Monday, December 21, 2009

နအဖ နိုင်ငံခြားရေး ဒု-ဝန်ကြီး၏ ဘင်္ဂလာ ခရီးစဉ် ဒီဇင်္ဘာလ ၂၈ ရက်နေ့တွင် စတင်မည်

Narinjara News 12/21/2009

မင်းဆက်ခိုင်(နိရဉ္စရာ) မြန်မာ နအဖ နိုင်ငံခြားရေး ဒု-ဝန်ကြီး ဦးမောင်မြင့်သည့် ဘင်္ဂလာ-မြန်မာ နိုင်ငံခြားရေး ၀န်ကြီး အဆင့် တွေ့ဆုံ ဆွေးနွေးပွဲသို့ တက်ရောက်ရန် ယခုလ ၂၈ရက်နေ့တွင် ဘင်္ဂလာဒေ့ခ်ျ နိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ပြောသည်။

“ ကျွန်တော်တို့ဘက်ကတော့ မြန်မာကိုယ်စားလှယ် အဖွဲ့ကို ဒီမြန်မာနိုင်ငံဘက်က မူဆလင် ဘာသာဝင်တွေကို ကျွန်တော်တို့ နိုင်ငံကို အတင်း မောင်းထုတ်ခံနေတာကို ရပ်တန့်ဖို့ တောင်းဆိုသွားပါမယ်။ ပီးရင် ကျန်ရှိနေတဲ့ ဒုက္ခသည် စခန်းက လူတွေကို ပြန်လည် လက်ခံယူဖို့လည်း တိုက်တွန်းသွားပါမယ်” ဟု ဘင်္ဂလာဒေ့ခ်ျ နိုင်ငံခြားရေး ဒု-ဝန်ကြီး မိုဟာမတ် မီဂျာရူး ကွိုင်ယတ်စ်က ပြောသည်။

စနေနေ့က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် သူက ပြောကြားခြင်း ဖြစ်သည်။

၎င်းပြင်သူက “ ကျွန်တော်တို့နိုင်ငံက ဒုက္ခသည် စခန်း (၂) ခုမှာ မြန်မာနိုင်ငံက မူဆလင် ဒုက္ခသည် ၂၉၀၀၀ နီးပါးရှိပါတယ်။ ဒါ့အပြင် ဆယ့်စုနှစ် တခုအတွင်းမှာ မြန်မာကနေ ၀င်ရောက် နေထိုင် နေကြတဲ့ မူဆလင် ၃၀၀၀၀၀ ခန့်ရှိပါတယ်။ သူတို့ အားလုံးကို ပြန်လက်ခံယူဖို့ ပြောသွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

အဆိုပါ ဆွေးနွေးပွဲမှာ (၂) ရက်တာ ကြာမြှင့်မည် ဖြစ်ပြီး ဆွေးနွေးပွဲတွင် အဆိုပါ မြန်မာ မူဆလင် ဒုက္ခသည်ကိစ္စကို ဘင်္ဂလာဒေခ်ျ့က အလေးပေးဆွေးနွေးရန် စီစဉ်ထားသည်ဟု သိရသည်။

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေခ်ျ့ နိုင်ငံအကြားတွင် ၁၉၉၂ ခုနှစ်မှ စပြီး ဒုက္ခသည် ပြဿနာရှိနေပြီး ယနေ့ထက်ထိ ကျန်ရှိနေသော ဒုက္ခသည် ၂၉၀၀၀ ကိစ္စကို မဖြေရှင်းနိုင်ဘဲ ရှိနေသည်။

ကုလသမဂ္ဂ ဒုက္ခသည်ရေးရာ မဟာမင်းကြီးရုံး၏ ကြားဝင်ဆောင်ရွက်မူကြောင်း ၁၉၉၂ ခုနှစ်က ထွက်ပြေးလာသော မူဆလင် ဒုက္ခသည် ၂သိန်းခန့်ကို ဘင်္ဂလာက မြန်မာဘက်သို့ ပြန်လည် ပို့ဆောင် နိုင်ခဲ့သည်။


No comments:

Post a Comment