အားမီ။
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ်ရှိ ကျေးရွာများတွင် အာဏာပိုင်များက ပြည်သူ့စစ် စာရင်းများ ကောက်ခံပြီး လက်နက်တပ်ဆင်ပေးလျှက်ရှိသည်။
စယ်လုံနှင့် ပန်ကူကျေးရွာတို့မှ တအိမ်လျှင် တယောက် ပြည်သူ့စစ်လုပ်ရမည်ဟု ဒေသအခြေစိုက် ခလရ ၁၄၄ တပ်ရင်းနှင့် အာဏာပိုင်တို့က ယခုမေလ ၄ ရက်နေ့က စည်းရုံးပြောဆိုခဲ့သည်ဟု ပလောင်အမျိုးသမီး အစည်း အရုံး သတင်းနှင့်သုတေသနဌာန တာဝန်ခံ လွေးနွေနှောင်းက ယခုလို ပြောသည်။
“အတင်းအဓမ္မ တအိမ်တယောက်မဝင်မနေရ လုံးဝ ဝင်ခိုင်းတာမျိုး စည်းရုံးတာမျိုးတွေ ရှိတယ်ရှင့်။”
မိမိကိုယ်ကာကွယ်ရန် တအိမ်လျှင် လက်နက်တလက်မယူမနေရ ယူထားရသည်ဟု ပလောင်အမျိုးသမီး အစည်း အရုံး၏ ယမန်နေ့က ထုတ်ပြန်သည့် သတင်းတွင် ဖော်ပြထားသည်။
လာမည့် ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲတွင် မဲအသာရရှိရေးအတွက် ယခုလို ကောက်ခံခြင်း နိုင်ဖြစ်သည်ဟု ဒေသခံ လူငယ်များကပြောကြောင်း ၎င်းကယခုလို ဆက်ပြောသည်။
“အဓိက ကတော့ တချို့လူငယ်တွေကိုမေးကြည့်တော့ ပြည်သူ့စစ်ဝင်တယ်ဆိုရင်တော့ ၂၀၁၀ ရွေး ကောက်ပွဲကို မဲထည့်တဲ့အချိန်ဆိုရင် သူတို့ဝန်ထမ်းကိုဆိုရင် အယောက်တိုင်းမဆို မဲထည့် ရတယ်ဆို တဲ့အမြင်ပုံစံမျိုးလည်းရှိတယ်။ နောက်တခုကျတော့ ပြည်သူ့စစ် ဖွဲ့တယ်ဆိုရင်တော့ တပ်အင်အားကို တိုးချဲ့တဲ့ပုံစံမျိုးလည်း ဖြစ်တာပေါ့နော်။”
ပြည်သူ့စစ်ပြုလုပ်လျှင် လစာငွေ ကျပ်သုံးသောင်းရမည်ဟု စည်းရုံးသလို နမ့်ခမ်းမြို့နယ် ပန်ခါးအုပ်စု၊ ဟိုနား ကျေးရွာရှိ ရွာဥက္ကဌများက ၈ တန်းအောင်ပြီး အသက် ၂၅ နှစ်အောက် လူငယ်များကို ရဲဝန်ထမ်းလုပ်လျှင် လစာ ကျပ်ငွေ ငါးသောင်း ပေးသည်ဟု စည်းရုံးခံရသည့် လူငယ်တဦးက ပြောသည်ဟု ပလောင်အမျိုးသမီး အစည်း အရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြည်သူ့စစ်နှင့် ရဲဝန်ထမ်းများပြုလုပ်လိုသူများ မှတ်ပုံတင်မရှိပါက ပြုလုပ်ပေးမည်ဟု စည်းရုံး သိမ်းသွင်းပြီး လစာ အပြင် အခြား ခံစားခွင့်များလည်း ပေးမည်ဟု မက်လုံးပေး ပြောဆိုနေသည်။
မြန်မာစစ်အစိုးရမှ အပစ်ရပ်တိုင်းရင်းသားအဖွဲ့များအား ဌာနေပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို ဖိအားပေးနေချိန် ဒေသတွင်း ယခုလိုပြည်သူ့စစ်တပ်ဖွဲ့ ဖွဲ့စည်းလာခြင်းအပေါ် ဒေသခံများက စိုးရိမ်မကင်း ဖြစ်နေကြသည်။
No comments:
Post a Comment