Wednesday, March 10, 2010

ဒီမိုကရက်တစ်ပါတီနှင့် စိန်ခေါ်မှု

ကျော်လင်းဦး

၂ဝ၁ဝ ရွေးကောက်ပွဲ ကျင်းပဖို့ သိပ်မလိုတော့တဲ့ အချိန်မှာပဲ ဦးသုဝေ ဦးဆောင်တဲ့ ဒီမိုကရက်တစ်ပါတီ UDP ပေါ်ထွက်လာခဲ့ပါတယ်။ ဒီမိုကရက်တစ်ပါတီဟာ လွတ်လပ်ရေးခေတ်ဦးက နိုင်ငံရေးသမားတွေရဲ့ သားသမီးတွေနဲ့ တပည့်တပမ်းတွေက ဦးဆောင် ဖွဲ့စည်း ထား တာ လို့ ဆိုရမှာပါ။

ဒီအုပ်စုဟာ ၁၉၈၈ ခုနှစ် အာဏာသိမ်းအပြီး ပေါ်ပေါက်လာတဲ့ နိုင်ငံရေးရပ်ဝန်းမှာ တကွဲတပြားစီ ဖြစ်ခဲ့ပေမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် ပြင်ဆင်ရာမှာ အားလုံးကို တတ်နိုင်သလောက် စုစည်းထားတာ တွေ့ရပါတယ်။ ပါတီ ဥက္က္ကဋ္ဌက ဦးသုဝေ၊ ဒုဥက္က္ကဋ္ဌတွေက ဦးရဲထွန်းနဲ့ ဦးဘတင့်ဆွေ၊ အထွေထွေအတွင်းရေးမှူးကတော့ ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့ သမီး ဒေါ်သန်းသန်းနုနဲ့ တွဲဘက်အထွေထွေအတွင်းရေးမှူးက ဒုဝန်ကြီးချုပ်ဟောင်း ဦးဗဆွေရဲ့ သမီး ဒေါ်နေရည်ဗဆွေပါ။

ဟိုတချိန်က ဆိုရှယ်လစ် နိုင်ငံရေးသမား ဦးကျော်ငြိမ်းရဲ့ သမီး ဒေါ်ချိုချိုကျော်ငြိမ်းလည်း အလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် ပါဝင်ပါတယ်။

ဒီနေ့ UDP ပါတီမှာ ပါဝင်သူတွေကို တဦးချင်း ကောက်ကြောင်းဆွဲကြည့်မှ UDP အကြောင်းကို ပိုမိုသိရှိနိုင်မှာ ဖြစ်ပါတယ်။ ပါတီကို စတင်တည်ထောင်သူတွေဟာ မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ သူ့ဒေါင့်ကနေသူ ပါဝင်ခဲ့သူတွေချည်း ဖြစ်ပါတယ်။ လွတ်လပ်ပြီး ခေတ်တုန်းက အာဏာရ ဖဆပလ အသိုင်းအဝိုင်းက လာသူတွေချည်းဖြစ်လို့ သူတို့ရဲ့ အတွေ့အကြုံတွေနဲ့ နိုင်ငံရေးပိုင်းဖြတ်မှုတွေဟာ ဒီနေ့ နိုင်ငံရေးအခင်းအကျင်းအောက်မှာ ပါတီစုံဒီမိုကရေစီစနစ်ကို တည်ဆောက်ရာမှာ အသုံးဝင်ပါလိမ့်မယ်။ ဒါကြောင့် ပါတီကို စတင်တည်ထောင်သူတချို့ရဲ့ ရပ်ပုံလွှာကို ဦးစွာ ဆန်းစစ်ကြည့်သင့်ပါတယ်။

ဦးသုဝေ

UDP ဥက္က္ကဋ္ဌ ဦးသုဝေဟာ ဟိုတချိန်က ဦးကျော်ငြိမ်းရဲ့ လူယုံတဦးပါ။ ကျောင်းသားဘဝက DSO လို့ခေါ်တဲ့ ဖဆပလ အစိုးရဘက်တော်သား ကျောင်းသားအုပ်စုမှာ လှုပ်ရှားခဲ့ပြီး နောက်ပိုင်းမှာ ဦးကျော်ငြိမ်းရဲ့ ကိုယ်ရေးအတွင်းဝန် ဖြစ်လာခဲ့ပါတယ်။ ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီးတဲ့နောက် ဦးနုဟာ ၁၉၆၉ ခုနှစ်မှာ အိန္ဒိယကို ဘုရားဖူးထွက်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တိုင်းပြည်ပြင်ပကို ထွက်လာပြီး ပါလီမန်ဒီမိုကရေစီပါတီကို တည်ထောင်ကာ ဗိုလ်နေဝင်းအစိုးရကို လက်နက်ကိုင် တော်လှန်ခဲ့ပါတယ်။

အဲဒီ တော်လှန်ရေးမှာ ဦးသုဝေလည်း ပါဝင်ခဲ့ပါတယ်။ ဖဆပလ အကွဲအပြဲမှာ တဖက်စီ ရှိခဲ့တဲ့ ဦးနုတို့ အုပ်စုနဲ့ စစ်အာဏာရှင်စနစ် ဖြုတ်ချရေး တိုက်ပွဲမှာတော့ ပြန်လည်ပူးပေါင်းပြီးပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ ဦးနုရဲ့ လက်နက်ကိုင်တော်လှန်ရေးလည်း အကွဲအပြဲတွေနဲ့ အဆုံးသတ်ခဲ့ပြီး ၁၉၈ဝ လွတ်ငြိမ်းချမ်းသာခွင့်နဲ့အတူ ဦးနေဝင်းက ပြန်ခေါ်တဲ့အခါ ဦးသုဝေလည်း ရန်ကုန် ပြန်ရောက်သွားပါတယ်။

၁၉၈၈ ခုနှစ်မှာ ဦးသုဝေဟာ လက်ဟောင်း နိုင်ငံရေးသမား တဦးအနေနဲ့ ရှေ့တန်းကို ပြန်ထွက်လာပါတယ်။ လက်ရှိ စစ်အုပ်စုက အာဏာသိမ်းပြီး ပါတီတွေ ထောင်ခွင့်ပေးတဲ့အခါ ဒီမိုကရေစီပါတီကို တည်ထောင်ပြီး အရင်ဦးဆုံး ပါတီမှတ်ပုံတင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဦးသုဝေဟာ ဆိုရှယ်လစ်စနစ်ကို ယုံကြည်သူဖြစ်ပြီး ဆိုရှယ်လစ်စနစ် တည်ဆောက်ဖို့အတွက် ဒီမိုကရေစီနည်းအရသာ သွားရမယ်လို့ ဆိုပါတယ်။

ဒါကြောင့် သူ့ကိုယ်သူ ဆိုရှယ်ဒီမိုကရက်တဦးလို့ သတ်မှတ်ထားသူပါ။ ဆိုရှယ်ဒီမိုကရက်တွေဟာ ဥရောပက နိုင်ငံရေးအခင်းအကျင်းမှာတော့ လက်ဝဲဆန်သူတွေဖြစ်ပေမယ့် နှစ်ပေါင်း ၄ဝ ကျော် ဒီမိုကရေစီ ဆိတ်သုဉ်းနေတဲ့ မြန်မာနိုင်ငံအတွက်တော့ ဒီမိုကရေစီစနစ်ကို တည်ဆောက်လိုသူ ဖြစ်တဲ့အတွက် ကြိုဆိုရမှာပါ။

ပါတီမှတ်ပုံတင်ရေးဆိုင်ရာ ဥပဒေနဲ့ ရွေးကောက်ပွဲတွေ မထွက်သေးတဲ့အတွက် ဒီမိုကရက်တစ်ပါတီရဲ့ မူဝါဒနဲ့ လုပ်ငန်းစဉ်တွေကို တရားဝင် သိခွင့်မရသေးပါဘူး။ ဒါပေမဲ့ ဦးသုဝေက လက်ရှိ စစ်အုပ်စုအနေနဲ့ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ဆုံးဖြတ်လိုက်ခြင်းဟာ စစ်တပ်က နိုင်ငံရေးကနေ စနစ်တကျဆုတ်ဖို့ စီစဉ်ခြင်း ဖြစ်တယ်လို့ သုံးသပ်ပါတယ်။ စစ်တပ်က ဒီလို စနစ်တကျ နောက်ဆုတ်တာကို အားပေးဖို့အတွက် ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ရတာလို့ ဆိုပါတယ်။ အများက စစ်တပ်ရဲ့ ရိုးသားမှုကို သံသယရှိနေချိန်မှာ ဦးသုဝေကတော့ ပါလီမန် ဒီမိုကရေစီခေတ်က ဖဆပလ နိုင်ငံရေး အသိုင်းအဝိုင်းရဲ့ ဒုတိယမျိုးဆက်တွေကို စုစည်းပြီး ဒီမိုကရက်တစ်ပါတီအနေနဲ့ ရှေ့တန်းကို ထွက်လာခဲ့တာပါ။

ဦးရဲထွန်း

ဒီမိုကရက်တစ်ပါတီရဲ့ ဒုတိယ ဥက္ကဋ္ဌ တဦးကတော့ ဦရဲထွန်း ဖြစ်ပါတယ်။ လွတ်လပ်ပြီးခေတ်က တရားရေးဝန်ကြီး ဦးချန်ထွန်းရဲ့သား ဖြစ်ပြီး ဒေါက်တာဗမော်ရဲ့ သမက်လည်း တော်ပါတယ်။ မြန်မာ့နိုင်ငံရေးမှာ ဦးရဲထွန်းကို လက်ယာသမားအဖြစ် လူသိများပြီး အမေရိကန် လိုလားသူလို့ ဆိုပါတယ်။

အာဏာသိမ်းပြီးနောက် ဗိုလ်ခင်ညွန့်ရဲ့ သတင်းစာ ရှင်းလင်းပွဲတွေမှာ ဦးရဲထွန်းကို အမေရိကန်နဲ့ပေါင်းပြီး တိုင်းပြည်ဖျက်ဆီးသူအဖြစ် စွပ်စွဲခဲ့ဖူးပါတယ်။ ဒါကြောင့် ၈၈ အရေးအခင်းကိုလည်း လက်ဝဲ-လက်ယာပေါင်းပြီး အာဏာကို ဖြတ်လမ်းနည်းက ရယူဖို့ ကြိုးစားတာလို့ ဗိုလ်ခင်ညွန့်က စွပ်စွဲခဲ့ပါတယ်။

ဦးရဲထွန်းက နိုင်ငံရေးသမားတဦးအဖြစ်နဲ့ ရှေ့တန်းထွက်ပြီး လုပ်ကိုင်ဖို့ထက်စာရင် နောက်ကနေပြီး ကြိုးကိုင်ချင်သူလို့ သူ့ရဲ့ အပေါင်းအသင်းတွေက ဆိုပါတယ်။ ၈၈ အရေးအခင်းတုန်းကလည်း မကသ လို့ခေါ်တဲ့ မင်းဇေယျာ ဦးဆောင်တဲ့ ကျောင်းသားအုပ်စုနဲ့ နီးစပ်ခဲ့ပါတယ်။ အဲဒီအမှုနဲ့ပဲ စစ်ထောက်လှမ်းရေးရဲ့ ဖမ်းဆီးတာကို ခံလိုက်ရတာပါ။

လက်ယာသမား ဦးရဲထွန်းတယောက် ဦးသုဝေနဲ့တွဲပြီး ဒီမိုကရက်တစ်ပါတီမှာ ပါလာတာကို တချို့က သဘောမကျကြပါဘူး။ ဒါပေမဲ့ လက်ယာအုပ်စု အားနည်းလှတဲ့ မြန်မာ့နိုင်ငံရေးမှာ ဦးရဲထွန်းကလည်း နိုင်ငံရေးပါတီတရပ်ကို ဦးဆောင်ဖွဲ့စည်းတဲ့ထဲမှာ ပါဝင်လာတဲ့အတွက် အနာဂတ်မြန်မာ့နိုင်ငံရေးမှာ အသွေးအရောင် စုံလင်လာမှာတော့ အမှန်ပါပဲ။ ပုဂ္ဂလိကလွတ်လပ်ခွင့်တွေကို ပိုမိုအားပေးပြီး အစိုးရရဲ့ လက်တံတွေ လျှော့နိုင်သမျှ လျှော့တဲ့ အစိုးရပုံသဏ္ဍာန်မျိုးကို အားသန်သူတွေအတွက်တော့ ဦးရဲထွန်းဟာ လက်ယာလမ်းကို စတင်ဖောက်သူ တဦး ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ထောင်ကလွတ်ပြီးတဲ့အနောက် စစ်အုပ်စုနဲ့ နီးစပ်ခဲ့တယ်ဆိုတဲ့ ပြောဆိုမှုတွေကြောင့်လည်း မြန်မာ့နိုင်ငံရေးနယ်ပယ်မှာ သူ့ကို နိုင်ငံရေးသိက္ခ္ခာမဲ့သူအဖြစ် ကင်းပွန်းတပ်သူတွေလည်း မရှားပါဘူး။

ဒေါ်သန်းသန်းနု၊ ဒေါ်နေရည်ဗဆွေနှင့် ဒေါ်ချိုချိုကျော်ငြိမ်း

ဒေါ်သန်းသန်းနုဟာ ပြည်ပမှာပဲ တောက်လျှောက်နေထိုင်ခဲ့ပြီး သက္ကရာဇ် ၂ဝဝဝ ခန့်မှာ ပြည်တွင်း ပြန်ဝင်ခဲ့တာပါ။ ၁၉၉၅ ခုနှစ်မှာ ဦးနုဟာ အကျယ်ချုပ်ကနေ ပြန်လွတ်ခဲ့ပြီး မကြာခင်မှာပဲ ကွယ်လွန်ခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံရပ်ခြားမှာ ရှိနေတဲ့ ဦးနုရဲ့ သားသမီးတွေ မြန်မာနိုင်ငံကို ပြန်လာပါတယ်။ အဲဒီအချိန်မှာ All India ရေဒီယိုမှာ အလုပ်လုပ်နေတဲ့ ဒေါ်သန်းသန်းနုကတော့ နောက်ပိုင်းမှာမှ အပြီးပြန်လာခဲ့တာပါ။ ဒါကြောင့် ၈၈ အရေးအခင်း အတွင်းနဲ့ အရေးအခင်းပြီးနောက် ပါတီတွေ ထောင်တဲ့အထဲမှာ ဒေါ်သန်းသန်းနု မပါဝင်ခဲ့ပါဘူး။

ဒေါ်နေရည်ဗဆွေနဲ့ ဒေါ်ချိုချိုကျော်ငြိမ်းတို့ကတော့ ၈၈ ကာလအပြီးမှာ မူလလက်ဟောင်း ဖဆပလ ပါတီနဲ့ ဖဆပလ လူငယ်အဖွဲ့ချုပ်တို့ကို တည်ထောင်ခဲ့ပြီး ၁၉၉ဝ ရွေးကောက်ပွဲကို ဝင်ရောက်ခဲ့ကြပါတယ်။ ဒါပေမဲ့ မဲဆန္ဒနယ် တနယ်မှ မရတဲ့အတွက် ပါတီဖျက်သိမ်းခံရတဲ့အထဲမှာ ပါဝင်သွားပါတယ်။

ပါလီမန် ဒီမိုကရေစီခေတ်က ခေါင်းဆောင်တွေရဲ့ သမီးတွေ ဖြစ်တဲ့အတွက် နိုင်ငံရေးမှာ ပြန်လည် ပါဝင်ခဲ့ပေမယ့် ထူးခြားတဲ့ နိုင်ငံရေးလမ်းစဉ်နဲ့ မူဝါဒတွေတော့ ရှိပုံမရပါဘူး။ သူတို့ရဲ့ ဖခင်တွေဟာ ပါလီမန်ဒီမိုကရေစီခေတ်က ခေါင်းဆောင်တွေဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ လုပ်ဖော်ကိုင်ဘက်တွေ ဖြစ်ခဲ့တာကြောင့် သူတို့ နိုင်ငံရေး လောကထဲ ပြန်လည်ဝင်ရောက်လာတာဟာ ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းညှိပြီးသား ဖြစ်တယ်ဆိုတဲ့ တွက်ကိန်းနဲ့ စစ်အစိုးရကလည်း စောင့်ကြည့်နေတယ်လို့ ယူဆပါတယ်။

ရွေးကောက်ပွဲနဲ့ အနာဂတ်စိန်ခေါ်မှုများ

ဒီလိုပုဂ္ဂိုလ်မျိုးတွေ ဦးဆောင်မယ့် ဒီမိုကရက်တစ်ပါတီဟာ လောလောဆယ်မှာတော့ သတင်းမီဒီယာ လောကမှာ လှုပ်လှုပ်ရှားရှား အရှိဆုံး ပါတီလည်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကသာ ရွေးကောက်ပွဲ မဝင်ခဲ့ဘူးလို့ ဆုံးဖြတ်ခဲ့ရင် ပြည်သူလူထုအတွက် ဒီမိုကရက်တစ်ကလွဲလို့ တခြား ရွေးစရာ မမြင်ပါဘူး။

ဒါပေမဲ့လည်း ဒီမိုကရက်တစ်ပါတီအတွက် ရွေးကောက်ပွဲအပြီး ကြုံရမယ့် စိန်ခေါ်ချက်တွေကတော့ ကြီးကြီးမားမား ရှိနေပါတယ်။ မဲဆွယ်လှုပ်ရှားရမယ့် အချိန် မလုံလောက်မှုကြောင့် ပြည်သူလူထုက ဒီမိုကရက်တစ်ပါတီကို မဲထည့်ခဲ့ရင်တောင် လွှတ်တော်ထဲမှာ ဒီမိုကရက်တစ်ရဲ့ ကိုယ်စားလှယ်တွေက အနည်းစုပဲ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် လွှတ်တော်ထဲကနေ ပြုပြင်ပြောင်းလဲရေးကို ဦးတည်တဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေတော့ အောင်အောင်မြင်မြင် အတည်ပြုနိုင်ဖို့ အလှမ်းဝေးနေပါသေးတယ်။

ဒီထက်ပိုပြီး ကြီးကြီးမားမား ရင်ဆိုင်ရမယ့် စိန်ခေါ်ချက်ကတော့ လွှတ်တော်တွင်းက မဟုတ်ဘဲ လွှတ်တော်ပြင်ပကနေ ဒီမိုကရက်တစ်ပါတီဝင်တွေကို ခြိမ်းခြောက်မှုတွေ၊ ကိုယ်ထိလက်ရောက် စော်ကားမှုတွေအပြင် လက်ရှိ တည်ဆဲဥပဒေတွေအရ အပြစ်ပေးအရေးယူမှုတွေပဲ ဖြစ်ပါတယ်။ ဒါတွေကို ရှောင်ရှားဖို့အတွက် လက်ရှိ စစ်အုပ်စုနဲ့ ပဋိပက္ခဖြစ်နိုင်မယ့် အပြုအမူ၊ အပြောအဆိုတွေကို ထိန်းချုပ်ရပါလိမ့်မယ်။ ဒါတွေကို ထိန်းချုပ်နေမယ်ဆိုရင်လည်း လူထု အကျိုးရှိရာရှိကြောင်းကို ဒီမိုကရက်တစ်ပါတီဝင်တွေက ရှေ့တန်းကနေ ရဲရဲဝံ့ဝံ့ရပ်တည်ပြီး ပြောဆိုနိုင်မှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် ဒီမိုကရက်တစ်ပါတီ UDP အနေနဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားနဲ့ စစ်အုပ်စုနဲ့ ပြေလည်ရေးအကြား ဘယ်လိုထိန်းညှိပြီး ရှေ့ဆက်လျှောက်လှမ်းမလဲ ဆိုတာကိုတော့ စိတ်ဝင်တစား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

No comments:

Post a Comment