Sunday, April 4, 2010

အမိုက်၊ အလွဲ၊ အရှုံးများနှင့် စစ်အစိုးရ (ပထမပိုင်း)

ဗညားရံ

(၁) စစ်အစိုးရကို လေ့လာခြင်း

လက်ရှိစစ်အစိုးရကို လေ့လာလျှင် ယင်း၏မွေးဖွားရာနဝတကို မမေ့အပ်ပါ။ နဝတမှာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဖြစ်သည်။ စစ်အစိုးရက တစ်နိုင်ငံလုံးကို ငြိမ်ဝပ်စေမည်၊ ပိပြားစေမည်၊

တစ်ပြည်ထောင်စစ်အာဏာရှင်နိုင်ငံကို တည်ဆောက်မည်ဟု ကြံသည်။ ထိုအကြံကို အကောင်အထည်ဖော်ရာ နဝတခေတ်တွင် နိုင်ငံတော်ကို ငြိမ်ဝပ်စေခဲ့သည်၊ နအဖခေတ်တွင် ပိပြားစေခဲ့သည်၊ လက်ရှိ ၂၀၀၈-အခြေခံဥပဒေဖြင့် တက်လာမည့် စစ်အစိုးရက တစ်ပြည်ထောင်စစ်တပ်နိုင်ငံတော်ကို တည်ဆောက်မည် ဖြစ်သည်။

စစ်အစိုးရသည် အထက်ပါရည်မှန်းချက် အထမြောက်ရန် တစိုက်မတ်မတ် ကြိုးပမ်းသည်။ မည်သည့်ဖိအား၊ မည်သူကိုမှ ဂရုမစိုက်ဘဲ သူ့လုပ်ငန်းကိုသာ အလေးထားသည်။ စစ်အစိုးရသည် ပထမအဆင့်မှာပဲ ယင်း၏အခြေခံအုတ်မြစ်ကို တည်ဆောက်နိုင်ခဲ့သည်။ ဒုတိယအဆင့်မှာ အခြေခိုင်အောင် ကြံ့ဖွတ်စသည်ဖြင့် အင်အားမွေး၊ သူ့စည်းထဲမှ ဖယ်ရှားသင့်သူများကို ဖြုတ်ထုတ်သတ်၊ အတိုက်အခံများကို နိုင်ငံရေးလုပ်ကြံမှုဖြင့် တိုက်ဖျက်ခဲ့သည်။ ယခုတတိယအဆင့်မှာ အနှစ်နှစ်ဆယ်လုံးလုံး စုစည်းထားသော အင်အားဖြင့် အတိုက်အခံဒီမိုကရေစီဘက်တော်သားများနှင့် တိုင်းရင်းသားအဖွဲ့အစည်းများကို လုံးဝဖြိုခွင်းပစ်ဖို့ အကြံကြီးကြံနေပြီ ဖြစ်သည်။

စစ်အစိုးရမှာ အားကိုးရှိနေ၍သာ အသံမာနေခြင်း ဖြစ်သည်။ စစ်အစိုးရသည် စနစ်တကျ တွက်ချက်ပြီး တိုင်းရင်းသားအဖွဲ့အစည်းများကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖို့ မရိုးမသား တိုက်တွန်းသည်။ တိုင်းရင်းသားတပ်ဖွဲ့များက နယ်ခြားစောင့်တပ်အဖြစ် ဖွဲ့စည်းလျှင် ယင်းတို့၏မိခင်ပါတီနှင့် ကင်းကွာသွားပြီး စစ်အစိုးရလက်အောက်မှာ အသက်ပျောက်ကုန်မည်မှာ သေချာသည်။

ထို့အတူ လက်နက်ကိုင်တပ်ဖွဲ့များနှင့် အလှမ်းဝေးသွားသော တိုင်းရင်းသားပါတီများသည်လည်း အမွေးကျွတ်သော ကြက်ငှက်များကဲ့သို့ နအဖ၏ဟင်းအိုးထဲသို့ ပြုတ်ကျကုန်မှာ သေချာလှသည်။ စစ်အစိုးရသည် မုဆိုးကျင့်မုဆိုးကြံ ပြုမူနေသည်။

(၂) ကိန်းသေနည်းဖြင့် ဆယ်တန်းဖြေခြင်း

တိုင်းရင်းသားအဖွဲ့အစည်းများကို လက်နက်မဖြုတ်ဘဲ ရွေးကောက်ပွဲ ၀င်ခွင့်ပြုကြောင်း၊ နယ်ခြားစောင့်တပ်အဖြစ် ထားခွင့်ပြုကြောင်း နအဖမှ ကမ်းလှမ်းလာခြင်းသည် လုံးဝမရိုးသားကြောင်း လူတိုင်းအသိပင် ဖြစ်သည်။ ရွေးကောက်ပွဲဥပဒေကို ထုတ်ပြန်သောအခါ နအဖ၏မရိုးသားမှုသည် ရှေ့ကာနောက်ပေါ် လော်လီသည့်အကြံကို ပက်ပက်စက်စက် ကြံရွယ်နေကြောင်း ပြောဖို့ပင် မလိုတော့ချေ။ နအဖသည် စာမကြေသောကျောင်းသားများကဲ့သို့ အောက်ပါကိန်းသေနည်းများဖြင့် ဆယ်တန်းဝင်ဖြေခြင်း ဖြစ်သည်။

၁။ ရွေးကောက်ပွဲတွင် တိုင်းရင်းသားအဖွဲ့အစည်းများ ပါဝင်လာလျှင် မျက်နှာပန်းလှမည်။

၂။ ဆေးဆိုးပန်းရိုက်ရွေးကောက်ပွဲတွင် မပြိုင်ခင်ကပင် နအဖနိုင်ပြီ ဖြစ်၍ တိုင်းရင်းသားအဖွဲ့အစည်းများအတွက် နိုင်ခြေရှိမရှိ တွက်ဆရန် မလို။

၃။ တိုင်းရင်းသားအဖွဲ့အစည်းများသည် ရွေးကောက်ပွဲမဝင်ခင် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာကြောင်း လက်မှတ်ရေးထိုးပြီ ဖြစ်၍ ရွေးကောက်ပွဲကို ၀င်ရောက်မိလျှင်မိချင်း စစ်အစိုးရ၏ နိုင်ငံရေးသတ်ကွင်းထဲသို့ ဝင်မိပြီ ဖြစ်သည်။

၎။ တိုင်းရင်းသားအဖွဲ့အစည်းများသည် ရွေးကောက်ပွဲတွင် အမတ်နေရာများ ရနိုင်သော်လည်း ပြည်နယ်ပြည်တွင်းရေးကို စီမံခွင့်ရရှိမည် မဟုတ်သဖြင့် ကိုယ်ကျိုးရှာအတ္တသမားများအဖြစ်သို့ သွတ်သွင်းခံရမည် သေချာလှသည်။

၅။ တိုင်းရင်းသားအဖွဲ့အစည်းများသည် မလွတ်လပ်သောရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ကာမှ နိုင်ခြေမရှိနိုင်လျှင် သိက္ခာအများကြီး ကျရပေဦးမည်။

၆။ တိုင်းရင်းသားတပ်သားများသည် နယ်ခြားစောင့်တပ်များသာ ဖြစ်၍ နအဖများအတွက် အန္တရာယ်သိပ်မများဘဲ ရွေးကောက်ပွဲမ၀င်သော အဖွဲ့အစည်းများကို တိုက်ဖျက်ရာ၌ များစွာ အသုံးဝင်မည် ဖြစ်သည်။

၇။ တိုင်းရင်းသားအချို့မှာ နယ်မြေထပ်မှုများ၊ တပ်မြေထပ်မှုများ ရှိနေသဖြင့် ယင်းတို့မှာ ချိန်ကိုက်ဗုံးများ ဖြစ်ပြီး စနက်တံက နအဖလက်ထဲတွင် ရှိနေမည်ဖြစ်သည်။

၈။ ယင်းတိုင်းရင်းသားတပ်ဖွဲ့များကို အိမ်နီးချင်းများကို ရန်စရာ၌လည်း အသုံးချမည် ဖြစ်ပြီး အထူးသဖြင့် နိုင်ငံရေးတည်ငြိမ်မှု ပျက်ပြားနေသော ထိုင်းနိုင်ငံကို ၀င်ရောက်စွပ်ဖက်ရာ၌ ကျားကွက်ထဲက ကျားကလေးများ ဖြစ်လာမည် ဖြစ်သည်။

၉။ တပ်မြေ၊ တပ်မိန့်၊ တပ်သတင်းပို့ခြင်း၊ တပ်တံဆိပ်၊ တပ်အလံ၊ တပ်သားစုဆောင်းရေး အစရှိသည်ဖြင့် တပ်ရေးကိစ္စများကို စီမံရာ၌ နအဖက အခရာကျနေဦးမည်။

၁၀။ ရွေးကောက်ပွဲတွင်လည်း ရှုံးစေ၊ နယ်စပ်တွင် တပ်တွင်းအကျယ်ချုပ် ကျစေ၊ ပြည်နယ်စောင့်တပ်များ ဖြစ်လာစေရမည်ဟု အားခဲထားသော တိုင်းရင်းသားတော်လှန်ရေးသမားများကို နယ်ခြားစောင့်တပ်သားများ ဖြစ်စေဟူ၍ ယုတ်မာသော အကြံရှိကြောင်း ထင်ရှားသည်။

နယ်ခြားစောင့်တပ်ဖွဲ့သည် တစ်ခုတည်းသော တပ်မတော်ဘောင်အတွင်းတွင် ပါဝင်ရမည် ဖြစ်သဖြင့် ပြည်နယ်ဝန်ကြီးချုပ်လက်ထဲတွင် ရှိမည်မဟုတ်ချေ။ ပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာမည့်သူသည်လည်း တပ်ထဲကလူ မဟုတ်လျှင် မည်သည့်တပ်အပေါ်မှ သြဇာသက်ရောက်နိုင်မည် မဟုတ်ချေ။ ပြည်နယ်ဝန်ကြီးချုပ်သည် ယခုလက်ရှိတိုင်းမှူးမျှပင် အာဏာရှိမည် မဟုတ်။ မိမိပြည်နယ်နှင့် ပြည်နယ်သားများကို ကာကွယ်နိုင်မည့်အခွင့်အာဏာလည်း အခြေခံဥပဒေတွင် ဖော်ပြထားခြင်း မရှိသဖြင့် ပြည်ထောင်စုအမည်ခံ ဗဟိုအစိုးရ ကြိုးဆွဲရာ ကရမည့်သူ ဖြစ်သည်။ သို့ဖြစ်၍ မိမိပြည်နယ်ကို ဖျက်ဆီးဖို့၊ မိမိတပ်ကို တစ်ချိန်ချိန်တွင် ဖျက်ဆီးဖို့၊ ပြည်နယ်ထွက် သယံဇာတများနှင့် အကောက်ခွန်များကို ပဒေသရာဇ်ခေတ်ကဲ့သို့ နေပြည်တော်ကို ဆက်သဖို့ စသောအမျိုးဖျက်တာဝန်များကို ယူရန် အသိညာဏ်ရှိသော မည်သည့်တိုင်းရင်းသားခေါင်းဆောင်ကမျှ အာဠာဝကရွေးကောက်ပွဲကို ၀င်ရောက်အရွေးခံမည် မဟုတ်ချေ။

(၃) စစ်အစိုးရ၏အင်အား

စစ်အစိုးရသည် သူ့တွင် ကျောထောက်နောက်ခံ ရှိနေ၍သာ နိုင်ငံရေးအကြောင်း မပြောဘဲ အထက်ပါကဲ့သို့ နိုင်ငံရေးကစားနေခြင်းပင် ဖြစ်သည်။ လက်ရှိစစ်အစိုးရကို သုံးသပ်ရလျှင် သူတို့မှာ အင်အားသုံးရပ် ရှိသည်။ ပထမအမျိုးအစားမှာ စစ်တပ် ဖြစ်သည်။ ဤစစ်တပ်သည် နှစ်ပေါင်း (၅၀) အတွေ့အကြုံ ရှိသည်။ မည်သည့်နိုင်ငံရေးသမားတစ်ဦးတစ်လေမျှ ယှဉ်တုနိုင်စွမ်းမရှိသော အင်အားစုဖြစ်ကြောင်း ကြေးကြော်ထားသည်။ မှန်သည်။ စစ်အစိုးရသည် သူ့၏ အုပ်ချုပ်ရေးယန္တရားများကို ၀န်ကြီးများလက်ထဲတွင် လုံးလုံးလျားလျား မထားပေ။ အမှန်တကယ်အာဏာရှိသူများမှာ စစ်တိုင်းဌာနမှ တိုင်းမှုးများနှင့် ခရိုင်၊ မြို့နယ်၊ ကျေးရွာများမှ စစ်ဗိုလ်ကလေးများ ဖြစ်ကြသည်။ ဤအင်အားစုသည် နည်းနည်းနောနော မဟုတ်။ အင်အား (၄၀၀၀၀၀) ကျော် ရှိသည်။ ဒုတိယအင်အားစုမှာ နိုင်ငံ့ဝန်ထမ်းများ ဖြစ်ကြသည်။ တတိယအင်အားစုမှာ စေတနာ့ဝန်ထမ်းများ ဖြစ်ကြသည်ဟု ဆိုသည်။ ဤအင်အားစုသည် ထုထည်ကြီးမားသည်။ ပြည်ခိုင်ဖြိုးအသင်းဝင်ပေါင်း (၂၄) သန်းကျော် ရှိသည်။ စစ်မှုထမ်းဟောင်းအဖွဲ့က (၁၃၆၀၀၀)၊ မီးသတ် (၁၀၄၀၀၀)၊ ကြက်ခြေနီ (၂၆၀၀၀၀)၊ အမျိုးသမီးရေးရာ (၁၆) သိန်းတို့ ပါဝင်သည်။ ယင်းအင်အားစုများကို အမြဲတမ်း တိုးချဲ့လျက်ရှိရာ ကိန်းဂဏန်းသည် သည့်ထက် ပိုမြင့်ဖို့ ရှိသည်။

တတိယအင်အားစုသည် အစိုးရမဟုတ်သော အဖွဲ့အစည်းများဖြစ်သည်ဟု ပြောသော်လည်း အမျိုးသားညီလာခံ ထောက်ခံပွဲ၊ စီးတန်းလှည့်လည်ပွဲ၊ အခြေခံဥပဒေ ဆန္ဒခံယူပွဲများကို ဖြစ်မြောက်အောင် လုပ်ပေးနေသည်မှာ အထင်အရှား ဖြစ်သည်။ အလျဉ်းသင့်လျှင် သင့်သလို အခွင့်သာတိုင်း အစိုးရချီးမွမ်းခန်းများ ဖွင့်လေ့ရှိကြသူများ ဖြစ်သည်။ ဒုတိယအင်အားစုကိုလည်း ထိန်းချုပ်ထားမည့်သဘော ဖြစ်သည်။ ထို့အပြင် ယင်းအင်အားစုကို အုပ်ချုပ်ရေးနှင့် ပတ်သက်သည်များကိုလည်း လေ့ကျင့်ပေးထားသည်။ နိုင်ငံရေးပါတီတစ်ခု ပီပီပြင်ပြင် ဖြစ်လာရန် ပြောင်ပြောင်တင်းတင်း စည်းရုံးလှုပ်ရှားနေပြီ ဖြစ်သည်။ စစ်အစိုးရသည် အထက်ဖော်ပြပါ အင်အားစုများကို အားကိုးနေသည်။ အစိုးရကက်ဘိနက်တွင်မက စွယ်စုံသုံးမည့် အင်အားစုများ ဖြစ်သည်။

(၄) ရင်ဆိုင်တိုက်ပွဲတွင် မည်သူက နိုင်မည်နည်း

စစ်အစိုးရသည် ထိုအင်အားစုများကို ယုံကြည်အားကိုပြီး ရွေးကောက်ပွဲဥပဒေကို ထုတ်ပြန်လိုက်သော်လည်း ယင်းရွေးကောက်ပွဲဥပဒေသည်ပင် စစ်အစိုးရ၏ အားနည်းချက်တစ်ခု ဖြစ်သည်။ ၂၀၀၈-ခု ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် တရားမဝင်သလို လက်ရှိရွေးကောက်ပွဲဥပဒေသည်လည်း ပြိုင်ပွဲတွင် မြင်းတစ်ကောင်သာ ပြေးခွင့်ပြုပြီး ချန်ပီယံဆုကို ယူမည်ဖြစ်ကြောင်း ကမ္ဘာသိ ကျေညာလိုက်ခြင်းပင် ဖြစ်သည်။

ယင်းရွေးကောက်ပွဲဥပဒေမရိုးသားပုံမှာ

စစ်အစိုးရကျူးလွန်ခဲ့သော ရာဇဝတ်မှုများကို အကာအကွယ်ပေးထားခြင်း၊

ပြည်သူ့အာဇာနည်၊ ဒီမိုကရေစီခေါင်းဆောင်များကို ထောင်ထွတ်များ ဖြစ်ကြောင်း တံဆိပ်တပ် အသရေဖျက်ပြီး နိုင်ငံရေးလောကထဲ ဝင်၍မရအောင် ပိတ်ပင်တားခြင်း၊

-၁၉၉၀-ခုရွေးကောက်ပွဲရလဒ် ပျက်ပြယ်သွားအောင်၊ ၂၀၀၈-ခု တစ်ဖက်သတ်ဥပဒေကို အသိအမှတ်ပြုရာ ရောက်အောင် ၂၀၀၈-ခု ဥပဒေကို လေးစားလိုက်နာကြောင်း ပါတီများကို လက်မှတ်ထိုးစေခြင်း၊

-၁၉၉၀-ခုတွင် ဝင်ရောက်အရွေးခံခဲ့သော အတိုက်အခံ နိုင်ငံရေးပါတီများ၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တိုင်းရင်းသားခေါင်းဆောင်များ ဝင်ရောက်အရွေးခံခွင့် မရှိအောင် ပိတ်ပင်ထားခြင်း၊

-တည်ဆဲပါတီများတွင် ပါတီညီညွတ်ရေး ပြိုကွဲအောင်လည်း ရန်တိုက်ထားခြင်း စသည်တို့ဖြစ်သည်။ စစ်အစိုးရသည် ရွေးကောက်ပွဲဥပဒေဖြင့် သူတို့ကိုယ်သူတို့ အဆင့်ဆင့်ကာကွယ်ထားကြောင်း၊ ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သော လူတိုင်းပူးပေါင်းပါဝင်ရေးကို အလေးဂရု မပြုကြောင်း၊ သမ္မတသန်းရွှေ ဦးစီးသော အစိုးရတစ်ရပ် ပေါ်ပေါက်လာရေးသည်သာ အဓိကဖြစ်ကြောင်း ထင်ရှားသည်။

စစ်အစိုးရသည် သူရည်မှန်းထားသည့်အတိုင်း အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ခဲ့သည်ပင် ရှိစေဦး၊ မည်သူမပြု မိမိမှုဆိုသလို ယင်းအစိုးရအဖွဲ့သည် ပြည်တွင်းမှာသော်လည်းကောင်း၊ ပြည်ပမှာသော်လည်းကောင်း အထီးကျန်မည်မှာ သေချာသည်။ စစ်အစိုးရ၏ ပြည်တွင်းပေါ်လစီသည် ဖက်ဆစ်ဆန်သဖြင့် ဖိနှိပ်ချုပ်ချယ်မှု များမည်မှာလည်း သေချာသည်။ ယင်းဒဏ်ကို မိဘပြည်သူများသာမက သူတို့အားကိုးအားထားပြုနေသော ကြံ့ဖွတ် မီးယပ်အဖွဲ့ဝင်များလည်း ပါဝင်မည် ဖြစ်သည်။ ဦးနေဝင်း၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကဲ့သို့ပင် စစ်အစိုးရ၏ မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီလမ်းစဉ်သည်လည်း မုချမသွေ ကျဆုံးရမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စစ်အစိုးရ၏ စနစ်မကောင်းပုံကို ယင်းအင်အားစုများက အရင်းဆုံး သိရှိခံစားရမည် ဖြစ်သောကြောင့်တည်း။

စစ်အစိုးရ၏ မလည်မဝယ်ပုံနောက်တစ်ခုမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို လျှော့တွက်ပြီး အချိန်အတိုအတွင်းမှာ အပြုတ်တိုက်နိုင်မည်ဟု ယုံကြည်နေခြင်း ဖြစ်သည်။ နိုင်ငံတော်အတွက် အန္တရာယ်များမည့်ကိစ္စ ဖြစ်သည်။ အပစ်အခတ်ရပ်စဲရေး ပျက်ပြားခဲ့သည်ရှိသော် စစ်အစိုးရ ဖြစ်ဖြစ်၊ နောက်တက်လာမည့်အစိုးရပင် ဖြစ်ဖြစ် နယ်စပ်ဒေသကို တည်ငြိမ်အောင် ထိန်းချုပ်နိုင်မည် မဟုတ်ချေ။ ပြည်ထောင်စု၏နယ်မြေ (၆၀) ရာခိုင်နှုန်းတွင် လှုပ်ရှားနေသော တိုင်းရင်းသားအဖွဲ့အစည်းများ၌ စစ်အစိုးရကို ကောင်းကောင်းဒုက္ခပေးနိုင်သည့် အရင်းအမြစ်များ ရှိပါသည်။ တိုက်ပွဲအသွင်သဏ္ဍာန်အပြောင်းအလဲ ရှိနိုင်ပြီး ပို၍ကြမ်းကြုတ်ခက်ထန်မည် ဖြစ်သော်လည်း စစ်အစိုးရအနေဖြင့် သတိပြုရမည့်အချက်မှာ မည်သည့်နိုင်ငံ၊ မည်သည့်ဒေသတွင်မှ ပြောက်ကြားစစ်ကို အပြုတ်မတိုက်နိုင်ဟူ၍ ဖြစ်သည်။ ပြောက်ကြားသဘောမဆောင်သော တမီးလ်ကျားကဲ့သို့သော သူပုန်များကိုမူ ချွင်းချက်ထားရပါမည်။

ပြည်တွင်းတွင်လည်းကောင်း၊ နယ်စပ်တွင်လည်းကောင်း တည်ငြိမ်အောင် မလုပ်နိုင်ဘဲ နိုင်ငံတကာတွင်လည်း သံရေးတမန်ရေးအရ ရှုံးနိမ့်လျှင် စစ်အစိုးရအတွက် ပြေးစရာလမ်း မရှိချေ။ ပြည်တွင်းစစ်ဖြစ်နေသော နိုင်ငံတစ်နိုင်ငံတွင် မည်သည့်နိုင်ငံကမှ လာရောက်ရင်းနှီးမြှုပ်နှံကြမည် မဟုတ်၊ ရှိဆဲကုမ္ပဏီများသည်လည်း တက်တုတ်ရိုက်ပြန်ကြမည်ကို မြင်ယောင်မိသည်။ သို့ဆိုလျှင် နောက်ပိုးအစိုးရသည် လက်ရှိစစ်အစိုးရကဲ့သို့ ငွေရွှင်နေမည် မဟုတ်တော့ချေ။ နိုင်ငံခြားအရံငွေမရှိလျှင် နေဝင်းကဲ့သို့ ခွေးကျ ကျမည် ဧကန်ဖြစ်သည်။ စစ်အစိုးရရွေးကောက်ပွဲ မြန်မြန်လုပ်ပြီး မြန်မြန်ပျက်သည်ကို မြင်လိုလှ၏။ သို့မှသာ ဖက်ဒရယ်ပြည်ထောင်စုတစ်ခုကို လျင်မြန်စွာ ထူထောင်နိုင်မည်ဖြစ်သည်။

No comments:

Post a Comment