Sunday, May 16, 2010
မန္တလေးမြင်ကွင်း မန္တလေးအခင်း
''ဘီးကလေးကိုစီး ... အချစ်ကလေးကိုတင်ပြီး …'' - ထိုသီချင်းသံလေးကို ကြားလိုက်ရရင်ဖြင့် ကျမတို့ရဲ့ ရွှေမန္တလေးကို အပြေးလေး သတိရလိုက်မိပါသည်။ စက်ဘီးမြို့တော်ဟု ယခင်က လူအများ တင်စားခေါ်ဝေါ်ကြသည့် မြို့တည်နန်းတည် နှစ် ၁၅ဝ တိုင်ခဲ့ပြီဖြစ်သော ရွှေမန္တလေးမှာ ယခုအခါ မော်တော်ဆိုင်ကယ်များနှင့် ပြည့်နှက်လာခဲ့လေပြီ။ တိုးတက်ဖွံ့ဖြိုးလာသည်ဟု မှတ်ယူရမည်လားမသိ။
နံနက်ရုံးသွားချိန်နှင့် ညနေရုံးဆင်းချိန်များတွင် လမ်းမကြီးများပေါ်၌ စက်ဘီး၊ ဆိုင်ကယ်နှင့် ကားများက သူ့ထက်ငါအပြိုင် လိုရာခရီး လျင်မြန်စွာ ရောက်ရှိရေးအတွက် လမ်းလုကာ သွားကြရသည်။ ထိုအထဲတွင် လိုင်းကားများလည်း ပါဝင်ကြသည်။ ကျန်သည့် အချိန်များတွင်လည်း ကားသမားများနှင့် ဆိုင်ကယ်သမားများ၏ လမ်းကောင်းရွေးချယ် မောင်းနှင်မှုကြောင့် ရင်ဆိုင်နေရသည့် နောက်ဆက်တွဲ ပြဿနာများကလည်း မနည်းလှပေ။
သို့သော် ယခုအခါ စက်ဘီးနှင့် ဆိုင်ကယ်များအတွက် သီးသန့်ဖောက်လုပ်ထားသော လမ်းကို (ရန်ကုန်-မန္တလေး လမ်းဘေး) ကျွဲဆည်ကန်သံလမ်းမှ သိပ္ပံလမ်းသို့တိုင် တွေ့မြင်နေကြရပေသည်။ အလုပ်ဖြစ်မည် မဖြစ်မည်တော့ ကြိုတင်မခန့်မှန်းတတ်သော်လည်း နားထဲတွင် ဆူညံသံတချို့ ကြားနေရသည်။ အကြောင်းမှာ ရန်-မန်းလမ်း အနောက်ဘက်ရှိ အိမ်များ၊ ဆိုင်ခန်းများ၏ ရှေ့မျက်နှာစာများကို မညိုမညင်ပေးလိုက်ကြရသည်။
ဆောက်လုပ်ရေးတိုက်ခန်းဟု အရပ်ခေါ် ခေါ်ကြသည့် မြန်မာ့ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဆောက်လုပ်ရောင်းချသည့် ၂ ထပ်တွဲ တိုက်ခန်းများမှာ ကုန်ပစ္စည်းအကြီးစား (ကားများ၊ မီးစက်များ ကဲ့သို့သော) ရောင်းဝယ်ရေးများ ပြုလုပ်ရန် သင့်တော်သည်။ အလွန်ကျယ်သည့် မျက်နှာစာ ပါဝင်သောကြောင့် ဖြစ်သည်။ ထိုကျယ်ပြန့်သော မျက်နှာစာကို အကြောင်းပြု၍ ဆိုင်ခန်းများကို စီးပွားရေးသမားများ မျက်စိကျခဲ့ကြသော်လည်း ယခုအခါ မျက်နှာစာများ ပေးရမည် ဖြစ်သောကြောင့် မျက်နှာညှိုးရချေတော့မည်။
ထိုကဲ့သို ရန်-မန်းလမ်း နောက်ဘက်တွင် ပြဿနာတတ်ခဲ့သော်လည်း ရန်-မန်းလမ်း ရှေ့ဘက်ရှိ လေယာဉ်ကွင်းဟောင်းအနီး မြေကွက်များမှာ များပြားလှသော ငွေပမာဏနှင့် အရောင်းအဝယ်ဖြစ်ခဲ့သည်မှာ မြေကြီးလက်ခတ်မလွဲပေ။
ယခုရက်ပိုင်းများအတွင်း မြေကွက်များ ရောင်းကြဝယ်ကြသည့် လူတစု အနီရောင်အလံလေးကို လိုက်ကြည့်ကြသည်ကို ကြားခဲ့မြင်ခဲ့ရသည်။ အလံနီ၏ သဘောမှာ (အာဆီယံအမြန်လမ်း) ဖောက်လုပ်ရန် လျာထားသည့် လျာထားချက်ဖြစ်သည်။ အိမ်ရှေ့၌ အလံနီ စိုက်ခံထားရသော သူအဖို့ ဘယ်နေ့လာသိမ်းမလဲကို စိုးရိမ်နေသည် ဖြစ်သော်ငြားလည်း လမ်းဖောက်လျှင် ထိုလမ်းအနီးရှိ မြေကွက်မှာ အလုပ်ဖြစ်မည်ဟူသော တွက်ကိန်းများဖြင့် အလံနီရှိရာသို့ သွားရောက်ကြည့်ရှုသူတချို့ကလည်း ကြည့်ရှု့နေကြပြီး ၎င်းတို့ ပိုင်ဆိုင်သည့် ငွေများမှ အနည်းငယ်ကို ရင်းနှီးမြှုပ်နှံမှု ပြုနေကြပြန်သည်။
အလွန်ထူးဆန်းသည့် မြင်ကွင်းတချို့မှာ ဝတ်ကောင်းစားလှ ဝတ်ဆင်ထားပြီး ကားအကောင်းစားများ စီးကြသည့် သူဋ္ဌေးများက အလံနီရှိရာ ရွာနားသို့ ကားများရပ်ကာ ဖုန်တောထဲ၊ လယ်တောထဲတွင် လမ်းလျှောက်ကာတလှည့်၊ ကားဖြင့်တဖုံ သွားလာကာ ကြည့်ရှုပြီး ဝယ်ယူခြင်းအမှု ပြုကြသည်။ ထိုမြေယာများ၏ ဈေးနှုန်းမှာ အလွန်နည်းလှသည့် ပမာဏမှ သိန်းရာဂဏန်းထိ မြင့်တက်သွားသည်မှာ မျက်စိဖွင့် နားစွင့်ထားသူတချို့ သိကြပါလိမ့်မည်။
ယခုရက်ပိုင်းအတွင်း စက်မှုဇုန်ုသို့ လူကြီးများ လာမည်ဟုဆိုကာ လမျက်နှာပြင်ကဲ့သို့သော ချိုင့်ခွက်များကို အဆင်ပြေအောင် မြေများဖို့၊ အမှိုက်ပုံများရှင်းနှင့် အလုပ်ရှုတ်နေကြသည်။ လူကြီးများ များများလာရန် ဆုတောင်းမိပါသည်။
No comments:
Post a Comment