထားရသူ ဗိုလ်ချုပ်ကြီး ခင်ညွန့်နဲ့ တရုတ်အစိုးရတို့ရဲ့ အစီစဉ်နဲ့ ရှမ်းပြည်မြောက်ပိုင်းက ၀မိသားစုတွေ ထိုင်းနယ်စပ် ရှမ်းပြည်တောင်ပိုင်းကို ရွှေ့ပြောင်းရေးစီမံကိန်းကို ပြုလုပ်ခဲ့ပါတယ်။

ဖုန်းဆိုးမြက်ရိုင်းတောကြီးတွေ ခုတ်ထွင်ရှင်းလင်းပြီး နှစ်တို၊ နှစ်ရှည် သီးနှံပင်တွေ စိုက်ပျိုးဖို့ လူဦးရေ (၁) သိန်းကျော် ပို့ဆောင်အခြေချစေခဲ့ပါတယ်။ ရာသီဥတု အပြောင်းအလဲကြောင့် ဖျားနာသေဆုံးမှုတွေကလည်း ထောင်နဲ့ချီရှိခဲ့ပါတယ်၊ ထိုင်းနယ်စပ် ၀မ်ဟုန်ဒေသမှာ ၀တပ်ဖွဲ့ရဲ့ တပ်မဟာ (၁၇၁) ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှမ်းမြောက်က ၀တွေဟာ မြို့ပြတခုလို ထူထောင်၊ စီးပွားရေးတွေ လုပ်ကိုင်နေပါတယ်။ အခုအခါမှာတော့ တပ်မဟာ (၁၇၁) ကို ပန်ဆန်းကို ရွှေ့ပြောင်းဖို့ နအဖက ပြောနေတော့ ကျန်ခဲ့တဲ့ စီးပွားရေးတွေအတွက် ဘယ်လိုအာမခံချက်ပေးမလဲ ဆိုတဲ့အပေါ် ၀တပ်ဖွဲ့မိသားစုတွေ မေးခွန်းထုတ်နေကြပါပြီ။

နအဖရဲ့ ညောင်နှစ်ပင်ဖွဲ့စည်းပုံကနေ ဗကပလက်ထက်ကတည်းက လက်လွှတ်ခဲ့ရတဲ့ ဟိုပန်နဲ့ မက်မန်းမြို့နယ်ကို ၀တိုင်းဒေသကြီးထဲ ဆွဲထည့်ပေးလိုက်ပေမယ့် အဲဒီနေရာတွေဟာ ၀တပ်ဖွဲ့မိသားစုရဲ့ စီးပွားရေးရင်းနှံမြှုပ်နှံမှု မရှိတဲ့နေရာမို့ ၀တပ်ဖွဲ့အတွက် မက်မောစရာ ရှိမယ်မထင်ပါဘူး။

ဝတပ်ဖွဲ့က တောင်းဆိုနေတဲ့ မိုင်းပေါက်၊ မိုင်းဖျန်ကို မိုင်းပေါက်မြို့နယ်အဖြစ် သတ်မှတ်ပြီး ၀ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသထဲ ထည့်ပေးဖို့ ပြောနေတာဟာ လုံခြုံရေးအာမခံချက်အတွက်ပါ။ မိုင်းပေါက်၊ မိုင်းဖျန်ဆိုတာ ဗကပတွေနဲ့ ၀တပ်ဖွဲ့ အစဉ်အဆက် တပ်စွဲလာခဲ့တဲ့ ဒေသဖြစ်ပြီး အခုလောလောဆယ် ၀တွေရဲ့ မိသားစုဝင်တွေ ရာဘာစိုက်ခင်းအပါအ၀င် စီးပွားရေးလုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံထားတဲ့ ဒေသလည်းဖြစ်ပါတယ်။ အဲဒီနယ်မြေတွေကို ၀တပ်ဖွဲ့က စွန့်လွှတ်လိုက်ရရင် ကျန်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ လုံခြုံမှုအပေါ် စိုးရိမ်နေတာဖြစ်ပါတယ်။

ဒါ့အပြင် မိုင်းပေါက်နဲ့ ၀ဌာနချုပ် ပန်ဆန်းအကြားမှာ ပန်ဆန်းမြို့ကို စိုးမိုးထားတဲ့ တောင်ကုန်းရှိနေပြီး စစ်ရေးအရ အရေးပါတဲ့ တောင်ကုန်းကို မစွန့်လွှတ်ချင်တာလည်း ဖြစ်ပါတယ်။ ဒါဟာဆိုရင် နယ်ခြားစောင့်တပ်ကို ၀တပ်ဖွဲ့ လက်ခံမယ်ဆိုရင်တောင် နောင်တချိန် စစ်ပြန်တိုက်ကောင်းတိုက်ရမယ်ဆိုတဲ့ ၀ခေါင်းဆောင်တွေရဲ့ စစ်ရေးအမြင်ကြောင့်ဖြစ်ပြီး နအဖအပေါ် ယုံကြည်မှုမရှိတာကို ပြသနေတာပဲ မဟုတ်ပါလား။

တကယ်တော့ နအဖရဲ့ တနပ်စားဉာဏ်ကြောင့် စိတ်နာကျင် ခံစားလိုက်ရတဲ့ ၀လူမျိုးတွေအနေနဲ့ ဗမာလူမျိုးအပေါ်မှာ ယုံကြည်မှုကင်းမဲ့သွားရင် ပြည်ထောင်စုကြီးအတွက် အလားအလာ မကောင်းတာတော့ သေချာတယ်။

No comments:

Post a Comment