Tuesday, December 1, 2009
NDC ခွဲတမ်း ပြဿနာ အပိုင်း - ၎
နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ကို ၁၉၅၅ ခုနှစ်တုန်းက မင်္ဂလာဒုံ တောင်ပိုင်းတိုင်း စစ်ဌာန ချုပ်မှာ စတင် ဖွင့်လှစ် ခဲ့ပါတယ်။ အဲဒီ နောက် ၁၉၅၈ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့မှာ ဖွဲ့စည်းပုံ W.E (B.A/437/1/58) နဲ့ ကာကွယ်ရေး ဝန်ကြီး ဌာနရဲ့ အစိတ်အပိုင်း တခု အဖြစ် ပြန်ဖွဲ့ခဲ့ ပါတယ်။ အဲဒီနောက် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ရဲ့ နေရာကို မင်္ဂလာဒုံ ကနေ ကန်တော်လေး (၃၄/၃၉) ကြေးနန်း ဆက်သွယ်ရေး တပ်ဖွဲ့ဆီ ပြောင်းရွှေ့ ခဲ့ပါတယ်။
အဲဒီကနေ ၁၉၆၆ ခုနှစ် မေလ ၅ ရက်နေ့မှာ အမှတ် (၄) အလံပြဘုရားလမ်း ဒဂုံ (၁) ကျောင်းအနီးဆီ ထပ်ရွှေ့ခဲ့ပြန်ပါတယ်။ ၁၉၇၆ ခုနှစ် ဧပြီလ ၂ဝ ရက်နေ့မှာ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် နေရာကို ၉ မိုင်ခွဲဆီ ပြောင်းရွှေ့ခဲ့ပြန်ပါတယ်။ ၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ ဖွဲ့စည်းပုံ (War Establishment – W.E) ကဖ ၁ဝ၆၊ ၂- ၉၁ နဲ့ ထပ်မံ ပြင်ဆင်ခဲ့ပါတယ်။ ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာတော့ ၉ မိုင်ခွဲနေရာကနေ ရန်ကုန်တိုင်း စစ်ဌာနချုပ် ကုန်းမြင့်သာဆီ ပြောင်းပစ်ခဲ့ပါတယ်။ ကုန်းမြင့်သာကို စစ်ရုံးကြီးတခုလုံး ပြောင်းရွှေ့လာချိန်မှာ နေရာမဆန့်တာကြောင့် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ကို ၂ဝဝ၂ ခုနှစ် ဧပြီလ ၁၉ ရက်နေ့မှာ ကုန်းမြင့်သာကနေ ဒဂုံမြို့နယ်ရှိ စစ်ရုံး ရုံးဟောင်းဝင်းကြီးအတွင်း ထပ်ရွှေ့ခဲ့ပါတယ်။
နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်မှာ ၁၉၆၆ ခုနှစ်ကနေ ၁၉၇ဝ ခုနှစ်ထိ တပ်မှူးများ မွမ်းမံ သင်တန်း ၉ ခုကို ဖွင့်လှစ်ခဲ့ပြီး ၁၉၈၄ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်ထိ ဥပဒေရက်တို မွမ်းမံသင်တန်း ၁ဝ ခု ဖွင့်လှစ်ခဲ့ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီး ၁၉၉၂-၁၉၉၃ ခုနှစ်မှာ တပ်မှူးများ မွမ်းမံ သင်တန်း ၄ ခုနဲ့ အရာရှိကြီးများ အုပ်ချုပ်မှုသင်တန်း ၄ ခု ဖွင့်လှစ်သင်ကြားခဲ့ပါတယ်။ အဲဒီသင်တန်းတွေတုန်းက နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ဟာ အဆင်သင့် မဖြစ်သေးတာကြောင့် မင်္ဂလာဒုံ ရန်ကုန်တိုင်း စစ်ဌာနချုပ် စုပေါင်းရိပ်သာ (ခရေပင်လမ်းခွဲ) မှာပဲ ဖုတ်ပူမီးတိုက် ဖွင့်လှစ်ခဲ့ရပါသေးတယ်။ အဲဒီနောက် ဗိုလ်မှူးကြီးအဆင့် ဗျူဟာမှူးတွေကို နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်မှာ လေ့ကျင့်သင်ကြားပေးတဲ့ သင်တန်းကို စတင်ဖွင့်လှစ်ခဲ့ရာ အမှတ်စဉ် ၁ ကနေ ၉ အထိ အရာရှိကြီး ဦးရေ ၅ဝဝ ဦးခန့် သင်ကြားပေးခဲ့ပြီး ဖြစ်တယ်လို့ သိရှိရပါတယ်။
နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ရဲ့ မူဝါဒဆိုင်ရာ လမ်းညွှန်အဖွဲ့အနေနဲ့ နာယကအဖြစ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်သန်းရွှေက ဆောင်ရွက်ပြီး ဥက္ကဋ္ဌအဖြစ် ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မောင်အေးက ဆောင်ရွက်ပါတယ်။ အဖွဲ့ဝင်တွေအဖြစ် ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ရွှေမန်း၊ စစ်ရေးချုပ်၊ စစ်ထောက်ချုပ်၊ စရဖချုပ်၊ လေကြောင်း ကာကွယ်ရေး အရာရှိချုပ်၊ တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်၊ ရေတပ် ဦးစီးချုပ်၊ လေတပ် ဦးစီးချုပ်နဲ့ အတွင်းရေးမှူးအဖြစ် ကျောင်းအုပ်ကြီးတို့ ပါဝင်ဖွဲ့စည်းထားတာ တွေ့ရပါတယ်။
အဲ့ဒီအဖွဲ့ရဲ့ အမျိုးသား ကာကွယ်ရေး ရည်မှန်းချက် တာဝန်တွေထဲမှာ အမှတ် ၃ နဲ့ အမှတ် ၄ အချက်ကို သုံးသပ်တင်ပြလိုပါတယ်။ အမှတ် ၃ အရ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ခံယူလိုက်နာပြီး အခြေခံဥပဒေအရ ပေါ်ထွန်းလာမယ့် ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ကို အရှိန်အဟုန်မပျက် ဆက်လက် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ထိန်းသိမ်းကာကွယ်ဖို့ဆိုပြီး ပါရှိပါတယ်။ အမှတ် ၄ အရ အနာဂတ် နိုင်ငံတော်ရဲ့ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ ပါဝင်ထမ်းဆောင်နိုင်ဖို့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး အမြင်ရှိပြီး စွမ်းရည် ၃ ရပ် ထက်မြက်ပြည့်စုံတဲ့ ကာကွယ်ရေး အင်အားစုကြီးတရပ် လေ့ကျင့်ပျိုးထောင်ဖို့တို့ ပါရှိကြောင်း တွေ့ရပါတယ်။
ဒီအချက်တွေကို လေ့လာသုံးသပ်ရရင် ကျောင်းတော်ကြီးဟာ အနာဂတ် နိုင်ငံတော်သစ်မှာ အထက်ဖော်ပြပါ နိုင်ငံတော် မူဝါဒတွေနဲ့အညီ အဂ္ဂမဟာဗျူဟာမြောက် အကောင်အထည် ဖော်နိုင်စွမ်းရှိတဲ့ မျိုးဆက်သစ် ခေါင်းဆောင်ကောင်းတွေ တနည်းအားဖြင့် စစ်အာဏာရှင်တွေအဖြစ် လေ့ကျင့်ပျိုးထောင်ပေးဖို့ဆိုတဲ့ အဓိပ္ပာယ် ထွက်နေပါတယ်။ တနည်းအားဖြင့် ၂ဝ၁ဝ ရွေးကောက်ပွဲပြီးရင် စစ်တပ်က ချုပ်ကိုင်မယ့် အနေအထားကို ဆက်လက် အသက်သွင်းထားတာဖြစ်လို့ မူမမှန်တာကို တွေ့ရမှာ ဖြစ်ပါတယ်။
တဖန် အမျိုးသား ကာကွယ်ရေး မူဝါဒ အမှတ် ၂ ဖြစ်တဲ့ နိုင်ငံတော် တည်ငြိမ်ရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် တိုင်းရင်းသားပြည်သူတွေရဲ့ ပြည်တွင်း အင်အားစုတွေအပေါ် အခြေတည်ကာ တပ်မတော်ကို မဏ္ဍိုင်ပြုပြီး အရန် ကာကွယ်ရေး အင်အားစုတွေအဖြစ် ပေါင်းစပ်လို့ နိုင်ငံတော် ကာကွယ်ရေး တတ်နိုင်သမျှ ပြည်ပအမှီခို ကင်းစွာ ကြိုးစားတည်ဆောက်ဖို့ဆိုတဲ့ မူဝါဒကိုလည်း သုံးသပ်တင်ပြလိုပါတယ်။
ပြည်ပကနေ အဆင့်မြင့်တဲ့ နည်းပညာ၊ ခေတ်မီ စွမ်းရည်ထက်မြက်တဲ့ စစ်လက်နက်၊ ခဲယမ်းပစ္စည်းမျိုးစုံ၊ ယာဉ်မျိုးစုံ၊ အရန်ပစ္စည်းတွေ စသဖြင့် ထောက်ပံ့ကူညီ ရယူမှုကို ခိုင်ခိုင်မာမာ တည်ဆောက်ခြင်းနဲ့ အခြေခံ ပြုစုလေ့ကျင့်ပျိုးထောင်ခြင်း မပြုနိုင်သေးဘဲ တပ်မတော်ကို ကိုယ့်နည်းကိုယ့်ဟန် ကြိုးစားတည်ဆောက်ခိုင်းနေတာဟာ တပ်မတော် အင်အား ချိနဲ့အောင် လုပ်ခိုင်းနေသလို ဖြစ်နေတာကြောင့် မူဝါဒ မှားယွင်းနေကြောင်း သုံးသပ်ရပါတယ်။
မဆလခေတ်က နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ဟာ တပ်မတော် စစ်သင်္ချိုင်းပမာ ဖြစ်ခဲ့ပြီး “မကောင်းကျောင်းပို့” ဆိုတဲ့ တပ်ဆိုရိုးစကားတောင် ရှိခဲ့ပါတယ်။ နအဖ ခေတ်ကျမှသာ တပ်ရဲ့ မူဝါဒ ပြောင်းလဲသွားပြီး နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ကို ရှေ့တန်းတင် နေရာပေးလာပါတယ်။ မဆလခေတ်က နပခ တိုင်းမှူး ဗိုလ်မှူးချုပ် ဝမ်းတင်ဟာ ရခိုင်ပြည်နယ် ဘူးသီးတောင် - မောင်းတော အရေးအခင်းကြောင့် ပြဿနာဖြစ်ပြီး နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် ကျောင်းအုပ်ကြီး ဖြစ်ခဲ့ဖူးပါတယ်။ စစ်ဆင်ရေးမှာ ထူးချွန်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းရီကတော့ ဒုတိယဗိုလ်ချုပ်ကြီး အေးကိုရဲ့ မနာလိုဝန်တို သွေးထိုးမှုကြောင့် အဲဒီ တက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီးအဖြစ် ခေတ္တစံမြန်းခဲ့ရပါတယ်။ ဒါပေမဲ့ ဦးနေဝင်းက ဖြစ်စဉ်အမှန် သိသွားခဲ့လို့ သူ့ကို နေရာပြန်ပေးချင်တာကြောင့် ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး ရာထူးအသစ်ကို စတင်တီထွင်ပြီး သူ့ကို ပေးအပ်ခဲ့ပါတယ်။
နဝတ ဖြစ်ခါစ မဲသဝေါ အရေးအခင်းနဲ့ ပတ်သက်ပြီး တပ်မ ၆၆ ကို စစ်အာဏာရှင်တွေက ကျေနပ်မှု မရှိဘဲ ဖြုတ်ထုတ်ချ အရေးယူခဲ့ပါတယ်။ တပ်မမှူးအား စစ်သံမှူး၊ ဒုတပ်မမှူးကို နယ်ဘက် အထွေထွေမန်နေဂျာ၊ ဗျူဟာမှူးတွေ ဖြစ်ကြတဲ့ ဗိုလ်မှူးကြီး သူရစိုးအောင်နဲ့ ဗိုလ်မှူးကြီး တင်မောင်ဦးတို့ကို နယ်ဘက် ညွှန်ကြားရေးမှူးနဲ့ ရဲတပ်ရင်းများ ကွပ်ကဲရေးမှူးတွေအဖြစ် နှိပ်ကွပ်ခဲ့သော်လည်း ဗျူဟာမှူး ဗိုလ်မှူးကြီး စန်းအောင်ကိုတော့ တိုက်ခိုက်ရေးကျောင်း ကျောင်းအုပ်ကြီးအဖြစ် တပ်ထဲမှာ ပြန်လည်နေရာပေးခဲ့ပါတယ်။
ဗိုလ်မှူးချုပ် စန်းအောင်ဟာ တပ်မ ၆၆ မှာ ရှိခဲ့စဉ်က ပြုတ်သွားခဲ့တဲ့ ဒုတပ်မမှူး ဗိုလ်မှူးကြီး ခင်အောင်ဗလ အပါအဝင် အခြားဗျူဟာမှူးတွေနဲ့ နှိုင်းယှဉ်ရင် စစ်ရေးစစ်ရာ အင်မတန်မှ ညံ့ဖျင်းလှသူဖြစ်ပြီး၊ ဒေါသကြီး မောက်မာကာ အရာရှိတွေကို အသားလွတ် ထိုးကြိတ်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ တိုက်ခိုက်ရေး ကျောင်းအုပ်ကြီးနဲ့ ပူးတွဲတာဝန်ယူရတဲ့ ဗထူးတပ်နယ်မှူး ဘဝမှာလည်း ရွှေညောင်တည်းခိုခန်းတွေမှာ ညဥ့်ငှက်တွေနဲ့ ပျော်ပါးဖို့ ရောက်လာတဲ့ တပ်ခွဲမှူး၊ တပ်စုမှူး၊ သင်တန်းသား လူပျို အရာရှိတွေနဲ့ မကြာခဏ ဆုံတွေ့ကြရာက ပြဿနာ တက်ခဲ့ရတဲ့အထိ ကျော်မကောင်း ကြားမကောင်း ဖြစ်ခဲ့ပါတယ်။
DSA အပတ်စဉ် ၆ ဆင်း အဲဒီ ဗိုလ်မှူးကြီး စန်းအောင်ဟာ ဗိုလ်မှူးချုပ် ဖြစ်သွားပြီး၊ ထိုစဉ်က DSA အပတ်စဉ် ၁ ဆင်း ရပခ တိုင်းမှူး ဗိုလ်ချုပ် မောင်အေးကို DSA ညီအကိုချင်း အလွမ်းသင့်ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး မောင်အေး ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဖြစ်နေချိန်မှာတော့ ဗိုလ်မှူးချုပ် စန်းအောင်ကို နေရာပေးချင်လို့ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ် ပြောင်းရွှေ့ပေးပြီး ဗိုလ်ချုပ်ရာထူးသို့ တိုးမြှင့်ပေးခဲ့ပြန်ပါတယ်။
တဖန် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် ကျောင်းအုပ်ကြီး နောက်တဦးဖြစ်တဲ့ ဗိုလ်ချုပ် မိုးဟိန်းကျတော့ တပ်မ ၅၅ မှာ ခေတ္တ တပ်မမှူး တာဝန်နဲ့ ဟိုမိန်းဌာနချုပ်ကို တိုက်ခိုက်ခဲ့စဉ် ဘိန်းဘုရင် ခွန်ဆာရဲ့ အဖိုးတန် ကျောက်မျက်ရတနာ၊ ပရိဘောဂပစ္စည်းတွေ၊ အဆောက်အဦးတွေသာမက အမိုး သွပ်ပါမကျန် ခွာယူပြီး ရန်ကုန်မြို့ ရန်ကင်း - ပါရမီရှိ သူ့ရဲ့ တိုက်ဆောက်လုပ်ရာမှာ ကိုယ်ကျိုးအတွက် မတရား သုံးစွဲခဲ့တာကြောင့် ထောက်လှမ်းရေး အစီရင်ခံစာအရ တပ်မမှူး မဖြစ်တော့ဘဲ တိုက်ခိုက်ရေး ကျောင်းအုပ်ကြီးအဖြစ် လွှင့်သွားခဲ့ရပါတယ်။ DSA – ၁ဝ ကျောင်းဆင်း ဗိုလ်ချုပ် မိုးဟိန်းလည်း ဗိုလ်ချုပ်ကြီး မောင်အေးကို တပည့်ရင်းပီပီ အဖားတော်တာကြောင့် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် ကျောင်းအုပ်ကြီးဖြစ်ကာ မတန်မရာ ဗိုလ်ချုပ်ရာထူး ရယူသွားနိုင်ခဲ့ပါတယ်။ ကျောင်းအုပ်ကြီး ၂ ဦးဟာ DSA ကျောင်းဆင်းတွေပီပီ DSA သင်တန်းသားတွေကိုပဲ မျက်နှာသာပေးပြီး ထိုးတင်ခဲ့တာကြောင့် တိုင်းမှူးအများစုမှာလည်း DSA တွေသာ ဖြစ်ကုန်ကြပါတယ်။ လူတော် OTS ကျောင်းသား ဘွဲ့ရနှင့် OTC အလုပ်သင်ဗိုလ် ဘွဲ့ရတွေ အနှိမ်ခံခဲ့ရပါတယ်။
နအဖရဲ့ မူဝါဒအရ ပြည်တွင်းစစ်များ လျော့နည်းလာပြီဖြစ်လို့ လေ့ကျင့်ရေးနဲ့ သင်တန်းတွေကို ဦးစားပေးလာကာ အရာရှိတွေကို သင်တန်းတွေမှာ အမှတ်ကောင်းကောင်း ရမှ၊ သင်တန်းတက်ပြီးမှ ရာထူးတိုးပေးတဲ့ “မူ” ကို ချမှတ်လာပါတယ်။ ဒါပေမဲ့ ဗိုလ်သီဟသူရ စစ်မောင်နဲ့ ဗိုလ်သီဟသူရ တင်အောင်မြင့်ဦးတို့ဟာ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ကျောင်း တက်ပြီးမှ ရာထူးတိုးခွင့်ရပေမယ့်လည်း သူတို့နဲ့ တပတ်စဉ်ထဲ သူငယ်ချင်းဖြစ်သူ DSA ၁၂ ဆင်း ဗိုလ်စိုးဝင်းကျတော့ ကျောင်းတောင် မတက်လိုက်ရဘဲ ဝန်ကြီးချုပ် ဖြစ်သွားပုံ၊ DSA ၁၅ ဆင်း ဗိုလ်ဥာဏ်ဝင်းလို အရာရှိကြီးတွေက ရေကုန်ရေခမ်း ကြိုးစားရကာ ကျောင်းတက်ပြီးမှ ရာထူးတက်ရပေမယ့် တပတ်စဉ်ထဲ သူငယ်ချင်းဖြစ်သူ (ယခင်) ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်မြင့်ဆွေကျတော့ အမျိုးတော်၊ အဖားတော်လွန်းလို့ စစ်အာဏာရှင်တွေက လုပ်ငန်းလိုအပ်ချက်အရ အရေးကြီးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ သင်တန်းကင်းလွတ်ခွင့် ပေးသွားခဲ့ပုံတွေ၊ စစ်ရုံးစခန်းမှူး ဗိုလ်လှအောင်သိန်းကိုလည်း မရှိမဖြစ်လို့ဆိုကာ သင်တန်း မတက်ခိုင်း၊ ရှေ့တန်းမဆင်းခိုင်းဘဲ အလိုလို ဗိုလ်ချုပ် ဖြစ်သွားပုံခဲ့တွေဟာ သူတို့ ချထားတဲ့ မူအရ မှားယွင်းနေကြောင်း သုံးသပ်ရပါတယ်။
အထက်ပါ သုံးသပ်တင်ပြချက်တွေကြောင့် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ရဲ့ အမျိုးသား ကာကွယ်ရေး ရည်မှန်းချက်နဲ့ မူဝါဒတွေဟာ မူမမှန်ခြင်းနဲ့ မှားယွင်းနေခြင်း၊ အုပ်ချုပ်သူ ကျောင်းအုပ်ကြီးတွေရဲ့ အရည်အသွေး ညံ့ဖျင်းကာ အကျင့်စာရိတ္တ ပျက်စီးနေခြင်းနဲ့ အဂတိ လိုက်စားခြင်း၊ DSA ကျောင်းဆင်းတွေကိုသာ ထိုးတင်နေခြင်း၊ စာတွေ့နဲ့ လက်တွေ့ သဟဇာတ မဖြစ်ခြင်း၊ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ကို နဝတနဲ့ နအဖ ခေတ်မှာပဲ ၉ မိုင်ခွဲကနေ ကုန်းမြင့်သာ၊ ကုန်းမြင့်သာကနေ စစ်ရုံးဆီ အကြိမ်ကြိမ် ပြောင်းရွှေ့ခံရခြင်း၊ ပံ့ပိုးမှုနဲ့ ထောက်ပံ့ပေးမှု များစွာလိုအပ်နေခြင်း စသည်တို့ကြောင့် မတည်မငြိမ်ဖြစ်ကာ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ရဲ့ ခွဲတမ်းပြဿနာတွေ တနေ့တခြား ကြီးထွားလာနေတာကလည်း မထူးဆန်းလှပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။
No comments:
Post a Comment