Friday, February 19, 2010

မိုဟာမက်နဲ့ ရိကုန်း ဘယ်လမ်းကို ရွေးမှာတုန်း

အောင်ဇံ

၂၀၁၀ မှာ ရွေးကောက်ပွဲ ပြုလုပ်ပေးမယ်လို့ ကြေညာထားတဲ့ နအဖအနေနဲ့ အခုအချိန်အထိ ရွေးကောက်ပွဲ ဥပဒေအပါအ၀င် ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဘာအခင်းအကျင်း တစုံတရာကိုမှ ထုတ်ပြန်ကြေညာတာ မတွေ့ရသေးပေမယ့် မြန်မာပြည် နိုင်ငံရေးလောကမှာ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အသံတွေတော့ တစထက်တစ ကျယ်လောင်လာနေတယ်။


တချိန်တည်းမှာ နိုင်ငံရေးအရ အဆုံးအဖြတ်ပေးရမယ့် လမ်းဆုံလမ်းခွကိုလည်း ရောက်လို့လာနေပါပြီ။ အဲဒါကတော့ နအဖအနေနဲ့ ရွှေဂုံတိုင်ကြေညာချက်ကို လိုက်လျောမယ်၊ မလိုက်လျောဘူး။ အကယ်၍ မလိုက်လျောဘူးဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်မယ်မ၀င်ဘူးဆိုတာ အဆုံးအဖြတ်ပေးရမယ့် လမ်းဆုံလမ်းခွပါပဲ။

ဒီအခြေအနေမှာ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ နိုင်ငံရေးသမားများ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ ဟိုဖားဒီဖား နိုင်ငံရေးဖော်လံဖားများ၊ နိုင်ငံရေးစားဖားများ၊ နိုင်ငံရေးသမားပျက်များ ပြောကြရေးကြတဲ့ အသံတွေကိုလည်း အမျိုးမျိုး ကြားနေရပါတယ်။ ဒီအသံတွေ အမျိုးမျိုးကြားထဲမှာ နိုင်ငံရေးသမားပျက်များရဲ့ အသံတွေကို ပိုမိုကျယ်ကျယ်လောင်လောင် ကြားနေရပါတယ်။

ဒီနေရာမှာ နိုင်ငံရေးသမားပျက်ဆိုသူများနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင် ရှေးလူကြီးသူမများရဲ့ ဆိုရိုးစကားတခုရှိပါတယ်။ သုံးလင်ပြောင်းတဲ့ မိန်းမများကို မိန်းမပျက်များအဖြစ် ပြောလေ့ဆိုထ ရှိကြပါတယ်။ နိုင်ငံရေးနယ်ပယ်မှာလည်း ခေတ်အဆက်ဆက် နိုင်ငံရေးပါတီများကို ထည်လဲပြောင်းပြီး အသွင်ပြောင်းခဲ့ကြတဲ့ နိုင်ငံရေးသမားများကို နိုင်ငံရေးအသိုင်းအ၀ိုင်းက နိုင်ငံရေးသမားပျက်လို့ ခေါ်ဆိုသမုတ်လေ့ရှိပါတယ်။

အဲဒီနိုင်ငံရေးသမားပျက်တွေဟာ အတွေ့အကြုံကလည်းများ၊ မလိမ့်တပတ် ဉာဏ်နီဉာဏ်နက် ပရိယာယ်တွေကလည်း ကြွယ်ကြွယ်ဆိုတော့ သူတို့ရဲ့ရေးသား ပြောဆိုချက်တွေဟာ အတိုင်းအတာတခုအထိ လူငယ်တွေရဲ့စိတ်ကို ဆွဲဆောင်နိုင်စွမ်း ရှိပါတယ်။ ရွေးကောက်ပွဲမ၀င်ရင် ဘာလုပ်မလဲ၊ ရွေးကောက်ပွဲနိုင်ငံရေး၊ ရွေးကောက်ပွဲသည်သာ တခုတည်းသော နိုင်ငံရေးလမ်းကြောင်း၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မရှိတာထက်စာရင် ရှိတာကောင်းတယ်၊ တွေ့ဆုံဆွေးနွေးရေးဆိုတာ အဆင်တန်ဆာပဲဖြစ်တယ်။ တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုနေတာဟာ မိုက်မဲရာကျတယ် … စတာတွေအပြင် ဟိုစာအုပ် ဒီစာအုပ်က စကားလုံး အသစ်အဆန်းတွေကိုယူပြီး ကျမ်းကိုးကျမ်းကားလိုလိုနဲ့ သုံးနှုန်းရေးသားပြီး နအဖရဲ့ ၂၀၁၀ ရွေးကောက်ပွဲကို တနည်းအားဖြင့် နအဖရဲ့ ရာသက်ပန် စိုးမိုးခြယ်လှယ်မယ့် စစ်အုပ်ချုပ်ရေးကို ရှေ့နေလိုက်သူကလိုက်၊ သိဒ္ဓိတင်သူကတင်၊ အမွှမ်းတင်ခြယ်မှုန်းသူက ခြယ်မှုန်းပြီး ရေးသားပြောဆို နေကြတာဟာ သာမန်ပြည်သူတွေအဖို့ နိုင်ငံရေးပိဋိကတ်အိုးကွဲတွေ မဟုတ်ကြတဲ့အပြင် နအဖခေတ်ရဲ့ အလွန်ကြီးမားတဲ့ ကုန်ဈေးနှုန်းရဲ့ဖိစီးမှုကို အလူးအလဲ ခံနေကြရတာမို့ အများစုက စိတ်မ၀င်စားကြပေမယ့် တချို့လူတွေမှာတော့ မျက်စိလည် နားရှုပ်ထွေးစရာ ဖြစ်ကြရပါတယ်။ အထူးသဖြင့် လူငယ်တွေရဲ့စိတ်ကို အဆိပ်အတောက် ဖြစ်စေတာတော့ အမှန်ပါပဲ။

ဒါပေမယ့် နိုင်ငံရေးဖော်လံဖားများ၊ နိုင်ငံရေးစားဖားများနဲ့ နိုင်ငံရေးသမားပျက်များက ၂၀၁၀ ရွေးကောက်ပွဲကို ဘယ်လိုပဲ အမွှမ်းတင်တင် ဘယ်လိုပဲ ရှေ့နေလိုက်လိုက် အဓိက အရေးကြီးတာကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်သာလျှင် မြန်မာပြည်သူများအတွက် အဓိကကျပါတယ်။ ဒီနေ့အချိန်အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ရွေးကောက်ပွဲကို ၀င်မယ် မ၀င်ဘူးရယ်လို့ ယတိပြတ် မဆုံးဖြတ်ရသေးပါဘူး။ ဒီလိုဆုံးဖြတ်ဖို့ အချိန်စောလွန်းသေးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဉာဏ်ဝင်းကတဆင့် ပြောကြားခဲ့တာကိုလည်း ကြားသိရပါတယ်။

ဒါပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်ကတော့ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ရွှေဂုံတိုင်ကြေညာချက်ကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားပါတယ်။ ဒီကြေညာချက်အပေါ်မှာ တစုံတရာ လိုက်လျောမှုမရှိဘူး၊ တွေ့ဆုံဆွေးနွေးမှုလည်း မလုပ်ဘူးဆိုရင် ရွေးကောက်ပွဲကို စဉ်းစားမှာမဟုတ်ဘူး။ ဒီရွှေဂုံတိုင်ကြေညာချက်ပါ အချက်အလက်တွေဟာလည်း ပါတီရဲ့ မူလဘူတ မူဝါဒများ ဖြစ်ကြတယ်။ ဒါကြောင့် ဒီမူဝါဒတွေကို မလိုအပ်ဘဲနဲ့ စွန့်လွှတ်မှာမဟုတ်ဘူး” ဆိုတာကို ထပ်ခါတလဲလဲ ပြောနေတာတွေကိုလည်း ကြားရပါတယ်။

ဒါဟာ ပါတီဝင်အများစုနဲ့ တိုင်းရင်းသားခေါင်းဆောင်များ အပါအ၀င် ပြည်သူလူထုကြီးတရပ်လုံးရဲ့ ဆန္ဒသဘောထားတွေကို ထင်ဟပ်ဖော်ပြနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် တချို့အဖွဲ့ဝင်တွေက ရွေးကောက်ပွဲမ၀င်ရင် ဘာလုပ်မလဲ၊ ပါတီမရှိရင် ဘယ်လိုနိုင်ငံရေးဆက်လုပ်မလဲ၊ ရွှေဂုံတိုင်ကြေညာချက်ဆိုတာဟာလည်း အလျော့အတင်းလုပ်လို့ ရတယ်ဆိုတဲ့ ပြောသံဆိုသံတွေကိုလည်း ကြားနေရပါတယ်။ ဒီနေရာမှာ ရွေးကောက်ပွဲမ၀င်ရင် ဘာလုပ်မလဲ၊ ပါတီမရှိရင် ဘယ်လိုနိုင်ငံရေးလုပ်မလဲဆိုတာနဲ့ ပတ်သက်လို့ အနည်းငယ်ဆွေးနွေးလိုပါတယ်။

တပါတီအာဏာရှင်စနစ်အောက်မှာ ကျောင်းသားတွေနဲ့ ရဟန်းရှင်လူပြည်သူတွေဟာ အာဏာရှင်စနစ်ဆန့်ကျင်ရေး ဒီမိုကရေစီရေးတိုက်ပွဲတွေကို ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ လှုပ်ရှားဆောင်ရွက်တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ဥပမာ - ကျွန်းဆွယ်တိုက်ပွဲ၊ အလုပ်သမားတိုက်ပွဲ၊ ကျောင်းသားတိုက်ပွဲများနဲ့ နောက်ဆုံးမှာ ၈၈ ပြည်သူ့အရေးတော်ပုံအထိ ပုံသဏ္ဌာန်အမျိုးမျိုးနှင့် တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ဒီလိုတိုက်ပွဲဝင်ကြရာမှာ ဘယ်ပါတီရဲ့ ဦးဆောင်မှုမှမရှိသလို ဒီတိုက်ပွဲဝင်ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေဟာလည်း တပါတီအာဏာရှင်စနစ်က ကျင်းပပေးခဲ့တဲ့ မည်သည့်ရွေးကောက်ပွဲကိုမှလည်း မ၀င်ခဲ့ကြပါဘူး။

အလားတူ ဒီဘက်ခေတ်မှာလည်း ၀ါရင့်နိုင်ငံရေးသမားကြီးများအပါအ၀င် တိုင်းရင်းသားပါတီအချို့နဲ့ အခြားနိုင်ငံရေးအင်အားစုအသီးသီးဟာ တရားဝင် နိုင်ငံရေးပါတီအဖြစ်ကနေ ဖျက်သိမ်းခံထားရပေမယ့် ယနေ့ဗမာပြည် နိုင်ငံရေးလောကမှာ ဆက်လက်ရှင်သန်လှုပ်ရှားနေဆဲပါပဲ။ ဒါတွေကို သုံးသပ်ခြင်းအားဖြင့် နိုင်ငံရေးပါတီ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ရွေးကောက်ပွဲကို ၀င်သည်ဖြစ်စေ၊ မ၀င်သည်ဖြစ်စေ နိုင်ငံရေးကို လုပ်လိုတဲ့ဆန္ဒသာ ပဓာနကျပါတယ်။

ဒါ့ကြောင့် ၂၀၁၀ ရွေးကောက်ပွဲကို မ၀င်ရင်လည်း နိုင်ငံရေးလုပ်ချင်တဲ့ ဆန္ဒသာရှိမယ်ဆိုရင် တိုင်းပြည်အတွက်၊ ပြည်သူတွေအတွက်၊ ဒီမိုကရေစီရေးအတွက် နိုင်ငံရေးကို ဆက်လုပ်နိုင်မှာဖြစ်ပါတယ်။ နိုင်ငံရေးသမားတွေဟာ နအဖခိုင်းသမျှ လုပ်တာထက် မိမိပါတီရဲ့မူဝါဒပေါ်မှာ စွဲစွဲမြဲမြဲ ရပ်တည်ပြီး ဒီမူဝါဒတွေကို အကောင်အထည်ပေါ်အောင် ကြိုးပမ်းလုပ်ဆောင်ဖို့ လိုပါတယ်။ ပါတီရဲ့မူဝါဒဆိုတာဟာ ပြုလွယ်၊ ပြင်လွယ်၊ ပြောင်းလွယ်ဖြစ်ရမယ်ဆိုပေမယ့် မလိုအပ်ဘဲနဲ့ မူတွေကို စွန့်တာမျိုး မဖြစ်သင့်ပါဘူး။ အကယ်၍ နအဖနဲ့ တွေ့ဆုံဆွေးနွေးလို့ ညှိနှိုင်းရရှိလာတဲ့အပေါ်မှာ မူဝါဒတချို့ကို ပြင်သင့်ရင် ပြင်ရပြောင်းရမှာဖြစ်ပါတယ်။ ဒါပေမယ့် မလိုအပ်ဘဲနဲ့ အခြေအနေမဲ့၊ မူမဲ့ ပြောင်းတာမျိုးတော့ မဖြစ်သင့်ပါဘူး။

အခုတလော အချို့က ရွှေဂုံတိုင်ကြေညာချက်က ဘယ်လိုပဲဆိုဆို၊ ဘယ်လိုပဲရှိရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားသာ အဓိကဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကသာ ပြင်မယ်ဆိုရင် ရွှေဂုံတိုင်ကြေညာချက်ကို ပြင်လို့ရပါတယ်လို့ ပြောသံတွေလည်း ကြားနေရပါတယ်။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျနော်တို့အားလုံး ပစ်ပယ်လို့မရတဲ့ ပါတီရဲ့ အဓိကခေါင်းဆောင်တယောက်ဖြစ်ပေမယ့် ပါတီမှာ အများက ဆုံးဖြတ်ထားတဲ့ မူဝါဒတွေကို မိမိတဦးတည်းသဘောနဲ့ ပြောင်းဖို့ဆိုတာ မဖြစ်နိုင်သလို ဖြစ်လည်းမဖြစ်သင့်ပါဘူး။ အကယ်၍ လူတချို့က မလိုအပ်ဘဲ မူဝါဒတွေကို ပြောင်းဖို့ကြိုးစားခဲ့ရင်လည်း ဒီကြိုးပမ်းအားထုတ်မှုအပေါ်မှာ သူကိုယ်တိုင် ထောက်ခံလိမ့်မယ်လို့ မထင်ပါဘူး။


ဒီနေရာမှာ အနှစ်နှစ်ဆယ်ကျော် ဖြတ်သန်းခဲ့တဲ့ န၀တ၊ နအဖခေတ်ရဲ့ နိုင်ငံရေး အတွေ့အကြုံတွေကို သင်ခန်းစာအနေနဲ့ ယူသင့်ပါတယ်။ ၈၈ ပြည်သူ့အရေးတော်ပုံကြီး ရက်ရက်စက်စက် ဖြိုခွဲခံရပြီးနောက်ပိုင်းမှာ န၀တ၊ နအဖအာဏာပိုင်တွေက နိုင်ငံရေးပါတီတွေ ထောင်ကြပါ၊ ရွေးကောက်ပွဲကို ကျင်းပပေးပါမယ်ဆိုတဲ့ မြူဆွယ်မှုတွေနဲ့ နိုင်ငံရေးသမားတွေကို ဆွဲဆောင်ခဲ့ပါတယ်။ ဒီလိုအချိန်မှာ အောင်ပွဲအတွက် ဆက်လက်တိုက်ပွဲဝင်ရမယ့်အစား နိုင်ငံရေးသမားတွေက အပြေးအလွှား နိုင်ငံရေးပါတီတွေ ထောင်ခဲ့ကြပါတယ်။ ဒီအချိန်ကာလဟာ ကျဆုံးသွားတဲ့ တိုက်ပွဲဝင်ပြည်သူတွေရဲ့ သွေးတွေတောင် မခြောက်သေးပါဘူး။ ဒီကြားထဲက ရွေးကောက်ပွဲဝင်ဖို့ ပြင်ခဲ့ကြပါတယ်။ ရွေးကောက်ပွဲဥပဒေမှာ အာဏာလွှဲပြောင်းဖို့ တိတိကျကျ ဖော်ပြထားတာ မပါရှိတာကို သိကြပေမယ့် ရွေးကောက်ပွဲကို ၀င်ခဲ့ကြပါတယ်။

ရွေးကောက်ပွဲဝင်ပြီးလို့ အနိုင်ရပြန်တော့လည်း အာဏာလွှဲပြောင်းဖို့ဆိုတာကို န၀တက တခွန်းတပါဒမှမပြောဘဲ ၁/၉၀ ကို လက်မှတ်ထိုးခိုင်းခဲ့ပါတယ်။ ဒီနေရာမှာ နိုင်ငံရေးပါတီတွေဟာ ကိုယ့်မျှော်လင့်ချက်နဲ့ကိုယ်၊ ကိုယ်အတွေးစိတ်ကူးနဲ့ကိုယ် ၁/၉၀ အပေါ်မှာ မျှော်လင့်ချက် ထားခဲ့ကြပါတယ်။ န၀တကတော့ ဒီ ၁/၉၀ ကိုလည်းပဲ စက္ကူစုတ်လို သဘောထားပြီး အမျိုးသားညီလာခံကို ကျင်းပခဲ့ပါတယ်။ ဒီလို န၀တက အမျိုးသားညီလာခံ ကျင်းပပြန်တော့လည်း န၀တရဲ့ခိုင်းစေချက်နဲ့အညီ နိုင်ငံရေးပါတီတွေက အမျိုးသားညီလာခံကို တက်ခဲ့ကြပါတယ်။ အမျိုးသားညီလာခံမှာ မိမိတို့မျှော်လင့်သလို ဖြစ်မလာတော့မှ ဒီညီလာခံကို စွန့်ခွာထွက်ခဲ့ကြပါတယ်။

အခုလည်းပဲ နအဖက ကျင်းပပေးမယ့် ၂၀၁၀ ရွေးကောက်ပွဲကို ဆင်ခြေဆင်လက်ပေးပြီးတော့ ရွေးကောက်ပွဲကို ၀င်ကြဦးမှာလား။ အကယ်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သာ မူတွေကိုစွန့်ပြီး ရွေးကောက်ပွဲကို ၀င်ခဲ့မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ အနာဂတ်နိုင်ငံရေးဟာ နအဖရဲ့ စစ်အုပ်ချုပ်ရေးနွံထဲက ဘယ်တော့များ ရုန်းထွက်နိုင်မလဲဆိုတာကို မခန့်မှန်းတတ် လောက်အောင်၊ မတွေးဝံ့လောက်အောင်ပါပဲ။

ဒီနေရာမှာ နိုင်ငံရေးပါတီတွေ နိုင်ငံရေးသမားတွေဟာ မိုဟာမက်နဲ့ တောင်ကြီးဆိုတဲ့ အာရပ်ပုံပြင်တပုဒ်ထဲက မိုဟာမက်လို ဖြစ်နေပါတယ်။ မိုဟာမက်ဟာ တောင်ကြီး သူ့ဆီကိုလာဖို့ ဂါထာမန္တာန်တွေနဲ့ မန်းမှုတ်ခဲ့ပေမယ့် တောင်ကြီးက သူ့ဆီကို မလာပါဘူး။ တောင်ကြီးက သူ့ဆီကိုမလာတော့ တောင်ကြီးဆီကို မိုဟာမက်က သွားခဲ့ရပါတယ်။ နိုင်ငံရေးသမားတွေဟာလည်း အမျိုးမျိုးသော ကြေညာချက်တွေနဲ့ တောင်းဆိုခဲ့ကြပေမယ့် န၀တ/ နအဖက မလိုက်လျောတဲ့အခါ န၀တ/နအဖ ခိုင်းသမျှ အကြိမ်ကြိမ် လုပ်ခဲ့ကြပါတယ်။

န၀တ/နအဖ ခိုင်းသမျှ အကြိမ်ကြိမ် လုပ်ခဲ့ပေမယ့် ပြည်သူတွေ မျှော်မှန်းတဲ့အရာဆိုလို့ ဘာတခုများ ရခဲ့ပါသလဲ။ ဒီမိုကရေစီနိုင်ငံ ဖော်ဆောင်ဖို့ လမ်းကြောင်းအစကိုများ ရောက်နိုင်ဖို့ ပိုးစုန်းကြူးလို အလင်းရောင်ကလေးများ မြင်ရပါသလား။ ခုထိ ဘာတခုမှ ရခဲ့တာကိုတော့ မတွေ့ရပါဘူး။ အခု ၂၀၁၀ ရွေးကောက်ပွဲကရော ပြည်သူ့အကျိုးအတွက်၊ ဒီမိုကရေစီရေးအတွက် ဘာမှ မျှော်လင့်စရာမရှိဘူးဆိုရင် ကိုယ့်ရဲ့ပါတီမူဝါဒပေါ်မှာ စွဲစွဲမြဲမြဲရပ်ပြီး ဒီမိုကရေစီရေးတိုက်ပွဲကို ဦးစီးဦးဆောင်ပြုရုံကလွဲလို့ တခြားနည်းလမ်းမရှိဘူးလို့ ထင်ပါတယ်။

ဒီနေရာမှာ ရွေးကောက်ပွဲမ၀င်ရင် ဘာလုပ်မလဲဆိုတဲ့ ပုဂ္ဂိုလ်တချို့ရဲ့ ပြောစကားနဲ့ ပတ်သက်လို့ ပုံပြင်လေးတပုဒ်နဲ့ပဲ လက်ဆောင်ပါးလိုက်ပါရစေ။ တခါက တရုတ်ပြည်မှာ ရိကုန်းဆိုတဲ့ လယ်သမားကြီးတယောက်ရှိပါတယ်။ သူ့မှာ သားနှစ်ယောက်လည်း ရှိပါတယ်။ ရိကုန်းဟာ သားနှစ်ယောက်နဲ့အတူ ရွာနဲ့ မနီးမဝေးမှာရှိတဲ့ သူပိုင်လယ်ထဲကို နေ့စဉ်အလုပ်သွားလုပ်ရပါတယ်။ ဒီလို လယ်ထဲကို အလုပ်ဆင်းရာမှာ ရွာနဲ့ လယ်တောရဲ့အကြားမှာ အလွန်ကြီးမားတဲ့ တောင်ကြီးတတောင် ရှိပါတယ်။ လယ်သွားလုပ်ရာမှာ ဒီတောင်ကြီးကို အသွားတခေါက် အပြန်တခေါက် ကျော်ဖြတ်ရပါတယ်။ ဒီတောင်ကို ကျော်ဖြတ်ရတာဟာ လယ်လုပ်ရတာထက် ပင်ပန်းပါတယ်။

တနေ့မှာ ရိကုန်းက ဒီတောင်ကို ဖြိုဖို့စဉ်းစားပြီးတော့ သားနှစ်ယောက်နဲ့အတူ ပေါက်တူး၊ ပေါက်ချွန်း၊ ပေါက်ပြားတွေနဲ့ ဒီတောင်ကြီးကို စတင်ဖြိုပါတယ်။ ဒီအချိန်မှာ ရွာအနီးအနားက လူတွေက “ရိကုန်း နင် ရူးနေပြီလား၊ ဒီလောက်ကြီးတဲ့ တောင်ကြီး ဘယ်တော့ပြိုမှာလဲ” ရယ်လို့ မေးပါတယ်။ ရိကုန်းကလည်း “ငါ မရူးဘူး။ ဒီတောင်ကြီးဟာ ခင်ဗျားတို့ ပြောသလို ကြီးတာတော့ မှန်ပါတယ်။ ဒါပေမယ့် ဒီ့ထက် ထပ်မကြီးနိုင်တော့ပါဘူး။ ငါသေသွားရင် ငါ့သားတွေရှိတယ်၊ ငါ့သားတွေ သေသွားရင် ငါ့မြေးငါ့မြစ်တွေ ရှိတယ်။ ဒီတောင်ကြီး ဘယ်လောက်ပဲကြီးကြီး တနေ့မှာ ပြိုကိုပြိုရမယ်” ဆိုပြီး ဇွဲနပဲနဲ့ တောင်ကြီးကို ဖြိုနေလိုက်တာ တနေ့သောအခါမှာ မိုးနတ်မင်းကြီးက မနေနိုင်လို့ တောင်ကြီးကို ဖယ်ပေးရပါတယ်။ ဒီပုံပြင်လေးနဲ့ပဲ အဆုံးသတ်ပါရစေ။ ။



No comments:

Post a Comment