Friday, January 1, 2010

ခေါင်ရည်လည်းချို၊ ပျိုမယ်လည်းလှ

ကယားထဲ

ယနေ့သည် ဒီမောဆို၊ မြို့မဈေး၏ ဗုဒ္ဓဟူးဈေးနေ့ ဖြစ်သည်။ တစ်ပတ်လျှင် ဗုဒ္ဓဟူးဈေးနှင့် စနေဈေး နှစ်ကြိမ် ရှိပါသည်။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု ဈေးအတွင်း လျှောက်လည်ခဲ့ပါသည်။ ဈေးအတွင်းတွင် စားကုန်း၊ လူသုံးကုန်ပစ္စည်းများကို တိုင်းရင်းသား လူမျိုးပေါင်းစုံက စီးပွားရေးဈေးကွက်အတိုင်း ရောင်းဝယ်လှုပ်ရှားနေကြပါသည်။

ဈေး၏ မျက်နှာစာတနေရာတွင် လူကြီးလူငယ်၊ အပျိုလူပျိုမရွေး စုစုရုံးရုံး ရှိနေကြသည်ကို သတိထားမိသည်။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု ရောက်သွားချိန်မှာတော့ “ညီနှောင်သွေးချင်းတို့ ခေါင်ပူလား၊ ခေါင်အေးလား၊ ခေါင်နွေးလား၊ ခေါင်ကျရည်လား၊ ခေါင်ဦးရေလေးလားကွယ်၊ မြည်းကြည့်ပါ” ဟု ဈေးရောင်းသူ ကညားမော် (ဒွေးမယ်နော်)တို့က ပျူငှါစွာဖြင့် ဖိတ်ခေါ်ကြသည်။

ခေါင်ရည်ဆိုင်တန်းလေးများ ရှေ့မှာ ခေါင်ရည်နှင့်အတူ မက်ခါသီးဖြင့် ကျကျနန စီမံချက်ပြုတ်ထားသော ကယားဝက်အူထောင့်၊ အမဲအူဟင်း အစရှိသည်တို့ကိုလည်း တွေ့မြင်ရသောကြောင့် ခေါင်လေးနဲ့ မမြည်းရရင် မနေနိုင်လောက်အောင်ပင် ဖြစ်သွားရ သည်မှာတော့ အမှန်ပင်။

ခေါင်ရည်လည်းချို၊ အမြည်းတွေလည်းလိုက်ဖက်၊ ခေါင်ရောင်းတဲ့ ကယားပျိုမယ်လေးတွေကလည်း လှလှပပနဲ့ဆိုတော့ ကျနော့မှာ ခေါင်ဈေးတန်းကနေ တခြားဈေးတန်းတွေဘက်ကို မသွားချင်တော့ပါဘူး…

ကယားခေါင်ရည်ကို လေ့လာစပ်စုမိခဲ့ရာ ယခုအခါ ဈေးတွင်ချရောင်း၊ ဆိုင်ပေါ်ခင်းကျင်းပြီး ရောင်းသွက်နေကြသည့်အပြင် ဖေါက်သည်ကိုပေး၊ ကုန်ကားနှင့်တင်၊ လူးလားခေါက်တုန့်၊ ဆိုင်ဖြင့် တစ်ဖုန်၊ ရွာမှ ဒီမောဆို၊ ထိုမှတဆင့် လွိုင်ကော်မြို့သို့ တင်ပို့ရောင်းချနေကြပါသည်။

ယခုအခါ ရှမ်းပြည်တောင်ကြီးအထိပင် ကယားခေါင်ရည် သယ်ဆောင်ပို့လျက် ကိုယ့်ဖေါက်သည်၊ သူ့ဖေါက်သည်နှင့် စီးပွားရေးမိတ်ဖက် ဖြစ်ပြီး ဆိုင်ကယ်နှင့် တ၀ီဝီ၊ ကားနှင့် တသွင်သွင် အလုပ်ဖြစ်နေ ကြပါသည်။

စီးပွားရေးဈေးကွက်ဆီသို့ ရောက်ရှိလာသော ကယားခေါင်ရည်သည် ရှေးမိဘ၊ ဘိုးဘေးဘီဘေ လက်ထဲကတည်းက ရှိခဲ့သော ရိုးရာဓလေ့ အစားအသောက် တစ်ခု အဖြစ်သတ်မှတ်သုံးဆောင် မှီဝဲခဲ့ကြသည်။

ခေါင်ရည်ကို ယခင်က ဆန်ဖြင့် ချက်လုပ်ကြပြီး အရည်မှာ ဆန်ဆေးရေပမာ အဖြူရောင်ဖျော့ဖျော့ လေးပေါ်လွင်သည်။ ယခုအခါ ခေါင်ကို ပြောင်းကောက်ဖြင့် အများဆုံး ချက်လုပ်ကြပြီး အနီဖျော့ဖျော့ အရောင်လေးဖြင့် ၀ိုင်လို့ ထင်ရပေသည်။

ခေါင်ရည်ခွက်ကို ကယားလူမျိုးတို့က ၀ါးနှီးဖြင့် ယက်လုပ်ထားပြီး သစ်စေးသုတ်ထားပါသည်။ နှီးခွက်ဖြင့်သာ သောက်သုံးပါက လိုက်ဖက်ပဏာရပါ၏။ ခေါင်ရည်အရသာ ပေါ်လွင်စေပါ၏။ ဤကား ချစ်စရာကောင်းသော ကယားရိုးရာ ယဉ်ကျေးမှုဟု တင်စားရင်ပင် မမှားလောက်တော့ပါဘူး။

လုပ်ငန်းခွင်ဖြစ်သော တောင်ယာ၊ လယ်စပါးရိတ်၊ စပါးပုတ်၊ လယ်ထယ်၊ လယ်ထွန်အခါမျိုးကိုလည်း ဧည့်ခံကျွေးမွေးကြပါသည်။ အထူးသဖြင့် တစ်နေကုန် အလုပ်လုပ် ပင်ပန်းနွမ်းနယ်ပြီး ထမင်းဆာလောင်သောအခါ အိမ်သူသက်ထားက ခေါင်ရည် တစ်ခွက်လောက် လက်ကမ်းလိုက်ပါက သောက်လိုက်လျှင် ၀ိုင်အရသာပမာ ချိုမြပြီး ၀မ်းတွင်းရောက်လျှင် နွေးထွေးလာပါသည်။

ထိုအချိန်တွင် ပင်ပန်းနွမ်းနယ်မှု အားလုံးပျောက်ဆုံးပြီး ခွန်အားသစ် ဖြစ်ပေါ်လာကာ နောက်ထပ်တောင်ယာ တစ်ခင်းကို ခုတ်ထွင်နိုင်မည် ဟု တင်စားကြသည်။

ဟုတ်ပါသည် ခေါင်သည် ဘေးဥပဒ်ဆိုးကျိုးကို မဖြစ်စေပါ။ “တန်ဆေး၊ လွန်ဘေးပေါ့နော်” သွေးချင်းသားချင်းတို့လည်း ငယ်ငယ် ဘ၀ကတည်း ကြီးပြင်းလာသည်ထိ တွေ့ကြုံကြမှာပါ။ “ခေါင်မှာ ထားလဲ(ရွာ) - အပျိုမှာ သေးဆိုလဲ(ရွာ)” ဟု ကဗျာစပ်ဆိုမှုဖြင့် ထားလဲက နာမည်ရထားပါရဲ့။

ယခုမှာတော့ ဒေသ၏ သောက်သုံးသူ များပြားလာသောကြောင့် ထားလဲခေါင်ကို ကျော်ပြီး ထေးသော်ကူး၊ ကဒါးလား၊ ငွေတောင်ရွာသစ်၊ ဒေါတဒါး၊ ဒေါခူလီ၊ ပါဒေါဒူကျေးရွာ အသီးသီးမှ ခေါင်ကောင်းသလို၊ ရောင်းသူလည်း ကညားမော်ထက်လှ၊ အပြောလည်းချိုဆိုတော့ “ထားလဲ-သေးဆိုလဲ” ကဗျာဆန်မှုကို သာလွန်နေပြီ ညီနှောင်သွေးချင်းတို့ရဲ့။ မယုံရင် လာလှဲ့ပါ၊ ဈေးရောင်းသူ ကညားမော်တို့ ပျူငှါစွာ ဧည့်ဝတ်ပြုမည်မှာ မြေကြီးလက်ခ မလွဲပါ။

ယနေ့ ဒီမောဆိုမြို့မ၏ ဗုဒ္ဓဟူးဈေးနေ့မှာ ရောင်းချပေးနေသည့် ကယားရိုးယာခေါင်ရည်လုပ်ငန်းသည် အခြားသော စီးပွားရေး လုပ်ငန်းကြီးများသကဲ့သို့ တဟုန်ထိုး ကြီးပွားမှုကြီးမျိုး မဟုတ်သော်လည်း ရရှိလာသော ခေါင်ရည်ဖိုးလေးများကို စုဆောင်းချွေတာ၊ တင်းတိမ်ရောက်ရဲ၊ ဘ၀သာယာလှပစေမည့် အဆင့်တော့ ရှိနေသည်မှာ ခေါင်ရောင်းနေကြသည့် ကရင်နီ ခေတ်လူငယ်- ပျိုမယ်လေး များ၏ မျက်ဝန်းမှာ ပေါ်လွင်နေပါကြောင်း…။

No comments:

Post a Comment