Friday, January 1, 2010

ပြည်သူတို့၏ သမားတော် (ဝါ) ဆေးဘက် အနုပညာမီးအိမ်

ဘိုဘိုလန်းစင်
(၁)


မာမီ ဒေါ် မြင့်မြင့်ခင်တယောက် အရင်တပတ်ကဘဲ ၈၅ နှစ် ပြည့်ခဲ့ပြီ။ ဖျတ်လတ် ထက်မြက်ဆဲ စိတ်ကြီးဆဲ အော်ဆဲ ဆူမြဲမို့ မာမီ့ကို ၇၀ လောက် ထင်နေမိတုန်းပါပဲ။ မာမီ့အကြောင်း တစေ့တစောင်းရေးဖို့ စိတ်ကူး မိသော်လည်း ထိုအပတ်က လန်ဒန်တွင် နာဂစ်ပြဇာတ်ကို မြန်မာတွေ ကသည့်အထဲ ဝင်အသုံးတော်ခံနေ လိုက်သဖြင့် မရေးမိခဲ့။ အနုပညာ စိတ်ကြီးသော မာမီက ပြဇာတ်ဆိုတာနော် အင်မတန် အဆင့်အတန်းရှိတာ၊ ဗမာတွေ ဘယ်လိုကကြသလဲဟု စိတ်ဝင်စားနေပါလိမ့်မည်။

ဟိုအနှစ် ၂၀ လောက်က သူ့ခြံထဲ လာဆော့နေသော ကောင်ပေါက် ကလေးက ဒီထဲပါတယ် ဆိုတော့ ပိုလို့ပင် အံ့သြပါလိမ့်မည်။ မှတ်မိသေးတော့၊ အိမ်တွင်ရှိသော ပုံဟောင်းလေး တခုထဲမှ ဒေါ်ဒေါ် စဝ်မြအေးကြည် ၁၉၆၇ မန္တလေး နောက်ဆုံး အခေါက်လာတုန်း လူထုတိုက်တွင် ဂီတမယ် လှကလေးစိန်၊ စန္ဒရားဦးဘသိန်း တို့နှင့် ဆိုကြ တီးကြစဉ်က မာမီတို့ သားအမိ၊ အဘွား၊ ဦးမောင် (အဉ္စလီမောင်မောင်) တို့ သားအမိတတွေ ဝိုင်းထိုင်နားထောင် ကြသည်ကို ပြန်မြင်မိပြီး ၁၉၇၀ ကျော်က ဆရာကျော်ဝင်းတို့ ဆေးကျောင်း အငြိမ့်များတွင် ရှေ့ဆုံးက ထိုင်အားပေး ဝေဖန်သော မာမီ့အကြောင်းကို အမှတ်ရသည်။

မာမီကြီးဟု ဆရာဝန်လောကတွင် သိကြသော ဒေါ်မြင့်မြင့်ခင်ကို ပထမဆုံး မြန်မာ အမျိုးသမီး သမားတော် ပါမောက္ခ ပြည်သူ့ကျန်းမာရေး ဆေးပညာရှင် စသည့် ဂုဏ်ထူးဝိသေသ များနှင့်သာမက စာရေးဆရာကျော် တယောက် အဖြစ်လည်း လူသိများပါသည်။ မာမီ့အရိုက်အရာကို ဆက်ခံသော မန္တလေး ဆေးရုံကြီးမှ ဆေးပါမောက္ခ ဌာနမှူး တပည့်ဟောင်း နှစ်ယောက်ဆက်တိုက် အက်ဆေးရေးဆရာ အဖြစ် နာမည်ကျော် သည်အထိ မာမီ့လမ်းစဉ်ကို လိုက်ကြသည်။ မန္တလေး ဆေးကျောင်းမှ စာရေးကောင်းတဲ့ လက်တွေ ထွက်သည် ဆိုရာတွင် ဒေါက်တာ ထင်အောင့်တပည့် ဒေါ်မြင့်မြင့်ခင် (ဝိဇ္ဇာဘွဲ့၊ အင်္ဂလိပ်စာ) ၏ အနုပညာ ထုံမွေ့ခြင်း အရိပ်က တစုံတရာ တွန်းအားဖြစ် တန်ရာပေသည်။

ငယ်စဉ်ဘဝ နန်းတော်ရှေ့က မာမီ့အိမ် ရောက်သွားလျှင် အမေရိကန် ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ တွေထဲက ဟာဝိုင်ယီကျွန်း ပေါ်ရောက် သွားသလို ရှိလှသည်။ ပါတိတ်ခန်းဆီးများဖြင့် ဧည့်ခန်းပြတင်းဝတွင် အလှဆင် ထားသလို ရိုးရာ လက်မှုပစ္စည်း ဘုစုခရုလေးများနှင့်တကွ ပေါ်ဦးသက်စသည့် ပန်းချီကျော်များ၏ ပုံကား အလှများကြောင့် စတီးချိုင့်၊မယ်လ်မင်းပန်းကန်စုံများကို ရှိုးကေ့စ်မှန်ဗီရိုနှင့်ပြတတ်သော သာမန်အိမ်များနှင့် မတူမှန်း သတိထားမိစေသည်။

ခြံဘေးပတ်ပတ်လည်မှ မြက်ခင်းအိအိပေါ် လှဲအိပ်ရင်း ကောင်းကင်ကို မော့ကြည့်ရသည့်အရသာကို ခုတိုင် အောက်မေ့မိသလို စမ်းချောင်းလေးနှင့် ဥယျာဉ်ကို အကွက်ချ ပြုပြင်ထားသည်မှာ Landscaping ဆိုတာကို မကြားဘူးသေးသော်လည်း လှမှန်း ဖြစ်ကတတ်ဆန်းမဟုတ်မှန်းကတော့ သိနေသည်။ အိမ်ရှင်ဖြစ်သည့် မာမီမှာ ထိုစဉ်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့တွင် သွားရောက်ထမ်းဆောင်ခါနီး မန္တလေးဆေးတက္ကသိုလ်မှ ပင်စင်ယူထားစ မုဆိုးမပူပူနွေးနွေးပဲ ရှိပါသေးသည်။ မုဆိုးမဆိုသော်လည်း တပည့် ယောကျာ်းသား ဆရာဝန် ကြီးများအပေါ် သြဇာညောင်းလှသော မာမီနှင့် သူ့အနားက သမားတော်အငယ် ဆရာဝန်မများ (အန်တီများ) ဒွတ်ဒက်ရွှတ်ရှက်တွေပြောနေပုံကို ပြန်သတိရတိုင်း ပညာကြောင့် ရဲရင့်ခြင်းပဲဟု အောက်မေ့ရင်း ကျားမ တန်းတူဖြစ်ရေးဆိုသည့်စကားကို ၁၉၈၀ ကျော်ကတည်းက သိခဲ့ရပါလားဟု ကျေနပ်မိပါသေး။ နောင် မာမီကြီးနှင့်တွေ့တိုင်း သပ်ရပ် အနုပညာဆန်ပြီး ခံ့ညားတက်ကြွသည့် ဤပုံရိပ်ကို ထိတွေ့မိစမြဲပင်။


(၂)


မာမီကဲ့သို့ အစောပိုင်း မြန်မာဆရာဝန်မကြီးအများစုမှာ အရာရှိကြီးနှင့်သူဌေးသားသမီးများဖြစ်လေ့ရှိပါသည်။ မြန်မာအမျိုးသားဆရာဝန်ပင် သိပ်မထွက်သေးခင်က မိန်းကလေးကို ဆေးပညာသင်ခွင့်ပေးဖို့နှင့် ငွေကုန် ကြေးကျခံနိုင်ဖို့မှာ ထိုသို့သော လူကုံထံပိုင်းကမှ ဖြစ်နိုင်ပေလိမ့်မည်။ မာမီ့အဖို့မှာကား ပညာရေးဟူသော လှေကားကိုထောင်၍ ဓူဝံကြယ်ကိုဆွတ်ခဲ့ရသည့် မိန်းမရည်ချွန်တဦးပါပေ။

စစ်အတွင်း မိဘများပျက်စီးခဲ့သော်ငြား စိန်ဂျွန်းကောလိပ်ကျောင်းဝင်း အဆောင်တခုတွင် ဆေးကျောင်းသူ ကျောင်းသားအချင်းချင်း စောင့်ရှောက်နေကြရင်း ခေတ်ဆိုးကြီးထဲတွင် ကျောင်းတက်၊ ဆရာမရှိဘဲ စာအုပ် ဖတ် အလောင်းခွဲခဲ့ကြရုံမက မာမီ့စကားအတိုင်း လူငယ်တို့၏ ရုန်းကန်ရဲသည့်သတ္တိ၊ မျှော်လင့်ချက်တို့ ကြောင့် ဆရာဝန်ဖြစ်ခဲ့၊ ဘိလပ်ပြန် အမေရိကန်ပြန် သမားတော်ဖြစ်ခဲ့တော့သည်။ ပညာလိုသူကို ထောက်မ ပေးသည့် ပညာရေးရပ်ဝန်းကောင်းနှင့်ကြုံခဲ့ရခြင်းသည်လည်း မာမီ့ကုသိုလ်ပင်ဖြစ်တော့သည်။

မာမီ မန္တလေးတွင် အနှစ်၃၀နီးပါး စာသင်ဆေးကုသွားသည်မှာ အထက်မြန်မာပြည် ကျန်းမာရေးလောက အထူးသဖြင့် မန္တလေးမြို့အတွက် ကျေးဇူးကြီးခဲ့ပါသည်။ စာရေး မလုပ် ဘူးသော ဆရာဝန်မကြီးတယောက်က ဆေးခန်းမဖွင့်ဘဲ ဆေးရုံတွင် အချိန်ပြည့်နီးပါး ရှိနေခြင်းသည် မြတ်သော မင်္ဂလာမည်ပါပေ၏။ တနည်း ကုန်ဈေးနှုန်း အတက်နည်းနည်းနှေးသော ဝန်ထမ်းခံစားခွင့်ရှိသော မဆလ ခေတ်ကျေးဇူးလည်း ဖြစ်ပါသည်။

ထိုခေတ်က စာရေးဆရာ ဒေါက်တာထွန်းရွှေကဲ့သို့ နာမည်ကျော် ဆေးခန်းဆရာဝန်များပင် ပိုက်ဆံယူကြမ်း သည်ဟု သမုတ်ခံရခြင်း ရွှေမန်းတွင် နည်းပါးပါသေးသည်။

လမ်းစဉ်ပါတီမဝင်သောကြောင့်၊ ပညာရေးအစည်းအဝေးများတွင် ထက်ထက်မြက်မြက်ဝေဖန်တတ်သော ကြောင့် မာမီတယောက် မန္တလေးဆေးတက္ကသိုလ် ဆေးပညာဌာနမှူးအဖြစ်မှ ဘယ်တော့မှ ရာထူးမတိုး ခဲ့ကြောင့်လည်း ဆိုရှယ်လစ်ခေတ်ကြီးမှာပင် ဆေးပညာဌာန ရွှေခေတ်ဟု ခေါ်နိုင်လောက်သည့် ပညာရေး စံချိန်စိုက်နိုင်ခဲ့လေသည်။ ဌာနတွင်းက စိတ်နုသော၊ သူနှင့်လိုက်ပြိုင်တတ်သော ပညာကျော်တချို့ကို သည်းညည်းခံပြီး ဌာနကောင်းကျိုးလက်တွဲလုပ်ချင်စိတ်ပေါက်လာအောင် ဆွဲဆောင်တတ်သည်မှာ မာမီ၏ ရင့်ကျက်မှုပါပေ။

၁၉၇၀ကျော်က မာမီ အစည်းအဝေးသွားတက်ခိုက် အက်ဒင်ဘာရာ(Edinburg) ရဲတိုက်ကြီးပုံ ပို့စကတ် နောက်ကျောတွင် တဌာနလုံးကို လှမ်းညွှန်ကြားရင်း မောင်…..အဝတ်အစားတွေ လျှော့ဝယ် ဆိုသည့် စာ ကြောင်းမှာ ယခုထိ ကျော့ကျော့လေးဝတ်တတ်သည့် ဆရာဦး…နာမည်ကို ကြားတိုင်း ပြန်မြင်နေမိပြီး ဒါကြောင့်လည်း မာမီကြီးလို့ ဆရာဝန်အားလုံးက သတ်မှတ်ကြတာကိုးဟုသာ ပြောရပါမည်။


(၃)


မာမီ၊ အဘွားနှင့် ဒေါက်တာသန်းထွန်း၊ ဦးသက်ထွန်း စသည့် ပညာတတ်လူကြီးတချို့တွင် အထူးအားကျ မိသည့်အချက်မှာ ဇရာကို အံတုပြီး အချိန်ရှိသရွေ့ တိုင်းပြည်ကောင်းကျိုး ပညာရပ်အကျိုးကို ဆောင်ဖို့ အားထုတ်နေကြခြင်းပင်။ လာဘ်လာဘ၊ ပကာသန ဘာတွက်မှ မဟုတ်ဘဲ လုပ်စရာရှိတာကို လုပ်သွားကြ ခြင်း လုပ်နေကြခြင်းသာ ဖြစ်ပါသည်။
ထို့ကြောင့် မာမီ ဗမာပြည်ပြန်လာပြီးနောက်မှ အေအိုင်ဒီအက်စ်၊ ကင်ဆာ၊ ဆေးလိပ်၊ အစားအစာ စသည့် အရင်းရှင် မစစ်တစစ် ခေတ်သို့ ပြန်အကူးတွင် မြန်မာလူမျိုးများ သတိမူစရာ ကျန်းမာရေးပြဿနာ အဖုံဖုံကို အစိုးရ ပြည်သူ့ကျန်းမာဘက်ဆိုင်ရာတို့ထက် ပိုပြီး လုံ့လစိုက်ထုတ် နှိုးဆော်ခဲ့ပါသည်။ မာမီ့စကားနှင့်အညီ လူတိုင်းအတွက် ခေါင်းလောင်းတွေ ထိုးပေးခဲ့ပါသည်။ ပြင်ပ အမအစ ပါသည်ဟုလည်း သဲ့သဲ့မျှမကြားမိပါ။ မှတ်မိသေးသည်၊ သူ့ပိုက်ဆံနှင့်ထုတ်ရသည့် သူ့စာအုပ်တွေ အချိန်မီ မထွက်နိုင်သဖြင့် လူထု စက်ကြာ ပုံနှိပ် တိုက်ကို မကြာခဏ လောပေးလေ့ရှိခြင်းကိုတည်း။

ပြည်သူပေါ် ထားသည့် မာမီ့စေတနာ၊ ဆေးပညာကို ခေတ်နှင့်အညီ လေ့လာမှုမပြတ်ခြင်း၊ စာပေတတ်ကျွမ်း မှု တနည်း ခွန်အားရှိသော အရပ်ပြော စကားပြေကို ကျေညက်မှု (ခေတ်ဟောင်းမီသော ရွှေမန်းလူထုနှင့် ထိတွေ့ခဲ့မှု အာနိသင် မှတ်ပါသည်)စသည့် လူထုကျန်းမာရေးနှင့် စပ်လျဉ်းသော စာကောင်းတို့၏ ဂုဏ်ကြန် အင်တို့နှင့် ပြည့်ဝလှသဖြင့် မာမီမှာ ၇၀ ကျော်မှ စာရေးဆရာကြီးဖြစ်ခဲ့ပြန်တော့သည်။ စဖိုဗေဒကို လိုက်စား သော၊ လမ်းဘေးသရေစာကို နှစ်သက်စွာသုံးဆောင်တတ်သောပါမောက္ခကြီး အကြောင်းကို သိသဖြင့် မာမီရယ် ဗမာအစားအသောက်လေးတွေအကြောင်းရေးပါဦးဟု တိုက်တွန်းမိလေရာ ကျနော် ရွက်နုဝေတွင် အယ်ဒီတာလုပ်စဉ်က ပရစ်ကြော်၊ ခိုတောင်မုန့်တီ၊ မုန့်ဟင်းခါး စသည့် ခဲဘွယ်များအပေါ် သူ၏ စွဲလမ်းမှုကို ဆေးဘက်အမြင်ပါရောပြီး ကျကျနနရေးပေးပါသည်။

မြန်မာအစားအသောက် မနုဿဗေဒကို ထူထောင်ရာတွင် ဤစာစုများမှာ ချွင်းချန်ထားခဲ့လို့ ရမည်မဟုတ်ပါ။
လူငယ်များ အင်တာနက်ခေတ်ပညာရေးကို လက်လှမ်းမီနိုင်စေရန် ဇွဲနပဲနှင့်လိုက်စားချင်ကြစေရန် အလို့ငှာ ဆောင်းပါး အင်တာဗျူးများမှ တွင်တွင်ကြီး နှိုးဆော်ခဲ့သည်ကို လူထုကြားတွင် မည်မျှပေါက်ရောက်မှုရှိသည် ကိုကား မပြောတတ်ပါ။ ပညာရွှေအိုးခေတ်ကြီးပေမို့ တခါက ပညာလိုက်စားခဲ့သော မြန်မာလူမျိုးတို့အနေနှင့် နောက်မျိုးဆက်ကို မည်သို့ပျိုးထောင်ပေးရမည်ဆိုသည့်အရေးမှာ ခါချဉ်ကောင်မာန်ကြီးရှိလှပါသည်။

ထိုထက် မာမီအလေးတယူပြု နှိုးဆော်သည့် ပညာရပ်မှာ ဆရာဝန်ကျင့်ဝတ်ပင်ဖြစ်တော့၏။ မှတ်မိနေသည် မှာ ၂၀၀၄ က မန္တလေးဆေးသိပ္ပံ ရွှေရတုတွင် တခြားဆရာဟောင်းများလို ရှေးဖြစ်ဆွေးတွေ ပြန်မလှန်ဘဲ ၂၁ ရာစု ဆေးပညာလောကနှင့်စပ်လျဉ်းသည့် သတိမူစရာများကို ပါဝါပွိုင့်နှင့် ဟောပြောခဲ့ခြင်းပင်။ ဆေးကျောင်း တွင် လစ်ဘရယ်အတ်ခေါ် လူရေးလူမှုပညာများ တိုးချဲ့သင်ဖို့ကိုလည်း မာမီ ပြောခဲ့ဖူးပါသည်။

မာမီ့တပည့်ဆရာဝန်ကြီးများကား ဈေးကွက်မာရ်နတ်၏ မြူချော့မှုကောင်းလွန်း၍လားမသိပါ၊ ခလုတ်ထိမှ လူနာဂုဏောကို သိကြပါတော့သည်။ မြန်မာလူ့ဘောင်မှ အသက်သခင်အဖြစ် တန်ဖိုးသတ်ခဲ့သည့် သမား ဂုဏ်ရည်မယုတ်လျော့ရအောင် ရှေ့ဆက်စိုက်ထုတ်ကြဖို့ ကောင်းလှတော့သည်။ သို့မှသာ မြန်မာဆိုတာ ကျန်းမာရေး အရည်အသွေး နိမ့်ကျလှပေမယ့် အာဖရိကလို လက်တင်အမေရိကတိုင်းပြည်တချို့လို လူမှု ကျင့်ဝတ်ပျက်သုဉ်းပြီး ကူရာကယ်ရာမဲ့နေတာမဟုတ်၊ ဆရာဝန်များက ရှိသမျှနှင့် ပြည်သူကို ကိုယ်နှင့်ထပ်တူ စောင့်ရှောက်နေတဲ့တိုင်းပြည်ဟု ဆိုစမှတ်ဖြစ်စေချင်တော့သည်။


(၄)


မာမီ အရင်လက မန္တလေးတွင် တပည့်တွေဧည့်ခံသည့် မွေးနေ့လာရင်း သက်ကြီးဆရာဝန်ထောက်ပံ့ရေး ရန်ပုံငွေအတွက် သိန်း နှစ်ရာလောက် အလှူခံရသွားသည်။ ထိုအထဲ တပည့်ဟောင်း စီးပွားရေးသမား တယောက်ထဲက သိန်းတရာကျော် လှူသည်ဆိုသည့် သတင်းကောင်းများ ကြားရသဖြင့် လှိုက်လှဲ ဝမ်းသာ ရှိလှပါဘိ။ ဆရာဝန်တွေ ငွေမက်အကျင့်ပျက်သည်ဟု နာမည်ဆိုး ထွက်လှသည့်ခေတ်တွင် ဆရာဝန်အိုကြီး များ မည်မျှ ကျပ်တည်းဆင်းရဲစွာ ရုန်းကန်ရပ်တည်နေရသည်ကို လူအများ သိနားလည်နိုင်မည်မဟုတ်ပါ။ ဝန်ကြီးဟောင်း ဆရာကြီး ဦးဖေသိန်းတို့စုံတွဲသည်ပင် အနှစ်သုံးဆယ်ခန့် အုပ်ချုပ်ရေးလောကတွင် ပြင်ပဝင်ငွေမရှိဘဲ နေခဲ့ရသဖြင့် ငွေနှင့်စက်ဝယ်ရသောဆေးဖိုးကို မခံနိုင်တော့ပေ။

ရန်ကုန်အပြန် လေဆိပ်အဆင်း မျက်ပါးရပ် ကုန်တိုက်တခုတွင် သစ်သီးဝင်ဝယ်ရင်း လမ်းဘေးတွင်တွေ့သည့် ငါးရေခွံကြော်ကို မျက်စိကျသဖြင့် ခြောက်ဆယ်ကျော် တပည့်ကြီးများက ဝမ်းသာအားရ ဝယ်ပေးလိုက်ကြ သည် ဆိုသည့် စကားကို ကြားရသည့်အခါ “ဒါ မာမီ့ရဲ့ မတုပနိုင်သော ဝိသေသလက္ခဏာပဲ၊ အသက် ရှည်ရှည်နဲ့ မြန်မာ့ကျန်းမာရေးနဲ့ အစားအသောက်အနေအထိုင် အလေ့အထကို အကဲခတ်စာတွေ များများ ရေးပြီး ခေတ်ကျပ်ကြီးမှာ လူတွေအသက်ရှည်ချင်အောင် စည်းရုံးနိုင်ပါစေ၊ ကျန်းမာရေး ပညာရေး မူဝါဒ ကောင်း အလုပ်ကောင်းတွေ မြန်မာပြည်တွင် အမြန်အထမြောက်ပါစေ” ဟုသာ မှန်းဆ ဆုတောင်းမိပါတော့ သည်။

ဘိုဘိုလန်းစင်မှာ မန္တလေးဆေးတက္ကသိုလ်မှ ဆေးပညာဘွဲ့၊ လန်ဒန်တက္ကသိုလ်မှ သမိုင်းမဟာဝိဇ္ဇာဘွဲ့များ ရယူထားပြီး မြန်မာပညာတတ်အလွှာ၏ သမိုင်းတွင် ဦးဆောင်သည့်ကဏ္ဍကို အထူးလိုက်စားသည်။


No comments:

Post a Comment