Saturday, August 21, 2010

တယောက်တည်းပြေးတာ ဒုတိယ

ရန်ကုန်သားတာတေ

“တတီတီ့တီ … တတီတီ့တီ … တီတီတီတီတီ”

ဖိုးရှုပ်က ရေကူးကန်ထဲတွင် စိမ်ရင်း ပြာလဲ့သော ကောင်းကင်ကြီးကို မော့ကြည့်ကာ ကန်ပေါင်ပေါ်၌ အသင့်တင်ထားသည် ဝီစကီကို တကျိုက် ကျိုက်လိုက်သည်။ ကြွက်စုတ်ကတော့ နေပူဆာလှုံရင်း ကောင်မလေးတယောက် လိုးရှင်းလိမ်းပေးသည်ကို ဇိမ်နှင့် ခံစားနေသည်။ ဦးရုက္ခစိုးကတော့ ရှားရှားပါးပါး တောရိပ်တောင်ရိပ်၏ အေးချမ်းမှုကြောင့် ကြည်နူးနေသည်။

ဦးရုက္ခစိုးမှာ လူအများကြား ရောရောထွေးထွေးနေမိရင်း သူပေါင်းခဲ့မိသော ဖိုးရှုပ်၊ ကြွက်စုတ်တို့၏ အမိ မြန်မာပြည်ကြီး အရေးတွင် ဓားခုတ်ရာ လက်ဝင်လျှိုမိသလို ဖြစ်နေခဲ့သည်။ လူမစွမ်း နတ်မ ဟု ဆိုစကား ရှိသော်လည်း မြန်မာပြည်အရေးက လူမစွမ်းလို့ နတ်မမနိုင်ရုံမက နတ်ပါပြေးပေါက်မှားမည့် အနေအထား ဖြစ်သည်။

တခုသော သြဂုတ်လ၏ နေ့တနေ့မှာတော့ ဖြစ်ချင်ရာဖြစ်ဟု တွေးကာ ဦးရုက္ခစိုးနှင့် ဖိုးရှုပ်၊ ကြွက်စုတ်တို့ အေးရာအေးကြောင်း အပန်းဖြေ ခရီးထွက်ခဲ့ကြသည်။ ချင်းမိုင်မြို့ပြင်က ရုက္ခဗေဒဥယျာဉ် ရီဆို့စ်ကြီးကား သာယာပေစွ။ ကြည့်လေရာ စိမ်းလန်းလို့ … အေးချမ်း လို့ ...။ ဦးရုက္ခစိုး ကံတော်တော်ကောင်းနေသည်ဟု ထင်လိုက်မိသည်။ သို့သော် … ဦးရုက္ခစိုး ထိုနေ့က ကံမကောင်းပါ ...။

“တတီတီ့တီ … တတီတီ့တီ … တီတီတီတီတီ”

ကြွက်စုတ်။ ။ ဘယ်သူ့ဖုန်းလဲဟ … ဇိမ်ပျက်လိုက်တာ။

ဖိုးရှုပ်။ ။ ဒီလိုမျိုး သဘာဝ တောရိပ်တောင်ရိပ်ကို ခံစားရင်း ရေကူးနေတဲ့အချိန်မှာ … ဒီလို အီလက်ထရွန်းနစ်သံတွေ ကြားရတာ တော်တော် နားမချမ်းသာစရာ ကောင်းတာပဲ။

ဖုန်းသံက ထပ်မြည်လာပြန်သည်။

ရုက္ခစိုး။ ။ ဟာ … ငါ့ဖုန်း … ငါ့ဖုန်းဟ။

ကြွက်စုတ်။ ။ ဘယ်တုန်းက ဦးရုက္ခစိုးဆီမှာ ဖုန်းရှိသွားတာလဲ။ နတ်က ဖုန်းကိုင်စရာလိုလို့လား။

ရုက္ခစိုး။ ။ သြော် … နတ်လည်း နောက်ဆုံးပေါ်နည်းပညာတွေ သုံးတတ်မှ ဖြစ်မယ်လေ။ မဟုတ်ရင် ဒိတ်အောက် နတ်ကြီး ဖြစ်သွားမှာပေါ့။

ပြောရင်း ဦးရုက္ခစိုးက ဖုန်းကိုင်လိုက်သည်။

“ဟဲလို ရုက္ခစိုး ပြောနေပါတယ်”
“ပြောရုံနဲ့ မရဘူး ဦးရုက္ခစိုး။ ဦးရုက္ခစိုးရဲ့ ညာဘက်ကို ကြည့်လိုက်စမ်းပါ”
“မင်းက ဘာကောင်မို့လို့ ငါ့ကို အမိန့်လာပေးတာလဲ”
“မကြည့်ရင်လည်း နေလေ။ အခု ဦးရုက္ခစိုးရှိရာကို ရောက်လာပြီ”

ဦးရုက္ခစိုးက လန့်သွားပြီး ညာဘက်ကို လှည့်ကြည့်လိုက်ရာ သူတို့ရှိရာ တလှုပ်လှုပ်နှင့် လာနေသော ချိုကုပ်ဒူးကြီးကို တွေ့လိုက်ရလေသည်။

ရုက္ခစိုး။ ။ ဟာ … ကွိုင်ပဲ။

ဖိုးရှုပ်။ ။ ဦးရုက္ခစိုးဖုန်းက ဂျီပီအက်စ်ကို ခြေရာခံပြီး လိုက်လာတာနဲ့တူတယ်။

ကြွက်စုတ်။ ။ ဒီနေ့ ကံမကောင်းပါလား။

ချိုကုပ်။ ။ ဟိုင်း … အဲဗရီးဘော်ဒီ … ။ တော်တော်လေးမှ အနားရကြရဲ့လား။

ရုက္ခစိုး။ ။ ဘယ်လိုလဲဗျာ … ။ ကျုပ်တို့က အနားယူချင်လွန်းလို့ တမင်သက်သက် ဘယ်သူမှကို အသိမပေးဘဲ ထွက်လာတာကို ရအောင်လိုက်လာရလား။ အေးအေးဆေးဆေး နေလို့မရတော့ဘူးလား။

ချိုကုပ်။ ။ ခင်ဗျားတို့ ကျုပ်မျက်ခွက်ကြီးကို မမြင်ချင်ဘူးဆိုတာ သိပါတယ်ဗျာ။ ဒါပေမယ့် ကျုပ်ကလည်း ပြောချင်လွန်းလွန် လွန်းလို့ပါ။

ရုက္ခစိုး။ ။ ကဲ ပြောဗျာ … ဘာလဲ။

ချိုကုပ်။ ။ ခင်ဗျားတို့ သတင်းနဲ့ အဆက်အသွယ် ပြတ်နေတယ်ထင်ပါ့။ ဒီမနက်ပဲ ကျုပ် ရွေးကောက်ပွဲ ကျင်းပမယ့် ရက်ကို ကြေညာလိုက်တယ်ဗျ။ ဟဲဟဲ။

ဖိုးရှုပ်တယောက် ရေကန်ထဲမှ ကမန်းကတန်း တက်ကာ ဖုန်းကိုဖွင့်ပြီး ဟိုဟို သည်သည် ခေါ်လိုက်၊ မေးလိုက်၊ ပြောလိုက် အလုပ်ရှုပ် သွားသည်ကို ချိုကုပ်ဒူးကြီးက အရသာခံ ကြည့်နေသည်။ ကောင်မလေး၏ လိုးရှင်းလိမ်းပေးခြင်းကို ခံနေသော ကြွက်စုတ်လည်း စွေ့ခနဲ ဦးရုက္ခစိုးနား ရောက်လာသည်။

ကြွက်စုတ်။ ။ လုပ်စရာလားဗျာ။ တခြားရက်လုပ်တော့ ဘာဖြစ်မှာမို့လို့လဲ။ ခုလို ကျနော်တို့ အပန်းဖြေခရီး ထွက်နေတဲ့ အချိန်မှာ ဒီလို သတင်းထုတ်တာ သက်သက် လုပ်ကြံတာမဟုတ်လား။

ချိုကုပ်။ ။ ဟဲဟဲဟဲဟဲ ဟဲဟဲဟဲဟဲ ဟဲဟဲဟဲဟဲ။

ရေစိုဘောင်းဘီကို မလဲနိုင်အားသေးဘဲ အင်တာနက်ကိုဖွင့်ကာ ဟိုကလိ သည်ကလိ လုပ်နေသည့် ဖိုးရှုပ်ကို ချိုကုပ်ဒူးကြီး ကြည့်ရင်း အတောမသတ် ရယ်နေပြန်သည်။

ရုက္ခစိုး။ ။ တော်တော် အူမြူးနေတယ် ဟုတ်လား။

ချိုကုပ်။ ။ မြူးပြီလားဗျာ။ ပြည်ပအခြေစိုက် သတင်းဌာနတွေအားလုံး အလုပ်ရှုပ်ကုန်ကြမယ်ဆိုတာ ဖိုးရှုပ် တယောက်ကို ကြည့်တာနဲ့ သိသာတယ်။ ဟားဟားဟား။ ဒီနေ့ ကြေညာမယ်ဆိုတာ ဘယ်သူမှ ထင်မထားကြဘူးလေ။

ဖိုးရှုပ်။ ။ ကဲကဲ … ချိုကုပ်ဒူးကြီး အဲဒါထားတော့။ ကျနော် အနားယူနေတုန်း အလုပ်ရှုပ်ရမှာနဲ့ တန်အောင် အင်တာဗျူး လုပ်မယ်။ ဖြေပေတော့။ ဘာလို့ နိုဝင်ဘာ ၇ ရက်နေ့မှာ ရွေးကောက်ပွဲ လုပ်တာလဲ။ အကြောင်းရှိလား။

ချိုကုပ်။ ။ ရှိတာပေါ့။ ဟိုကောင်မလေး လွတ်ရက် မရောက်သေးခင် တမင်လုပ်တာ။ ရွေးကောက်ပွဲမှာ ကြံ့ဖွံ့နိုင်ရင် သူ့ကို လွှတ်ပေးကောင်း လွှတ်ပေးမယ်။ ကြံ့ဖွံ့မနိုင်ရင် တိုင်းပြည်မငြိမ်သေးဘူး ဆိုပြီး ဆက်ဆွဲထားမယ်။ နောက်တခုကတော့ ကွိုင်ကွိုင့် ယတြာလည်း နည်းနည်းပါတာပေါ့။ ၉ ဂဏန်းတို့၊ ၁၁ မီးငြိမ်းဖို့တို့၊ လပ်ကီး ဆဲဗင်းတို့၊ ဆဲဗင်း အလဲဗင်းတို့ … ဟာဗျာ ... လူတွေ ထင်ထားသမျှ အကုန်ဟုတ်တယ်။

ဖိုးရှုပ်။ ။ လူတွေ ပြောပြောနေတဲ့ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်အောင်လုပ်တယ် ဆိုတာ ကမ္ဘာက သိဖို့ ခင်ဗျား သက်သေ ပြနိုင်ပါ့မလား။

ချိုကုပ်။ ။ သိပ်ပြနိုင်တာပေါ့ဗျာ ...။ NLD ကနေ ခွဲထွက်လာတဲ့ NDF ကို ရွေးကောက်ပွဲ မဝင်ဝင်အောင် ဖိအားပေး … အဲ ဆောရီး အကျင့်ပါသွားလို့နော်၊ NDF ဝင်နိုင်အောင် အဘက်ဘက်က ကူညီမယ်။ လူအင်အား၊ ငွေအင်အားတွေပေါ့ဗျာ။ အခု ပါတီတွေ ခက်နေတာ အဲဒါပဲလေ။

ကြွက်စုတ်။ ။ ဘယ်လို … လူအင်အား၊ ငွေအင်အား ဟုတ်လား။ ရှင်းအောင် ပြောပါဦး။

ချိုကုပ်။ ။ ရှင်းပါတယ်။ လွှတ်တော်အမတ် စာရင်းတင်ဖို့ သူတို့မှာ လူလိုမှာပဲလေ။ အဲဒီတော့ ကြံ့ဖွံ့ကလူတွေကို NDF အဝတ်လေး ဝတ်ပေးပြီး နာမည်သွားခံခိုင်းမှာပေါ့။ အဝတ်လဲတဲ့နေရာမှာ ကျုပ်တို့ ဘယ်လောက် တော်တယ်ဆိုတာ ခင်ဗျားတို့ သိပါတယ်။ ဟဲဟဲ။ နောက်တခုက ငွေဗျ။ လွှတ်တော်အမတ် တနေရာကို ၅ သိန်းတင်ဖို့ ခက်တယ်လေ။ အဲဒီပိုက်ဆံကို နိုင်ငံတော် ဘဏ္ဍာကနေ ချေးလိုက်မယ်။

ဖိုးရှုပ်။ ။ ထားပါတော့။ တကယ်လို့ NDF က အင်အားကောင်းပြီး ကြံ့ဖွံ့ကိုနိုင်သွားရင်ကော။

ချိုကုပ်။ ။ ဟာ အစကတည်းက သူတို့နဲ့သဘောတူညီထားမှာလေ။ ရွေးကောက်ပွဲမှာ ပါပဲပါ၊ နိုင်လို့မရဘူး။ တကယ်လို့ သူတို့ နိုင်သွားရင် သူတို့ ချေးထားတဲ့ ပိုက်ဆံတွေ ချက်ချင်း ပြန်ဆပ်ခိုင်းမှာပေါ့။ ပြီးတော့ နိုင်ငံတော်ဘဏ္ဍာ အလွဲသုံးစား လုပ်တယ်ဆိုပြီး ကွိုင်ရှာမှာပေါ့ ...။ ပိုင်ပါတယ်။ လူတွေကိုလည်း ကျုပ်လူတွေပဲ ထည့်ထားမှာပဲဟာ။

ဖိုးရှုပ်။ ။ ဒီအတိုင်းဆို ဒီမိုကရေစီ ပါတီတွေဘက်က နေရာတိုင်းမှာ ဝင်ပြိုင်နိုင်ဖို့ မလွယ်တော့ဘူးထင်တယ်။

ချိုကုပ်။ ။ အစကတည်းက ဒီလိုပဲ ဖြစ်အောင် လုပ်ထားတာပဲဟာ။ အဲဒီပါတီလေးတွေက ကြံ့ဖွံ့နဲ့ ပြိုင်ဖက်မဟုတ်ဘူး။ ကြံ့ဖွံ့ ပထမရတယ် ဆိုတာကို သက်သေပြပေးရုံပဲ ပါရင်ရပြီ။

ကြွက်စုတ်။ ။ ကိုယ်စားလှယ်လောင်း စာရင်း တင်ဖို့ကလည်း အချိန် ၂ ပတ်ပဲ ပေးထားတယ်။

ချိုကုပ်။ ။ ဟား … ကြံ့ဖွံ့အတွက်ကတော့ ၁ ပတ်ဆိုရင်တောင် တော်တော်များနေပြီ။ လိုလျင်ကြံဆ ကြိုလုပ်ရ ဆိုတာ မကြားဖူးဘူးလား။

“စကားပုံတော့ ပျက်ပါပြီ” ဟု ဦးရုက္ခစိုးတွေးလိုက်သည်။

ဖိုးရှုပ်။ ။ စည်းရုံး ဟောပြောရမယ့် အချိန်ကလည်း ၂ လတည်း။ အဲဒီ ၂ လအတွင်းမှာ ကန့်သတ်ချက်တွေကလည်း အပြည့်။

ချိုကုပ်။ ။ ကြံ့ဖွံ့အတွက်က ၁ လ စည်းရုံးရင်တောင် တော်တော် များနေပြီ ဟဲဟဲ။

ရုက္ခစိုး။ ။ ချိုကုပ်ဒူးကြီးက အနိုင်တွက်ထားပြီးသားပေါ့ ဟုတ်လား။

ချိုကုပ်။ ။ ကျုပ်တို့ နိုင်မှာလေဗျာ ...။ သေချာသပ လေညာက ဆိုသလိုပါပဲဗျာ။

ကြွက်စုတ်။ ။ ကျုပ်တို့ဆိုတာ ဘယ်သူ့ကိုပြောတာလဲ ချိုကုပ်ဒူးကြီး။

ချိုကုပ်။ ။ ကျုပ်တို့ ဆိုတာ ကျုပ်တို့ပေါ့ဗျ။ အားလုံးသိတယ်။ စစ်တပ်ဟာ ကြံ့ဖွံ့၊ ကြံ့ဖွံ့ဟာစစ်တပ်။ ဟေ့ ဖိုးရှုပ် ဒါက အော့ဖ်သည် ရက်ကော့ နော်။

ကြွက်စုတ်။ ။ သေချာရဲ့လား ချိုကုပ်ဒူးကြီးရဲ့။ တော်ကြာ ဦးသိန်းဂိန်ရဲ့ အာဏာက အရမ်းကြီးသွားပြီး ချိုကုပ်ဒူးကြီး ခိုင်းတိုင်းမလုပ်တော့ဘဲ ခင်ဗျားကို ပြန်ဒုက္ခပေးရင်ကော။

ချိုကုပ်။ ။ အဲ … အင်း … သူက အဲဒီလိုမလုပ်ပါဘူးဗျ။ သူက ကျုပ်ရဲ့ အရိပ်ပါ။

ရုက္ခစိုး။ ။ သြော် … အခုထိလည်း တရားမရသေးပါလား။ တယောက်တည်းပြေးတိုင်း ပထမ ရမယ် ထင်မနေနဲ့ တယောက်တည်း ပြေးလည်း ဒုတိယ ရတာရှိတယ်။

ချိုကုပ်။ ။ မရှိနိုင်ပါဘူးဗျာ … ခင်ဗျားတို့ကလည်း။

ဖိုးရှုပ်။ ။ ရှိပြီလားဗျာ … ။ တယောက်တည်း ပြေးပေမယ့် အရိပ်က အရင်ပန်းဝင်သွားတာ မကြားဖူးဘူးလား။

ဖိုးရှုပ်ကို စိုက်ကြည့်ရင်း ချိုကုပ်ဒူးကြီးပါးစပ်မှ အမြှုပ်များ တစီစီထွက်ကာ ရုတ်တရက် ဝက်ရူးထပြန်သည်ကို မြင်လိုက်ရသည်။ ဖိုးရှုပ်နှင့် ကြွက်စုတ်က ပြေးသွားမည်ပြုစဉ် ဦးရုက္ခစိုးက လက်ကာ၍ တားလိုက်၏။

ရုက္ခစိုး။ ။ ထားလိုက် … ထားလိုက်။ သူ့အရှိန်နဲ့သူ လွှတ်ထားလိုက်။ အေးအေးဆေးဆေး အနားဆက်ယူကြ။

ဖိုးရှုပ်က ကိုယ်ရှိန်သတ်ရင်း သူ့ဝီစကီခွက်ကို ယူကာ တကျိုက်ကျိုက်ချလိုက်လေသည်။ ချိုကုပ်ဒူးကြီးကား ဆက်လက် တွန့်လိန် ကောက်ကွေးလျက် … ဝက်ရူးပြန်ဆဲ။ ။


No comments:

Post a Comment