Monday, August 2, 2010

လွတ်လပ်မှုကို အရယူကြပါ

ဦးမျိုး (ဥပဒေ)

နိုင်ငံတိုင်း၏ ဖွဲ့စည်းတည်ဆောက်ပုံ အခြေခံ ဥပဒေထဲတွင် ဥပဒေပြုရေး အာဏာ၊ တရားစီရင်ရေး အာဏာ၊ အုပ်ချုပ်ရေး အာဏာတို့ကို အနေအထားအလိုက် အာဏာ ၃ ရပ် အဖြစ် ခွဲခြား ကန့်သတ်ထားချက်များကို တွေ့ရသည်။ လွတ်လပ်စွာ ခွဲခြားကျင့်သုံးကြရသည်။ အချုပ်အခြာအာဏာ တရပ်ဖြစ်သည့် တရားစီရင်ရေး အာဏာကို အခြားအာဏာပိုင် တရပ်ရပ်က ကွပ်ကဲထိန်းချုပ် လွှမ်းမိုး လိုက်မည် ဆိုပါလျှင် တရား စီရင် ရေးကို လွတ်လပ်စွာ အကောင် အထည်ဖော် ဆောင်ရွက်၍ မရနိုင် တော့ပါ။

လွတ်လပ်သော တရားစီရင်ရေး အခြေခံအုတ်မြစ်ကို အာဏာပိုင်းခြား သတ်မှတ်ခြင်း သဘောတရားတွင် အထင်အရှား တွေ့ရသည်။ အုပ်ချုပ်ရေး အာဏာနှင့် ဥပဒေပြုအာဏာတို့ကို လူတဦး သို့မဟုတ် လူတစု၏ လက်ဝယ်အတွင်း ထားရှိပါက အာဏာရရှိထားသော အုပ်ချုပ်သူတဦး သို့မဟုတ် တအုပ်စုက စိတ်တိုင်းကျ အုပ်ချုပ်ရန်အတွက် မတရား ဖိနှိပ်ချုပ်ချယ်သည့် ဥပဒေများကိုသာ ပြဋ္ဌာန်းပြီး အုပ်ချုပ်ပေမည်။ အင်မတန် အန္တရာယ် ကြီးမားလှပေသည်။

တရားစီရင်ရေးအာဏာကို ဥပဒေပြုနှင့် အုပ်ချုပ်ရေး အာဏာတို့မှ ကန့်သတ်ခွဲခြားမထားလျှင် လွတ်လပ်စွာ တရားစီရင်မှု ရရှိမည် မဟုတ်ပါ။ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာတို့ကို လူတဦး သို့မဟုတ် လူတစု တဖွဲ့တည်းက ကိုင်တွယ်ကျင့်သုံးလျှင်လည်း တရားလက်လွတ် နိုင်ထက်မင်းမူလာမည့် အာဏာရှင်စနစ်သို့ မုချရောက်စေမည့် အန္တရာယ်က ပိုမိုကြီးမားပေသည်။

ထို့ပြင် ဥပဒေပြုနှင့် တရားစီရင်ရေး အာဏာတို့ကို ပူးတွဲပြီး ထားပါကလည်း တရားသူကြီးသည် ဥပဒေပြုသူ ဖြစ်သွားပြီး တဖက်သတ် ဆုံးဖြတ်ချယ်လှယ်မှုကို ပြည်သူအများ ခံရပေလိမ့်မည်။ ထို့ကြောင့် အာဏာ ၃ ရပ် ခွဲခြားကျင့်သုံးရန် လိုအပ်ကြောင်းကို ဦးစွာ ရေးသားဖော်ထုတ်ခဲ့သူမှာ ပြင်သစ်ဥပဒေ ပညာရှင် မွန်တက်စကျူ့ ဖြစ်သည်။

သူ၏ The Spirit of Law (1734) စာအုပ်တွင် အချုပ်အချာ အာဏာပိုင်းခြားခြင်းဆိုင်ရာ သဘောတရားကို ရေးသားထားသည်။

လွတ်လပ်သော တရားစီရင်ရေးအတွက် တရားသူကြီးများကို ရွေးချယ်ခန့်ထားခြင်းနှင့် တရားရုံးများ၏ အနှောင်အဖွဲ့ ကင်းရှင်းစွာ ရပ်တည်ခြင်းတို့သည် အထူးအရေးကြီးပါသည်။ ၁၉၄၇ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၊ အခန်း (၈) ပြည်ထောင်စု၏ တရားစီရင်ရေး။ ပုဒ်မ- ၁၄ဝ တွင် -
၁၄ဝ။ ။ (၁) ပါလီမန်ဆိုင်ရာ လွှတ်တော် နှစ်ရပ် တွဲဖက်အစည်းအဝေး၏ သဘောတူချက်ဖြင့်၊ နိုင်ငံတော် တရားဝန်ကြီးချုပ်ကို နိုင်ငံတော် သမ္မတသည် မိမိကိုယ်တိုင် လက်မှတ်ရေးထိုး တံဆိပ်ခပ်နှိပ်သော အမိန့်စာဖြင့် ခန့်ထားရမည်။

(၂) ပါလီမန်ဆိုင်ရာ လွှတ်တော် နှစ်ရပ် တွဲဖက်အစည်းအဝေး၏ သဘောတူညီချက်ဖြင့် တရားလွှတ်တော်ချုပ်နှင့် တရားလွှတ်တော်ဆိုင်ရာ တရားဝန်ကြီး အားလုံးကို နိုင်ငံတော် သမ္မတသည် မိမိကိုယ်တိုင် လက်မှတ်ရေးထိုး တံဆိပ်ခပ်နှိပ်သော အမိန့်စာဖြင့် ခန့်ထားရမည် … ဟု ပြဋ္ဌာန်းထားသဖြင့် ဥပဒေပြုဌာနနှင့် အုပ်ချုပ်ရေးဌာနများ၏ ကွပ်ကဲထိန်းချုပ်မှုမှ ကင်းလွတ်၍ လွတ်လပ်သော တရားသူကြီးများ ခန့်အပ်ထားခြင်း၏ အရေးကြီးမှုကို တွေ့ရှိနိုင်ပါသည်။

ပုဒ်မ ၁၃၃။ ။ ပြည်ထောင်စု နိုင်ငံတဝှန်းလုံး၌ တရားစီရင်ရေးကိစ္စကို ဤအခြေခံဥပဒေအရသော်၎င်း၊ တရားဥပဒေအရသော်၎င်း တည်ထောင်ထားသော တရားရုံးများတွင် ဤအခြေခံဥပဒေနှင့်အညီ သို့တည်းမဟုတ် တရားဥပဒေနှင့်အညီ ခန့်ထားသော တရားသူကြီးများက စီမံအုပ်ချုပ်ရမည် … ဟု တရားရုံးများ၏ ကိုယ်ပိုင်လွတ်လပ်စွာ ရပ်တည်မှုကို ဖော်ပြထားသည်။

ပုဒ်မ ၁၄၁။ ။ တရားသူကြီးအားလုံးသည် ဤအခြေခံဥပဒေနှင့် တရား ဥပဒေများကိုသာ လိုက်နာ၍ မိမိတို့၏ တရားစီရင်မှု အလုပ်ဝတ္တရားများကို လွတ်လပ်စွာ ဆောင်ရွက်နိုင်ရမည် … ဟုလည်း ပြဋ္ဌာန်းထားသဖြင့် လွတ်လပ်သော တရားစီရင်ရေးအတွက် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေက အာမခံထားသည်ကို တွေ့ရှိရပါသည်။တပြည်ထောင် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် လွတ်လပ်သော တရားစီရင်ရေးကို အာမခံနိုင် သည့် တစုံတရာ ပြဋ္ဌာန်းချက် မပါရှိပေ။ ၁၉၄၇ ဖွဲ့စည်းပုံဥပဒေနှင့် ယှဉ်ထိုးကြည့်နိုင်ပါသည်။ တရားစီရင်ရေးမှ လွတ်လပ်မှုမရှိလျှင် မည်သည့် နေရာတွင် တရားမျှတမှုကို ရှာဖွေရပါမည်နည်း။

ဥပဒေစနစ်ချင်းတူသည့် အိန္ဒိယနိုင်ငံကြီး၌ပင်လျှင် တရားစီရင်ရေး လွတ်လပ်မှုကို အလေးထား ဖော်ဆောင်ခြင်းဖြင့် ဒီမိုကရေစီကို မြှင့်တင်နိုင်ကြောင်း “အင်ဒီရာကို ကိုင်လှုပ်ခဲ့တဲ့ စီရင်ချက်” ဆောင်းပါးတွင် တွေ့ရှိရပါသည်။ ရွေးကောက်ပွဲဆိုင်ရာ လျှောက်ထားမှု ဖြစ်ပါသည်။

၁၉၇ဝ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် အောက်လွှတ်တော် (Lok Sabah) ရွေးကောက်ပွဲ ဖျက်သိမ်းပြီး၊ ၎င်းနောက်ပိုင်းတွင်မှ မစ္စစ် အင်ဒီရာ ဂန္ဒီက ကိုယ်စားလှယ်လောင်းအဖြစ် အရွေးခံရန် အခွင့်အရေး ယူခဲ့သည်။ ဤသည်ကို မကျေနပ်၍ ရွေးကောက်ပွဲဆိုင်ရာ လျှောက်ထားချက်ကို လျှောက်ထားသူ ရာ့ဂ်ျနာရိန်းက တိုင်ချက်ဖွင့် လျှောက်ထားသဖြင့် စစ်ဆေးကြားနာခဲ့ရသော အမှုဖြစ်သည်။

၁၉၇၁ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့မှာ တိုင်ချက်ဖွင့်ခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာ လျှောက်ထားချက်ကို ၁၉၇၅ ခုနှစ် ဇွန်လ ၁၂ ရက်နေ့မှာ တရားလွှတ်တော် တရားသူကြီး ဂျက်မိုဟန်-လား-ဆင်းဟာက သမိုင်းဝင် စီရင်ချက်အဖြစ် ထုတ်ပြန်ကြေညာခဲ့ပါသည်။

၁၉၇၁ ခုနှစ်က အောက်လွှတ်တော် (Lok Sabah) မှာ မစ္စစ် အင်ဒီရာ၏ ရွေးချယ်ခံရမှုသည် ပျက်ပြယ် (တရားမဝင်) ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ၁၉၅ဝ ခုနှစ် ပြည်သူ့ကိုယ်စားပြုမှု အက်ဥပဒေ ပုဒ်မ ၁၂၃ (၇) အရ အကျင့်ပျက် ခြစားမှုများအတွက် အပြစ်ရှိကြောင်း ချမှတ်ခံရသည်။ နောင်လာမည့် ၆ နှစ်တာအတွက် ဥပဒေပြု လွှတ်တော်၌လည်းကောင်း၊ ပါလီမန်အဖွဲ့ဝင် ဖြစ်ခြင်းမှသော်လည်းကောင်း စည်းကမ်းချက်နှင့် မညီညွတ်သောကြောင့် ပယ်ချခံခဲ့ရပါသည်။

အထက်ပါ စီရင်ချက်ချမှတ်ပြီး ၁၃ ရက်အတွင်းတွင် တိုင်းပြည်အတွက် စိတ်မချမ်းမြေ့ဖွယ်ရာ ကြုံတွေ့ရသည့် ပြည်တွင်း အရေးပေါ် အခြေအနေကြေညာချက်ကို ၁၉၇၅ ခုနှစ် ဇွန်လ ၂၅ ရက်နေ့တွင် ကြေညာခဲ့သည်။

၁၉၇၇ ခုနှစ် မတ်လမှာ မစ္စစ် အင်ဒီရာ ဂန္ဒီသည် ဗဟိုမှာ တောက်လျှောက် သူမ အုပ်ချုပ်လာခဲ့သည့် အာဏာကို စွန့်လွှတ်ခဲ့ရသည်။ သူ့ပါတီသည်လည်း ရွေးကောက်ပွဲတွင် အရှုံးကြီး ရှုံးနိမ့်ခဲ့သည်။ တရားမျှတမှု၊ လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ သွေးစည်းညီညွတ်မှုနှင့် ဒီမိုကရေစီ အခွင့်အရေးများအတွက် ပြည်သူလူထုမှ ပြင်းထန်စွာ အံ့သြလောက်အောင် ထပ်မံတောင်းဆိုလာခဲ့ကြသည်။

နိုးကြားပြီး သတိဝိရိယရှိသည့် မဲဆန္ဒရှင်များက မစ္စစ် အင်ဒီရာ ဂန္ဒီကို အာဏာလက်လွတ် ဖြစ်သွားစေခဲ့သည်။

ဤသည်မှာ တော်လှန်ရေး ဖြစ်သည်။ မဲပုံးများကို ဖြတ်သန်းပြီး ဖန်တီးနိုင်သည့် စွမ်းပကားကြောင့် အစိုးရကို အကြမ်းမဖက်ဘဲ၊ ငြိမ်းချမ်းစွာ ပြောင်းလဲပစ်ခဲ့ကြသည်။ ၁၉၇၇ ခုနှစ်မှာ Janata Dal ပါတီ အာဏာရလာသည်။ ဒီမိုကရေစီက အာဏာရှင်စနစ်နှင့် သက်ဦးဆံပိုင်စနစ်ကို ထူးကဲစွာ အောင်မြင်မှု ရလိုက်ခြင်းဖြစ်သည်။

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၊ တရားစီရင်ရေးစနစ်နှင့် ပြည်သူလူထု ခေါင်းစဉ်ဖြင့် ဒေလီမြို့ရှိ ဂျဝါဟာလာ နေရူး တက္ကသိုလ်တွင် တရားလွှတ်တော် တရားသူကြီး ဆင်းဟာ ဟောပြောပို့ချခဲ့ပါသေးသည်။ “အိန္ဒိယ၌ ဒီမိုကရေစီ ဆက်လက်ရှင်သန်ရန်အတွက် ခိုင်မာပြတ်သားသည့် လွတ်လပ်သော တရားစီရင်ရေး စနစ်တရပ်ကို မက်မက်မောမော လိုချင်တပ်မက်ရမည်” ဟု ထောက်ပြခဲ့ပါသည်။

“လွတ်လပ်မှုကို ဆုံးရှုံးခံလိုက်ရသည့်၊ လွတ်လပ်မှုမရှိသည့် တရားစီရင်ရေးစနစ် ဖြစ်သွားလျှင် ကျနော်တို့၏ နိုင်ငံရေးစနစ်သည်လည်း ဒီမိုကရေစီနှင့် ဆန့်ကျင်ဖီလာသည့် အခြေအနေမျိုးသာ ဖြစ်လာလိမ့်မည်” ဟု မှတ်ချက်ပြုခဲ့သည်။

“အိန္ဒိယတွင် တရားစီရင်ရေး လွတ်လပ်မှု ရှိနေသင့်သည်။ လုပ်ထုံးလုပ်နည်းအရ အခက်အခဲ အတားအဆီး မှန်သမျှကို မှားယွင်းချွတ်ချော်ပြီး မလုပ်အပ်ပါ။ ဖြားယောင်းသွေးဆောင်မှု၊ ခြိမ်းခြောက်မှု မှန်သမျှ မည်သည့် အပြုအမူကိုမဆို ရပ်ပစ်သင့်သည်။ ပြည်သူများ၏ ဘုရားသခင်အပေါ် သက်ဝင်ယုံကြည်မှုထက် မလျော့နည်းသည့်အရာမှာ တရားသူကြီးထံတွင် ကျမ်းကျိန်ထွက်ဆိုသည့် အထွတ်အမြတ် ယုံကြည်မှုပင် ဖြစ်သည်။ ဤအချက်ကို ဖြစ်သည့်နည်းဖြင့် ထိန်းသိမ်းကာကွယ်ရမည်” ဟု အလေးအနက် ပြောကြားခဲ့သည်။

၁၉၇၅ ခုနှစ် ဇွန်လ ၁၂ ရက်နေ့က သူ၏ စီရင်ချက်သည် တရားစီရင်ရေးစနစ် တခုလုံးအတွက် ဂုဏ်ယူဖွယ်ရာ ဖြစ်စေခဲ့ပါသည်။ သူ၏ အနိုင်မခံ အရှုံးမပေးသော သတ္တိနှင့် တရားစီရင်ရေးဆိုင်ရာ လွတ်လပ်မှုအား တောင်းဆိုချက်များက ဆက်လက်ဖွံ့ဖြိုး တိုးတက်စေမှာ ဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ အခြေခံ အုတ်မြစ်သည် လွတ်လပ်သည့် တရားစီရင်ရေးစနစ် ဖြစ်သည် ဟု သူအတည်ပြုခဲ့သည့် အတိုင်း မျက်မှောက်နှင့် အနာဂတ် မျိုးဆက်များ စဉ်ဆက်မပြတ် အမှတ်ရနေစေမှာ ဖြစ်သည်ဟူ၍ ဖော်ပြထားသော အိန္ဒိယနိုင်ငံ၏ တရားစီရင်ရေး လွတ်လပ်မှုကို လေ့လာမိပါသည်။ ရည်ညွှန်းလိုပါသည်။

ရွေးကောက်ပွဲဆိုင်ရာ လျှောက်ထားချက်များနှင့်စပ်လျဉ်း၍ တိုက်ဆိုင်စွာပင် ကိုယ့်နိုင်ငံ၏ အခြေအနေ အားလုံးကို သုံးသပ်ရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံ၌ လက်ရှိ ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ ၁/ ၂ဝ၁ဝ ပုဒ်မ ၉ တွင် အောက်ပါကိစ္စရပ်များနှင့် စပ်လျဉ်း၍ ကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များသည် အပြီးအပြတ် ဖြစ်စေရမည် -

(က) ရွေးကောက် တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းများ၊
(ခ) ရွေးကောက်ပွဲ ခုံအဖွဲ့များ၏ ဆုံးဖြတ်ချက်များ၊ အမိန့်များနှင့် စပ်လျဉ်းသည့် အယူခံမှုများနှင့် ပြင်ဆင်မှုများ၊
(ဂ) နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ဆောင်ရွက်ချက်များ။ ဟုဖော်ပြချက်ကို တွေ့ရသည်။

ဤသည်မှာ ရွေးကောက်ပွဲဆိုင်ရာနှင့် နိုင်ငံရေးပါတီများဆိုင်ရာ အားလုံးကို စစ်အုပ်စု အုပ်ချုပ်ရေး မဏ္ဍိုင်အောက်ရှိ ရွေးကောက်ပွဲကော်မရှင်ကသာ စီရင်ဆုံးဖြတ်ရမည်ဟု ပြဋ္ဌာန်းလိုက်ခြင်း ဖြစ်သည်။

ရွေးကောက်ပွဲကော်မရှင်သည် တရားစီရင်ရေး မဏ္ဍိုင်၏ အမြင့်ဆုံး အာဏာပိုင်ဖြစ်သည့် တရားလွှတ်တော်ချုပ်၊ တရားသူကြီးချုပ်တို့၏ အထက်တွင် ရောက်ရှိနေပါသည်။ တရားစီရင်ရေး လွတ်လပ်မှု တစုံလုံး ပျောက်ဆုံးသွားပါတော့သည်။

ကိုယ့်နိုင်ငံ၏ တရားစီရင်ရေး လွတ်လပ်မှုကို အရယူနိုင်ကြပါစေ။

(မစ္စစ် အင်ဒီရာ ဂန္ဒီ၏ အရေးပေါ်ကြေညာခဲ့သည့် ၃၅ နှစ်မြောက်နေ့ကို အမှတ်ရစေရန် ပြည်ထောင်စု ဝန်ကြီးဟောင်း စာရေးသူ ဆတ်ရာ-ပရာဒက် မလာဗိရာ ၏ The Pioneer (28 June 2010) တွင်ဖော်ပြသည့် Judgement that shook Indira ဆောင်းပါးကို ရည်ညွှန်းပါသည်။)


No comments:

Post a Comment