Monday, August 2, 2010

ကရင်နီအလည်ပိုင်းဒေသမှ ကျေးရွာများ မိုးအားစောင့်မျော်နေဆဲ

- ဒီမင်း

မိုးဦးလွန်ကာလ ဖြစ်သည့်တိုင်ယခု ထိမိုးကောင်းစွာမရွာသည့်အတွက် စိုက်ပျိုးထားသော သီးနှံပင်များဖြစ်သည့် မြေပဲ၊ပြောင်းကောက်နှင့် စပါးတို့  မရှင်သန်ပဲ ထပ်မံစိုက်ပျိုးသည့်အပင်တို့ သည်လည်း မပေါက်နိုင်တော့သည့်အတွက် ကရင်နီပြည်တွင်းရှိ တစ်ချို့ ဒေသများတွင် စားဝတ်နေရေး အခက်အခဲနှင့် ကြုံတွေ့ နေရပါသည်။

“ဒီနှစ်က အရင်နှစ်တွေလို မိုးမရွာဘူး လယ်တွေသိပ်မစိုက်ရဘူး ချောင်းရေတွေမှာ ဆိုရင်ရေတွေ မစီးတော့ဘူးလေ။ပြောင်းဖူးပင် တွေကို စိုက်တယ်ဆိုရင်လည်း အရင်နှစ်က မိုးတွေရွာတော့ ချက်ချင်းပေါက်တာပေါ့နော်။ ဒီနှစ်က မိုးသိပ်မရွာတော့ မြေအောက်မှာ ပဲသေတာ ခများများပဲ”ဟု ဒီးမော့ဆိုမှ ဒေသခံတဦးကပြောသည်။

အဆိုပါ ဘောလခဲနှင့် ဒီမောဆိုမြို့နယ်အတွင်းရှိ ကျေးရွာများ ဖြစ်သည့် ၀ါအော့၊ ရေနီပေါက်၊ ဟိုထန်၊ နာနော့၊ ဆော့လောက်၊ စောလုံ၊ ဟော်ခမ်း၊ ဒေါတမကြီးနှင့် ဒေါညေးခူ စသည့်ကျေးရွာများတွင် လယ်ယာလုပ်ငန်းဖြင့် အသက်မွေးကြသည့် ရွာသူရွာသားများမှာ ယခုချိန်ထိ မိုးမရွာသေးသောကြောင့် စားဝတ်နေရေး ပြဿနာနှင့် ရင်ဆိုင်နေကြရသည်။

ထေးဖိုးကလိုးရွာဖက်တွင်လည်း ရေမရသောကြောင့် ယခုချိန်ထိ လယ်မလုပ်ရသေးပေ။ ဒို့ပရယ်ကျေးရွာအုပ်စုတစုသာ လယ်ယာစိုက်ပျိုးနိုင်ခဲ့သည်။ သို့သော် စပါးစိုက်ချိန် နောက်ကျ၍ အထွက်ကောင်းမကောင်းကိုလည်းစိုးရိမ်နေကြရသည်။

“ဖြေရှင်းဖို့ နည်းလမ်းဆိုတာ တော်တော်ရှာရခက်ပါတယ် အပင်တွေစိုက်လို့ မအောင်ရင် ရရာအလုပ်ကို လုပ်ရတော့မှာပဲ ဥပမာ အနီးစပ်ဆုံးပြောရရင် ကရင်နီပြည်တွင်းက အရောင်းအ၀ယ် တခုခုလေးလား မော်ချီးမိုင်းလေးလား အဲဒီနေရာ မျိုးမှာ အလုပ်များရရှိမလား ဆိုပြီး သွားရှာတဲ့ ဟာမျိုးတွေ ရှိတယ်”ဟု ကရင်နီဖွံ့ဖြိုးတိုးတက်ရေး သုတေတနပြုအစုအဖွဲ့ KDRG မှ ဒါရိုက်တာ တော်ရယ်ပိုးကပြောပါသည်။

ကရင်နီပြည်တွင်းရှိ လူထုတို့ သည် ယခုလို စားဝတ်နေရေး အကြပ်အတည်းတို့ ကြောင့် အလုပ်များ ရှိနိုင်သည် ဟုယူဆရသည့် ဒေသများဖြစ်သော မော်ချီး၊ မိုင်းရူး၊ ဖားကန့် ၊ မူဆယ် စသည့် ဒေသ များ နှင့် ထိုင်း နိုင်ငံတို့ တွေ အလုပ်များသွားရောက်ရှာ ဖွေကြသည်။

ကရင်နီပြည်အလယ်ပိုင်းရှိ ကျေးရွာများသည် အဓိကအားဖြင့် တောင်ယာ၊ လယ်ယာ၊ ခြံမြေ စိုက်ပျိုးခြင်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုကြသည်ဖြစ်ရာ ယခုနှစ်တွင် မိုးကောင်းစွာ မရွာ၍ လယ်ယာ၊ တောင်ယာလုပ်ငန်းများ ကောင်းကောင်းမွန်မွန် မလုပ်နိုင်ကြသောကြောင်း၊ မိသားစု၏ စားဝတ်နေရေးနှင့် ကလေးများပညာရေးထောက်ပံ့ရန်အတွက် အခက်အခဲကြုံတွေ့နေကြရပြီး ဆန်နှင့်အခြားစား ကုန်ဈေးနှုန်းမြင့်တက်လာမည်ကို စိုးရိမ်နေကြရသည်ဟု သိရှိရသည်။

No comments:

Post a Comment