Saturday, May 1, 2010

ရန်ကုန်သင်္ကြန် ဗုံးကြောင့် ထိခိုက် ဒဏ်ရာရသူ ၃၂ ဦးသာ ဆေးရုံတွင် ကျန်ရှိနေ

Narinjara News

ဧပြီလ ၁၅ ရက်နေ့က ရန်ကုန်မြို့ ကန်တော်ကြီးစောင်း X2O မဏ္ဍပ်အား ဗုံးဖြင့် တိုက်ခိုက်ခဲ့ရာ လူပေါင်း ၁၇၀ ဒဏ်ရာ ရရှိခဲ့ပြီး ထိုအထဲမှ ယခုအခါ လူနာ ၃၂ ဦးသာ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် ဆေးဝါး ကုသ၍ ကျန်ရှိနေကြောင်း မြန်မာ စစ်အစိုးရ အာဏာပိုင်များက ပြောသည်။

ထိုအထဲတွင် အမျိုးသား ၁၉ ဦးနှင့် အမျိုးသမီး ၁၃ ဦးဖြစ်သည်ဟု ဆိုသည်။

အမျိုးသား ၄၂ ဦးနှင့် အမျိုးသမီး ၁၈ ဦး စုစုပေါင်း ၆၀ ဦးအား ဆေးဝါးကုသရန် ကျန်နေခဲ့ပြီး ထိုအထဲမှ လူနာ အများအပြားမှာ ဆေးရုံမှ ဆင်းသွားသဖြင့် ယခုအခါ ရန်ကုန် ပြည်သူ့ ဆေးရုံကြီးတွင် လူနာ ၃၂ ဦးသာ ကျန်ရှိတော့ကြောင်း သိရသည်။

ရန်ကုန် သင်္ကြန်မဏ္ဍပ် X2O အား လက်ပစ်ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခံခဲ့ရသဖြင့် လူ ၁၀ ဦးသေဆုံးခဲ့ပြီး လူပေါင်း ၁၇၀ ဒဏ်ရာ ရရှိခဲ့သည်။

ဗုံးမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေးတော်သူ ဖိုးလပြည့်အား တမင် ရည်ရွယ် တိုက်ခိုက်ပုံရကြောင်းနှင့် သေဆုံးသွားသူ အများစုမှာ နအဖ စစ်အစိုးရနှင့် ဆက်နွယ် ပတ်သက်နေသူများ ဖြစ်ကြောင်းနှင့် ရန်ကုန်မှ လာသော သတင်းများတွင် ဖေါ်ပြသည်။

ဗုံးခွဲ တိုက်ခိုက်မူမှာ ၁၅ ရက်ကျော် ကြာလာပြီ ဖြစ်သော်လည်း လက်သည် တရားခံကို ယခုအချိန်ထိ ဖေါ်ထုတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

No comments:

Post a Comment