Monday, February 1, 2010
၁၉၉၉ ၊ လှိုင်သာယာသွား တောလား သို့မဟုတ် ငရဲဆီသို့
ဒီဇင်ဘာလဆိုပေမယ့် နေက ဆိုးဆိုးရွားရွားကို ပူလောင်တောက်ပနေတယ်။ ကားပြတင်းပေါက်ကတဆင့် တဟူးဟူး တိုးဝင်လာတဲ့ လေမှာ အအေးရှိန်၊ အအေးငွေ့ လုံးလုံး မပါပါဘူး။ ကားဖြတ်လာတဲ့ ကတ္တရာလမ်းမတောင် ပျောင်းပျောင်းအိအိ ဖြစ်နေသလိုပါပဲ။
အလျှံတညီးညီး တောက်လောင်နေတဲ့ နေရောင်အောက်မှာ ကျနော်တို့ကား ဖြတ်သန်းလာတဲ့ ဘုရင့်နောင်လမ်းမ တလျှောက်လုံးဟာ သက်ငြိမ်ပန်းချီကားတချပ်လို ငြိမ်သက်တိတ်ဆိတ်နေပါတယ်။ ကျနော့်စိတ်တွေကတော့ ယောက်ယက်ခတ် လှုပ်ရှားနေကြလေရဲ့။ ကားထဲမှာ လိုက်ပါလာတဲ့ ကျနော့် သူငယ်ချင်းတွေရော ဘယ်လိုများ နေကြပါသလဲ။ ကားမောင်းလာတဲ့ သူငယ်ချင်းကတော့ လန်ဒန်တွေ တလိပ်ပြီးတလိပ် ရှိုက်ဖွာရင်း နဖူးပေါ် ယိုစီးလာတဲ့ ချွေးတွေကို လက်နဲ့ မကြာမကြာ သပ်ချနေတယ်။ ကျနော်လည်း နောက်ထပ် စီးကရက်တစ်လိပ်ကို မီးညှိလိုက်မိတယ်။ ဟုတ်တယ်။ ကျနော်တို့ သွားနေတယ်။ ကျနော်ချစ်တဲ့ ရန်ကုန် စက်မှုတက္ကသိုလ်ကြီး ရှိရာဆီကို ကျနော် သွားနေတယ်။
ဘုရင့်နောင်မီးပွိုင့် ရောက်တာနဲ့ ဘုရင့်နောင်တံတား ရှိရာဆီ ဘယ်ဘက်ကို ကျနော်တို့ကား ချိုးကွေ့လိုက်ပါတယ်။ ဘုရင့်နောင်တံတားပေါ် မတက်ခင်မှာဘဲ တံတားဖြတ်သန်းခပေးရတဲ့ ဂိတ်ရှေ့မှာ ကျနော်တို့ ကားရပ်လိုက်ရတယ်။ တံတားဖြတ်သန်းခကို မကြည်မသာနဲ့ ထုတ်ပေးရင်း (နောင်မှာ ကျောင်းသားတွေနဲ့ အမြဲလိုလို ပြဿနာတက်လေ့ရှိတဲ့ ကိစ္စတခု ဖြစ်လာခဲ့ပါတယ်) ကျနော်တို့ တံတားပေါ်ကို တက်ခဲ့ကြတယ်။ တံတားအောက်က မြစ်ကြီးကတော့ စီးမြဲစီးနေလေရဲ့။ နေရောင်ကြောင့် မြစ်တပြင်လုံးဟာ မှန်သားတချပ်လို ငွေရောင်တောက်ပနေပါတယ်။ တံတားက ဆင်းပြီး သိပ်မကြာခင်မှာပဲ လမ်းဘေးဝဲယာက မြင်ကွင်းတွေဟာ လုံးဝပြောင်းလဲသွားခဲ့တယ်။ ကျနော် တသက်လုံး နေထိုင်ကြီးပြင်းလာတဲ့ ရန်ကုန်မြို့ရဲ့ သွင်ပြင်လက္ခဏာတွေအားလုံး ဘာတခုမှ မတွေ့ရတော့ပါဘူး။
လမ်းဘေးဝဲယာ တလျှောက်လုံးမှာ အဆုံးအစ မရှိတဲ့ လွင်တီးခေါင်ပြင်ကြီးတွေကို ကျနော် တွေ့နေရတယ်။ ဟိုးအဝေးဆီမှာ တံလျှပ်တွေ တထောင်းထောင်း ထနေလေရဲ့။ ကျနော် ငေးနေရင်းနဲ့ပဲ FMI city နဲ့ နဝဒေးအိမ်ယာတွေကို ဖြတ်ကျော်လာခဲ့တယ်။ လေအဝှေ့မှာ လမ်းဘေးမှာ စိုက်ထားတဲ့ မလေးရှားပိတောက်တွေက ယိမ်းနွဲ့နေပါတယ်။ ဒီအပင်တွေက အကြီးမြန်ပေမယ့် အရိပ်အာဝါသတော့ မကောင်းလှပါဘူး။ ဆောက်လက်စ တပိုင်းတန်းလန်း အဆောက်အအုံတွေကလည်း နေပူကြီးထဲမှာ သူရဲတစ္ဆေတွေလို ငုတ်တုပ်ထိုင်နေကြပါတယ်။ ကျနော်တွေးနေတုန်း လမ်းရဲ့ ခပ်လှမ်းလှမ်းမှာ ပုံစံတူဆောက်ထားတဲ့ လေးငါးထပ်တိုက်တွေကို လှမ်းမြင်ရတယ်။ ကျန်စစ်သားအိမ်ယာ ဆိုပါလား။ ညီညာချောမွေ့နေပေမယ့် လှိုင်းတွေ တင်းကြမ်းထနေတဲ့ လမ်းကြောင့် ကားအဆောင့်မှာ ကျနော့် အတွေးတွေ ပြတ်တောက်သွားပြန်တယ်။
ဒီမှာပဲ ဟိုးခပ်လှမ်းလှမ်းက ယာဉ်အဝိုင်းပတ်တခုကို ကျနော် တွေ့လိုက်ရတယ်။ ညောင်တုန်းလမ်းခွဲတဲ့။ ဒီနေရာဟာ နောင်အခါမှာ မီးခွက်ဈေးလို့ ကျနော်တို့ အမှတ်အသားပြုရတဲ့ နေရာပါ။ အခုဆိုရင် ရန်ကုန်မြို့နဲ့ တော်တော်ဝေးလာခဲ့ပါပြီ။ ကျနော် နာရီကို တချက်ကြည့်လိုက်တယ်။ နေ့လယ် နှစ်ချက်ခွဲတော့မယ်။ တပြန့်တပြူးကြီး မဆုံးနိုင်တဲ့ ကွင်းပြင်ကြီးတွေကြား ဖြတ်ဖောက်ထားတဲ့ လမ်းအတိုင်း ကျနော်တို့ ဆက်ထွက်ခဲ့ကြတယ်။ လမ်းရှင်းနေတာကြောင့် သူငယ်ချင်းက ကားကို ကီလို ၉ဝ အထိ အရှိန်မြှင့်လိုက်တယ်။
ဟိုး ရှေ့ဘက်မှာ ဒုတိယမြောက် အဝိုင်းပတ်တခုကို ထပ်တွေ့ရပြန်တယ်။ နောင်တချိန်မှာ လင်မျှော်ကုန်းလို့ လူသိများလာမယ့် တမာကုန်း စက်မှုဇုန်ပါပဲ။ ဖဲကြိုးတချောင်းကို ဆွဲဆန့်ထားသလိုဖြစ်နေတဲ့ လမ်းကြီးအတိုင်း ကျနော်တို့ ဆက်ထွက်ခဲ့ပြန်တယ်။ ကျနော့်နောက်မှာ အတိတ်တွေကျန်ခဲ့ပြီ။ တိုင်ကြီး ၁၈ တိုင် ကျန်ခဲ့ပြီ။ ကင်တင်းက ကျနော်ချစ်ရတဲ့ ခွေးမကလေးမြီးတို ကျန်ခဲ့ပြီ။ ကျနော့်ရဲ့ လန်းလန်းဆတ်ဆတ် ကျောင်းသားဘဝ နေ့ရက်တွေ ကျန်ခဲ့ပြီ။ ကျနော် အသက် ၂၃ နှစ်ရှိပါပြီ။ မီးခိုးမဆုံးမိုးမဆုံး အတွေးတွေထဲ ကျနော်နစ်မြုပ်နေရင်းက ထိန်ပင်သုဿာန်ကို တွေ့လိုက်ရမှ သတိပြန်ဝင်လာတယ်။ ပြီးတော့ အမှတ် ၉ ရဲတပ်ရင်းလို့ ရေးထားတဲ့ ဆိုင်းဘုတ်တခုကို ထပ်တွေ့ရပြန်တယ်။
ကျနော် လမ်းရဲ့ ဘယ်ဘက်ကို ကြည့်လိုက်တယ်။ ရန်ကုန် နည်းပညာတက္ကသိုလ် (လှိုင်သာယာ) ဆိုတဲ့ ဆိုင်းဘုတ် အသစ်စက်စက်ကလေးကို ကျနော် တွေ့လိုက်ရတယ်။ ကျနော် ကားဒိုင်ခွက်က အကွာအဝေးပြ ကီလိုမီတာကို ကြည့်လိုက်မိတယ်။ ၂၈ ဆိုတဲ့ ဂဏန်းမှာ ရပ်တန့်နေလေရဲ့။ ဒီအချိန်ဆို ကျနော့်သူငယ်ချင်း တချို့ သန်လျင်ဘက်ကို ရောက်နေတော့မယ်။ တချို့ မှော်ဘီဘက်ကို ရောက်နေတော့မယ်။ တချို့ ပြည်ဘက်ကို ရောက်နေတော့မယ်။ တချို့ကတော့ အင်းစိန် ဘဝတက္ကသိုလ်မှာ ရောက်နေတော့မယ်။ ကျနော် ဆက်မတွေးချင်တော့တာနဲ့ ကိုယ့်အတွေးကိုယ် ဖြတ်တောက်ပစ်လိုက်တယ်။ ရန်ကုန်မြို့နဲ့ မိုင် ၂ဝ အကွာမှာ ကျနော် ရောက်နေတယ်။ နေက ပြင်းပြင်းပြပြကြီးကို ပူနေလေရဲ့။ ရင်ထဲမှာက ပိုပူပါတယ်။
လွန်ခဲ့တဲ့ နှစ်လလောက်တုန်းကတော့ ကျနော်တို့ သန်လျင် ဂျီတီအိုင်မှာ တက်ရမယ်ဆိုလို့ သန်လျင်ကိုသွားပြီး စုံစမ်းခဲ့ရပါသေးတယ်။ ဒါပေမဲ့ အစီအစဉ်တွေ ပြောင်းသွားခဲ့ပါတယ်။ နိုဝင်ဘာလလောက်ထဲမှာ ရန်ကုန် နည်းပညာတက္ကသိုလ် (စက်မှုတက္ကသိုလ်ကနေ အမည်ပြောင်း သွားခဲ့ပါပြီ) မော်ကွန်းထိန်းဆီက ကျနော်တို့ ရန်ကုန် နည်းပညာ တက္ကသိုလ် (လှိုင်သာယာ) မှာ ပညာသင်ကြားရမယ့်အကြောင်း အကြောင်းကြာစာ ကျနော်တို့ဆီကို ရောက်လာခဲ့ပါတယ်။ လှိုင်သာယာရဲ့ ပထမဆုံး အသုတ်အနေနဲ့ပါ။ ကျနော်တို့ တတိယနှစ်နဲ့ စတုတ္ထနှစ် ကျောင်းသားတွေပေါ့။ ပထမနှစ်နဲ့ ဒုတိယနှစ် ကျောင်းသားတွေကတော့ သန်လျင်နဲ့ မှော်ဘီမှာ တက်ရပါလိမ့်မယ်။ နယ်ကျောင်းသူကျောင်းသားတွေကတော့ ပြည်နားက လက်ခုပ်ပင်ဆိုတဲ့ နေရာမှာ တက်ရပါလိမ့်မယ်။ ပဉ္စမနှစ်နဲ့ နောက်ဆုံးနှစ် ကျောင်းသားတွေကတော့ တက်စရာ မလိုသေးပါဘူး။ ဒါနဲ့ပဲ လှိုင်သာယာရဲ့ ပထမဆုံး အသုတ်အနေနဲ့ ကျနော်တို့ စတင်တက်ရောက်ခဲ့ရပါတော့တယ်။ ကျနော်တို့ လာခဲ့ပါပြီ။ ငရဲဆီကိုပါ။
အဲဒီနေ့ဟာ ဒီဇင်ဘာလလယ် နေ့တနေ့ပါ။ အဲဒီနေ့မနက်က ကျနော်တို့ ခပ်စောစောပဲ ကျောင်းကို ထွက်ခဲ့ကြပါတယ်။ ကားကိုတော့ ကျနော်တို့ သူငယ်ချင်းတွေ တယောက်တရက်စီ အလှည့်ကျယူပြီး အားလုံးစုသွားကြဖို့ အစီအစဉ် လုပ်ခဲ့ပါတယ်။ ကျောင်းက လှိုင်သာယာ ညောင်တုန်းသွားတဲ့ ကားလမ်းမပေါ်မှာ ရှိတယ်ဆိုပေမယ့် တကယ်ကတော့ ကျနော်တို့ ကျောင်းကိုရောက်ဖို့ အတွင်းထဲကို ၁ဝ မိနစ်လောက် ကားမောင်းပြီး ထပ်ဝင်ရပါသေးတယ်။ လမ်းတဝက်လောက်မှာ မြစိမ်းရောင်အိမ်ယာ (အမည်မသေချာ) လို့ အမည်ပေးထားတဲ့ ဆောက်လက်စ အဆောက်အဦးတခုရှိပြီး နောင်မှာ ဆရာဆရာမတွေအတွက် နေရာချပေးထားတဲ့ အိမ်ယာ ဖြစ်လာခဲ့ပါတယ်။ ကျောင်းဂိတ်ပေါက်က ဝင်လိုက်တာနဲ့ ဘယ်ဘက်မှာ တွေ့ရတာကတော့ ကျောင်းကင်တင်းပေါ့။ ကျောင်းတွင်းလမ်းမကနေ ကင်တင်းဆီကို သွားဖို့တော့ အုတ်ခဲအကျိုးအကြေတွေနဲ့ လမ်းခင်းထားပါတယ်။ လမ်းဘေးဝဲယာကတော့ နွေဆိုရင် ခြောက်သွေ့နေတဲ့ မြေကျစ်စာခဲတွေဖြစ်ပြီး မိုးတွင်းဆိုရင်တော့ ရွှံ့နွံအတိ ပြီးနေပါတယ်။
ကျနော်တို့ စရောက်ရောက်ချင်းတော့ ကျောင်းဖွင့်ကာစမို့လို့ ကင်တင်းမှာ ဆိုင်တွေ မစုံသေးပါဘူး။ အရင် ကြို့ကုန်းကျောင်းတုန်းက ဆိုင်တချို့နဲ့ မော်ဒန် လက်ဖက်ရည်ဆိုင်ကို တွေ့ရပါတယ်။ ကျောင်းအဆောက်အဦးတွေဟာ အရွယ်တူပုံစံတူ နှစ်ထပ်အဆောက်အဦးတွေ ဖြစ်ပါတယ်။ တချို့လည်း တထပ်ပေါ့။ ကျောင်းဝင်းအတွင်းမှာတော့ ကျနော် အမျိုးအမည် ခွဲခြားမသိတဲ့ အပင်တချို့ကို စိုက်ပျိုးထားတယ်။ အားလုံး ညှိုးနွမ်းခြောက်သွေ့လို့ပေါ့။ အမြင့်ဆုံးအပင်ဟာ ကျနော့်အရပ်ထက် နည်းနည်းပဲ မြင့်မလားပဲ။
မနက် ၁ဝ နာရီလောက်ပဲ ရှိသေးပေမယ့် နေဟာ ရက်ရက်စက်စက်ကို ပူရှိန်ပြင်းနေတယ်။ ကျနော်တို့အားလုံး ဘယ်သူမှ အပြင်မထွက်နိုင်ကြတော့ပါဘူး။ ကင်တင်းထဲမှာ ထိုင်နေရင်းနဲ့ ဒီလို အခြေအနေမျိုးမှာပဲ ကျောင်းပြီးဆုံးတဲ့အထိ ကျနော် တက်ရတော့မယ်ဆိုတာ တွေးဖြစ်အောင် တွေးလိုက်မိတယ်။ ဒီနေ့ဟာ ဒီကျောင်းကြီးရဲ့ အစပါ။ ဒါပေမယ့်….ဒီနေ့ဟာ ကျနော့် တက္ကသိုလ်ကျောင်းသား ဘဝရဲ့ အဆုံးပါ။ အဲဒီနေ့က ကျနော် အတန်းမတက်ဖြစ် ခဲ့ပါဘူး။
ရက်သတ္တတပတ်အတွင်းမှာပဲ ကျနော့်ရဲ့ လှိုင်သာယာ တက္ကသိုလ် ကျောင်းသားဘဝဟာ စတင်ရုပ်လုံးပေါ်လာခဲ့ပါတယ်။ သွားရလာရတဲ့ ဒုက္ခတွေပြီးရင် ကျနော်တို့ လှိုင်သာယာမှာ ပထမဆုံး ရင်ဆိုင်ရတာက ရေအခက်အခဲပါ။ လှိုင်သာယာက ရေဟာ သောက်လို့မရအောင် ပေါ့ပျက်ပျက် ဖြစ်နေတဲ့အတွက် ကျနော်တို့ ရန်ကုန်မြို့ထဲက ရေသန့်ဘူးတွေ ယူခဲ့ဖို့ စီမံကြရပါတယ်။ ရေသန့်ဘူးယူရမယ့် တာဝန်ကိုတော့ ကျောင်းမှန်တဲ့၊ ကားလည်း အဆင်ပြေတဲ့ ကျောင်းသားတွေက ယူကြရပါတယ်။ နေဒဏ်လေဒဏ်တွေအောက်မှာ ခဏချင်းအတွင်းမှာပဲ ကျနော်တို့ အသားတွေ ညိုမောင်းသွားခဲ့ကြပါတော့တယ်။ တက္ကသိုလ်တခုမှာ ရှိရတဲ့ အမျိုးသား နားနေဆောင်၊ အမျိုးသမီး နားနေဆောင်တွေလည်း တခုမှ မရှိတဲ့အတွက် ကင်တင်းသာ ကျနော်တို့ရဲ့ တခုတည်းသော ခိုလှုံရာ ဖြစ်လာခဲ့ပါတော့တယ်။
ကျောင်းစဖွင့်ပြီး နှစ်ပတ်လောက်မှာပဲ ကျနော့်ရဲ့ နေ့စဉ်ကျောင်းတက်မယ်ဆိုတဲ့ စိတ်ကူးဟာ လုံးဝ ပြိုကွဲသွားပါတော့တယ်။ ကား တယောက်တလှည့်စီယူပြီး ကျောင်းကို စုသွားစုပြန်မယ်လို့ ကျနော်တို့ စီစဉ်ထားခဲ့ပေမယ့် လက်တွေ့မှာ နေ့စဉ် နှစ်နာရီလောက် ကားမောင်းပြီး ကျောင်းတက်ရပြန်ရတဲ့ ဒုက္ခကို ကျနော်တို့ မခံနိုင်ခဲ့ပါဘူး။ ကျနော်တို့ လက်မြှောက်ခဲ့ရပါပြီ။ ရန်ကုန်မြို့ထဲမှာသာ တသက်လုံး နေထိုင်ကြီးပြင်းလာတဲ့ ကျနော်တို့အတွက် လှိုင်သာယာရဲ့ လွင်တီးခေါင် ကျတ်တီးကုန်း လယ်ကွင်းပြင်ကြီးတွေဟာ တစိမ်းဆန်လွန်းလှပါတယ်။ ဒါနဲ့ပဲ စနေ တနင်္ဂနွေတွေမှာ မြို့ထဲက ကျနော်တို့ သူငယ်ချင်းတွေအိမ်မှာ ကျူရှင်ယူဖို့ ဆုံးဖြတ်ခဲ့ရပါတော့တယ်။ နေ့စဉ် ကျောင်းသွားတက်ရတဲ့ စရိတ်စကနဲ့ ကျူရှင်ယူရတဲ့ စရိတ်ကလည်း အတူတူ လောက်ဖြစ်နေလို့ပါ။ ဒီလိုနဲ့ ၂ဝဝဝ ပြည့်နှစ်ထဲကို ရောက်လာပါတယ်။ ကျနော်လည်း ကျောင်းကို တပတ်တရက်လောက်ပဲ သွားဖြစ်ပါတော့တယ်။
ကျနော်တို့ တတိယနှစ်မှာ ပရက်တီကယ် လုပ်ဖို့အတွက် အဆောက်အအုံတောင် မပြီးသေးတဲ့အတွက် အင်ဂျင်နီယာ ကျောင်းသားတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ပရက်တီကယ်ကိုတောင် မလုပ်ခဲ့ရပါဘူး။ စာတွေ့နဲ့ပဲ ဖြတ်သန်းခဲ့ရပါတယ်။ ကျနော် အပြင်လူ လုံးလုံးဖြစ်သွားခဲ့ပါပြီ။ တက္ကသိုလ် တက်နေပါတယ်လို့ ပြောစမှတ်ပြုစရာ ဘာမှ မယ်မယ်ရရ မကျန်တော့ပါဘူး။ ကျောင်းကို ရောက်ဖြစ်တဲ့ တချို့ရက်တွေမှာလည်း အတန်းဘက် ခဏသွားပြီး ကင်တင်းမှာပဲ ထိုင်နေတာ များခဲ့ပါတော့တယ်။ ၉၆၊ ၉၈ သပိတ်တိုက်ပွဲတွေတုန်းက ကျနော်နဲ့ အတူတူရှိနေခဲ့တဲ့ သူငယ်ချင်း ရဲဘော်တွေလည်း သိပ်မရှိတော့ပါဘူး။ တချို့က အင်းစိန်တောရမှာ ရောက်ရှိနေခဲ့ပါပြီ။ တချို့လည်း ကျောင်းဆက်မတက်ဖြစ်တော့ပါဘူး။ တချို့လည်း ပြည်ပကို ထွက်ခွာသွားကြပါပြီ။ ကျနော်တို့ စက်မှုတက္ကသိုလ်က မဟုတ်တဲ့ သူငယ်ချင်းတွေနဲ့လည်း အဆက်ပြတ်သွားခဲ့ပါပြီ။ တော်တော်များများကတော့ အဝေးသင်တွေ ဖြစ်ခဲ့ကြပြီပေါ့။ မြန်မာပြည် ပညာရေးရဲ့ မျက်နှာစာသစ်တရပ်ဟာ ၂၁ ရာစုနဲ့အတူ မွေးဖွားလာခဲ့ပါပြီ။ ခြေမစုံလက်မစုံနဲ့ပါ။
ကျနော်တို့ ကျောင်းသားတွေတင် ဒုက္ခရောက်ကြတာ မဟုတ်ပါဘူး။ ဆရာဆရာမတွေလည်း ဒုက္ခရောက်ကြရှာပါတယ်။ ဆရာ ဆရာမတွေအနေနဲ့က လှိုင်သာယာနဲ့ ပြည်ကို တပတ်စီ သင်ရတာပါ။ ပြည်မှာ သင်ရမယ့် အပတ်ဆိုရင် တနင်္ဂနွေနေ့မှာ ကျောင်းက စီစဉ်ထားတဲ့ ကားနဲ့ သွားကြရပါတယ်။ လှိုင်သာယာမှာ သင်ရမယ့် အပတ်ဆိုရင် ကြို့ကုန်းကနေ လှိုင်သာယာကို ကျောင်းက ဖယ်ရီနဲ့ လာကြရပါတယ်။ ကျောင်းနှစ်ကျောင်းကြား အံဝင်အောင် လုပ်ရတဲ့ ဒုက္ခကလည်း မသေးပါဘူး။ ကျနော်တို့ ကျောင်းသားတွေ အပိုင်းမှာလည်း ပညာကို စူးစိုက်သင်ယူလိုစိတ်တွေ ကုန်ခန်းသွားခဲ့ပါပြီ။ စာမေးပွဲကျတယ်ဆိုတာလည်း မရှိတော့ပါဘူး။ ကျရင် ကျတဲ့ဘာသာကို ပြန်ဖြေလိုက်ရုံပါပဲ။ တခြား လူမှုရေးအသင်းအဖွဲ့တွေ၊ တက္ကသိုလ်ဆိုင်ရာ အားကစားပွဲတွေလည်း ဘာတခုမှ မရှိတော့ပါဘူး။ အကျိုးဆက်အနေနဲ့ ကျောင်းသားတွေအားလုံး စိတ်လေလွင့်သွားပြီး ကျောင်းက စာသင်ခန်း အလွတ်တွေမှာ ဖဲဝိုင်းကြီးတွေ ဟီးထအောင် ပေါ်လာပါတော့တယ်။ မိုးလင်းကနေ မိုးချုပ်အထိ ဖဲရိုက်ကြပြီး ပြန်စရာကားမရှိလို့ ကျောင်းက ဘတ်စ်ကားကို ချောဆွဲပြီး ပြန်ရတဲ့ နေ့တွေတောင် ရှိခဲ့ဖူးပါတယ်။ တက္ကသိုလ်ရဲ့ Atmosphere လုံးဝပျောက်ကွယ်သွားခဲ့ရပြီ ဖြစ်ပါတယ်။
၂ဝဝဝ ပြည့်နှစ် မတ်လနှောင်းပိုင်းမှာတော့ ကျနော့်ဆီ သတင်းတခု ရောက်လာပါတယ်။ ပြည်နားက လက်ခုပ်ပင်မှာ နယ်ကျောင်းသူ ကျောင်းသားတွေအတွက် ဖွင့်လှစ်ထားတဲ့ ကျနော်တို့ရဲ့ ရန်ကုန် စက်မှုတက္ကသိုလ်ဆီက သတင်းပါ။ သတင်းအရကတော့ ကျနော်တို့ ရန်ကုန်စက်မှု တက္ကသိုလ်ရဲ့ အထင်ကရနေ့ဖြစ်တဲ့ ဖုန်းမော်နေ့ကို ပြည်မှာ ကျင်းပဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ကျနော် အဲဒီတုန်းက ကြားခဲ့တဲ့ သတင်းကတော့ ဒီလောက်ပါပဲ။ နောက်လ အနည်းငယ်ကြာမှ အဲဒီနေ့က ပါဝင်ခဲ့တဲ့ ရဲဘော်တွေ (ကျောင်းက အလံကို ဖြုတ်ချခဲ့သူ အပါအဝင်) ထောင်ဒဏ် ၇ နှစ် ကျခံခဲ့ရတယ်လို့ သိရပါတယ်။ ကျနော်တို့ အချင်းချင်း သတင်းကွန်ယက်နဲ့ အဆက်အသွယ် ပြတ်တောက်ခဲ့တဲ့ အပေါ်မှာ ကျနော်တို့လည်း သူတို့အတွက် ဘာမှလုပ်မပေးနိုင်ခဲ့ပါဘူး။ နောက်တချက်က ကျနော်တို့ လှိုင်သာယာအနေနဲ့ နေ့ကျောင်းသားတွေချည်းပဲ ရှိတော့တဲ့အပေါ်မှာ ကျောင်းသားလှုပ်ရှားမှုတွေကို ဆက်လက်ဖော်ထုတ်ဖို့ အခြေအနေ မပေးနိုင်လောက်အောင် ခဲယဉ်းသွားခဲ့ပြီ ဖြစ်ပါတယ်။ ပကတိ အရှိတရားအနေနဲ့ ကျနော်တို့ ကျောင်းသားထုရဲ့ နိုင်ငံရေး နဲ့ ကျောင်းသားအခွင့်အရေး တိုက်ပွဲတွေ ယာယီငုပ်လျှိုး သွားခဲ့ရပြီ ဖြစ်ပါတယ်။
ကျနော် တတိယနှစ် တက်ရောက်နေတဲ့ အချိန်မှာပဲ ၉၆၊ ၉၇ ခုနှစ်က အထက်တန်း အောင်မြင်ခဲ့တဲ့ ညီငယ်နှမငယ်တွေကို သန်လျင်နဲ့ မှော်ဘီမှာ ပထမနှစ်သင်တန်းတွေ တပြိုင်နက် ဖွင့်လှစ်ပေးခဲ့ပါတယ်။ ကျန်တဲ့ နယ်ကျောင်းသူ ကျောင်းသားတွေကတော့ နီးစပ်ရာ ဂျီတီအိုင်တွေမှာပဲ တက်ရလိမ့်မယ် ထင်ပါတယ်။ ၂ဝဝဝ ခုနှစ် မေလမှာတော့ ကျနော်တို့ တတိယနှစ်နဲ့ စတုတ္ထနှစ် စာမေးပွဲတွေ ဖြေပြီးလို့ ကျောင်းပြန်ပိတ်ခဲ့ပါတယ်။ ကျနော်တို့ကို ကျောင်းပိတ်ထားချိန်မှာ ပဉ္စမနှစ်နဲ့ နောက်ဆုံးနှစ်တွေအတွက် ကျောင်းပြန်ဖွင့်ခဲ့ပါတယ်။
ကျောင်းပိတ်တဲ့ကာလက ၈ လကျော်၊ ၉ လတောင် ကြာမြင့်ခဲ့ပြီး ကျနော် စတုတ္ထနှစ် ပြန်တက်ရတဲ့ အချိန်မှာ ၂ဝဝ၁ ခုနှစ်ထဲကို ရောက်ရှိခဲ့ပါပြီ။ တတိယနှစ်အနေနဲ့တော့ ကျနော်တို့ ကြို့ကုန်းကျောင်းတော်ကြီးကို နောက်ဆုံးမီလိုက်တဲ့ ၉၅ ခုနှစ်က အထက်တန်းအောင်မြင်ခဲ့တဲ့ ညီငယ်တွေ ရောက်လာပါတယ်။ ထူးခြားမှုအနေနဲ့ကတော့ သူတို့ကို ကြိုက်ရာမေဂျာ ယူခွင့်ပေးလိုက်ခြင်းပါ။ အစဉ်အလာအရက ဒုတိယနှစ်မှာရတဲ့ အမှတ် အနည်းအများအလိုက် မေဂျာခွဲခြင်း ဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ အရင်က အမှတ်နည်းတဲ့သူတွေရတဲ့ Aero, Mining, Metal, Textile အစရှိတဲ့ မေဂျာတွေဟာ သင်ယူမယ့် ကျောင်းသားကျောင်းသူ လုံးဝမရှိတော့တဲ့ ဘဝကို အလိုအလျောက် ရောက်ရှိသွားပါတော့တယ်။
အဲဒီအချိန်ကာလ အတောအတွင်းမှာတော့ ကျနော်တို့ ကျောင်းသားအားလုံးဟာ အနည်းနဲ့ အများဆိုသလို တက္ကသိုလ်အပေါ် အာရုံစူးစိုက်မှု လျော့နည်းသွားခဲ့ရပြီ ဖြစ်ပါတယ်။ အိမ်က လက်ငုပ်လက်ရင်း မိဘလုပ်ငန်းကို ဝင်ရောက်လုပ်ကိုင်နေသူတွေ ရှိသလို ကျူရှင်ဆရာ၊ ဂိုက်၊ ကားဝယ်ရောင်း၊ ပွဲစား အစရှိသဖြင့် ရောက်တတ်ရာရာ လုပ်ကိုင်နေရသူတွေက အများစု ဖြစ်လာခဲ့ပါပြီ။ ကျနော်ကိုယ်တိုင်လည်း အပြင်လူတပိုင်း ဖြစ်နေပေမယ့် တက္ကသိုလ်အပေါ် သံယောဇဉ်မပြတ်နိုင်တဲ့ ကျနော်ဟာ ရံဖန်ရံခါ ကြုံကြိုက်တိုင်း ရန်ကုန်တက္ကသိုလ် (ပင်မ) ကို ရောက်သွားတတ်ပါတယ်။ တက္ကသိုလ်ကြီးတခုလုံးဟာ လူသူကင်းမဲ့ပြီး တစပြင်လို တိတ်ဆိတ်ခြောက်သွေ့နေပါတယ်။ အဓိပတိလမ်းပေါ်မှာ ကျနော် တယောက်ထဲပါ။
ဟာလာဟင်းလင်းဖြစ်နေတဲ့ အရင်က ကျောင်းသားသမဂ္ဂ အဆောက်အဦး တည်ရှိခဲ့တဲ့ မြေကွက်လပ်ကြီးကတော့ ကျနော်တို့နိုင်ငံ လွတ်လပ်ရေး ပြန်ရမယ့်ရက်ကို မျှော်လင့်တကြီး စောင့်နေရှာလေရဲ့။ အင်းလျားကန်ဘောင်ပေါ် ရောက်ဖြစ်တဲ့ အခါမှာလည်း အရင်လို တက္ကသိုလ်ကျောင်းသားကျောင်းသူတွေကို တယောက်မှ ကျနော် မတွေ့ရတော့ပါဘူး။
ကြို့ကုန်းက ကျောင်းတော်ကြီးဆီကိုတော့ ကျနော့်ကျူရှင်က ဆရာမတွေကို လိုက်ပို့လိုက်ကြိုရင်း တပတ်တခါလောက် ရောက်ဖြစ်ခဲ့ပါတယ်။ ကျနော် ကျောင်းကို ရောက်ဖြစ်တိုင်း လူသူရှင်းလင်းနေတဲ့ ကင်တင်းက မေတ္တာပေါင်းကူးမှာ တွေတွေ ငေးငေးထိုင်ရင်း ဟိုးအရင်က နေ့တွေကိုပဲ ပြန်လွမ်းနေမိပါတော့တယ်။ ကင်တင်း တခြမ်းနဲ့ တခြမ်းကို ခြားထားတဲ့ ကွက်လပ်ဟာလည်း ခြုံနွယ်ပိတ်ပေါင်းတွေ တောထနေပြီး တချို့နေရာတွေမှာဆို ဟိုဘက်ကနေ ဒီဘက်ကို မြင်နိုင်စွမ်းတောင် မရှိတော့ပါဘူး။ ကင်တင်းလှေကားအတိုင်း ပြန်တက်လာရင်လည်း အသစ်ဆောက်လိုက်တဲ့ စာကြည့်တိုက်ကြီးက ဖုံးကွယ်နေလို့ တိုင်ကြီး ၁၈ တိုင်ကို မမြင်နိုင်တော့ပါဘူး။ ကျောင်းကြီးတကျောင်းလုံးဟာ ကိုယ့်ခြေသံကိုယ် ပြန်ကြားရလောက်တဲ့အထိ တိတ်ဆိတ်နေပါတယ်။ တကယ်တော့ ဒီကျောင်းကြီးကို ကျနော် မပိုင်တော့ပါဘူး။ မေတ္တာပေါင်းကူးက ဖွင့်နေတဲ့ ခင်မောင်တိုးရဲ့ ဝေးခဲ့ပြီ ပန်းခရမ်းပြာ သီချင်းက ကျနော့်ဆီ တိုးတိုး ညင်းညင်း ပျံ့လွင့်လာတယ်။ ပင်ညိုညိုရိပ်တွေ မြမြက်စိမ်းစိမ်းတွေတဲ့ ….. ဟုတ်ပါတယ်။ ဘယ်ဆီမှာလည်း ကျနော် မသိတော့ပါဘူး။
ကျနော် လှိုင်သာယာမှာ ကျောင်းတက်နေတုန်းမှာပဲ ဘုရင့်နောင်တံတားနဲ့ ကျနော်တို့ ကျောင်းရဲ့ ခရီးသုံးပုံတပုံလောက်မှာရှိတဲ့ ကျန်စစ်သားအိမ်ယာကိုလည်း ရံဖန်ရံခါ ရောက်ဖြစ်ခဲ့ပါတယ်။ ကျန်စစ်သားအိမ်ယာက အခန်းငှားရမ်းခတွေဟာ တော်တော်သက်သာတာကြောင့် ကျနော့်သူငယ်ချင်းတချို့ စုပေါင်းပြီး အခန်းတခန်း ငှားရမ်းထားခဲ့ပါတယ်။ ရံဖန်ရံခါ ကျောင်းကနေပြီး အိမ်ကို မပြန်ချင်တော့တဲ့ နေ့တွေမှာ အဲဒီအခန်းမှာ အိပ်ကြပေါ့။ တချို့သူငယ်ချင်းတွေလည်း အဲဒီမှာပဲ တောက်လျှောက်နေနေတာလည်း ရှိပါတယ်။ ကျနော်တို့ရဲ့ အခန်းနဲ့ ကပ်လျက်တိုက်က အခန်းမှာ ငှားနေကြတာက အထည်ချုပ်စက်ရုံက မိန်းကလေးတွေပါ။ တိုက်တွေဟာ တခုနဲ့တခု ဆက်နေတာကြောင့် ကျနော်တို့ အခန်းပြတင်းပေါက် ဖွင့်လိုက်ရင် သူတို့အခန်းကို တိုးလျှိုပေါက် မြင်ရနေတာပါပဲ။ ကျနော် သိရှိမိတဲ့ အတိုင်းအတာမှာတော့ တချို့မိန်းကလေးတွေဟာ နတ်သမီးကလေးတွေ ဖြစ်ပါတယ်။ တချို့ကတော့ တကယ်ပဲ အထည်ချုပ်စက်ရုံက မိန်းကလေးတွေပါ။ အားလုံးဟာ အသက် ၂ဝ ဝန်းကျင်ကလေးတွေဖြစ်ပြီး အတော်နွမ်းပါးကြရှာပါတယ်။ အားလုံး မိန်းကလေး ၇ ယောက်၊ ၈ ယောက်လောက် စုပြီး အခန်းငှားနေကြတာ ဖြစ်ပါတယ်။
မီးအမြဲလိုလို ပျက်နေတဲ့ ကျန်စစ်သားအိမ်ယာရဲ့ နေဝင်ရီတရော အချိန်တွေနဲ့ ညဘက်တွေဟာ နတ်သမီးကလေးတွေ၊ လောင်းကစား လုပ်ငန်းလုပ်ကိုင်သူတွေ၊ အရက်ပုန်း ရောင်းဝယ်သူတွေနဲ့ အမြဲလိုလို ပွေလီရှုပ်ထွေးနေခဲ့ရပါတယ်။ ကျနော် ကျောင်းက ပြန်လာတဲ့ တချို့ ညနေတွေမှာလည်း အလုပ်က ပြန်လာမယ့် ယောက်ျားဖြစ်သူကို စောင့်မျှော်နေတဲ့ မိန်းမအုပ်ကြီးကို လင်မျှော်ကုန်းမှာ တခါတခါ တွေ့ရပါတယ်။ ဒါဟာဖြင့် စစ်အာဏာရှင်စနစ်အောက်က ပြည်သူတွေရဲ့ ဘဝကို ကျနော် ပထမဆုံး နီးနီးကပ်ကပ် မြင်ဖူးခြင်းပါပဲ။
၂ဝဝ၁ ခုနှစ် စက်တင်ဘာလထဲမှာတော့ ကျနော် ပဉ္စမနှစ်ကို ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။ ဒီတခါ ကျနော်တို့ လှိုင်သာယာကို တတိယနှစ်တက်ဖို့ ရောက်လာသူတွေကတော့ ၉၆၊ ၉၇ ခုနှစ်တွေမှာ အထက်တန်း အောင်မြင်ခဲ့တဲ့ ညီငယ်တွေပါ။ ကြို့ကုန်းကို လုံးလုံးမမီလိုက်တဲ့ ပထမဆုံး မျိုးဆက်တွေပဲပေါ့။ ကျနော် သူတို့ကို ကြည့်ရင်း ကျနော်တို့ရဲ့ ကျောင်းတော်ကြီးမှာသာ အတူတကွ တက်ရရင်ဆိုတဲ့ အတွေးကို မတွေးဘဲ မနေနိုင်လောက်အောင်ပါပဲ။ ဒီနေရာမှာ ကျနော်တို့ရဲ့ စာသင်ချိန်ကာလတွေကိုလည်း ကျနော် နည်းနည်းပြောချင်ပါသေးတယ်။ လှိုင်သာယာမှာ စတက်ရကတည်းက စာသင်နှစ်တနှစ်ရဲ့ စာသင်ချိန်တွေဟာ ၄ လမျှသာဖြစ်ပြီး (ပုံမှန် တနှစ်နဲ့ ယှဉ်ကြည့်ပါ) သင်ဖို့ရှိတဲ့ ကို့စ်တွေကို အကျဉ်းချုံး ဖြတ်ချပြီး သင်ကြားရတာမျှသာ ဖြစ်ပါတယ်။ တတိယနှစ်မှာ လက်တွေ့လုပ်ခဲ့ရခြင်း လုံးဝမရှိဘဲ နောက်ကျန်တဲ့ နှစ်တွေမှာသာ အဖြစ်သဘော လုပ်ခဲ့ရပါတယ်။
လှိုင်သာယာကို ကျောင်းပြောင်းရွှေ့လိုက်ခြင်းဟာ အပေါ်ယံမျှသာဖြစ်ပြီး လိုအပ်တဲ့ အခြေခံ အဆောက်အအုံတွေကို ဖြည့်ဆည်းပေးနိုင်ခြင်း မရှိခဲ့ပါဘူး။ တက္ကသိုလ်တခုမှာ ရှိရမယ့် ဆေးရုံ၊ စာတိုက် အစရှိတာတွေဟာလည်း အိပ်ရာဝင်ပုံပြင်သာသာ ဖြစ်သွားခဲ့ရပါတော့တယ်။ ဘယ်ကိုပဲကြည့်ကြည့် အမြဲပူလောင်ခြောက်သွေ့နေတဲ့၊ ပတ်ကြားအက်နေတဲ့ ကွင်းပြင်ကြီးတွေဟာ ဘယ်လိုမှ သာယာနာပျော်ဖွယ် ဖြစ်မလာခဲ့ပါဘူး။ တရက်မှာ ကျောင်းနဲ့ မနီးမဝေးက လယ်ကွက်မှာ နွားနဲ့ လယ်ထွန်နေတာကိုလည်း ကျနော် တွေ့ခဲ့ရပါသေးတယ်။ အဲဒီနေ့က လူတွေအားလုံးကို လယ်ကွင်းပြင်ကြီးတွေဆီ မောင်းချခဲ့တဲ့ ခမာနီ ခေါင်းဆောင် ပိုပေါ့ကို ကျနော် သတိမရဘဲ မနေနိုင်လောက်အောင်ပါပဲ။
၂ဝဝ၂ ခုနှစ် သင်္ကြန်အပြီးမှာတော့ ကျနော် နောက်ဆုံးနှစ်ကို ရောက်ရှိခဲ့ပါပြီ။ မေလမှာတော့ ကျနော်တို့ EC မေဂျာအနေနဲ့ မန္တလေး၊ မေမြို့၊ မုံရွာဘက်ကို ခရီးထွက်ဖြစ်ခဲ့ကြပါတယ်။ အရင်နှစ်တွေတုန်းကတော့ ငွေဆောင်၊ ပုဂံ အစရှိတဲ့ နေရာတွေကို ထွက်ခဲ့ကြပေမယ့် ကျနော့်အနေနဲ့တော့ အခုနောက်ဆုံးနှစ်ကို ရောက်မှပဲ လိုက်ပါဖြစ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါဟာဖြင့် တက္ကသိုလ် ကျောင်းသားဘဝမှာ ကျနော့်ရဲ့ ပထမဆုံးနဲ့ နောက်ဆုံးခရီးပါပဲ။ သူငယ်ချင်းတွေနဲ့ ခရီးထွက်ခဲ့ရလို့ တဖက်က ပျော်သလောက် ကားဖြတ်သန်းရာ လမ်းတလျှောက်က အမှောင်ထုကြီးတွေထဲမှာ ငြိမ်ဝပ်အိပ်စက်နေတဲ့ မြို့တွေရွာတွေကိုကြည့်ရင်း ကျနော် စိတ်မကောင်းဖြစ်ခဲ့မိတယ်။ မှတ်မှတ်ရရပါပဲ။ အဲဒီရက်တွေက အထက်အညာတခွင်မှာ မိုးတွေသည်းနေခဲ့ပါတယ်။ ဇွန်လ ကမ္ဘာ့ဖလား ကျင်းပနေချိန်မှာပဲ ကျနော့်သူငယ်ချင်း တယောက်နဲ့ ကျနော် ညောင်တုန်းဘက်ကို ရောက်ခဲ့ပါတယ်။ ၂ဝဝဝ ပြည့်နှစ်တုန်းက ပြည်မှာ အဖမ်းခံခဲ့ရတဲ့ ရဲဘော်တယောက်က ညောင်တုန်းမှာ နေတယ်ဆိုလို့ပါ။ ကျနော်တို့ သူ့အိမ်လိပ်စာကို ကြိုးစားရှာဖွေခဲ့ပေမယ့် လိပ်စာလွဲနေတာကြောင့်လား မသိဘူး။ သူ့အိမ်ကို ရှာမတွေ့ခဲ့ပါဘူး။
အဲဒီ ကမ္ဘာ့ဖလား ကျင်းပနေချိန်မှာပဲ ကျနော်တို့ကျောင်းရဲ့ မေဂျာပေါင်းစုံ ဘောလုံးပွဲကို ကြို့ကုန်းက ကျောင်းဘောလုံးကွင်းမှာ ကျင်းပခဲ့ကြပါတယ်။ သြဂုတ်လနှောင်းပိုင်းနဲ့ စက်တင်ဘာလဆန်းပိုင်းမှာတော့ ကျနော်တို့ရဲ့ နောက်ဆုံးနှစ် စာမေးပွဲကို ဖြေဆိုခဲ့ရပါတယ်။ စာမေးပွဲ နောက်ဆုံးနေ့မှာတော့ ဖြေဆိုချိန်စေ့စေ့ခြင်းပဲ ကျနော် အခန်းထဲက ထွက်လာခဲ့ပါတယ်။ ဒီနေ့ဟာ ကျနော့်အတွက် လှိုင်သာယာမှာ နောက်ဆုံးနေ့ပါ။ နောက်ကို ဘယ်လိုအကြောင်းနဲ့မှ ကျနော် ဒီကို ပြန်ရောက်စရာ အကြောင်းမရှိတော့ပါဘူး။ ဒီနေ့ဟာ အဆုံးပါ။ ၃ နှစ်လုံးလုံး ကျနော်တက်ခဲ့ရတဲ့ ကျောင်းကြီးကို တချက် ဝေ့ကြည့်မိပါတယ်။ အရိပ်ပေးနိုင်စွမ်း မရှိသေးပေမယ့် တချို့အပင်ကလေးတွေကတော့ အတော့်ကို ဖားဖားဝေဝေ ဖြစ်နေကြပါပြီ။ ကျနော့်ရင်ထဲမှာတော့ နာနာကျင်ကျင် ခံစားနေရပါတယ်။ ကျနော်တို့ရဲ့ ဘူမိနက်သန် ကြို့ကုန်း ကျောင်းတော်ကြီးမှာ ပြန်တက်ရဖို့ နောင်မျိုးဆက် ဘယ်နှစ်ဆက်အထိများ စောင့်ရဦးမလဲဆိုတဲ့ အတွေးနဲ့ပါ။
ကျနော် တွေးနေတုန်းပဲ ဟိုးအဝေးမှာ မိုးသားတိမ်လိပ်တွေ တွားတက်လာတာ တွေ့ရပါတယ်။ အကာအကွယ်မဲ့ ကွင်းပြင်ကြီးထဲမှာ ကျနော် ထီးတည်း ဆက်ရပ်နေမိတယ်။ ဒီအချိန်မှာပဲ ဆရာဗန်းမော်တင်အောင်ရဲ့ ”လူတယောက်ရဲ့ တန်ဖိုးကို သူ ဖြတ်သန်းနေတဲ့ သမိုင်းခေတ်ကြီးက သူ့ပခုံးပေါ် တင်ပေးလိုက်တဲ့ တာဝန်ကို သူ ဘယ်လောက်အထိ ကျေပွန်အောင် ထမ်းဆောင်နိုင်သလဲဆိုတဲ့ အချက်နဲ့ပဲ တိုင်းတာရမှာပဲ” ဆိုတဲ့ စကားကို ကျနော် သတိရမိလိုက်ပါတယ်။ ကျနော် ရှေ့ဆက်မသွားနိုင်သေးဘဲ ရပ်မြဲရပ်ရင်း စဉ်းစားနေမိပြန်တယ်။ ကျနော် ရှေ့ကိုတိုးလိုက်တာနဲ့ ကျနော့် တက္ကသိုလ်ကျောင်းသား ဘဝဟာ လုံးဝ ပြီးဆုံးသွားပါတော့မယ်။ ရှေ့မှာဘာတွေ ရှိသလဲ။ နောက်မှာ ဘာတွေကျန်နေခဲ့ပြီလဲ။
ဒီမှာပဲ စောစောက မိုးတိမ်တွေကြားက နေရောင်တွေက ကျနော့်အပေါ် လက်ဖြာကျလာတယ်။ ကျနော့်အတွေးတွေကို ရပ်လိုက်ပြီး လွယ်အိတ်ကို ပြင်လွယ်လိုက်ရင်း ရှေ့ကို တလှမ်းတိုးလိုက်တယ်။ အဲဒီမှာပဲ ကျနော့်ပခုံးပေါ်မှာ ကျောင်းသားဘဝ တလျှောက်လုံး ရှိနေခဲ့တဲ့ ကျောင်းသားတယောက်ရဲ့ တာဝန်နဲ့ ဝတ္တရားတွေဟာ မျိုးဆက်သစ် ကျောင်းသားကျောင်းသူတွေရဲ့ ပခုံးပေါ်ကို အလိုအလျောက် လွှဲပြောင်းရောက်ရှိသွားတော့တယ်။ ကျနော့်ပခုံးပေါ်မှာ ရှိမြဲဖြစ်တဲ့ နိုင်ငံသားတယောက်ရဲ့ တာဝန်နဲ့ ဝတ္တရားတွေကို ဆက်လက်ထမ်းပိုးရင်း ကျနော် ရှေ့ဆက်ထွက်ခဲ့ပါတော့တယ်။ ။
သုံးသပ်ချက် ။ ။ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး သမိုင်းတလျှောက်လုံး ရှေ့ဆုံးကနေ တက်တက်ကြွကြွ ပါဝင်ခဲ့တဲ့ မြန်မာနိုင်ငံ ကျောင်းသားထုကြီး တရပ်လုံးရဲ့ အမျိုးသား နိုင်ငံရေးစိတ်ဓာတ် အရှိန်အဟုန်နဲ့ အရေးတော်ပုံတွေကို အပြီးတိုင် ချေမှုန်းသုတ်သင်လိုတဲ့ ရည်ရွယ်ချက်နဲ့ နအဖ စစ်အစိုးရဟာ တက္ကသိုလ်တွေကို လူမနီးသူမနီး မြစ်ကူးချောင်းခြားတွေကို တကွဲစီ ပြောင်းရွှေ့ပစ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီလိုပြောင်းရွှေ့ခဲ့ခြင်းအတွက် ပေးခဲ့ရတဲ့ အရင်းအနှီးကတော့ ခန့်မှန်းတွက်ချက်လို့ မရနိုင်လောက်တဲ့အထိ များပြားခဲ့ရပါတယ်။ မြန်မာနိုင်ငံ ပညာရေးစနစ် တခုလုံး အခြေအမြစ်ကနေ ဗုံးဗုံးလဲ ပြိုကျပျက်စီးသွားခဲ့ပြီး မျိုးဆက်ဟောင်း ကျောင်းသားကျောင်းသူတွေနဲ့ မျိုးဆက်သစ် ကျောင်းသားကျောင်းသူတွေကြားမှာ အဆက်အသွယ်ပြတ်တောက်မှု၊ လပ်ဟာမှု ကြီးကြီးမားမားကြီးကို ဖြစ်ပေါ်သွားခဲ့ရပါတယ်။ ယခင် တက္ကသိုလ်ကြီးတွေကို သိမီလိုက်တဲ့ မျိုးဆက်ဟောင်းနဲ့ သိမီခြင်းအလျဉ်းမရှိတဲ့ မျိုးဆက်သစ်အကြား ထိတွေ့ခွင့်တောင် မပေးခဲ့တဲ့အထိ ကျူပင်ခုတ် ကျူငုတ်မကျန်အောင် သုတ်သင်ပစ်ခဲ့တာကို ဆိုလိုတာပါ။
လူမျိုးတမျိုး (ဝါ) အဖွဲ့အစည်းတရပ်ကို နှိမ့်ချချင်ရင် အဲဒီလူမျိုး (ဝါ) အဖွဲ့အစည်းရဲ့ ပတ်ဝန်းကျင်ကို နှိမ့်ချပေးလိုက်ခြင်းအားဖြင့် လူမျိုး (ဝါ) အဖွဲ့အစည်းလည်း အလိုအလျောက် နိမ့်ပါးသွားရမှာသာ ဖြစ်ပါတယ်။ ဒီလို အင်မတန် ရက်စက်တဲ့ အတွေးအခေါ်ကို နအဖ စစ်အစိုးရဟာ ဖက်ဆစ်ဝါဒကို ကျင့်သုံးတဲ့သူတွေပီပီ တိတိကျကျ အကောင်အထည်ဖော်ခဲ့ခြင်းသာ ဖြစ်ပါတယ်။ ကျနော့်ရဲ့ ဖြတ်သန်းမှု အတွေ့အကြုံအရ ပြောရရင် နအဖ စစ်အစိုးရရဲ့ အကြံအစီနဲ့ စိတ်ကူးစိတ်သန်းတွေဟာ သာမန် မဟုတ်ပါဘူး။ သူတို့ဟာ အဆုံးအထိ အာဏာကို ဆုပ်ကိုင်သွားဖို့နဲ့ သူတို့အာဏာကို ထိပါးမယ့်အရာမှန်သမျှကို ဘယ်လိုတန်ဖိုးကိုပဲ ပေးရပါစေ၊ ချေမှုန်းပစ်ဖို့ ပိုင်းဖြတ်မှု ရှိတဲ့သူတွေ ဖြစ်နေတာကို အထင်အရှား တွေ့ရပါတယ်။
စစ်အာဏာရှင် ဆန့်ကျင်ရေး နှစ် ၅ဝ သမိုင်းမှာ ကျနော်တို့ရဲ့ အကြီးမားဆုံး အားသာချက်က လက်တဖက်မှာ ပုတီးကို ကိုင်စွဲနိုင်ခဲ့ခြင်း (ဝါ) လူထုလှုပ်ရှားမှုတွေကို စဉ်ဆက်မပြတ် ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ပြီး ကျနော်တို့ရဲ့ အကြီးမားဆုံး အားနည်းချက်က အခြား လက်တဖက်မှာ ကိုင်ဆောင်ထားတဲ့ သေနတ်မှာ ကျည်ဆံများများ ဖြည့်ထားဖို့ ပျက်ကွက်ခဲ့ရခြင်းပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ အရှိန်အဟုန် ပြင်းပြင်းနဲ့ စီးဆင်းနေတဲ့ သမိုင်းရေစီးဟာ ဘယ်နည်းနဲ့မှ နောက်ကို ပြန်စီးမှာ မဟုတ်ဘဲ ကျနော်တို့အားလုံး တပြိုင်နက် မတ်မတ်ထရပ်နိုင်တဲ့နေ့၊ ကျနော်တို့ရဲ့ သေနတ်မှာ ကျည်ဆံဖြည့်ထားနိုင်တဲ့နေ့ဟာ မလွဲမသွေ ရောက်ရှိလာရမှာဖြစ်ပြီး အဲဒီနေ့မှာ စစ်အာဏာရှင်စနစ်ဟာ ကျနော်တို့ ချစ်တဲ့ မြန်မာနိုင်ငံတော်ကြီးရဲ့ လေထု မြေထု ရေထုထဲကနေ အကြွင်းအစ မကျန်အောင် ပျောက်ကွယ်သွားရမှာ ဖြစ်ကြောင်း တင်ပြရင်း ကျနော် လေးစားအားကျတဲ့ ပြည်သူ့တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ရဲဘော်ဦးခင်မောင်မြင့်ရဲ့ ”ဗိုလ်နေဝင်းတို့ စစ်အုပ်စုကို သတိပေးလိုက်မယ်။ ဒါ တောင်ပြိုနေတာ၊ လက်နဲ့ကာလို့ မရဘူး” ဆိုတဲ့ သမိုင်းဝင် စကားနဲ့ပဲ ကျနော့် ကျောင်းသားဘဝ အတွေ့အကြုံတွေကို နိဂုံးချုပ်လိုက်ပါတယ်။
မြန်မာပြည်သူပြည်သားအပေါင်း လွတ်လပ်ခြင်းကို အမြန်ဆုံး မျက်မှောက်ပြုနိုင်ကြပါစေ …
No comments:
Post a Comment