သျှမ်းသံတော်ဆင့်
ပြည်သူ့စစ်တပ်ရင်းအဖြစ် မကြာမီက နအဖ ဖွဲ့စည်းပေးလိုက်သည့် မိုင်းတုံမြို့နယ် အခြေစိုက်လားဟူပြည်သူ့စစ် တပ်ဖွဲ့ဝင်များ နေ့စဉ်နှင့်အမျှ ထွက်ပြေးနေကြသည်ဟု စုံစမ်းသိရှိရပါသည်။
“မိသားစု အရေးဘာတခုမှ အိမ်ပြန်လုပ်ခွင့်မရဘူး၊ တပ်တည်ဆောက်လုပ်ရေးဘဲ နေ့စဉ်လုပ်နေရတော့ မလုပ်ချင်ဘူး၊ သစ်ခုတ်ရတယ်၊ မြေတူးတယ်ရတယ်၊ နားကိုမနားရဘူး” - ဟု အမည်မဖေါ်လိုသည့် ထွက်ပြေးသူတဦးက ပြောပါသည်။
ယခုနှစ်ဆန်းပိုင်းမှစ၍ လားဟူပြည်သူ့စစ်တပ်ဖွဲ့အား နအဖ စစ်တပ် လစာခံစားခွင့် နှင့် အတိုင်းပြည်သူ့စစ်တပ်ရင်း အဖြစ် တိုးချဲ့ဖွဲ့စည်းပြီးနောက်ပိုင်း လားဟူပြည်သူ့စစ်တပ်ဖွဲ့အား စစ်သားကဲ့သို့ အချိန်ပြည့် စစ်ရေးလေ့ကျင့်ခိုင်း သည်ဟုဆို၏။
ထို့ပြင် တပ်စခန်းသစ်ပြောင်းရွှေ့တည်ဆောက်ရခြင်း၊ စစ်တန်းလျားအတွက် သစ်ဝါး နေ့စဉ်ခုတ်ဖြတ်နေရခြင်း၊ ဘန်ကာကျင်း၊ ခံကတုတ်ကျင်းအတွက် မြေတူးသယ်ဖို့ရခြင်းကြောင့် လားဟူ ပြည်သူ့စစ် နှင့် မိသားစု ၀င် - လူ ၆၀ ထက်မနည်း ထွက်ပြေးခဲ့ကြပြီဖြစ်ကြောင်း သိရသည်။
“လစာက ရိုးရိုးရဲဘော်အတွက် ကျပ်ငွေ ၃ သောင်းကျော်ပေးမယ်ပြောတယ်။ ဒါပေမယ့် အခုထိ တပြားမှ မရ သေးဘူး။ ကျနော်တို့ ဘိန်းစိုက်ခွင့်ရရင်တော့ တစ်လတစ်လ အဲထက် ၁၀ ဆ မကရတယ်။ အထက်လူကြီး တွေကတော့ မိုင်းဟန်အနောက်မြောက်ဘက်မှာ သစ်ခုတ်ခွင့်ပါမစ်ရထားတယ်လေ ” - ဟု ဒေသခံလားဟူ ပြည်သူ့စစ်တဦးက သျှမ်းသံတော်ဆင့်ဆို့ပြောပါသည်။
တပ်မှထွက်ပြေးရာတွင် မိသားစုဝင်များအား မသိမသာနယ်စပ်သို့ ကြိုတင်ပြောင်းရွှေ့ခိုင်းကြောင်း၊ လွတ်မြောက် နယ်မြေသို့ ရောက်မှသာလျှင် တပ်မှ ထွက်ပြေးကြကြောင်း၊ ယခုတပတ်အတွင်း၌လည်းတပ်ပြေး ၁၀ ယောက် ထက်မနည်းရှိကြောင်း လားဟူပြည်သူ့စစ်အသိုင်းအ၀ိုင်းက ပြောပါသည်။
မိုင်းတုံမြို့နယ်ရှိ လားဟူ ပြည်သူ့စစ်တပ်အားလုံးစုစည်း၍ လွန်ခဲ့သောလက ခေါင်းဆောင်ဂျပီးကွယ်အား တပ်ရင်းမှူးအဖြစ် တင်မြှောက်ပြီး နားကောင်းမူး အနောက်တောင်ဘက် (၂ ခန့်အကွာ) မိုင်းကျွတ် အသွားလမ်း (ဂျလယ် သင်္ချိုင်းကုန်း) ၌ လားဟူပြည်သူ့စစ်တပ်ရင်းစခန်းသစ် ဆောက်လုပ်စေခဲ့သည်ဟု ကြားသိရပါသည်။
No comments:
Post a Comment