Friday, March 19, 2010

မြောက်ပိုင်းသို့ တပ်ရုပ်ပြန်ရန် တောင်ပိုင်း ၀ တပ်မှူးများ လက်မခံ

သျှမ်းသံတော်ဆင့်

တန့်ယန်းတွေ့ဆုံမှုနောက်ပိုင်း စစ်ရေးတင်းမာမှု ပြေလျော့စေရန် နအဖ တောင်းဆိုသည့်အတိုင်း ပန်ဆန်းဌာန ချုပ်က ၀ နယ်မြေအချို့ တပ်ရုပ်ပေးကောင်းရုပ်ပေးလေမလားဆိုသည့်သတင်းအပေါ် တောင်ပိုင်း ၀ တပ်မှူးများ ကလက်မခံ နိုင်ကြောင်း စုံစမ်းသိရှိရပါသည်။


ဗမာစစ်အုပ်စုတောင်းဆိုတဲ့အတိုင်း မိုင်းပေါက်၊ မိုင်းဖျဲန်နဲ့ တောင်ပိုင်း ၁၇၁ စစ်ဒေသအားလုံး တပ်ရုပ်ရလေ မလား၊ နအဖ က မှော်ဖ (မက်မန်းမြို့နယ်) နဲ့ ဟိုပန်မြို့နယ်တချို့ပြန်ပေးလေမလား စသဖြင့် ပန်ဆန်းဌာနချုပ် မှာကောဠာဟဠ သတင်းထွက်တော့ တောင်ပိုင်း ၀ တပ်မှူးတွေက လက်မခံနိုင်ဘူးလို့ပြောဆိုနေကြတယ်”- ဟု ထိုင်းနယ်စပ် ၀အမျိုးသား တဦးက ပြောပါသည်။

ယခုတပတ်အတွင်း ရှေ့လျှောက်ရပ်တည်ချက် ဖေါ်ပြနိုင်ရန် ၀ ဌာနချုပ်၌ အစည်းအဝေးပြုလုပ်ဖြစ်ပါက၊ နအဖ အလိုအတိုင်း ဒေသတချို့တပ်ရုပ်ပေးဖို့ရန် ၀ ထိပ်သီးများက ဆုံးဖြတ်ကောင်းဆုံးဖြတ်မည် - ဟု သတင်းထွက် ပေါ်သဖြင့် တောင်ပိုင်း ၀ တပ်မှူးများ ဤကဲ့သို့ ပြောဆိုလာခြင်းဖြစ်သည်။

ထိုကဲ့သို့ အမှန်တကယ် ဆုံးဖြတ်ပါက - တောင်ပိုင်း ၀ တပ်ဖွဲ့အဖို့ ရွေးခြယ်စရာလမ်း ၆ သွယ်ရှိနိုင်ကြောင်း၊ ၎င်းတို့မှာ - (၁) မြောက်ပိုင်းသို့ တပ်မိသားစုများ အားလုံးတပ်ရုပ် (၂) နအဖထံလက်နက်ချ (၃) တောခိုပြီး ပြန်တိုက် (၄)ပြည်သူ့ စစ်အဖြစ်အသွင်ပြောင်း (၅) သျှမ်းပြည်တပ်မတော်နှင့်ပူးပေါင်း (၆) အချို့ပြည်သူ့စစ်/ အချို့တောခို - စသည့် ထွက်ပေါက်များမလွဲမသွေ လျှောက်လှမ်းရမည်ဟုဆိုသည်။

“မြောက်ပိုင်း ၀ ဒေသဆီ တပ်ရုပ်ပြန်ရမယ် ဆိုတာမဖြစ်နိုင်ဘူး။ ဌာနချုပ်က တကယ်ဆုံးဖြတ်ရင်တောင်မှကျနော်တို့ လက်မခံနိုင်ဘူး၊ ဒီဘက်မှာ အသက်သွေးချွေး၊ စီးပွားရေး၊ ရင်းနှီးမှုတွေအများအပြားရင်းနှီးထားတယ်။ ပြန်လည်ခုခံ တိုက်ခိုက်ရမှာဘဲ” - ဟု အမည်မဖေါ်လိုသည့် တောင်ပိုင်း ၀ တပ်မှူးတဦးက ပြောပါ သည်။

၂၀၀၉ နိုဝင်ဘာ ၁၀ ရက်နေ့ ရက်စွဲဖြင့် ၀ ခေါင်းဆောင်ပေါက်ယူချမ်း လက်မှတ်ရေးထိုးသည့် အခွင့်အရေးတောင်းဆိုချက် ၉ ချက်ကို နအဖ ကလက်မခံသည့်အပြင် တောင်ပိုင်း ၀ ဒေသနှင့် မိုင်းယန်းမြို့နယ် မိုင်းပေါက်၊ မိုင်းဖျဲန် ဒေသ အတွင်းရှိ ၀ တပ်များ တပ်ရုပ်ပေးရမည်ဟုသာပြောဆိုလာ၏။ ၂၀၀၈ နားဂစ် ဖွဲ့စည်းပုံအရ မော်ဖှ (မက်မန်းမြို့နယ်) အပါအ၀င် ၆ မြို့နယ် အား ၀ ကိုယ်ပိုင်အုပ်ခွင့်ရဒေသတိုင်းအဖြစ်သတ်မှတ်ပေးထား ပြီးဖြစ်ကြောင်း နအဖဘက်မှအတည့်အလင်း ဖေါ်ပြထားသည်။

မိုင်းယန်းမြို့နယ် မိုင်းပေါက်၊ မိုင်းဖျဲန် ဒေသသည် မိုင်းလား အထူးဒေသ ၄ နယ်မြေ နှင့် နယ်ချင်းထိစပ်နေ၏။ထိုနယ်မြေ အား နအဖထံသို့ လွဲအင်ပေးမည်ဆိုပါက ၀ နယ်တောင်ဘက်ခြမ်း(မဲခေါင်မြစ်ထွက်ပေါက်)အသက်ရှူလမ်းကြောင်း ပိတ်လိုက် သသည့်အလား ၀ တပ်ဖွဲ့အား အထီးကျန်ဖြစ်စေခြင်းကြောင့် ၀ တပ်ဖွဲ့အခတ်အခဲ ကြံနိုင်သည်ဟု လေ့လာသူများ သုံးသပ်ပြောဆိုနေကြသည်။

No comments:

Post a Comment