Monday, September 20, 2010

သတင်းဦး

ဇမ္ဗူကျွန်းလုံး သတင်းစာတိုက်ပိုင် အယ်ဒီတာ ဦးကျောက်ဒိုးကား မူလက သူ၏ သတင်းစာကို စတင် တည်ထောင်ရာ၌ ဝါသနာကြီးလွန်း၍ တည်ထောင်ခဲ့ခြင်း မဟုတ်ပေ။ ထီးထမ်း လမ်းလျှောက် ပွဲစားလုပ်၍ စီးပွားရှာခဲ့ရာ၊ ကုန်သည်လောကနှင့် စပ်ဆက်၍ ဈေးနှုန်းသတင်းများကို ကုန်သည်တို့ အချိန်မီ သိရှိနိုင်စေရန် စေတနာဖြင့် ဈေးနှုန်းသတင်းစာတစ်စောင်ကို တည်ထောင်ခဲ့သည်။ ဦးကျောက်ဒိုးငယ်စဉ်က စာအရေးအသား ဝါသနာပါသည်။ ဗဟုသုတအရာ၌လည်း အတော်အတန် နှံ့စပ်သည်။

ထို့ကြောင့် မိဘရိုးရာ ကုန်သည်အလုပ်ကို လုပ်ခဲ့ရာတွင် သူ၏ခေတ်က အလွန်ကျော်ကြားသော သူရိယသတင်းစာ၌ ကုန်သည်တို့နှင့် ပတ်သက်သော ဆောင်းပါးများကို မောင်ကျောက်ဒိုး ဟူသော အမည်ရင်းနှင့် ရေးသားခဲ့သည်မှစ၍ စာဖတ်ပရိသတ်တို့က သူ့ကို ပွဲစားမောင်ကျောက်ဒိုးအနေဖြင့် သိသည်ထက် သတင်းစာဆရာပေါက်စမောင်ကျောက်ဒိုးအနေဖြင့် ပို၍ သိလာကြာသည်။ ထိုသည်မှ စတင်၍ ဈေးနှုန်းသတင်းစာကို အပျော်တမ်းသဘော ထုတ်ဝေခဲ့သည်။

သို့ရာတွင် သတင်းစာဖက်၌ စိတ်ရောက်လေလေ၊ ပွဲစားလုပ်ငန်း၌ လစ်ဟင်းလေလေ ဖြစ်သောကြောင့် ရန်ကုန်မြို့အနောက်ပိုင်း ၁၂ လမ်းနှင့် ကမ်းနားလမ်းထိပ်ရှိ သူ၏ ပွဲရုံမှာ ပြုတ်သည့် ဘဝသို့ ရောက်ခဲ့ရလေသည်။ ထို့ကြောင့် ၁၂ လမ်းထိပ် ပွဲရုံကိုပိတ်၍ ၇ လမ်းထဲတွင်ရှိသော ဂိုဒေါင်ကို ပုံနှိပ်တိုက် အသွင်သို့ ပြောင်းလိုက်ပြီးလျှင် ၎င်းပိုင် ညနေထုတ် ဈေးနှုန်းသတင်းစာကို ဇမ္ဗူကျွန်းလုံး နေ့စဉ်သတင်းစာဟု အမည်ပြောင်း၍ ထုတ်ဝေ ဖြန့်ချိလေသည်။

ဦးကျောက်ဒိုးကား ကုန်သည်လုပ်ငန်း၌ ကျွမ်းကျင်သူ ဖြစ်သည့်အားလျော်စွာ ပထမကမ္ဘာစစ်ကြီးပြီး၍ ဆယ်နှစ်ခန့်အကြာတွင် ကမ္ဘာ့စီးပွားရေး အကြီးအကျယ် လျှောကျမည်ကို မြင်နှင့်ပြီး ဖြစ်သည်။ ထို့ကြောင့် ထိုအချိန်တွင် သူ၏ ဇမ္ဗူကျွန်းလုံး သတင်းစာ၌ မြန်မာကုန်သည်များ ကြိုတင်သိရှိအပ်သော ကုန်သည်တို့၏ အခက်အခဲတို့ကို ရှင်းလင်းဖော်ပြ သတိပေး နှိုးဆော်ခြင်းဖြင့် ဇမ္ဗူကျွန်းလုံး သတင်းစာသည် ထိုခေတ်က ရှိရင်းစွဲ သူရိယ၊ မြန်မာ့အလင်း စသည့် သတင်းစာများထက် စောင်ရေ ပို၍ မရောင်းရစေကာမူ တန်းတူလိုက်နိုင်လိမ့်မည်ဟု တွက်ကိန်းချထားသည်။

ဦးကျောက်ဒိုး၏ ရည်ရွယ်ချက်ကောင်းသလောက် ဦးကျောက်ဒိုး၏ သတင်းစာ၌ သတင်းရေးသားပုံမှာ အလွန်တည်သည်။ သူ၏ သတင်းများမှာ ကမ္ဘာ့ငွေရေးကြေးရေး အကြောင်း၊ ရွှေစံချိန်စနစ် အကြောင်း၊ ပြင်သစ်ပြည်၌ ဖရန့်ဒင်္ဂါးဈေး ကျဆင်းနေသည့် အကြောင်း၊ ဂျာမနီပြည်၌ ငွေစက္ကူများ အလွန်ထုတ်နေသဖြင့် ငွေပွ လာရခြင်း အကြောင်း၊ ဥရောပနိုင်ငံများနှင့် နိုင်ငံပေါင်းစုံ အဖွဲ့ချုပ်တို့ ဆက်ဆံရေးမှာ ကုန်သည်ကြီးများက ကြိုးကိုင်လျက်ရှိခြင်းကြောင့် စီးပွားရေးစနစ် မမျှမတဖြစ်ပြီး ဒုတိယကမ္ဘာစစ် ဖြစ်မည့်ဖက်သို့ ယိုင်နေသည့် အခြေရှိကြောင်း စသဖြင့် မြန်မာကုန်သည်ကြီးတို့ပင်လျှင် စိတ်မဝင်စားတတ်သော သတင်းများ ပါလေရာ ဇမ္ဗူကျွန်းလုံး သတင်းစာမှာ ဦးကျောက်ဒိုး၏ နှစ်ရွက်တစ်ပဲ ဈေးနှုန်းသတင်းစာလောက်မျှ မစွံချေ။
ဦးကျောက်ဒိုးကာ လှေလှော်ရင်း နစ်ချေပြီ။

အခြားသော သတင်းစာတို့တွင် ဖောက်ထွင်းမှုများ သတင်းများ၊ ကာမဓားပြမှု သတင်းများ၊ ဝံသာနုအသင်း တစ်သင်းက စက္ကရီတေရီ ဆိုသူ၏ ဆက်ကြေး အလွဲသုံးစားသတင်းများသည် သတင်းဦး သတင်းထူး အဖြစ်ဖြင့် မြန်မာနိုင်ငံရှိ တောအုံကမ်းနားအထိ ရောက်နေချိန်ဝယ် ဦးကျောက်ဒိုးသည် မြန်မာ့ဆန်ဈေးကို ဘူလင်ဂျာပူးလ် က ချုပ်ကိုင်ခဲ့သဖြင့် တောသူတောင်သား လယ်သမားများ နစ်နာခဲ့ရပုံနှင့် ရော်ဘာဈေး ကောင်းသင့်ပါလျက်နှင့် ရော်ဘာဈေး ကြီးကြပ် အုပ်ချုပ်မှု အဖွဲ့ကြောင့် ဈေးအလွန်နာနေသည်ကို သူ၏ ခေါင်းကြီးပိုင်း၌ ဖိ၍ ရေးနေလေသည်။ ထိုအခါ နိုင်ငံခြား အရင်းရှင်တို့၏ ဇာတ်ကြောင်းကို ခဏခဏ လှန်မိသောကြောင့် နိုင်ငံခြားကုန်တိုက်နှင့် ကုမ္ပဏီကြီးများက ကြော်ငြာများကို နုတ်သိမ်းလိုက်သဖြင့် ထီးထမ်းလမ်းလျှောက် ပွဲစားလုပ်ခဲ့ရသည့် ဘဝထက် ပို၍ ဆိုးနေချေပြီ။

တစ်ညသ၌ (၇) လမ်းရှိ ဇမ္ဗူကျွန်းလုံး သတင်းစာ ပုံနှိပ်တိုက်ဝယ် ဦးကျောက်ဒိုးသည် သူ၏ ကံဇာတာ မှေးမှိန်လာသည်ကို အနုလုံ ပဋိလုံ ဆင်ခြင်မိ၍ သက်ပြင်းကြီး တစ်ချက် နှစ်ချက် ချလိုက်သည်။
နက်ဖြန် သတင်းစာ မထွက်နိုင်ရင် ဒုက္ခပဲ။ ငါ ဘယ့်နှယ် လုပ်ရပါ့မလဲ။

စိတ်ထဲတွင် ယင်းကဲ့သို့ တဖျစ်တောက်တောက် ညည်းနေသည်။ သို့သော် အကြံမပေါ်။ မိတ်ဆွေသင်္ဂဟတို့ထံမှ ငွေချေး၍လည်း မရတော့ပြီ။ စက္ကူကို ချေး၍ ထုတ်ဝေလာသည်မှာ ယခုတိုင် ပြန်မဆပ်နိုင်သေး။ စက္ကူတိုက်တို့ကလည်း နောက်ထပ် မချေးတော့။ ဤကိစ္စမှာ သူတစ်ပါး အပြစ်မဟုတ်။ မိမိ အပြစ် ဖြစ်သည်။ ပိုက်ဆံမရှိလျှင် စကားမတည်နိုင်။ စကားမတည်လျှင် မိတ်ခဏခဏပျက်သည်။ ထို့ကြောင့် ယနေ့ညအဖို့ စက္ကူရှာမရ။ ရန်ကုန်တစ်မြို့လုံးတွင် စက္ကူများ ပင်လယ်ဝေနေသောခေတ် ဖြစ်သည်။ သို့သော် ပင်လယ်ရေပြင်ကျယ်ကြီးကို မြင်ရပါလျက်နှင့် သောက်ရေကို ရှာမနိုင်ဘိသို့။

ရိုးရိုးဆိုလျှင် မနက်ဖြန်သတင်းစာ မထွက်ရစေကာမူ ဘာမျှ မဖြစ်နိုင်။ သို့သော် ဦးကျောက်ဒိုးမှာ ကြော်ငြာခ စပေါ်ငွေများကို အင်္ဂလိပ်ကုန်တိုက်ကြီးများထံမှ တောင်းပန်တိုးလျှိုး၍ လက်သင့်ခံခဲ့ပြီးဖြစ်ရာ ကြော်ငြာရှင်တို့က နောက်တနေ့ သတင်းစာတွင် သူတို့၏ ကြော်ငြာပါမလာလျှင် စကားများကြပေဦးမည်။ သည်တစ်ခါ ကြော်ငြာရှင်တို့နှင့် စကားများလျှင် မိမိသည်သာ အရှုံးကြီး ရှုံးရချေတော့မည်ကို ဦးကျောက်ဒိုး နားလည်ပေသည်။
ငွေများများ မလိုပါဘူး။ ငွေ အစိတ်လောက်ရှိရင် သတင်းစာ ထုတ်ဖြစ်မှာပဲ။ နက်ဖြန် သတင်းစာ ထုတ်ဖြစ်ပါမှ စာစီသမားကို သန်ဘက်ခါ ငွေရှင်းနိုင်မယ်။

ဦးကျောက်ဒိုးမှာ စာစီသမားတို့၏ စားရေးသောက်ရေးကိုလည်း စိတ်ပူမိသည်။ ဒိုးတူပေါင်ဖက် လုပ်ကိုင်လာခဲ့ကြသည်မှာ လေးငါးနှစ် ရှိပြီ။ ဈေးနှုန်းသတင်းစာဘဝမှ ဆိုးတူကောင်းဖက် လုပ်ကိုင်လာခဲ့ကြပြီး ဇမ္ဗူကျွန်းလုံး ဟု ဟိန်းနေသော အမည်ရမှပင် ယခုကဲ့သို့ ပုံနှိပ်စက်ကို လေလံတင်ပစ်ရမလောက် အခြေအနေဆိုက်ခဲ့သော် သောက်ကျိုးကြီး မနည်းပေဘူးလား။
သောက်ကျိုးနည်း ဟု ဦးကျောက်ဒိုးသည် တစ်ခါမျှ ဤကဲ့သို့ မတိုင်းမထွာတတ်ပါပဲလျက် တိုင်းထွာသောစကားကို ပျစ်ပျစ်နှစ်နှစ် ပါးစပ်မှ ထုတ်လိုက်သည်။
ဒေါသမူစိတ်ဖြင့် စားပွဲခုံကို လက်ဝါးဖြင့် ပုတ်လိုက်ရာ ဒေါက်ခနဲ မြည်သွားသည်။

စားပွဲကို လက်ဝါးဖြင့် ပုတ်လျှင် ဘုတ်ခနဲ မြည်သင့်ပါလျက်နှင့် အဘယ်ကြောင့် ဒေါက်ခနဲ မြည်ရပါသနည်း ဟု စိတ်ကူးရကာ ဦးကျောက်ဒိုးသည် သတင်းစာဆရာပီပီ အကြောင်းရင်းကို နှိုက်နှိုက်ချွတ်ချွတ် သုံးသပ်ကြည့်လိုက်သော် လက်သူကြွယ်တွင် ဆင်မြန်းထားသော ပတ္တမြားလက်စွပ်ကို သွား၍ မြင်သည်။
ထိုပတ်္တမြားလက်စွပ်ကို ဦးကျောက်ဒိုး အလွန် မင်သည်။ ပတ္တမြားရည်ကောင်းလွန်း၍ မင်ခြင်း မဟုတ်။ သူ၏ ဇနီးနှင့် မညားမီ ကြောင်းလမ်းချိန်က လက်စွပ်ချင်းလဲကြရာတွင် ဇနီးလောင်းဘက်မှ ဆင်ပေးသော လက်စွပ်ဖြစ်၍ ထီးထမ်းလမ်းလျှောက် ပွဲစားဘဝနှင့် မည်မျှပင် ဘိုင်ကျစေကာမူ ထိုလက်စွပ်ကို လင်မယားနှစ်ယောက်စလုံး မထိချေ။

ယခုတော့ မတတ်နိုင်ပြီ။ မသကာ ဝါလုံ အပေါင်ဆိုင်တွင် သွားပေါင်လိုက်လျှင် မိတ်ရင်းဆွေရင်းဖြစ်သောကြောင့် အနည်းဆုံး အစိတ်၊ သုံးဆယ် ရစရာ ရှိသည်။ သို့သော် အပေါင်ဆိုင် ပိတ်ပြီ။

ထို့ကြောင့် မည်သို့ပင်ရှိစေ ထိုလက်စွပ်ကို အပေါင်ထား၍ သတင်းစာစက္ကူ ဆယ့်လေးငါးထုပ်လောက် (၃၂) လမ်းမှ သွားဆွဲလိုက်လျှင် ဟန်လိမ့်မည်ဟု တွေးမိ၍ (၇) လမ်းမှသည် (၃၂) လမ်းအထိ ခြေလျင် လျှောက်လာခဲ့သည်။
ထို (၃၂) လမ်းရှိ စက္ကူဆိုင်မှာ ဖောက်သည်ဆိုင် ဖြစ်သည်။ ထို့ကြောင့် ဦးကျောက်ဒိုးသည် ရှေးက ငွေမပါပဲနှင့်ပင် စက္ကူကို လိုသလောက် ရခဲ့ဖူးသည်။ ယခုအကြိမ်၌မူ အချေးအငှားများလွန်း၍ ဆိုင်ရှင်ကျူလယာကုလားနှင့် စကားများခဲ့စေကာမူ လက်စွပ်ကို အပေါင်ထားနိုင်လျှင် ကျူလယာကုလားမှာ အရိုးများသော ချေးခါးသော လုပ်လိမ့်မည် မဟုတ်။

ယင်းကဲ့သို့ ဦးကျောက်ဒိုး တွေးမိသည့် အတိုင်းပင် ဆိုင်ရှင်က ချေးမထူပါ။ သို့သော် ရှေးက ဆိုင်ပိတ်ချိန်မက သန်းခေါင်သန်းလွဲအချိန်ပင် ဖြစ်စေကာမူ ဆိုင်စောင့်ငပွားသည် ဦးကျောက်ဒိုးကို မြင်လျှင် ကပျာကသီ တံခါးဖွင့်ပေးလေ့ရှိသည်။ ယခုအကြိမ်မှာမူ “ငပွား၊ ငပွား …” ဟု ဆယ့်လေးငါးကြိမ်လောက် ခေါ်သော်လည်း တော်တော်နှင့် မထူး။ လူသံကြား၍ “ငါ ကျောက်ဒိုးပါကွဲ့” ဟု ပြောသည်ကိုပင် ဆိုင်စောင့်က “ဘယ်သူလဲ၊ ကျုပ်မသိဘူး၊ အချိန်မတော် မလာပါနဲ့၊ မနက်မှ လာပါ” ဟု ပြောနေသေးသည်။ အထပ်ခိုး၌ အိပ်နေသော ကျူလယာကုလားဆိုင်ရှင်က နိုး၍ ဦးကျောက်ဒိုး အသံကို ကျက်မိမှ တံခါးစောင့်က တံခါးဖွင့်ပေးသည်။
ဦးကျောက်ဒိုးသည် စိတ်ဆိုးဆိုးနှင့် ဆိုင်ထဲဝင်လာပြီးလျှင် အစောင့်ကို ကြိမ်းမောင်းလေသည်။

ကျူလယာကုလားက ဦးကျောက်ဒိုးကို တောင်းပန်သည်။ အစောင့်ကောင်ကလေးမှာ ငပွား တောသို့ ခေတ္တပြန်ချိန်၌ နေ့စားလုပ်သူ စိန်းခို ဖြစ်သည်။ လူသစ်ဖြစ်၍ ဦးကျောက်ဒိုးကို မသိ။ သစ္စာရှိပုံရသူဖြစ်၍ ဆရာက ခွင့်မပြုဘဲ စိန်းခိုက တံခါးဖွင့်မပေးခြင်း ဖြစ်သည်။ ခိုင်း၍ စေ၍ စိတ်ချရပါသည်။ အထင်မလွဲရန် တောင်းပန်လိုပါသည်။ ဤကဲ့သို့ တောင်းပန်ရင်း စိန်းခိုကို ဦးကျောက်ဒိုး ရှေ့သို့ ခေါ်၍ “မှတ်ထားကွဲ့။ အဲဒါ ဇမ္ဗူကျွန်းလုံး သတင်းစာတိုက်ပိုင်ရှင် အယ်ဒီတာ ဦးကျောက်ဒိုးပဲ။ တို့ ဖောက်သည်ကြီးကွဲ့။ သူ ဘယ်အခါမဆို စက္ကူလိုချင်ရင် ငါမရှိပေမယ့် မင်းက ထုတ်ပေးလိုက်ပါကွဲ့” ဟု ကျူလယာကုလားက ပြောလေသည်။

ဦးကျောက်ဒိုးက ပြုံးသည်။ သူပြုံးသည်မှာ စိန်းခိုကို သဘောကျ၍ ပြုံးခြင်း မဟုတ်။ သူ့ ပတ္တမြားလက်စွပ်ကြောင့် သတင်းစာစက္ကူထုပ်ရသည်ကို သဘောကျ၍ ပြုံးခြင်း ဖြစ်သည်။ သို့သော် စိန်းခိုက သူ့ကို အယ်ဒီတာမင်း ဦးကျောက်ဒိုးက သဘောကျသည်ဟု အောက်မေ့၍ များစွာ ဝမ်းသာသွားသည်။

ထို့ကြောင့် စက္ကူထုပ်တို့ကို ချပေးရင်း စိန်းခိုက ဦးကျောက်ဒိုးအား တစ်တွတ်တွတ်ဖြင့် တောင်းပန်သည်။
“စိတ်မရှိပါနဲ့ ဆရာရယ်။ ကျွန်တော့်ကို ငပွားလိုပဲ တပည့်ရင်းလို သဘောထားပါ။ ဆရာ့သတင်းစာကို ကျွန်တော် တစ်ခါ တစ်ခါ ဖတ်ကြည့်ပြီး အတော် သဘောကျမိပါတယ် ဆရာ။ အင်မတန် လေးနက်တဲ့ အကြံတွေပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ ဗမာကုန်သည်တွေကတော့ ဆရာရေးတဲ့ အချက်မျိုးကို သဘောမပေါက်ဘူး ဆရာ။ ကျွန်တော် စက္ကူ ရွေးပေးမယ် ဆရာ။ ဟောဒီ အမျိုးအစားက စာရွက် ကျစ်တယ်။ ချောလဲ ချောတယ်။ နော်ဝေကပဲ ဆရာ။

နော်ဝေချင်းတူပေမယ့် ဒီကုမ္ပဏီက အသစ်မို့ နမူနာ စက္ကူထုပ်လို အင်မတန် ကောင်းတယ် ဆရာ။ ကျွန်တော် နိုင်ငံခြား ကုမ္ပဏီတွေမှာလည်း အလုပ်လုပ်ခဲ့ဖူးပါတယ် ဆရာ။ မြန်မာကုန်သည်လို မဟုတ်ဘူး။ စနစ်ကျတယ်။ သူတို့ကလည်း ဆရာ့သတင်းစာကို အတော်ပဲ ဝေဖန်တယ် ဆရာရဲ့။ အဲဒါနဲ့ ကျွန်တော်လည်း တစ်ခါတစ်ခါတော့ ဖတ်ကြည့်မိတယ် ဆရာ။ ဆရာ ဘာတွေ ရေးထားတာလဲ။ ကျွန်တော်ဖြင့် နားကို မလည်ဘူး”
“မင်းနားလည်အောင် ရေးထားတာမှ မဟုတ်ဘဲကွ။ မင်း စက္ကူထုပ်ချမှာသာ ချစမ်းပါကွယ်”
ဦးကျောက်ဒိုး စိတ်ရှုပ်လာဟန် တူသည်။ စကား မာဆတ်ဆတ် ပြောလိုက်မိသည်။

သို့သော် စိန်းခိုကား မရိပ်မိ။
“ဆရာ အဲဒါ ခက်တာပဲ။ ဒါ့ကြောင့် ဆရာ့ သတင်းစာ စောင်ရေ မတိုးတာ ဆရာရဲ့။ ဆရာ့ သတင်းစာက သတင်းဦးရယ်လို့ တစ်ခါမှ မတွေ့ရဘူး။ ထူးတော့ အင်မတန် ထူးပါတယ်။ ကုန်သည် မျက်ရှုခန်းမှာ ရေးတာတွေ အင်မတန် ထူးတာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ ဖတ်ချင်တဲ့ သတင်းမျိုးတွေက သူများသတင်းစာထဲမှာ ပါပြီးမှ ဆရာ့သတင်းစာထဲ ပါတာ တွေ့တယ်”
အမှန်မှာ ဇမ္ဗူကျွန်းလုံး သတင်းစာ စောင်ရေလျော့၍ လာခဲ့သည်မှာ လွန်ခဲ့သည့် ဆယ်လနီးပါးခန့်ကပင် ဖြစ်သည်။

မူလက ဈေးနှုန်းသတင်းစာ၏ အရှိန်ကြောင့် လပေး ဝယ်ယူကြည့်သူများ အတော်ပင် များပေသည်။ သို့သော် တဖြည်းဖြည်း စောင်ရေလျော့လာသည်။ ထိုအကြောင်းကို ဦးကျောက်ဒိုးသည် ကောင်းစွာ စေ့ငု ကြည့်မိသည်။ သို့သော် ပွဲစားလူထွက်၏ အငွေ့အသက် မကုန်သေးသောကြောင့် ကုန်သည့် သဘောကိုသာ တွေးမိသည်။ သတင်းစာအရေးအသားနှင့် သတင်းအမျိုးအစားတို့မှာမူကား ရှေးရိုးအတိုင်း လှေကြီးထိုးများသာ ဖြစ်သည်။

သတင်းစုပုံ စုနည်းမှာ လွယ်ကူလှသည်။ ထိုစဉ်က ရိုက်တာကြေးနန်းသတင်းကို မှာယူ သုံးစွဲသည် မဟုတ်။ နိုင်ငံခြားသတင်းဟူသမျှကို ရန်ကုန်ဂေဇက်နှင့် ရန်ကုန်တိုင်းမ် သတင်းစာတို့မှ တစ်ဆင့် ကူးချသည်။ ထို့ကြောင့် နိုင်ငံခြား သတင်းထူး ဟူသမျှတို့သည် ဇမ္ဗူကျွန်းလုံး သတင်းစာထဲ ရောက်သွားလျှင် သတင်းဆွေး၊ သတင်းမြေ့များ ဖြစ်သွားကြရလေသည်။

နယ်သတင်းအတွက်လည်း သတင်းထောက် မရှိ။ ရန်ကုန်အတွက်ပင်လျှင် သတင်းထောက် မရှိချေ။ မိမိပိုင်သတင်းစာမှာ ကုန်သည်လောကနှင့်သာ ဆက်စပ်သော သတင်းစာ ဖြစ်လေရာ ဈေးနှုန်းသတင်းစာနှင့်တကွ ကုန်စည်ကူးသန်း ရောင်းဝယ်မှုဆိုင်ရာ သတင်းတို့မှာ မိမိပါးစပ်က ဖြစ်သော သတင်းများသာ ဖြစ်ရကား မိမိကိုယ်တိုင်ပင်လျှင် သတင်းထောက်လုပ်နေ၍ အပိုသတင်းထောက် မရှိချေ။

စင်စစ် ရာဇဝတ်မှုသတင်း၊ နိုင်ငံရေးသတင်း၊ အထွေထွေသတင်း စသည်တို့ကို စုဆောင်းပေးသူ သတင်းထောက် တစ်ဦးတည်းသာ ရှိလေသည်။ ၎င်းသည်လည်း ဆဗ်အယ်ဒီတာအလုပ်ကို လုပ်ပေးရလေရကား များသောအားဖြင့် အချို့သတင်းတို့မှာ အခြားသတင်းစာများတွင် မနေ့က၊ တစ်နေ့က စသဖြင့် ပါပြီးသား သတင်းများသာ ဖြစ်သည်။

ရာဇဝတ်မှုသတင်းဆိုလျှင် သတင်းအနံ့ခံ၍ လိုက်ရန်အတွက် လူပို မရှိသောကြောင့် ဆဗ်အယ်ဒီတာကို ကူနေသော ကောင်ကလေး တစ်ယောက်က လိုက်ရသည်။ ထိုကောင်ကလေးမှာလည်း အပြင်ကို ခဏခဏ မထွက်ရဘဲ ခေါင်းစီးစာသားတို့ကို ကူ၍ ရေးပေးနေရသဖြင့် တော်ရုံတန်ရုံဆိုလျှင် တိုက်မှနေ၍ ဂါတ်သို့ လှမ်းကာ တယ်လီဖုန်းဆက်ပြီး သတင်းစုရသည်။ တော်ရုံတန်ရုံ ဂါတ်စာရေးတို့က သတင်းမေးလျှင် တော်ရုံတန်ရုံ ပြောတတ်သဖြင့် သတင်းကောင်းဆိုသမျှကို ဦးဦးဖျားဖျား ရလိုက်သည် မရှိချေ။

ဦးကျောက်ဒိုး၏ ဝါသနာမှာ ကျိုးကြောင်း မျှတလျှင် လက်ခံလိုသော ဝါသနာ ဖြစ်သည်။ ဦးစွာ၌ စိန်းခိုအပေါ် စိတ်တိုနေခဲ့သော်လည်း စိန်းခို၏ ပြောပုံဆိုပုံမှာ အကျိုးသင့်အကြောင်းသင့် ဖြစ်သောကြောင့် နောက်ထပ် ဆက်၍ စိတ်မတိုနိုင်ချေ။

“သတင်းအကြောင်းနဲ့ ပက်သက်ပြီး မင်းက ဘာများ ဒီလောက် နားလည်သလဲ။ တို့မှာ သတင်းစာလုပ်ငန်းကို အခုမှစပြီး တစ်နှစ် နှစ်နှစ်လောက်သာ ကိုင်ခဲ့ရသေးတော့ တိုက်ကြီးတွေမှာလို လူစုံတက်စုံ မရှိဘူး”
“လူစုံတက်စုံ မလိုပါဘူး ဆရာရယ်။ သတင်းထောက်ကောင်းကောင်း တစ်ယောက်ရှိရင် ပြီးတာပါပဲ”
“အယ်ဒီတာလုပ်တဲ့သူက နှံ့နှံ့စပ်စပ်ဆိုရင် ပြီးနိုင်ပါတယ်ကွာ”
ယခုကဲ့သို့ ဦးကျောက်ဒိုး ပြောလိုက်သော စကားမျိုးသည် ထိုခေတ်က မရိုင်းလှ။ အမှန်ပင် ကျိုးကြောင်း သင့်မြတ်သော စကား ဖြစ်ချေသည်။

ထိုခေတ်က သတင်းစာနယ်ပယ်၌ တစ်ဦးကောင်း တစ်ယောက်ကောင်းရှိလျှင် ပြီးတမ်းဖြစ်သည်။ ရာဇဝတ်မှုဆိုင်ရာ သတင်းတို့မှအပ အခြားသတင်းစကားတို့မှာ ကာယကံရှင်ကိုယ်တိုင် လာရောက်၍ သတင်းပေးသော သတင်းများ ဖြစ်လေရာ သတင်းစာတိုက်ပိုင်ရှင်နှင့် အယ်ဒီတာတို့သည် သက်သာခို၍ ရနိုင်လေသည်။ ဦးကျောက်ဒိုးကား ကုန်သည်ဉာဉ် မပျောက်တပျောက် ဖြစ်သောကြောင့် ပိုက်ဆံနှစ်ပြားရင်း၍ နှစ်ပြားမြတ်နိုင်သော အချိန်၌ တစ်ပဲ အကုန်ခံပြီးနောက် အသားတင် နှစ်ပြားသာ ကျန်သော် တွက်ချေမကိုက်ဟု ယူဆထားပေသည်။

“ဟာ ဘယ်ဟုတ်မလဲ ဆရာရဲ့။ အယ်ဒီတာက နှံ့နှံ့စပ်စပ်ဖြစ်တဲ့အခါ နှံ့နှံ့စပ်စပ်သတင်းထောက် တစ်ယောက်ရဲ့ အကူအညီရရင် ဆရာ့သတင်းစာ ပိုပြီး မကောင်းပါလား”
ဦးကျောက်ဒိုးသည် စိန်းခို၏ စကားကို ကြားရသောအခါ ခွေးပါးစပ်က နတ်စကားထွက် ဟူသော ဥပမာကို သတိရမိသည်။ သို့သော် စိန်းခို၏ ကျိုးကြောင်းမျှတသော သဘောကို ကြိုက်တိုက်တိုက်ရှိလာသောကြောင့် အောင်မယ် လူ့ပါးစပ်က နတ်စကား မထွက်စမ်းပါနဲ့ကွယ် ဟု လေပျော့ဖြင့် ပြောလိုက်သည်။
စိန်းခိုသည် ဦးကျောက်ဒိုးအား စကားပြန်မပြောအားသေး။ စက္ကူထုပ်တို့ကို မိမိကိုယ်တိုင် တရိုတသေ လန်ခြားပေါ် တင်ပေးလိုသေး၏။ ထိုကိစ္စပြီးမှ ဦးကျောက်ဒိုးရှိရာသို့ တစ်ပတ်ကျော့လာပြီးလျှင် စကားစကို ဆက်သည်။

“ဒီလို ရှိတယ် ဆရာ။ ကျွန်တော်က ပညာသိပ်တတ်တဲ့လူတော့ မဟုတ်ဘူးပေါ့ ဆရာ။ ဒါပေမယ့် အင်္ဂလိပ်ကျောင်းမှာ တေတေပေပေနဲ့ပဲ ခုနစ်တန်းအောင်အောင် သင်ဖူးပါတယ် ဆရာ။ အမှန်မှာ ကျွန်တော့်မိဘမျိုးရိုးကလည်း မော်လမြိုင်ဘက်မှာ သစ်လုပ်ငန်းနဲ့ ပက်သက်တဲ့ သစ်သူဌေးမျိုးပါပဲ။ ကျွန်တော်ကသာ တေတေပေပေနဲ့မို့ သာသနာပြုကျောင်းမှာ စာသင်လာပြီး အင်္ဂလိပ်လိုတော့ ဘိလပ်သားကျအောင် စကားပြောတတ်ပါတယ်။ ဒါ့ကြောင့်လည်း ကျွန်တော် အရင် လုပ်ခဲ့သမျှမှာဆိုရင် အင်္ဂလိပ်ကုမ္ပဏီတွေပဲ များတယ်။ တစ်ခါတုန်းကလည်း ပဲခူးကော်မရှင်နာရုံးမှာ နယ်လှည့်စာရေးလုပ်ခဲ့ဖူးတော့ မြို့အုပ်ဝန်ထောက်ဆိုတာတွေနဲ့ပေါင်းပြီး အင်္ဂလိပ်အုပ်ချုပ်ရေးအကြောင်း အတွင်းအပြင် တော်တော်သိခဲ့ဖူးပါတယ်။

ကျွန်တော့်မိဘနဲ့ နေခဲ့တုန်းကလည်း ကျွန်တော့်ယောက်ဖကလည်း ဌာနအုပ်ဆိုတော့ ရာဇဝတ်အမှုအခင်းတွေကို ကျွန်တော်နားလည်ပါတယ် ဆရာ။ သတင်းထောက်ဆိုတာ အခုလို အဖက်ဖက်က စုံခဲ့မှလည်း ကောင်းတယ် ဆရာ။ အဆက်များလေ ကောင်းလေပဲ။ ကျွန်တော် အခုလို ကျူလယာဆိုင်မှာ တေလေဘဝနဲ့ ဒရဝမ်အလုပ်လိုဟာမျိုး လုပ်နေရပေမယ့် ရန်ကုန်တစ်မြို့လုံးမှာ ကျွန်တော့်အဖေနဲ့ ဆွေရိပ်မျိုးရိပ်ကင်းတဲ့သူ ခပ်ရှားရှားပါပဲ ဆရာ။ နေရှင်နယ်ကလပ်မှာ ကျွန်တော် ဘိလိယက်ခုံ မာကာလုပ်ခဲ့ဖူးသေးတယ် ဆရာရဲ့။ အငြိမ့်မင်းသမီး မငွေမြိုင်ဆိုတာ ကျွန်တော်တို့ ပိုးရင်းပန်းရင်းက နာမည်စထွက်နေတဲ့ မင်းသမီးပါ ဆရာ။ နိုင်ငံရေးနယ်ထဲက မျက်နှာကြီးတွေဟာ ကျွန်တော့် ဆရာတွေချည်းပါပဲ”

စိန်းခိုသည် သူ့အကြောင်းကို ရွှန်းရွှန်းဝေအောင် အစီရင်ခံ နေသည်။ ဦးကျောက်ဒိုးကား စဉ်းစာလျက် ရှိဟန် တူသည်။ ဘာစကားမျှ မပြောချေ။ စက္ကူထုပ်များ လန်ခြားပေါ်တွင်ပြီးသည့်နောက် ကျူလယာဆိုင်ရှင်အဖိုးကြီးအား သူ၏လက်စွပ်ကိုပြကာ အကျိုးအကြောင်း အနည်းငယ်ရှင်းပြပြီးလျှင် လက်စွပ်ကို အပ်နှံထားခဲ့၍ လန်ခြားပေါ်တက်လေသည်။

စိန်းခိုသည် တော်ရုံနှင့် အလျှော့ပေးသော လူစားမျိုး မဟုတ်။ ဦးကျောက်ဒိုး၌ အပူလုံးတစ်ခုရှိ၍သာ သူ့ကို အဖက်လုပ် စကားမပြောသည်ကို သူ ရိပ်မိဟန်တူသည်။ စင်စစ် ဦးကျောက်ဒိုးသည် စိန်းခိုးအပေါ်၌ အထင်မကြီးစေကာမူ မျက်မှန်းတန်းမိပြီ မဟုတ်လော။

ထိုကဲ့သို့သော လူ့သဘာဝကို အကဲခတ်တတ်သူ စိန်းခိုအဖို့ ဦးကျောက်ဒိုး တုဏှိဘာဝေနေခြင်းသည် အားတက်ဖွယ်ပင် ဖြစ်တော့သည်။

ထို့ကြောင့် စိန်းခိုသည် ဦးကျောက်ဒိုးနှင့် စက္ကူထုပ်တို့ကို တင်ဆောင်ထားသော လန်ခြားကို လန်ခြားကုလားက မလိုက်သည်နှင့် တပြိုက်နက် လန်ခြားအနီးသို့ အပြေးကလေးကပ်ကာ “ဆရာ နေပါဦး ဆရာရဲ့။ ဆရာဥစ္စာ ကတိုက်ကရိုက်နဲ့ လန်ခြားခတောင် ပါမယ် မထင်ပါဘူး။ ဆရာ ကျွန်တော့်ကို တပည့်ရင်းလို့ သဘောထားပါ ဆရာ၊ အားမနာပါနဲ့ ” ဟု အလိုက်သိတတ်သော လူငယ်လူလတ်တစ်ဦး၏ စေတနာနှင့် ပြောလိုက်လေသည်။
ထိုအခါတွင်မှ ဦးကျောက်ဒိုးလည်း မိမိအိပ်ကပ်ထဲ၌ ပိုက်ဆံနှင့်တူသော စွပ်တာမျှပင် မပါကြောင်းကို ဝန်ခံလိုက်ရလေတော့သည်။

“အေးဟဲ့ မောင်စိန်းခိုရေ့။ ငါလည်း အလောသုံးဆယ် အလုပ်လုပ်နေရလို့ သတိလစ်သွားသဟေ့။ မင့် ဆိုင်ရှင်အဖိုးကြီးဆီက ငွေတစ်ကျပ်လောက် ဆွဲလိုက်စမ်းကွယ်”
ဦးကျောက်ဒိုးက ဤစကားကို ဆိုင်ရှင်အဖိုးကြီး ကြားလောက်အောင် ပြောသည်။ ဆိုင်ရှင်အဖိုးကြီးကလည်း အလိုက်သိစွာ ငွေတစ်ကျပ်ကို အံဆွဲထဲက ဆွဲထုတ်လိုက်သည်။ သို့သော် စိန်းခိုက ဦးကျောက်ဒိုးအား သူ့အိတ်ထဲက ငွေတစ်ကျပ်ကို ထုတ်၍ ပေးနေသည်။ ဦးကျောက်ဒိုးက မယူ။ အဖိုးကြီးထံမှ ငွေတစ်ကျပ်ကိုသာ ယူလိုသည်။

“ယူသာယူပါ ဆရာ။ ဘယ်လိုမှ သဘောမထားပါနဲ့။ ကျွန်တော်က စေတနာနဲ့ ကူတာပါ ဆရာ။ ဆရာလည်း အလကားယူမယ့် လူစား မဟုတ်ပါဘူး။ ကျွန်တော့်ကို ပြန်ပေးမှာပါပဲ။ ကျွန်တော်ကတော့ ပြန်ပေးပေး မပေးပေး ကိစ္စမရှိပါဘူး”
စိန်းခိုက ဤသို့ တောင်းပန်တိုးလျှိုးဖြင့် ဦးကျောက်ဒိုးကို ငွေတစ်ကျပ်ပေးသည် မှန်၏။

သို့သော် ဦးကျောက်ဒိုး အနေဖြင့် ထိုငွေကို ယူရန် မသင့်လျော်။ ထို့ကြောင့် ကျူလယာ ကုလားအဖိုးကြီးက ဆိုင်ခန်းမှ ဆင်းလာ၍ လှမ်းပေးသော ငွေတစ်ကျပ်ကိုသာ လက်ခံလိုက်သည်။ ယင်းသို့ မျက်နှာလိုက်၍ လက်ခံရခြင်းကိုလည်း စိန်းခိုသည် နားလည်ပါသည်။ ထို့ကြောင့် သူ့ငွေတစ်ကျပ်ကို သူ့အိတ်ထဲပြန်ထည့်ရင်း စိန်းခိုက “ကဲ... အချိန်ကလည်း မရှိဘူး။ ကြွပေဦးတော့ ဆရာ” ဟု နှုတ်ဆက်သည်။

ဦးကျောက်ဒိုးက “အေးဟဲ့ မောင်စိန်းခိုကို တွေ့ရတာ တပည့်ရင်း တွေ့ရတယ်လို့ အောက်မေ့ပါတယ်။ နက်ဖြန်အားရင် တိုက်ကို လျှောက်ခဲ့ဦးပေါ့ လကွာ။ မောင်စိန်းခို ပြောတောတွေ မရိုင်းလှပါဘူး” ဟု နှုတ်ဆက်ရင်း ပြန်ပြောလေသည်။

ကျူလယာဆိုင်ရှင် အဖိုးကြီးနှင့် မောင်စိန်းခို တို့၏ ကောင်းမှုကြောင့် ဇမ္ဗူကျွန်းလုံး သတင်းစာသည် ဣနြေ္ဒမပျက် ထွက်မြဲထွက်နိုင်ခဲ့ပေသည်။ သို့သော် ဦးကျောက်ဒိုးအဖို့ စိုးရိမ်ကြောင့်ကြမှုတို့ လုံးဝ ကင်းရှင်းရပြီ မဟုတ်သေး။ သည်တစ်နေ့အတွက် အရှိန်ရသော်လည်း နောက်တစ်နေ့အတွက် လိုသေးသည်။ နောက်တစ်နေ့အတွက် ဟန်ကျပြီ ဆိုဦးတော့၊ နောက်တစ်နေ့အတွက် ပူရဦးမည်။ အရေးအကြီးဆုံးကား အိမ်ထောင်ဦးလက်စွပ်ကို ပြန်၍ ရွေးနုတ်နိုင်ဖို့ ဖြစ်သည်။

ထို့ကြောင့် ယနေ့အတွက် သတင်းစာထုတ်နိုင်ပြီဟု ဆိုရငြားပေမင့် ဦးကျောက်ဒိုးသည် နောင်ရေးအတွက် အလွန် စိုးရိမ် ပူပန်ရလေတော့သည်။ ထို့ကြောင့် ယနေ့အဖို့၌ ညက စိတ်ချလက်ချ ပစ်၍ အိပ်လိုက်စေကာမူ ပူစရာရှိသည်တို့ကို စောစော ကြိုတင်၍ ပူရလေအောင် စောစောပင် အိပ်ရာက ထသည်။ မိမိ၏ ဇနီးက ပဲပြုတ်နှင့် လက်ဘက်ရည်ကြမ်းကို အနီးသို့ လာချထားသဖြင့် ပဲပြုတ်၏ အရသာကို လက်ဘက်ရည်ကြမ်းဖြင့် တစိမ့်စိမ့်မြည်းရင်း သတင်းစာဆရာ ဦးကျောက်ဒိုး၏ အနာဂတ်သည် အဘယ်ပုံရှိလိမ့်မည်ကို ဝိပဿနာ ပွားမိလေတော့သည်

ဦးကျောက်ဒိုး ဝိပဿနာပွားသည်ဆိုသည်မှာ စင်စစ် ငိုင်နေခြင်းပင် ဖြစ်၏။ မည်မျှကြာကြာ ငိုင်နေမိသည်ကို ဦးကျောက်ဒိုး မှတ်မထားမိ။ သို့သော် ကင်တိုကိုင်ရှား ဟု ဂျာပန် အမှတ်တံဆိပ်ပါသော တိုင်ကပ်နာရီဟောင်းကြီးက ဂျိ ရှဲ ဒင် ဟူ၍ ပဏာမပျိုးကာ ကိုးချက်တိတိမြည်လိုက်ပြီးနောက် ဆွမ်းခံကိုရင်တစ်ပါး ပေါက်လာမှပင် သြော် ဒီအချိန်တောင် ရှိမှကိုး ဟု ပါးစပ်မှ ညည်းရင်း ဆွမ်းကပ်လိုက်လေသည်။

ထိုခေတ်က ဘိုင်ကျသည် ဟူသောစကားကို စတင်သုံးစွဲကြပြီ ဖြစ်စေကာမူ ဘိုင်ကျသော အယ်ဒီတာတစ်ဦးသည် တစ်ဇွန်း တစ်ယောက်မ မျှသော ဆွမ်းကို ကပ်နိုင်ပေသေးသည်။ သို့သော် ကြာလျှင် ဆွမ်းဝတ်ကိုမျှပင် မှန်မှန်ပြုနိုင်ပါမည်လော။ ဦးကျောက်ဒိုးက ဆွမ်းကပ်ရင်း ဤကဲ့သို့ တွေးမိသည်။
သူ့အတွေးကို သူ မဖြေနိုင်မီ စိန်းခိုတစ်ယောက် အိမ်ပေါ်သို့ တက်လာလေသည်။

အိမ်ဆိုသော်လည်း အမှန်မှာ ဂိုဒေါင်ပျက် ဖြစ်သည်။ ဂိုဒေါင်၏ ခေါင်းရင်းဘက်၌ ကွပ်ပျစ်တစ်ခုရှိသည်။ ၎င်းကွပ်ပျစ်ပေါ်၌ လာသမျှ ဧည့်သည်တို့ကို ဦးကျောက်ဒိုးက ဧည့်ခံစမြဲ ဖြစ်၏။ ကွပ်ပျစ်မှ အတွင်းသို့ လှမ်းကြည့်လိုက်လျှင် ဦးကျောက်ဒိုး၏ အယ်ဒီတာစားပွဲကို တွေ့ရလိမ့်မည်။ စားပွဲ၏ နောက်တွင် ကြိမ်ပေါက်နေသော ကုလားထိုင်တစ်လုံး၊ စာပွဲ၏ ရှေ့တွင် ထိုင်ခုံ၌ ထင်းရှုးပျဉ်ပြားပိုး၍ ရိုက်ထားသော ကုလားထိုင်တစ်လုံး ဤမျှသာ ရှိ၏။ အတွင်းဖက် ခပ်လှမ်းလှမ်း၌ကား ခန်းဆီးရှိ၏။ ခန်းဆီးနောက်ဖက်တွင် နှစ်ယောက်အိပ်ခုတင်တစ်လုံးကို သမံတလင်းပျက်ပေါ်တွင် တည်ဆောက်ထားပေသည်။ သားထောက် သမီးခံမရှိ၍ လင်မယားနှစ်ယောက်အတွက် ဤအခင်းအကျင်းသည် ဖူလုံလေပြီ။

ခြေရင်းခန်းတစ်ခုလုံးမှာ ဇမ္ဗူကျွန်းလုံး သတင်းစာတိုက် ရိုက်နှိပ်ရာ အခန်းဖြစ်သည်။ ဦးစွာ ပထမ ခြေရင်းဖက် သံဇကာတံခါးမှ ဝင်သွားသော် ဝဲ ယာ တစ်ဖက်တစ်ချက်တွင် စာခုံများကို ဝင်တိုးမိပေလိမ့်မည်။ ထိုစာခုံများအကြားသို့ သတိကြီးစွာနှင့် ဝင်သွားလျှင် အယ်ဒီတာဦးကျောက်ဒိုးတို့ ဇနီးမောင်နှံ၏ အိပ်ခန်းနှင့် ယှဉ်လျက် ချန်းဒလား စာပုံနှိပ်စက်ကြီးကို တွေ့ရလိမ့်မည်။ ဇမ္ဗူကျွန်းလုံး သတင်းစာ၏ ဟိတ်နှင့် ညီညွတ်အောင် ကြီး ဟူသော နာမဝိသေသနကို တပ်ရစေကာမူ ချန်းဒလားစက်ကြီးမှာ လက်လှည့်စက် ဖြစ်ရကား တစ်နာရီကို တစ်ထောင်ပင်ကျအောင် မနည်းရိုက်ယူရသည်။ စက်က အိုပြီ။ အိုသော အစိတ်အပိုင်းကိရိယာတို့သည် မှန်းချေမပေါက်နိုင်တော့ချေ။

သို့သော် သံမဏိရှည်စွာ သစ္စာရှိရှိဖြင့် အမှုထမ်းခဲ့သော စက်မှာ ဦးကျောက်ဒိုးအဖို့ တကယ့်အဆွေခင်ပွန်းကြီးပင် ဖြစ်တော့သည်။ စက်ခန်းမှ ကြည့်လိုက်လျှင် တစ်စောင်းလှည့်၍ ဆောက်ထားသော အိမ်သာကိုသာ မြင်ရပေလိမ့်မည်။ အိမ်သာ၏ ရှေ့၌ ရေဘုံဘိုင်တစ်ခု ရှိ၏။ ထိုရေဘုံဘိုင်၌ ရေမိုးကိုလည်း ချိုးနိုင်သည်။ ပန်းကန်ခွက်ယောက်ကိုလည်း ဆေးနိုင်သည်။ အတွင်းဘက် ခေါင်းရင်းခန်း၌ကား မီးဖိုရှိသည်။ မီးဖိုမှာ ကြီးကြီးမားမား မဟုတ်။ ၂၂ လမ်း ဘိန်းခန်းများမှ ထွက်သော လက်ဆွဲပုံး ရွှံ့မံသည့် မီးဖို ဖြစ်လေသည်။ ရန်ကုန်သူတို့ အလေ့အတိုင်း ထင်းကိုမသုံး၊ မီးသွေးကို သုံးရသော မီးဖိုမျိုး ဖြစ်သည်။

စိန်းခိုသည် ဇမ္ဗူကျွန်းလုံး သတင်းစားတိုက်ကြီး၏ တည်နေပုံကို တမုဟုတ်ချင်း အကဲခတ်ပြီးနောက် အယ်ဒီတာ တိုက်ပိုင်ရှင် ဦးကျောက်ဒိုးအပေါ် ကရုဏာပို၍ သက်သွားပေသည်။

စိန်းခိုက ရောက်လျှင်ရောက်ချင်း ကွပ်ပျစ်ပေါ်၌ တင်ပါးလွှဲထိုင်လိုက်ပြီးလျှင် ဦးကျောက်ဒိုးကို နှုတ်ဆက်သည်။
ဦးကျောက်ဒိုးက ငေါက်ဆတ်ဆတ်ဖြင့် “ဘာကိစ္စလဲ မောင်ရင်” ဟု မေးသည်။
စိန်းခိုသည် ခဏမျှ မင်သက်မိနေသည်။

ဦးကျောက်ဒိုးနှင့် စိန်းခိုတို့မှာ ညကြီးမင်းကြီး၌ ရေစက်ဆုံခဲ့ခြင်း ဖြစ်လေရာ ဦးကျောက်ဒိုးသည် ဗြုန်းခနဲ မှတ်မိဖို့ ခဲယဉ်းပေသည်။ ထို့ကြောင့် စိန်းခိုက အတိတ်က အဖြစ်အပျက်တို့ကို ပြန်လည်း နိဒါန်းသွယ်ပေးကာမှပင် ဦးကျောက်ဒိုးက သတိရတော့လေသည်။

“အေးဟဲ့ ညက မှောင်ထဲမှာဆိုတော့ ဗြုန်းခနဲ မင်းမျက်နှာ ကျက်ကိုမကျက်မိဘူးကွဲ့။ အေး အေး ဆိုစမ်းကွယ်။ မောင်စိန်းခိုက ဘာလိုချင်သတုန်း။ ရှင်းရှင်းပဲကွဲ့။ ငါက လူပို မထားနိုင်သေးဘူး။ ထမင်းကလေး ဘာကလေး စားဖို့ရပြီး စက်ခန်းမှာ အိပ်ဖို့ တစ်နေရာရရင် တော်ပဟဲ့လို့ သဘောထားနိုင်ရင် ငါ့ကို ကူရင်း သတင်းထောက်ကြီးတစ်ယောက် ဖြစ်လာနိုင်ပါသကွဲ့”
ဦးကျောက်ဒိုးသည် အပိုအဖျင်းမပါသော လိုရင်းကိုသာ ပြောလိုက်သည်။

စိန်းခိုကား ဤမျှ အညှာလွယ်လိမ့်မည်ဟူ၍ပင် မထင်မိ။ သူ့ ဝါသနာမှာ ဟိုစပ်စပ် သည်စပ်စပ်ဖြစ်၍ သတင်းစာလောကအကြောင်းကို ကိုယ်တွေ့ဗဟုသုတ ရှာမှီးလိုသည်။ လခစားနားဆိုသည်မှာ အရမဟုတ်။ လုပ်ရင်းကိုင်ရင်း အလကား ထမင်းစားရလျှင် တော်ပြီ။ မိမိအစွမ်းကို ပြပြီးမှသာလျှင် အကျိုးအမြတ်ခံစားခွင့်တို့ကို တောင်းမည်ဟု သဘောပိုက်ထားပေသည်။ သို့သော် ဤမျှလောက် လက်စွပ်ကို အပေါင်ထား၍ စက္ကူ ဝယ်ရိုက်နေရသော သတင်းစာတစ်စောင်က သူ့ကို ယခုကဲ့သို့ ရှောရှောရှုရှု လက်ခံလိမ့်မည်ဟု မတွေးမိခဲ့။

ယခုမူကား စကားတိုတိုနှင့် လိုရင်းသို့ ရောက်နေပြီ ဖြစ်၍ အထူးလောကွတ်စကား ပြောရန်မျှပင် မလိုတော့ပြီ။
“ဆရာရယ် ကျွန်တော်ကလည်း လခစားနားရယ်လို့ သဘောမထားပါဘူး။ တပည့်ခံချင်တာပါပဲ။ ကျွန်တော့်ကြောင့် ဆရာ့မှာ အကျိုးရှိလာရင် ဆရာက ကျွန်တော့်ကို ပစ်ထားမှာ မဟုတ်ပါဘူး”
ဤမျှသော စကားစဉ်ဖြင့် စိန်းခိုသည် ဇမ္ဗူကျွန်းလုံး သတင်းစာ၏ သတင်းထောက်ပေါက်စ ဖြစ်လာရတော့လေသည်။

စိန်းခိုကား လက်စွမ်းပြလိုလှသည်။ ထို့ကြောင့် နံနက်ထမင်းစားပြီးနောက် ဖော့ဦးထုပ်ကိုဆောင်းကာ ဘုန်းကြီးလမ်းဂါတ်၊ လတ္တာလမ်းဂါတ်၊ ပုလိပ်ရုံး၊ ဘားလမ်းအချုပ်ထောင်၊ ကပ်စတန်ရုံး၊ သင်္ဘောဆိပ် စသည်တို့ကို ရောက်အောင် ခြေကျင်လျှောက်၍ ဗိုလ်တထောင်ဘက်ဆီသို့ လှည့်ပြီးနောက် ဆူးလေစေတီရင်ပြင်သို့တက်ကာ အပြန်တွင် ဓါတ်ရထားနှစ်ပြားဖိုးစီး၍ (၇) လမ်းသို့ ပြန်လာခဲ့သည်။

ဤအလုပ်ကား သူ့အတွက် နေ့စဉ် အလုပ်လိုလိုပင် ဖြစ်၏။ ထူးခြားသောနေ့များအတွက်မူ ဟိုက်ကုတ်ရုံး၌လည်းကောင်း၊ ဖိုက်စကွဲယားပန်းခြံ၌လည်းကောင်း ယောင်လည်ယောင်လည် လုပ်နေတတ်သည်။
သူတိုက်ပြန်ရောက်လျှင် သူ့လက်ထဲ၌ စာရွက်စာတမ်း၊ စာတိုစာစ၊ သတင်းအတိုအထွာတို့ ပါလာမြဲပင် ဖြစ်သည်။

ထိုသတင်းတို့ကို စုပေါင်း၍ ထည့်လိုက်သော် တစ်ခါတစ်ရံ သုံးကော်လံစာ ရသည်။ တစ်ခါတရံ တစ်မျက်နှာတိတိ သူ့သတင်းချည်း ဖြစ်သည်။ တစ်ခါတစ်ရံမူကား တစ်မျက်နှာကျော်၍ပင် သွားတတ်သည်။ ထိုအခါမျိုး၌ အယ်ဒီတာဦးကျောက်ဒိုး၏ ကုန်သည်မျက်ရှု အခန်းကို ခပ်တိုတို ဖြတ်ချထားရသည်။ ဤကိစ္စနှင့် ပက်သက်၍ စိန်းခိုနှင့် ဦးကျောက်ဒိုးတို့ ခဏခဏ ဝိဝါဒ ကွဲကြရသည်။ စိန်းခိုက သတင်းကို ဖြတ်လျှင် သတင်းနာသည်ဟု ဆိုသည်။ ဦးကျောက်ဒိုးကမူ သူ၏ ထင်မြင်ချက်တို့ကို တိုင်းပြည်က ဖတ်ခွင့်မရလျှင် တိုင်းပြည်နာမည်ဟု ဆိုသည်။ သို့သော် စိန်းခိုက ဦးကျောက်ဒိုး၏ ထင်မြင်ချက်တို့သည် ဇမ္ဗူကျွန်းလုံး၌ တစ်မိုးလုံး ဖျောက်ဆိပ်ချည်းပမာ ဖြစ်နေပါသော်လည်း စာဖတ်ပရိသတ် လက်တစ်ဆုပ်မျှ အတွက်သာ ဖြစ်နေသောကြောင့် သတင်းစာစောင်ရေ တိုးသင့်သည်ထက် မတိုးနိုင်ဟု စောဒက တက်လေသည်။

စင်စင် စိန်းခို၏ သတင်းအတိုအထွာများကို ထည့်ခါစ၌ သတင်းစာ၏မူမှာ မသိမသာပြောင်းခဲ့ရ၍ စောင်ရေ အစိတ်သုံးဆယ်မှသည် ငါးဆယ်မျိုးတစ်ရာမျိုး အထိ တိုးနေလေပြီ။ ထို့ကြောင့် စိန်းခို၏ စောဒကတက်ချက်သည် အနိုင်ရလေသည်။ အထူးသဖြင့် မောင်စိန်းခိုကလေး ဒို့ဆီရောက်လာမှပဲ ဒို့လက်စွပ်ကလေးကို ပြန်ရွေးနိုင်တော့တယ် ဟု ဇမ္ဗူကျွန်းလုံး တိုက်ပိုင်ရှင် အယ်ဒီတာကတော်ကြီး၏ ထောက်ခံချက်သည် စိန်းခို၏ စောဒကတက်ချက်ကို ကောင်းကောင်းကြီး ထောက်ခံလျက်ရှိနေလေသည်။

စင်စစ် ထိုထောက်ခံချက် ရသည့်နေမှစ၍ အယ်ဒီတာလင်မယားနှစ်ယောက်တို့၏ နှုတ်ဖျားဝယ် စိန်းခို၏ အမည်မှာ မောင်စိန်းခိုဟူ၍ တစ်ခိုတည်း ခိုလာလေသည်။

အမှန်မှာ မောင်စိန်းခို၏ ဝီရိယသည် မသေးလှ။ မိုးလင်းမှ မိုးချုပ်ထိ မရပ်မနား အလုပ်လုပ်သည်။ စာစီသည့် အခါတွင်လည်း သူပါသည်။ စာပြင်သည့် အလုပ်၌လည်း သူ ဝင်ကူသည်။ သတင်းစာခေါက်ရာ၌လည်း ကူ၍ ခေါက်ပေးသည်။ လက်ဘက်ရည်အိုးအတွက် မီးဖိုပေးသည့် ကိစ္စ၌ပင်လျှင် မောင်စိန်းခို၏ လက်ရာကို တွေ့နိုင်သည်။

တစ်လ၊ နှစ်လ၊ သုံးလ ဆိုသကဲ့သို့ လတို့သည် တရွေ့ရွေ့ ကုန်ခဲ့သည်။ စောင်ရေတစ်ရာ၊ နှစ်ရာ၊ သုံးရာ ဆိုသကဲ့သို့ သတင်းစာ စောင်ရေလည်း တိုးခဲ့ပေသည်။ သို့သော် အဘယ် အကြောင်းကြောင့် မသိ။ သတင်းစာ စောင်ရေတိုးခဲ့စဉ်က ဒီရေကဲ့သို့ တဖြည်းဖြည်း တိုးမှန်းမသိ တိုးခဲ့သည်။ သို့သော် စောင်ရေကျသောအခါ တောင်ပေါ်မှ ကျသောရေကဲ့သို့ ဒလဟော ထိုးဆင်း၍ ကျလေသည်။

ထိုအခါ သတင်းထောက် မောင်စိန်းခိုသည် မျက်စိမျက်နှာ ပျက်လာသည်။
မောင်စိန်းခို မျက်စိမျက်နှာ ပျက်ရလေလေ၊ ဦးကျောက်ဒိုးသည် မောင်စိန်းခိုအား မပြောရက်လေလေ ဖြစ်နေသည်။ စင်စစ် မောင်စိန်းခိုမှာ ယခုအခါ တပည့်ရင်း အရာ၌သာ တည်သည် မဟုတ်။ တူရင်း သားရင်း အရာ၌ပင် တည်နေပြီ။

သို့သော် ဘာကြောင့် ဘယ်လိုဖြစ်ရသည်ကို စူးစမ်းရန် တာဝန်မှာ ဦးကျောက်ဒိုး၏ တာဝန်ဖြစ်သည်။
ထို့ကြောင့် ဦးကျောက်ဒိုးသည် သတင်းထောက် မောင်စိန်းခို အပြင်သို့ သွားခိုက်တွင် သူ၏ သတင်းစာကို မြန်မာ့အလင်း၊ သူရိယ စသော သတင်းစာများနှင့် နှိုင်းယှဉ် ကြည့်သည်။
သည်အခါကျမှ ကွာခြားချက်ကို တွေ့သည်။

သတင်းထောက် မောင်စိန်းခိုက သတင်းဦးဟူ၍ ထည့်သွင်းလိုက်သော သတင်းများသည် အခြားသတင်းစာတို့တွင် ဇမ္ဗူကျွန်းလုံး သတင်းစာထက် အနည်းဆုံး (၂၄) နာရီ စော၍ နေသည်။

အမှန်မှာ မောင်စိန်းခိုသည် ကြိုးစားသူတစ်ဦး ဖြစ်ပါ၏။ သို့သော် သတင်းထောက်ပေါက်စဖြစ်၍ သတင်းထောက်တို့၏ ပရိယာယ်ကို နားမလည်ရှာချေ။

သတင်းထောက် မောင်စိန်းခိုက ဂျီစီဘီအေကြီး ပြိုကွဲတော့မည့် အရိပ်နိမိတ်တို့ကို နေရှင်နယ်ကလပ်၌ ဘိလိယက်ထိုးရင်း ရိပ်မိခဲ့၏။ ထို့ကြောင့် ထိုသတင်းကို အနံ့ခံရန် ထွက်လာခဲ့သည်။ လမ်းတွင် မိတ်ဆွေသတင်းထောက်တစ်ယောက်နှင့် တွေ့၍ သဘောရိုးဖြင့် တိုင်ပင် ဆွေးနွေးကြည့်မိ၏။

ထိုသတင်းထောက်ကား သူ၏ အလုပ်၌ သံမဏိရှည်ပြီဖြစ်သဖြင့် သတင်းထောက်ပေါက်စ မောင်စိန်းခိုအား သီလဝါရေနံချက်စက်ကြီး၏ ဟာလာဟင်းလင်းဖြစ်နေပုံ အတွင်းရေးကို အမြွက်မျှပြ၍ မောင်စိန်းခို၏ သတင်းခြေရာကောက်သည့်လမ်းကို လွှဲပေးလိုက်၏။ မောင်စိန်းခိုကား အစိမ်းသက်သက်မျှ ဖြစ်သဖြင့် အရေးကြီးသော ဂျီစီဘီအေသတင်းကို ခေတ္ကချောင်သိပ်ကာ သီလဝါရေနံကို အနံ့ခံ၍ လိုက်လေသည်။
နောက်တစ်နေ့၌ သီလဝါရေနံစက်ကြီးမှ ရေနံတစ်စက်မျှ မထွက်သေးကြောင်းကို ဇမ္ဗူကျွန်းလုံး သတင်းစာတွင် ကိုးလိုင်း လေးကော်လံ စာလုံးကြီးများဖြင့် အသားပေး၍ ပါလာသည်။ ထိုသတင်းမှာ အမှတ်မထင်သော ကာလ၌ အခြားသတင်းစာများတွင် ပါပြီးဖြစ်သည်။ သို့သော် ဂျီစီဘီအေ ပဲ့ထွက်သည့် သတင်းကိုမူကား ဦးဦးဖျားဖျား မထည့်သွင်းနိုင်ခဲ့ချေ။

ဤကဲ့သို့ အလားတူ သတင်းများ လွတ်၍ လွတ်၍ သွားခဲ့သည်မှာ အကြိမ်ပေါင်း များစွာပင် ဖြစ်သည်။
ဦးကျောက်ဒိုးကား မောင်စိန်းခိုကို အထွေအထေူး ဘာမျှ မပြော။ “ဟေ့ ဘယ့်နှယ် ဖြစ်ကုန်တာတုန်းကွဲ့” ဟူ၍သာ ပြောသည်။

မောင်စိန်းခိုကလည်း ဘာမျှ ထွေထွေထူးထူး ပြန်မပြော။ “ဆရာရယ် ဘယ်လိုမှန်း မသိပါဘူး။ သတင်းအစကို ကျွန်တော် အရင် ရတာချည်းပဲ။ နောက်တော့ ဘယ်က ဘယ်လိုဖြစ်ပြီး သူများက ဦးသွားသလဲ မပြောတတ်ပါဘူး။” ဤမျှလောက်သာ ပြန်ပြောသည်။

ထို့ကြောင့် ဆရာတပည့်နှစ်ယောက် နောက်ထပ် စကားတံ မရှည်ကြတော့။ အယ်ဒီတာလုပ်သူကလည်း သူ့အလုပ်ကို သူ စိတ်ရလျှင် ထလုပ်သည်။ သတင်းထောက်ကလည်း သူ့သတင်းကို သူ လိုက်ထောက်နေသည်။ သတင်းစာတိုက်သို့ ပြန်ချိန်တန်လည်း ပြန်၍ မရောက်လာ။ အချိန်မတန်ခင် ပြန်ရောက်လာသည်လည်း ရှိသေးသည်။ မည်သူကမျှ မည်သူ့ကို အပြစ်မဖို့။ ဖြစ်ချင်သလို ဖြစ်နေကြသည်။ သတင်းစာလည်း တစ်ခါတည်း ပိတ်လိုက်ရန် လက်တစ်လုံးခြားလောက်သာ လိုတော့သည်။

ဤအဖြစ်ကို ဆရာတပည့် နှစ်ယောက်လုံး သိကြသည်။ သို့သော် နှစ်ဦးစလုံး မိမိစိတ်ကူးနှင့် မိမိ ဖြစ်နေကြသည်။ အထူးသဖြင့် ဦးကျောက်ဒိုးက မဂိုလမ်း ရွှေဈေးအကြောင်း ကိုယ်တိုင် သတင်းထောက်နေစဉ် မောင်စိန်းခိုကား ဆူးလေစေတီ ရင်ပြင်ပေါ်တွင် ဗေဒပါရဂူဦးစံသူနှင့်သာ အချိန်ကုန်၍ နေလေတော့သည်။
စင်စစ် သတင်းထောက်ပေါက်စ မောင်စိန်းခို၏ သတင်းဦးများသည် (၂၄) နာရီမျှ နှောင်း၍ နေသည်မှာ ဗေဒပါရဂူဦးစံသူ၏ ပယောဂလည်း ပါသည်ဟု ဆိုနိုင်ပေသည်။

ဦးစံသူမှာ ဗေဒလက်ရိုးကို နောဧကနော၊ နဝဒွေး လာ အဋ္ဌသာဒဿ ဟူ၍ တွက်ချက်တတ်ရုံမျှ မဟုတ်။ အင်္ဂဝိဇ္ဇာနှင့် ယှဉ်၍လည်း ဟောတတ်ပြောတတ်သည်။ သည်အထဲတွင် နက္ခတ်တာရာ အသွားအလာတို့ကိုလည်း ကောင်းစွာ သုံးသပ်တတ်လေရာ ပညာရှိကဝိ ပီသလှသည်ဟု အပူသည်များက ကောင်းချီးသြဘာ ထောမနာ ပြုခြင်းကိုလည်း ခံရပေသည်။ သို့သော် ပညာအရာတွင် မတင်းတိမ်နိုင်သော သုတေသီ ပုဂ္ဂိုလ်ဖြစ်ရကား အင်္ဂဝိဇ္ဇာ၊ နက္ခတ်၊ ဗေဒင်တို့ကို လက္ခဏာ ပညာဖြင့် နှော၍ ကြည့်တတ်နိုင်ရန် အလို့ငှာ ဗဟုသုတအခြေခံတို့ကို သိုမှီး စုဆောင်းထားသူ ဖြစ်လေရကား ဦးစံသူ ဟောလိုက်လျှင် မြေကြီးလက်ခတ်မလွဲဟု ရာထူးမှ ခေတ္တ လျှောကျတတ်သော အရာရှိပိုင်းကလည်း ထောက်ခံစာ အမျိုးမျိုးနှင့် ဂုဏ်ပြုကြလေသည်။

သတင်းထောက်ပေါက်စ မောင်စိန်းခိုသည် ဇမ္ဗူကျွန်းလုံး သတင်းစာအတွက် အပေါက်အလမ်း မတည့်သည့်အခါ ဆူးလေရင်ပြင်တော်ပေါ်၌ အချိန်ပိုတို့ကို ဖြုန်းလေ့ရှိသည်။ မူလက စေတီတော်ကြီး၏ အရိပ်အာဝါသသည် မောမောပန်းပန်းနှင့် သတင်းထောက်ရာမှ စခန်းတစ်ထောက် လာ၍နားသော မောင်စိန်းခိုအတွက် ချွေးသိပ်ရာ နေရာကောင်း၊ နေရာမှန် ဖြစ်ခဲ့သည်။ ထို့ပြင် သတင်းထူး သတင်းဦးများကို မရ၍ အပူလုံးကြွလာသည့် အခါမျိုး၌လည်း ဆူးလေကိုယ်တော်ကြီး၏ အရိပ်အာဝါသသည် သတင်းထောက်မောင်စိန်းခို၏ စိတ်နှလုံးတို့ကို ချမ်းမြေ့စေလေသည်။

ထို့ကြောင့် ဗေဒပါရဂူဦးစံသူ၏ ဗေဒင်ခန်းကလေးနှင့် ခပ်လှမ်းလှမ်းရှိ ရာဟုဒေါင့်မှနေ၍ ဘုရားကို ဝတ်ပြုလေ့ရှိသည်။ ယင်းသို့ ဝတ်ပြုသည်မှာ နိစ္စဘတ် အလုပ်တစ်ရပ်မျှ ဖြစ်နေချေရကား မောင်စိန်းခိုနှင့် ဦးစံသူတို့သည် လူချင်း မျက်မှန်းတန်းမိခဲ့သည်။ အမှန်မှာ ဇမ္ဗူကျွန်းလုံး သတင်းစာတွင် တစ်ခါတရံ ပါလာတတ်သော နေကြတ်ခြင်း၊ လကြတ်ခြင်း သတင်းများနှင့် မြေငလျင်လှုပ် အဟောစာတမ်းများသည် ဦးစံသူက မောင်စိန်းခိုအား ချီးမြှင့်သော သတင်းများ ဖြစ်ချေသည်။

တစ်ဦးနှင့် တစ်ဦး အကျွမ်းဝင်လာကြသည်နှင့် မောင်စိန်းခိုသည် ငွေတစ်ကျပ်လောက် မတင်ဘဲနှင့် သူနှင့် ပက်သက်သော ဟောကိန်းများကို ဦးစံသူထံမှ ရခဲ့လေသည်။ ဟောကိန်းတို့မှာ ခရီးသွားဟန်လွှဲ သာမန်ကာ လျှံကာ ဟောကိန်းများပင် ဖြစ်သည်။ ဥပမာအားဖြင့် မောင်စိန်းခိုတို့၏ သတင်းစာစောင်ရေ တက်စက ဦးစံသူသည် မောင်စိန်းခို၏ လက္ခဏာနှင့် ရုပ်အင်္ဂါကို အကဲခတ်ကြည့်ရင်း “မင်းနဲ့ ဒီသတင်းစာ သိပ်အကျိုး မပေးနိုင်သေးဘူးကွဲ့။ အထူးသဖြင့် မွေးနေ့မတိုင်ခင်မှာ မင်းကြောင့် ဒီသတင်းစာ မပြုတ်တပြုတ် ဖြစ်ရုံတမယ် ကျန်ရစ်လိမ့်မယ်” ဟု ဟောသည်။

“ဟောပြီးသည့်နောက် မကြာလှဘူး။ စောင်ရေတွေ ဒလဟော ထိုးကျတော့တာပါပဲ”
တစ်ခါတစ်ခါ မောင်စိန်းခိုက သူ့မိတ်ဆွေများနှင့် တွေ့လျှင် ဦးစံသူ့ဗေဒင်မှန်ကြောင်း ထောက်ခံသည့် သဘောနှင့် အထက်ပါ လေသံအတိုင်း ပြောလေ့ရှိသည်။

ထိုမျှသာမကသေး ဦးစံသူသည် မောင်စိန်းခို၏ အတွင်းရေးတစ်ရပ်ဖြစ်သော ချစ်သူရည်းစားတစ်ဦး လင်နောက်လိုက်ပြေးသည့်ကိစ္စကိုလည်း အဦးနှင့် လွဲတတ်သည် ဟူသော ဟောကိန်းနှင့် ဟောသည်ကို အံ့သြစွာ နားထောင်ခဲ့ရသည်။ ဦးကျောက်ဒိုးထံမှ ပိုက်ဆံကြေးငွေ တစ်ပြားတစ်ချပ်မျှ မရစဉ် ဦးစံသူက မိုင်ဒန်မြင်းပြိုင်ကွင်း၌ ပြေးနေသော မြင်းပွဲတစ်ပွဲတွင် နံပါတ် (၉) ကို ထိုးကြည့်စမ်း။ မုချ နိုင်မယ် ဟု ညွှန်ကြားဖူးသည်။ စင်စစ် ထိုပွဲတွင် နံပါတ် (၉) မှာ မစွံသော မြင်းဖြစ်သည်။ စီးသူ ဂျော်ကီမှာလည်း အညတရမျှသာ။ မည်သူမျှ မလောင်းရဲသော နံပါတ် ဖြစ်သည်။ သို့ပါလျက်နှင့် လမ်းတော်ကွေ့ အရောက်တွင် အင်္ဂလိပ်ဂျော်ကီ ကိုကွန်းစီးသော တူးဖန်မေလ် မြင်းမှာ ဒလိမ့်ခေါက်ကွေး လဲကျသည်တွင် ဒုတိယနှင့် တတိယချိတ်နိုင်သော မြင်းနှစ်ကောင်လည်း ပြေးလမ်းတွင် အခြေပျက်ခဲ့ရသည်။ ထိုအခါ မောင်စိန်းခို ထိုးသော နံပါတ် (၉) မြင်း မြသီတာ သည် တူးဖန်မေလ်နှင့် တကွ အခြား အလားအလာရှိသော မြင်းများကို ပန်း၍ တက်လာသည်။ ဂေါ်ဒွင်လမ်းသို့ အရောက်တွင် ဒုတိယ လိုက်နိုင်သော မြင်းသည် မြသီတာကို အမီလိုက်ခဲ့ရာ လက်တစ်လုံးပင် သာခဲ့သည်။

သို့သော် ဘာ့ကြောင့်မသိ၊ ထိုမြင်းကို စီးသော ဂျော်ကီသည် ပန်းဝင်ခါနီး ငါးစက္ကန့်အလိုတွင် ကုန်းပေါ်က လိမ့်ကျသွားသည်။ မြသီတာက ကျန် တတိယမြင်းကို နှာတစ်ဖျားဖြင့် နိုင်၍ ပထမပန်းဝင်လေသည်။ ထို့ကြောင့် ထိုစနေနေ့ မြင်းပွဲ၌ မောင်စိန်းခိုသည် ကော်ပေါက် တိုးခဲ့သည်။

ယင်းသည့်အချိန်မှာစ၍ မောင်စိန်းခိုသည် မွန်းမလွဲမီတွင် သတင်းများကို လိုက်ပြီးလျှင် ကျန်အချိန်တို့ကို ညနေ (၅) နာရီကျော်သည်အထိ ဆူးလေဘုရား၌ ဖြုန်းလေသည်။ အမှန်မှာ ဤမျှအချိန်ဖြုန်းသောကြောင့်လည်း သတင်းဦးတို့သည် သတင်းနှောင်း ဖြစ်ရခြင်း ဖြစ်သည်။

သို့သော် အချိန်းဖြုန်းသည် ဆိုသည်မှာ ဇမ္ဗူကျွန်းလုံး သတင်းစာအတွက်သာ အချိန်ဖြုန်းသည် မည်ပေသည်။ မောင်စိန်းခို အတွက်ကား အချိန်ကို ကောင်းစွာ အသုံးချနေခြင်းပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မောင်စိန်းခိုသည် အာစလျှာစကောင်းခြင်း၊ လူချစ်လူခင်ပေါခြင်း၊ လူ့အလိုက်သိတတ်ခြင်း စသော ဂုဏ်အင်္ဂါတို့ကြောင့် ဦးစံသူ၏ တပည့်ရင်းချာ ဖြစ်သွားပြီးနောက် ဦးစံသူ၏ ပညာရပ်တို့ကို ဆည်းပူးလျက်ရှိသောကြောင့် ဖြစ်လေသည်။

ဦးစံသူသည် ပညာရင့်သူ ဖြစ်သည်။ မောင်စိန်းခိုကား ထိုးထွင်း ဉာဏ် ရှိသူဖြစ်၏။ မောင်စိန်းခို၏ အတွေးအခေါ်တို့မှာ နှံ့စပ်၍ ခေတ်မီသူတစ်ဦး၏ အတွေးအခေါ်များဖြစ်လေရာ ဆရာက တစ်ထွာပြရုံဖြင့် တစ်တောင်ကို မြင်ပေသည်။ ထို့ကြောင့် ပညာပေးရသော ဦးစံသူမှာလည်း အားရဝမ်းသာရှိ၍ ပညာခံယူသူ မောင်စိန်းခိုအဖို့၌လည်း ပညာအရ မြန်လှသည်ဟု ဆိုရပေမည်။

မောင်စိန်းခိုသည် မူလကပင်လျှင် ထိုးထွင်းဉာဏ်နှင့် တီထွင်တတ်သော ညာဉ်ရှိနေရကား ၎င်းအဖို့ ဗေဒင်ပညာဟူသည်မှာ လူသတ္တဝါတို့၏ ဖြစ်စဉ်သာမဟုတ်ဘဲ လူသတ္တဝါတို့၏ ပတ်ဝန်းကျင်ရှိ သြကာသလောက တစ်ရပ်လုံး၏ အခြေအနေကိုလည်း ပြဆိုနိုင်ပေသည်ဟု သဘောပေါက်ပြီး ဖြစ်သည်။

ဤအထဲတွင် သတင်းစာသမားပီပီ နိုင်ငံတကာတို့၏ နိုင်ငံရေးဗျုပ္ပတ်၊ လူမှုရေးရာဇဝင်၊ ဓနဗေဒသဘောနှင့် ပထဝီနေထားသွင်ပြင်တို့ကို ဇမ္ဗူကျွန်းလုံး အယ်ဒီတာ ဦးကျောက်ဒိုးအား ဆရာတင်၍ လက်တွေ့ ဗဟုသုတနှင့် ယှဉ်၍ ဆည်းပူးသုံးသပ်ခွင့်ရခဲ့ရာ ကောင်းကင်ပြင်၌ ဂြိုဟ်တစ်လုံး နောက်ပြန်အခုန်တွင် လမ်းမတော်ထိပ်ဝက ဘူးသီးကြော်သည်၏ ဗျပ်တစ်ဗျပ်လုံး အမှောက်နှင့် မည်သို့ တိုက်ဆိုင်၍ မည်သို့ အကျိုးပေးနိုင်သည်ကို မောင်စိန်းခိုသည် ဆရာ့ထက် လက်စောင်းထက်စွာဖြင့် ကြံဆနိုင်လေသည်။

ထို့ကြောင့်လည်း ဦးစံသူသည် မောင်စိန်းခိုကို တပည့်ရင်းချာပမာထက်လွန်၍ သားရင်းချာပမာ ချစ်ခင်လာသည်။ ထိုချစ်မေတ္တာဇောဖြင့် မောင်စိန်းခိုအား ဗေဒင်ဟောတိုင်း အကောင်းဘက်ကိုသာ ဟောမိသည်။ အဆိုးအညံ့တို့ကို သာမန်မျှပြဆို၍ ဦးစံသူသည် မောင်စိန်းခိုအတွက် ယတြာကို ကိုယ်တိုင် ချေပေးလေ့ရှိသည်။

တစ်ခုသော တနင်္ဂနွေနံနက်ခင်းတွင် အယ်ဒီတာဦးကျောက်ဒိုးသည် တနင်္လာနေ့တွင် သတင်းစာ မည်သို့ထွက်ရမည်ကို တစ်ဦးတည်း ခေါင်းကုတ်ကာ စဉ်းစားနေချိန်၌ သတင်းထောက်မောင်စိန်းခိုသည် ဆူးလေရင်ပြင်တော်ပေါ်တွင် ဖိုက်စကွဲယားပန်းခြံမှ ဖြတ်၍ တိုက်လာသော ရန်ကုန်မြစ်ဝမှ ပင်လယ်လေတို့ကို ရှုရှိုက်ရင်း ဆရာဦးစံသူထံသို့ လာခဲ့သည်။

မောင်စိန်းခို၏ မျက်နှာထိမျက်နှာထားမှာ ကောင်းစွာ သာယောင့်သာယာ မရှိ။ ထို့ကြောင့် လင်မယား ဂြိုဟ်ပြေနံပြေ ကွာသင့် မကွာသင့်ကို ဗေဒင်မေးနေသော မိန်းမပျို၏ ဇာတာစန်းလဂ်ကို တွက်ချက်ရာ၌ ဦးစံသူသည် စိတ်ဖြောင့်ဖြောင့် မတွက်ချက်နိုင်ဘဲ မောင်စိန်းခိုအား ခဏခဏ လှမ်းကြည့်မိသည်။ စင်စစ် ဦးစံသူမှာ စိတ်မဖြောင့်နိုင်တော့သဖြင့် မိန်းမပျို၏ အမေးတို့ကို အပိုမပါ တုံးတိတိ ဖြေပြီးလျှင် ယတြာခြေနည်းကို ခပ်သုတ်သုတ် ညွှန်ကြား၍ စကားအဆုံးသတ်လိုက်လေရာ အပူသည် မိန်းမပျိုမှာ ငွေတစ်ကျပ်ကို လာဘ်တင်၍ ထသွားရရှာလေသည်။

“ကွဲ့ မောင်ရင်ရဲ့။ မောင့် ကြည့်ရတာ မအီမသာ ရှိလှသကွယ်။ ငါ့ဖြင့် ဗေဒင်တောင် ဖြောင့်ဖြောင့် မဟောနိုင်ဘူး။ မင့်ဇာတာ တဟုန်ထဲ ထိုးတက်လာရမယ့် ဇာတာ။ ဒါနဲ့တောင် မင်းရုပ်က ပူပုံဖမ်းနေရတာ ငါ့ပညာကို ငါ မကျေမနပ်တောင် ဖြစ်လာသကွယ်”
ဦးစံသူက ဤသို့ ကရုဏာ ဒေါသောဖြင့် ဆီး၍ ပြောသည်။

“ဆရာ ပြောတာ မှန်ပါလိမ့်မယ် ဆရာ။ ဆရာ့ နည်းနိဿယအတိုင်း ကျွန်တော့်ဇာတာကို ကျွန်တော် စစ်ဆေးကြည့်ပြီးပါပြီ။ ရှေ့လျှောက်ပြီး နာမည်ကြီးလို့မို့ ငွေဝင်စရာပဲ မြင်ပါတယ်။ ဒါပေမယ့် ဆရာရယ်၊ သတင်းစာလုပ်ငန်းနဲ့ အကျိုးပေးလိမ့်မယ်လို့ အဟောထွက်ပေမယ့် ဒီကနေ့အထိတော့ ဘယ်သင်းကမှ အပေါက်မတည့်သေးပါကလား ဆရာရဲ့”
ရဲ့ ဟု လေးလေးတွဲ့တွဲ့ ညည်းသော အသံတွင် ချူသံပါ၍ သွားလေသည်။

ဦးစံသူက မောင်စိန်းခို စိတ်ပျက်ပျက်နှင့် ချုံးပွဲချငိုမည့် အရိပ်အယောင်တို့ကို ခေါစာပစ်ကာ နှင်ထုတ်ပေးလိုသည့်အလား ဟားတိုက်၍ ရယ်လိုက်သည်။ တဝါးဝါး ရယ်သံတို့နှင့် အတူ မောင်စိန်းခို၏ စိတ်ပျက်မှုတို့သည်လည်း လွင့်ပါသွားခဲ့ရပြန်သည်။

“ဒီမယ် ငါ့ တပည့်၊ မင်းဟာ သာမညောင်ည မဟုတ်ဘူး လကွဲ့။ ဗဟုသုတမှာလဲ သတင်းထောက်ပီပီ နှံ့စပ်တဲ့ လူတစ်ယောက်ပဲ။ ရှေးဖြစ်နှောင်းဖြစ်တွေကိုလဲ ကြိုတင် တွက်ဆထားနိုင်တဲ့ ပုဂ္ဂိုလ်ပဲ။ မင့်ပညာကို မင်း မသုံးသေးလို့ အကျိုးမပေးတာပေါ့ကွဲ့”
သည်စကား လေးနက်လှသည်။ မောင်စိန်းခိုသည် ဤအချက်ကို တစ်ခါမျှ မတွေးမိသေး။ ဗေဒင်နှင့် သတင်းစာ ဆက်စပ်ရာမှာ ဂြိုဟ်အပြောင်းအလွဲ တစ်ကော်လံစာမျှသာ ရှိ၏ ဟူ၍သာ စဉ်းစားခဲ့မိဖူးသည်။ ယခု ဦးစံသူက မိမိတတ်သော ပညာကို မိမိ အသုံးမချ ဟု ပြောသည်။ ဘာသဘောလဲ။
“ဘာသဘောလဲ ဆရာ” ဟု မောင်စိန်းခိုက မေးမိသည်။

“ဘာသဘောရမလဲကွဲ့။ မင်းဟာမင်းပဲ စဉ်းစားကြည့်ပါအုံး။ နေ့တိုင်း ကမ္ဘာအရပ်ရပ်က သတင်းတွေကို မင်းပဲ သုံးသပ်နေတယ်။ နေ့တိုင်းပဲ မင်း ငါ့ဆီလာပြီး ဗေဒင်သဘောအရ စူးအက်တူးမြောင်းဒေသမှာ ဘာဖြစ်ပြီး ဂရိတ်ဗြိတိန်ကျွန်းမှာ ဘယ်လိုနေလို့ အမေရိကန်ပြည်ထောင်စု ဘယ်စခန်းရောက်နေပြီဆိုတာ မင်းဟာမင်းပဲ ဟောဟောနေတယ် မဟုတ်လား”
“ဟုတ်ပါတယ်ဆရာ။ အဲဒါ ဘာဆိုင်လို့တုံး”
“နားမဝေးသင့်တဲ့နေရာမှာ မင်းနားဝေးနေတယ်။ ပြစမ်း မင့်လက်။ အခု မင်း အသက် (၃၂) နှစ် မဟုတ်လား။ ဟောဒီမှာ ကြည့်စမ်း။ အခုလို အသက် (၃၂) နှစ် အရွယ်မှာ မင့်ထီးရိုးဟာ ထင်ထင်လင်းလင်းနဲ့ အင်မတန် အားကောင်းနေပါကလား။ မကျော်ဘဲ မသေနိုင်တဲ့ ဇာတာမှာ လက္ခဏာအလိုက မင်း ဒီနှစ်ထဲမှာ မုချ အထွဋ်အထိပ် ရောက်ဖို့ပဲ။

နို့ပေမယ် မင်းဟာ မနေ့ကအထိ ဗျာပါဒတွေ မွှန်နေခဲ့လို့ ကိုယ့်ရှေ့ရောက်နေတဲ့ ထမင်းပွဲကိုမှ ကိုယ်သတိမရတဲ့ကိန်း ကြုံခဲ့တယ်။ ခု ဒီစခန်းက လွတ်ပြီ။ အဲဒီတော့ မင်း နားဝေး မနေနဲ့တော့။ သတင်းဦး၊ သတင်းထူးရအောင် ဗေဒင်ကြိုတွက်ပြီး ကြည့်ဖို့ စိတ်မကူးမိဘူးလား”
“ဟာ ဆရာ ဟုတ်ပါ့မလား ဟင်။ ဖြစ်နိုင်ပါ့မလား ဆရာရဲ့။ ဆရာနဲ့ ကျွန်တော် ဒီဥစ္စာကို ဟိုအရင်က ဘာလို့ မတွေးမိခဲ့ကြတာလဲ ဆရာရယ်”
မောင်စိန်းခိုသည် သူ၏ လက်ဝါးကို နာနာပွတ်၍ လက်ဝါး၌ ပြတ်ပြတ်သားသား ထင်ရှားနေသော လက္ခဏာရေးတို့ကိုကြည့်ရင်း လွယ်လှသောပုစ္ဆာကို ခက်ခက်ခဲခဲနည်းဖြင့် တွက်ကြည့်ပြီးမှ အဖြေမှန်ကို ရိုးရိုးနှင့် တွက်၍ရသော ကျောင်းသားကလေးပမာ ရွှင်လန်းသော မျက်နှာဖြင့် ခပ်သော့သော မေးလိုက်လေသည်။

“ဟေ့ လူဆိုတာ ကံ မဆုံခင် ဒီလိုဘဲနဲ့ တူရဲ့။ ရှေ့မှာ ဂူကြီး ရှိရက်နဲ့ မမြင်ဘူးဆိုတာလို ကံအကြောင်း မဆုံတော့ ငါလည်း မတွေးမိဘူး။ ခုနက ဟိုသူငယ်မကလေးအတွက် ဗေဒင်တွက်နေရင်းကပဲ ငါလည်း တွေးမိသကွဲ့”
ဦးစံသူကလည်း အားရပါးရ ပြောသည်။
“ကိုင်း ဆရာ.. ဒါဖြင့် ဒီနေ့ စမ်းကြည့်ရအောင် ဆရာ”
မောင်စိန်းခိုသည် ယင်းသို့ပြောရာမှ ကျောက်သင်ပုန်းနှင့် ခဲတံကို လှမ်းယူပြီးလျှင် နောဧကနော၍ နဝကို ထပ်ကာ ထပ်ကာ ကုတ်နေလေသတည်း။

ဆရာဦးစံသူကား သူ၏တပည့်အတွက် နတ်လမ်းညွှန်လိုက်ရ၍ ကျေနပ်နှစ်သိမ့်သွားပြီးလျှင် မောင်စိန်းခို၏ ဘေးတွင် ညာဘက်ဒူးပေါ်၌ ညာဘက်လက်မောင်းကို ဆန့်တန်းကာ မုဆိုးထိုင် ထိုင်ရင်း ဆေးပေါ့လိပ်ကို မီးညှိလိုက်သည်။ ၎င်း၏ ပါးစပ်မှာ ဖွာလိုက်သော အငွေ့များသည် အနာဂတ်သို့ ပြေး၍ နေကြသည့်နှယ်။
မောင်စိန်းခိုကား တဒေါက်ဒေါက်နှင့် သင်ပုန်းကို ကျောက်တံနှင့် တီးခေါက်ကြည့်ပြီးလျှင် ဟာ ဆရာ ဟု အလန့်တကြား အော်လိုက်သည်။

“ဟဲ့ ဘာဖြစ်တာလဲ” ဟု ဆရာဦးစံသူ ဆေးပေါ့လိပ် အဖွာမပျက် မေးလိုက်သည်။
“နက်ဖြန်ကစပြီး ဘုံဘိုင်မှာ ရွှေဈေး ဒလဟော ကျလာလိမ့်မယ်”
“ဟာ ဟုတ်မှလဲ လုပ်ပါ တပည့်ရာ။ ဒီအပတ်မှာ မဂိုလမ်းက ရွှေဈေးလှိမ့်ပြီး တက်နေတုန်း ဘုံဘိုင်က ရွှေဈေး ဘယ့်နှယ့် ကျရမှာတုံး”
“ကျမယ် ဆရာ။ ကျွန်တော် ပြောပြမယ်။ ဘိလပ်မှာ ယခုလကစပြီး ကုန်ဈေးတွေ ကျနေတယ်။ သူတို့က ဒီပရက်ရှင်း လို့ ခေါ်ကြတယ်။ ကမ္ဘာရောင်းရေး ဝယ်တာ မကောင်းတော့ဘူး ဆိုတာပါပဲ။ ဒါပေမယ့် ဒီပရက်ရှင်ဟာ ကျွန်တော်တို့ဆီကို ချက်ချင်း မရောက်ခဲ့ဘူး။ တဖြည်းဖြည်းနဲ့ လှိမ့်ပြီး တအိအိ လာနေတယ်။ အခု ဘုံဘိုင်ကို ခိုက်ပြီ။ နောက် နှစ်ရက်သုံးရက်ကြာရင် ကျွန်တော်တို့ဆီကို ထိခိုက်လာလိမ့်မယ်”
“အေး အေး။ ငါက ကမ္ဘာ့ငွေရေးကြေးရေးတော့ မသိဘူးကွဲ့။ ဗေဒင်အလိုမှာတော့ ဒို့ဗမာပြည်မှာ ငွေရေးကြေးရေး ကျပ်တည်းမယ်။ ဆူဆူပူပူတောင် ဖြစ်မလား မပြောတတ်ဘူး”
မောင်စိန်းခိုသည် သူ့ဆရာ ဘာပြောနေသည်ကို ဂရုမစိုက်၊ နက်ဖြန် တနင်္လာနေ့ထုတ် ဇမ္ဗူကျွန်းလုံး သတင်းစာ ရှေ့မျက်နှာအတွက် ကိုးလိုင်းဖြင့် ခေါင်းစဉ် မည်သို့ ရေးရမည်ကိုသာ တွေးမိသည်။ ထိုအတွေးသည် မောင်စိန်းခိုအား သတင်းစာတိုက်သို့ အမြန်ပြန်ရန် နှိုးဆောင်ပေးနေလေသည်။
“ဖြစ်ဘူးဆရာ။ ပြန်ဦးမှာပဲ။ ပြန်ဦးမှပဲ။ သတင်းထူး သတင်းဦးတော့ ရပြီ ဆရာရေ့”
မောင်စိန်းခိုသည် ဤသို့ မြည်တမ်းကာ နေရာမှ ထလိုက်ပြီး ဆရာကိုမျှပင် နှုတ်မဆက်တော့ပဲ ဒါလဟိုဇီလမ်းဘက် မုခ်ပေါက်သို့ အပြေးကလေး ဆင်းသွားလေ၏။ ဦးစံသူကား ငေးမော၍ ကျန်ရစ်သည်။ သို့သော် ဦးစံသူ များစွာ ကျေနပ်နှစ်ခြိုက်ပုံ ရသည်။

ထိုညနေ၌ မောင်စိန်းခိုသည် ဇမ္ဗူကျွန်းလုံးသတင်းစာတိုက်တွင် အလွန် အလုပ်ရှုပ်နေသည်။ သူရလာသော သတင်းကို ဦးကျောက်ဒိုးအား ပေးသည်။ ဦးကျောက်ဒိုးကား ယုတ်္တိမတန်သော သတင်းဖြစ်၍ အမေးအမြန်း ထူသည်။ မောင်စိန်းခိုက သူ့သတင်း မည်သို့ရလာသည်ကို အစအနမျှ မပြော။ ထို့ကြောင့် ဦးကျောက်ဒိုးက ပို၍ မသင်္ကာဖြစ်လာသည်။ သို့သော် ဖျတ်လတ်၍ အပြောကောင်းသော မောင်စိန်းခို၏ အကြောင်းပြချက်တို့မှာ ဒီပရက်ရှင်း ခေါ် ကမ္ဘာ့ကုန်ဈေးကစ၍ ကူးသန်းရောင်းဝယ်ရေး ထိခိုက်မှုနှင့် ပက်သက်သော ဦးကျောက်ဒိုး၏ အမြင်တို့နှင့် တိုက်ဆိုင်နေသည်။ ထို့ကြောင့် သတင်းသာ မဟုတ်၊ ခေါင်းကြီးပိုင်းတွင်လည်း သတိပေးဖွယ်ရာတို့ကို ဆရာတပည့် နှစ်ဦးသား တိုင်ပင်၍ ရေးရသည်အထိ အလုပ်များသွားခဲ့ရလေသည်။

တနင်္လာနေ့ နံနက်တွင် ဇမ္ဗူကျွန်းလုံး သတင်းစာကို သတင်းစာရောင်းသူ ဘာဘူကုလားများသည် ချပိုင်ဝါလား ဟု အော်ကာ တကျော်ကျော် ရောင်းနေကြသည်။ ၎င်းတို့သည် သတင်းစာကို ဗမာလို အော်၍ မရောင်းတတ်။ သို့သော် မောင်စိန်းခိုက အကြံရ၍ ဘုံဘိုင်ရွှေဈေးကျပြီ ဟု အော်ရန် သွန်သင်ညွှန်ကြားချက်အရ ဗမာစကား မတတ်တတတ်နှင့် ကျပြီ၊ ကျပြီ ဟူ၍ အော်နေကြသည်။ ဘာဘူကုလားများမှာ ယနေ့ထူးထူးခြားခြား လက်မလည်အောင် ရောင်းရ၍ (၇) လမ်းထဲတွင် ပျားပန်းခတ်ပမာ ခြေချင်းလိမ်နေကြသည်။

လမ်းသွားလမ်းလာတို့ကား ဘုံဘိုင်ရွှေဈေးယိုင်ပြီ ဟူသော ၂၈ လက်မ/ လက်မ ၂ဝ ပိုစတာတို့ကို အထူးအဆန်းပမာ ကြည့်ကာ ဇမ္ဗူကျွန်းလုံး သတင်းစာကို မြည်းကြည့်ကြသည်။

သို့သော် တိုက်အပြင်၌ သတင်းစာရောင်းကောင်းသလောက် တိုက်တွင်း၌ကား ဦးကျောက်ဒိုးနှင့် မောင်စိန်းခိုတို့ တကျက်ကျက် ရန်ဖြစ်နေကြသည်။

“ဆရာ့ ကျွန်တော် မပြောလား။ စောင်ရေ ငါးရာ တိုးရိုက်ပါ ဆိုတာ ဆရာက နှစ်ရာ အနိုင်နိုင် ရိုက်ခိုင်းတယ်။ ဒါတောင် ကျွန်တော်က ဆရာ မသိအောင် သုံးရာ့ငါးဆယ် ရိုက်ထားလို့ပေါ့။ နို့မိုရင် ချပိုင်းဝါလားတွေနဲ့ မိတ်အပျက်ပဲ”
“ဟေ့ မောင်စိန်းခို။ မင့်သတင်းကို ငါထည့်ပြီး ခေါင်းကြီးပိုင်းမှာ အမှာရေးရပေမယ့် မယုံတဝက် ယုံတဝက်ပဲကွ”
“ခက်တာကိုး ဆရာ့။ ဒီလိုမပြောပါနဲ့ ဆရာရယ်။ ကျွန်တော့်သတင်းတွေက အရင်က နောက်ကျတာ မှန်တယ်။ ဘယ်တော့များ မှားဘူးသလဲ။ အခု မယုံ ကြည့်။ ကျွန်တော် နက်ဖြန်အတွက် ရေးထားတယ်။ ဘုံဘိုင်မြို့မှ ရွှေဈေးယိုင်လာသည့် အရှိန်ဖြင့် ယနေ့ မဂိုလမ်း ရွှေဈေးပေါက်ဈေးမှာ နံနက်ခင်းတွင် ၆၂ ကျပ် ၈ ပဲ သို့ လျော့လာခဲ့ရာမှ ညနေပိုင်း၌ ၅၈ ကျပ် ၁၂ ပဲ အထိ လှိမ့်ဆင်း သွားလိမ့်မည် ဖြစ်ကြောင်း အဲသလို ရေးထားတယ်”
“ဟေ့ မင်းဟာ လွန်လွန်းလှချည့်ကွယ်။ ဟုတ်မှလဲ လုပ်စမ်းပါ”
“ယုံချင်ယုံ မယုံချင်နေတော့ ဆရာ။ ကျွန်တော့် ဟောကိန်းကတော့ ဒီအတိုင်းပဲ”
“ဘာ ဘာ ဘာဟောကိန်းလဲကွဲ့”
“ကျွန်တော့် သတင်းက ဟောကိန်းလို မှန်တာကို ပြောတာပါ ဆရာရဲ့။ မယုံ မရှိပါနဲ့။ ဆရာ့စိတ်ထဲမှာ နက်ဖြန် စောင်ရေ ခြောက်ရာ မတိုးချင် ရင်နေ။ ကျွန်တော် ပြောသလို ငါးရာ ရိုက်ပါ ဆရာ။ အဲ နက်ဖြန် ညနေမှာ ၅၈ ကျပ် ၁၂ ပဲ အထိ လှိမ့် မဆင်းဘူးဆိုရင် ဆရာ့တိုက်ကနေ ကျွန်တော် လှိမ့်ဆင်းပေးမယ်။ ကိုင်း ဆရာ ကျေနပ်ပလား”
မောင်စိန်းခိုသည် သူ၏ ဟောကိန်းကို ဇာစ်မြစ် မပေါ်လေအောင် စကားကို ပြန်အုပ်ရာမှ ဒိဋ္ဌဓမ္မအတည်ပေါက်ကို ရဲရဲဝံ့ဝံ့ ပြောလိုက်လေသည်။

ဤသည်တွင် မီးဖိုချောင်နောက်ဖေး၌ ထမင်းရည်ငှဲ့နေသော တိုက်ပိုင်ရှင် အယ်ဒီတာကတော်က ဒီမယ် ကိုကျောက်ဒိုး၊ မောင်စိန်းခို မှန် မမှန် စောင့်ကြည့်ဖို့ အကွက်ကလေးလဲ ပေးလိုက်ဦးမှပေါ့ ဟူ၍ စကားထောက်လိုက်သည်။ သို့နှင့်ပင် ဆရာတပည့်နှစ်ယောက် ငြိမ်းချမ်းရေးလုပ်လိုက်ကြပြီးလျှင် မိမိအလုပ်ခွင်နှင့် မိမိ စိတ်ဝင်စားလာကြလေသည်။

နောက်တစ်နေ့ ညနေတိုင်သော် ရွှေဈေး ၅၈ ကျပ် ၁၂ ပဲ သို့ လှိမ့်ဆင်းလေသည်။ မောင်စိန်းခိုက စောင်ရေငါးရာသာ တိုးခွင့်ရ၍ မကျေမချမ်း ဖြစ်သည်။ သို့သော် ဦးကျောက်ဒိုးက ရှင်းပြသည်မှာ မောင်စိန်းခို အပြစ်တင်နေခြင်းမှ ကင်းအောင် မောင်စိန်းခို မှန်းသည့် စောင်ရေငါးရာထက်ပို၍ စောင်ရေခြောက်ရာရိုက်သော်လည်း မလောက်မငှ ဖြစ်ရသည် ဟူ၏။

ထိုနေ့မှစ၍ ဇမ္ဗူကျွန်းလုံး သတင်းစာသည် မောင်စိန်းခို့လက်နှင့် မောင်စိန်းခို့ခြေ ဖြစ်လာသည်။
ဇမ္ဗူကျွန်းလုံး သတင်းစာ၌ သတင်းများသည် ဦးယုံမျှ မဟုတ်၊ ထူးလည်း အလွန် ထူးသည်။ သတင်းဦး ဆိုရာ၌လည်း ဦးသည်ဟု မည်ကာမတ္တမဟုတ်။ သူတစ်ပါးသတင်းစာတိုက်များ ဖောင်ပိတ်ပြီးချိန်မှ အချိန်လွန်မှ ဖြစ်ပျက်သော သတင်းတို့သည်ပင်လျှင် နောက်တစ်နေ့ နံနက် ခြောက်နာရီထုတ် ဇမ္ဗူကျွန်းလုံး သတင်းစာ၌ ဖတ်ရှုရပေသည်။

အချို့သတင်းတို့မှာ ဦးအားကြီးသဖြင့် သတင်းနှင့် ပက်သက်သော ကာယကံရှင်ပင်လျှင် ဇမ္ဗူကျွန်းလုံး သတင်းစာ ဖတ်ပြီးနောက်မှ သူ့အကြောင်းကို သူသိရသည်။ ဥပမာ ဝင်ဒါမီယာလမ်းရှိ မြန်မာနိုင်ငံအစိုးရ အတွင်းဝန်ချုပ် မစ္စတာသွက်ခမ်း၊ အင်(မ်)အေ၊ အိုင်စီအက်၊ အိုဘီအီး၏ နေအိမ်၌ ငွေဇွန်း၊ ငွေခက်ရင်းများနှင့်တကွ မစ္စတာသွက်ခမ်း ရှမ်းပြည်၌ မင်းမှုထမ်းစဉ် အရှင်သခင် အင်္ဂလိပ်အစိုးရမင်းတို့၏ အလိုကျ ဆောင်ရွက်ခဲ့သော စော်ဘွားမျိုးရိုးမဟုတ်သူတစ်ဦးကို စော်ဘွားမျိုးရိုး အစစ်အမှန်ဖြစ်အောင် သက်သေသာဓက အထောက်အထားပြ၍ စော်ဘွားတင်မြှောက်ပေးနိုင်ခြင်းတည်း ဟူသော စွမ်းရည်သတ်္တိကြောင့် ဂေါ်ဝေါ်နာ ဘုရင်ခံမင်းမြတ်က ချီးမြှင့်သော ရွှေနာရီတစ်လုံးကိုပါ ညဦး မိုးသောက်ယံ လေးနာရီ အချိန်ခန့်တွင် သူ၏ မဒရာဆီကုလား ဘတ်တလာဖြစ်သူက အလစ်သုတ်၍ ထွက်ပြေးသွားသော အမှုသည် မည်သည့်သတင်းစာတွင်မျှ မပါလာခဲ့ချေ။

သို့သော် ဇမ္ဗူကျွန်းလုံး သတင်းစာက ထိုသတင်းကို ခြောက်လိုင်း လေးကောက်လံပေး၍ တစ်တစ်ခွခွ ဖော်ပြနိုင်ခဲ့သည်။ သူခိုး ခိုးခံရသူ ကာယကံရှင် ကိုယ်တိုင်ပင် သူ၏ အမှုအခင်းကို သူမသိ။ ထုံးစံအတိုင်း အတွင်းဝန်ရုံးသို့ နံနက် (၁ဝ) နာရီ ဒေါင်ဒေါင်မြည်ရာတွင် ရောက်ရှိလာခဲ့လေရာ မစ္စတာသွက်ခမ်းသည် ချာပရာဆီကို ဦးစွာ ရှေ့တော်သို့ ဝင်စေသည်။ ချာပရာဆီသည် သခင်ကြီးကို အဖူးအမြော် အခစားဝင်သည်နှင့် တပြိုက်နက် ဒုတိယအတွင်းဝန်၏ အမိန့်အတိုင်း ဇမ္ဗူကျွန်းလုံး သတင်းစာကို မစ္စတာသွက်ခမ်း၏ လက်သို့ အပ်လိုက်၏။ ဇမ္ဗူကျွန်းလုံး သတင်းစာမျက်နှာဖုံးတွင် ခဲတံနီပြာတို့နှင့် ချယ်လှယ်သော သတင်းပါလာသည်။ ထိုသတင်း၌ ခေါင်းစီးစာသားမှာ စောရတောဝါကို ရာဇတောဝါ လက်မြှောက်ပြီ ဟု ပါလာသည်။

မစ္စတာသွက်ခမ်းသည် ကျိုက်္ခမီ၌ နယ်ပိုင်အလုပ် လုပ်ခဲ့စဉ်ကပင်လျှင် ဌာနဆိုင်ရာ စာမေးပွဲ၌ မြန်မာစာ အထက်တန်းကို အောင်မြင်ခဲ့သူ ဖြစ်၏။ ပဲခူးကလပ်၌ မစ္စတာသွက်ခမ်းဟူသော အမည်မှာ မြန်မာစာပေ ပညာရှိဟူသော ဘွဲ့နှင့် ထပ်တူထပ်မျှ ဖြစ်နေခဲ့သည်။ သို့သော် မစ္စတာသွက်ခမ်းသည် ဇမ္ဗူကျွန်းလုံး သတင်းစာ၏ အထက်တန်းကျသော ခေါင်းစီးစာသားတို့၏ အနက်အဓိပ္ပာယ်ကို မထင်ချေ။ ထို့ကြောင့် ၎င်းစာသားကို သူ၏ ဒုတိယအတွင်းဝန်အား ဘာသာ အပြန်ခိုင်းသည်။ ဒုတိယ အတွင်းဝန်မှာ အင်္ဂလိပ်ပင် ဖြစ်သောကြောင့် ကောင်းစွာ နားမလည်။ လက်ထောက်အတွင်းဝန်ကို တာဝန်လွှဲပြန်သည်။ လက်ထောက်အတွင်းဝန်မှာ ဘင်္ဂါလီကုလားဖြစ်၍ ၎င်းက သူ့ရုံးရှိ ရုံးဝန်ထောက်ကို တာဝန်လွှဲသည်။ ရုံးဝန်ထောက်မှာ မဒရပ်ဆီကုလားဖြစ်၍ ၎င်းက ယူနီဗာစီတီ ကျောင်းထွက် ဘီအေ အောင်ပြီး မြန်မာ အောက်တန်းစာရေးကလေးကို တာဝန်လွှဲသည်။

အောက်တန်းစာရေးကလေးကတဆင့် တာဝန်လွှဲရန် မည်သူမျှ မရှိတော့ပြီ။ သူကိုယ်တိုင်ကလည်း မြန်မာပင် ဖြစ်စေကာမူ မြန်မာလိုတတ်လျှင် ဂုဏ်မဲ့သောခေတ်၌ ရာဇတောဝါ၊ စောရတောဝါ ဆိုသည်တို့ကို နားမလည်။ ထို့ကြောင့် ရုံးဝန်ထောက်ထံမှ ခွင့်ပန်၍ ရေကျော်လမ်းရှိ မြန်မာပညာရှိ စာပြင်ဆရာတစ်ဦးထံ အဓိပ္ပာယ် အတိမ်အနက်တို့ကို မေးမြန်းရသည်။

ဤသို့ အတွင်းဝန်ချုပ်ရုံး၌ ရုံးသူရုံးသားများ ဗျာသင့်နေသောကြောင့် မွန်းတည့်ချိန်မှပင်လျှင် မစ္စတာသွက်ခမ်းသည် သူ့အိမ် သူခိုး ခိုးခံရမှန်း သိသည်။

သို့သော် သိလျှင် သိချင်း ဇမ္ဗူကျွန်းလုံး သတင်းစာကို ယုံသည် မဟုတ်သေး။ ထို့ကြောင့် အတွင်းဝန်ချုပ်က ပုလိပ်မင်းကြီးကို ခေါ်၍ စုံစမ်းမေးမြန်စေသည်။

မှန်လွန်းလျှင် သွေးထွက် ဟူသော စကားပုံကဲ့သို့ မောင်စိန်းခို၏ သတင်းမှာ ဦးလည်းဦး၊ မှန်လည်းမှန် ဖြစ်လေရာ မောင်စိန်းခို ဟူသော သတင်းထောက်သည် ဤမျှလောက် သတင်းမှန်သည်မှာ အတွင်းဝန်ချုပ်အိမ်၌ အရေခြုံဘတ်တလာအဖြစ် အမှုထမ်းသွားသူ သူခိုးနှင့် အဆက်ရှိလေသလော ဟူသော မေးခွန်းများကို အထုတ်ခံရ၍ ဦးကျောက်ဒိုးသည် အတော်ထုချေရသေးသည်။ မောင်စိန်းခိုကား ဗေဒင်နည်းနှင့် သတင်းထောက်သည်ကို လျှို့ဝှက်၍ သတင်းရပုံရနည်းကို ဥပါယ်တံမျဉ် လှီးလွှဲ ပြောနိုင်သောကြောင့်သာ သက်သာရာ ရပေသည်။ သို့သော် အထူးသဖြင့် မောင်စိန်းခို ကံကောင်းခြင်းကား ထိုသတင်း၏ အဆက်ကို ဗေဒင်တွက်ချက်ကြည့်ခြင်းအားဖြင့် ငွေဇွန်း၊ ငွေခက်ရင်း၊ ရွှေနာရီတို့ကိုပါ ပြန်ရပြီးလျှင် တရားခံကိုပါ မိခဲ့ခြင်းပင် ဖြစ်သည်။

မစ္စတာသွက်ခမ်း၏ သူခိုးခိုးခံရခြင်း သတင်းသည် မှန်ခြင်းကြောင့် ဇမ္ဗူကျွန်းလုံး သတင်းစာကို အစိုးရပိုင်းကပင် လေးစားလာခဲ့ရသည်။ သို့သော် ဇမ္ဗူကျွန်းလုံး သတင်းစာကို အစိုးရက လေးစားရခြင်းသည်ပင်လျှင် ဦးကျောက်ဒိုးအတွက် တစ်ဒုက္ခဖြစ်သည်။ အကြောင်းမူကား သတင်းမှန်ကြောင့် လေးစားရာမှ သတင်းမှန်ကြောင့် နိုင်ငံရေးရာနှင့် ကာကွယ်ရေးဌာနက ခဏ ခဏ အကြိမ်းအမောင်းကို ခံရသောကြောင့် ဖြစ်သည်။

ကြိမ်းမောင်းမည် ဆိုလျှင်လည်း ကြိမ်းမောင်းသင့်သည်။ မြန်မာနိုင်ငံ ဂေါ်ဝေါ်နာ ဘုရင်ခံမင်းမြတ်နှင့် ယူနိုက်တက်ကင်းဒမ်းရှိ အရှင်ဧကရာဇ် ဘုရင်မင်းမြတ် အစိုးရတို့ မြန်မာနိုင်ငံကို နှစ်ကိုယ်ကြား ခြယ်လှယ်သည့် သတင်းများကိုပင်လျှင် သတင်းထောက် မောင်စိန်းခို၏လက်စွမ်းကြောင့် အတိအကျ အမှန်အကန် ပေါက်ကြားခဲ့သည်။ အိန်္ဒိယနှင့် မြန်မာပြည်ကို ခွဲ၍ တစ်သီးတစ်ခြား အုပ်ချုပ်ရန် အကြံကို ဂေါ်ဝေါ်နာ ဘုရင်ခံမင်းမြတ်နှင့် ဘုရင်မင်းမြတ်တို့၏ အထူးလျှို့ဝှက် စာတမ်းဖြင့် အကြံဉာဏ် ဖလှယ်သော ကိစ္စကို မောင်စိန်းခိုက ဖွင့်ချလိုက်သည်။

တစ်ခါသော် သုပဏ္ဏကဂဠုနရာဇာ ဆရာစံ၏ တပည့်များသည် ဒေးဒရဲနယ်တွင် အရှင်ဧကရာဇ် ဘုရင်မင်းမြတ်၏ စစ်တပ်ကို အာခံလေသည်။ ထိုကိစ္စမှာ ၁၉၃၁ ခုနှစ် ဇန်နဝါရီလ (၇) ရက်နေ့၌ စတင်ဖြစ်ပွားသည်။ မောင်စိန်းခိုက ထိုသတင်းကို ဇန်နဝါရီ (၈) ရက်နေ့ နံနက်ထုတ်တွင် ပါအောင်ထည့်သည်။

ဤကိစ္စနှင့် ပက်သက်၍ ဇမ္ဗူကျွန်းလုံး သတင်းစာတိုက်သည် အာမခံငွေ သုံးထောင်ဖိုးမျှ အစိုးရ၏ အငြိုအငြင်ကို ခံခဲ့ရပေသည်။ အမှန်မှာ ဆရာစံသည် ၁၉၃ဝ ပြည့်နှစ် ဒီဇင်ဘာလ ၂၂ ရက်နှင့် ၃၁ ရက် စပ်ကြားကပင် စတင်၍ အလံတောင်တွင် ဗုဒ္ဓရာဇာမြို့ဟူသော သူပုန်စခန်းကို စတင်တည်ထောင်ခဲ့သည်။ ထိုစဉ်ကလည်း အလံတောင်စခန်း၌ ဆရာစံသည် ဇေယျကျော်နော်ရထာတစ်တပ်၊ ဇေယျကျော်ထင်တစ်တပ်၊ ဇေယျသူရိန်တစ်တပ်၊ ဇေယျပျံချီတစ်တပ်ဟူ၍ တပ်လေးတပ်ဖွဲ့စည်းကာ စစ်ကဲ၊ စစ်ကြပ်များကို ခန့်အပ်၍ ရပ်စောက်စော်ဘွားအား မဟာမိတ်အဖြစ်ဖြင့် သံတမန်စာသဝဏ်များ ပေးပို့ခဲ့သည်။

ဤသတင်းကို ဇမ္ဗူကျွန်းလုံးက ဦးဦးဖျားဖျား ပေးနိုင်ခဲ့သည်။ ဤသတင်းဦးကြောင့် မြန်မာနိုင်ငံ စုံထောက်အချို့သည် သူပုန်ကိစ္စကို ခြေရာကောက်နိုင်ခဲ့၍ ဇမ္ဗူကျွန်းလုံး အပေါ်၌ အနည်းငယ် သက်ညှာလိုပေသည်။ သို့သော် သိလွန်းလှ၍ ဖိုးသိ ဖြစ်နေသော ဇမ္ဗူကျွန်းလုံး သတင်းစာကို သူပုန်နှင့် အဆက်အသွယ်ရှိသည်ဟု ရွှေဉာဏ်တော် ကွန်မြူးကာ တွေးဆထားသဖြင့် သက်သာသော ဈေးနှုန်းဖြင့် အာမခံငွေသုံးထောင် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ဆရာစံသူပုန်သတင်းများနှင့် အတူ နိုင်ငံခြားသတင်းများကိုလည်း မှန်မှန်ကန်ကန်နှင့် သတင်းဦးအောင် ပေးနိုင်လေရာ မြန်မာပြည် ဂေါ်ဝေါ်နာ ဘုရင်မင်းမြတ်၏ အစိုးရသည် ဇမ္ဗူကျွန်းလုံး သတင်းစာကို မျက်စောင်းထိုးသည်ထက် ထိုးလာခဲ့လေပြီ။ ထိုအခါ မောင်စိန်းခိုသည် နိုင်ငံပြင်ပ သတင်းများကိုသာ ဖိ၍ ရေးဝံ့တော့သည်။ ထို့ကြောင့် ဘိလပ်တွင် မီးရထားချင်းတိုက်မိ၍ သေကြေပျက်စီးခြင်းများ၊ ပါးရှားပြည် ကီမယ်လ်ပါးရှား၏ ပြုပြင်ပြောင်းလဲရေး ပေါ်လာပုံများ၊ အိန်္ဒိယပြည်၌ အဓိကရုဏ်ဖြစ်ပွားပုံများ၊ ဂျာပန်တို့က မန်ချူးရီးယားကို အနိုင်ကျင့်ပုံများ၊ တရုတ်ပြည်၌ ဝမ်ချင်းဝေးနှင့် ချန်ကေရှိတ်တို့ ဗိုလ်လုပွဲကျင်းပပုံများ၊ စစ်သူကြီး ချန်စိုးလင်း၏ အရေးတော်ပုံများ၊ ရုရှပြည်၏ ငါးနှစ်စီမံကိန်းများ စသည်တို့ကို သတင်းဦးဦးဖျားဖျား အဖြစ်ဖြင့် ရေးသားထည့်သွင်း နေခဲ့ရလေသည်။

စင်စစ် ထိုခေတ် အကဲဖြတ်သမားတို့ အလို၌ ဂေါ်ဝေါ်နာ ဘုရင်မင်းမြတ် အစိုးရ ဟန့်တားခြင်းသည် ဇမ္ဗူကျွန်းလုံး သတင်းစာ အတွက် အမြတ်ထွက်သည် မည်ပေသည်ဟု ဆိုကြကုန်သည်။ အချို့က သတင်းစာ အတွက်သာ အမြတ်ထွက်သည် မဟုတ်သေး၊ နိုင်ငံအတွက်လည်း မြတ်၏ဟု ဆိုကြပြန်သည်။

အကယ်၍သာ ဇမ္ဗူကျွန်းလုံး သတင်းစာက ဆရာစံ၏ သတင်းကို လွတ်လပ်စွာ ပေးနိုင်ခဲ့လျှင် အစိုးရသည် ဆရာစံကို အတိအကျ ခြေရာလိုက်ကောက်နိုင်ခဲ့၍ ဆရာစံသည် မြန်မြန် စက်တိုင်သို့ တက်ရမည်ဟု ဆိုပေသည်။ ဤသို့ဖြစ်လျှင် မြန်မာ့တော်လှန်ရေး၏ ပဏာမဖြစ်သော လှုပ်ရှားမှုတစ်ရပ်သည် အရှိန်မရမီ ပျက်ပြားလိမ့်မည်ဟု ဆိုပေသည်။

သို့သော် ကျွနုပ်တို့ကား မောင်စိန်းခိုနှင့် ဆရာစံတို့ကိုမြန်မာနိုင်ငံတော်၏ လှုပ်ရှားမှုတစ်ရပ်ကို ဖန်တီးခဲ့သော အာဇာနည်ပုဂ္ဂိုလ်များအဖြစ်ဖြင့် မှတ်တမ်းတင်နေခြင်း မဟုတ်ချေ။ သတင်းထောက် မောင်စိန်းခို၏ သတင်းဦးတို့ကို မှတ်တမ်းတင်နေခြင်း ဖြစ်သည်။ ထို့ကြောင့် မောင်စိန်းခို၏ သတင်းထူးပုံ၊ ဦးပုံ၊ မှန်ကန်ပုံတို့ကို ဤမျှသော သာဓကဖြင့်သာ ပြနိုင်ပေတော့မည်။

သတင်းစာ စောင်ရေတိုးလာသည်ကား ပြောဖွယ်ရာ မရှိတော့ပြီ။ (၇) လမ်းမှ ဂိုဒေါင်ပျက်မှာ ပုံနှိပ်ခန်း ဖြစ်လေပြီ။ ဦးကျောက်ဒိုးတို့ ဇနီးမောင်နှံကား (၇) လမ်းသည် ဆူညံကျဉ်းမြောင်း၍ မြို့နှင့် ဝေးဝေး မြေယာကို ဝယ်ကာ ပုပုပျပ်ပျပ် တစ်ထပ်တိုက်တစ်လုံးကိုပင် ဆောက်လိုက်ချေပြီ။ ထိုတိုက်အိမ်မှာ ပြည်လမ်း ခြောက်မိုင် တဝိုက်၌ တည်ရှိလေရာ တိုက်သို့ အလွယ်တကူ သွားလာနိုင်ရန် ဖို့ဒ်မော်တော်ကား အဟောင်းတစ်စင်းကိုပင်လျှင် ငှားရမ်းထားနိုင်ခဲ့ပြီ။ ထိုစဉ်က တစ်လ လေးဆယ်ဟူသော ငွေမှာ ဗြိတိသျှကုန်သည်များက ပေးလေ့ရှိသော လခနီးပါးမျှ ရှိ၍ ဇမ္ဗူကျွန်းလုံး သတင်းစာတိုက် အလုပ်သမားများ သာမက တိုက်ပိုင်ရှင် အယ်ဒီတာ၏ ဒရိုင်ဘာသည်လည်း လူမွေးလူတောင် ပြောင်လှပေသည်။

မောင်စိန်းခို အဖို့ကား ပြောဖွယ်ရာ မရှိပြီ။ (၇) လမ်းနှင့် မနီးမဝေး ကိုင်းတန်းတွင် တိုက်အိမ်တစ်အိမ်ကို ဦးကျောက်ဒိုး၏ အကူအညီ အထောက်အပံ့ဖြင့် ဝယ်ယူနိုင်ခဲ့ပြီ။ တစ်ခါတစ်ခါ အယ်ဒီတာ၏ ဇနီး ဆရာကတော်က သူ့ အမျိုးအဆွေထဲမှ သူငယ်မ တစ်ဦးဦးနှင့် မောင်စိန်းခိုအား လက်ဆက်ပေးရန် လှော်လေ့ရှိသည်။
သိုသော် အဘယ်အကြောင်းကြောင့် မသိ၊ မောင်စိန်းခိုသည် အိမ်ထောင်ရေး အကြောင်း ပြောလိုက်တိုင်း မျက်နှာညိုသွားသည်။

“မောင်စိန်းခိုက မိန်းမဆိုရင် အင်မတန် မုန်းများ နေရော့သလားကွယ်။ ရည်းစားဦးနဲ့ လွဲဖူးတာနဲ့ပဲ မိန်းမတစ်လောကလုံးကို ရန်သူထင်နေတာ မတရားပါဘူး ငါ့တူရယ်”
ဦးကျောက်ဒိုး၏ ဇနီးက ဤသို့ပြော၍ မောင်စိန်းခိုကို စတတ်သည်။ သို့သော် မောင်စိန်းခိုက “မဟုတ်ပါဘူး ဆရာကတော်ရယ်၊ ကျွန်တော် အခုလို လွတ်လွတ်လပ်လပ် နေချင်လို့ပါ” ဟု ပြောသည်ကို စကားရှောင်လေ့ရှိသည်။

မောင်စိန်းခိုကား ဇမ္ဗူကျွန်းလုံး သတင်းစာ တဟုန်းထိုး တိုးတက်လာသည်နှင့်အမျှ မျက်စိမျက်နှာ ညှိုး၍ လာခဲ့ပြီ။ ဦးကျောက်ဒိုးကား သူ့တပည်ကို မိန်းမပေးစားမည်ဟု သူ့ဇနီးက ခဏ ခဏ ပြောသဖြင့် မောင်စိန်းခို မကြိုက်သည့် စကားကြောင့် မောင်စိန်းခို စိတ်အနှောင့်အယှက် ဖြစ်ရသည်ဟု အယူရှိကာ ဇနီးသည်နှင့် ခဏ ခဏ ရန်ဖြစ်သည်။

သို့သော် မောင်စိန်းခို တစ်ယောက် အဘယ်ကြောင့် စိတ်မကောင်းဖြစ်နေသည်ကို တွေးတောကြံဆ၍ မရနိုင်ခဲ့ချေ။ ဦးကျောက်ဒိုး ကိုယ်တိုင်ကလည်း သတင်းစာတိုက်ကို တစ်လကြာ၍မျှ တစ်ခေါက် မလာတော့ဘဲ မောင်စိန်းခိုကိုသာ လုံးဝလွှဲထားလေရာ မောင်စိန်းခို၌ စိတ္တဇဝေဒနာ မည်မျှစွဲကပ်နေသည်ကို လုံးစေ့ပတ်စေ့ မသိနိုင် ဖြစ်ခဲ့ရရှာသည်။

ယခုအခါ မောင်စိန်းခို၏ ဆံပင်သည်ပင်လျှင် ဖြူဆွတ်၍ နေချေပြီ။ ပါးရိုးများ ငေါ၍ ထွက်နေသည်။ မျက်နှာမှာ ဖြူဖတ်ဖြူလျော် ရှိလှသည်။ လူမှာ အတန်ငယ် ပိန်နေပြီ။ သို့သော မျက်စိတို့မှာ အစ်၍ ခြေခုံလက်ခုံတို့ ခပ်မို့မို့ ရှိသောကြောင့် ရုတ်တရက်အားဖြင့် မောင်စိန်းခိုကို ပိန်သည်ဟု မဆိုသာချေ။ တိုက်သူတိုက်သားများက မောင်စိန်းခို ဆံပင် ဆွတ်ဆွတ်ဖြူလာသည်ကိုသာလျှင် အကဲခတ်ပြီးလျှင် ဦးစိန်းခိုဟု ပြောင်လှောင်ခေါ်ကြသည်။

ဦးစိန်းခိုကို သာမာန်အားဖြင့် အလုပ်ပင်ပန်းလှသည်ဟု ဆိုနိုင်သည်။ သို့သော် စင်စစ် ဦးစိန်းခိုသည် ဘယ်အရပ် ဘယ်ဒေသမျှ မသွားဘဲ အိမ်ကနေ၍သာ သတင်းထောက်နေသည်။ ယခင်က ဆူးလေစေတီတော်ကို ဖူးမြော်ရင်း ဗေဒပါရဂူဦးစံသူနှင့် အာလာပသလ္လာပ နှီးနှောရန် မကြာခဏ သွားခဲ့သည်။ ယခု သတင်းစာ စောင်ရေ သုံးသောင်းကျော်လာကတည်းက တစ်ခါမျှ မရောက်တော့ပြီ။ အမှန်မှာ ဘာလိုလိုနှင့် ဦးစံသူကို သူ မတွေ့ရသည်မှာ တစ်နှစ်မျှ ကြာသွားပါပြီကော။

ဇမ္ဗူကျွန်းလုံး သတင်းစာသည် ထိုခေတ်ကဆိုလျှင် သူတစ်ပါး သတင်းစာထက် ထူးခြားသည်။ သူတစ်ပါး သတင်းစာက နောက်အကျဆုံး နံနက် နှစ်နာရီလောက်မှာ ဖောင်ပိတ်သည်ဆိုလျှင် သူက နံနက်လေးနာရီတွင် ပိတ်သည်။ နောက်ဆုံးဖောင်မှာ မျက်နှာဖုံး သတင်းအတွက် ဖြစ်လေရာ နောက်ကျကျက ဖောင်ပိတ်နိုင်သည်နှင့် အမျှ သတင်းဦးတို့လည်း ပါနိုင်ပေသည်။ စက်မှာလည်း နှစ်လုံး သုံးလုံးထား၍ လျှပ်စစ်ဖြင့် မောင်းနှင်လေရာ နှစ်နာရီအတွင်း နယ်ထုတ်ကိုပါ အမှီရိုက်နိုင်ပေသည်။ ထို့ကြောင့် အရေးကြီးလျှင် ဦးစိန်းခိုသည် သန်းခေါင်ချိန်၌ ဇမ္ဗူကျွန်းလုံး သတင်းစာတိုက်သို့ ရောက်လာတတ်သည်။

တစ်ညသ၌ မိုးသည် မှောင်နေ၏။ လေသည် ဝူးဝူးဝါးဝါးနှင့် စူးစူးရှရှ အော်နေသည်။ မှောင်ထဲတွင် သစ်ပင်ရိပ်တို့သည် ယိမ်းထိုး၍ နေကြသည်။ မိုးမင်းသည် ပြင်းထန်စွာ ရွာနေသည် မဟုတ်။ သို့သော် မိုးဖွဲကလေးများမှာ အရှိန်ပြင်းထန်စွာဖြင့် ပက်ဖြန်း၍ နေသည်။ မိုးဖွဲနှင့် အတူ မိုးနှင်းတို့သည်လည်း အမှောင်ထုကို ဗိန်းပိတ်ပိန်းမှောင်အောင် ဖန်ဆင်း၍ နေလေရာ ဇမ္ဗူကျွန်းလုံး ပုံနှိပ်တိုက်ရှေ့ရှိ ဓာတ်မီးရောင်သည်ပင်လျှင် ဖျော့တော့တော့ အသွင်ကို ဆောင်နေလေသည်။

လေသည် ငယ်သံပါအောင် အော်၍ ပုံနှိပ်တိုက်ထဲသို့ ဝင်လာလေသည်။ စူးရှသော မိုးသံလေသံမှာ နာနာဘာဝတို့ တခဲနက် ကြွေးကြော်လိုက်ဘိသကဲ့သို့ ရှိရာ ထိုညဥ့်အလှည့်ကျသော စာစီသမားတို့မှာ ကြက်သီးဖျန်းဖျန်း ထကြသော ဟူ၏။ အထူးသဖြင့် မိုးသံလေသံနှင့်အတူ ရော၍ဝင်လာသော ဦးစိန်းခိုမှာ သင်းချိုင်းမှ ထလာသော ဖုတ်ကောင်ပမာ ဒယိမ်းဒယိုင် ရှိလှသည်။ ထို့ကြောင့် ဦးစိန်းခိုမှန်းမျှပင် ကောင်းစွာ မရိပ်မိသော ဖိုမင်သည် ဦးစိန်းခို ဝင်လာလျှင်ပင် ငယ်သံပါအောင် အော်ဟစ်လိုက်သေးသည်။

သို့သော် ဦးစိန်းခိုက “ကျုပ်ပါဗျ” ဟု ပြောမှပင်လျှင် ဖိုမင်နှင့်တကွ စာစီသမားတို့မှာ အကြောက်ပြေသွားကြသည်ဟု အဆိုရှိပေသည်။

ဦးစိန်းခိုသည် ထိုင်နေကျ စာပွဲသို့ ဝင်၍ မိမိ မျက်မှောက်ရှိ စက္ကူအစအန၊ မင်အိုး၊ ခဲတံ၊ ခဲဖျက် စသော ပစ္စည်းတို့ကို တစ်အောင့်လောက် ကြက်သေသေ၍ ကြည့်သည်။ ၎င်းနောက် သက်ပြင်းချသည်။ ၎င်းနောက် အရောင်အဆင်းကင်းမဲ့သော မျက်ဖြူကြီးကို လှန်လိုက်ပြီးလျှင် ဖိုမင်အားခေါ်၍ ကော်ပီ အပ်လေသည်။

“ဒီမယ် အဖိုးကြီး၊ ခင်ဗျား ကျုပ်ကို ဘာဘာညာညာ မမေးနဲ့။ ဟောဒီမှာ ကျုပ်ရေးထားတဲ့ ကော်ပီအတိုင်း စာကို စီပေတော့”
ဦးစိန်းခိုသည် ဤမျှ တိုတိုတောင်းတောင်း စကား မပြောစဖူး။ ထို့ကြောင့် ဖိုမင်က မသင်္ကာ၍ စောဒကတက်ရန် ကြံမိလေ၏။ သို့သော် ဦးစိန်းခို၏ မျက်ဖြူလန်ကြီးသည် ဖိုမင်ကို အာစေးထည့်လိုက်ဘိသကဲ့သို့ ရှိနေသည်။
ဦးစိန်းခိုကား ဖိုမင်ကို အမိန့်ပေးပြီးနောက် ကိုင်းတန်းရှိ သူ့အိမ်သို့ သူပြန်လေသည်။

နံနက်ခင်းသည် သာယာလှပေသည်။ ညက ကြက်ဦးတွန်ချိန်အထိ မိုးဖွဲရာမှ မိုးသည်းလာသည် မှန်၏။ သို့သော် နံနက်ခင်း၌ကား နေပွင့်တော့မည့် အရိပ်အရောင်ဖြင့် ကောင်းကင်တစ်ခုလုံး ကြည်၍ နေသည်။

ဦးကျောက်ဒိုးသည် နံနက်ခြောက်နာရီထိုးသည်နှင့် တပြိုက်နက် ဇမ္ဗူကျွန်းလုံး သတင်းစာကို ဖတ်စမြဲပင်။ ထို့နေ့က ဇမ္ဗူကျွန်းလုံး သတင်းစာမှာ တံခါးပေါက်ဝကြားတွင် ခါတိုင်းကဲ့သို့ပင် ညှပ်နေသည်။ ဦးကျောက်ဒိုးက သတင်းစာကို ဆွဲယူပြီး ဖြန့်ကြည့်လိုက်သည်။

သို့သော် ရုတ်ခြည်း ဖတ်မကြည့်နိုင်သေး။ ဦးစိန်းခို၏ မျက်နှာရိပ်ကို သတင်းစာ၌ မြင်ရသလိုလို သူ့စိတ်ထဲ၌ ရှိနေသည်။ အင်း မောင်မင်းကြီးသား တစ်ယောက်ကြောင့် ငါတို့ ဇနီးမောင်နှံ စီးပွားတက်တယ်။ ဤသို့ ဦးကျောက်ဒိုးက တွေးနေဟန် ရှိသည်။ ဦးကျောက်ဒိုး၏ အတွေးနယ်ထဲတွင် လန်ခြားပေါ်သို့ စက္ကူထုပ် ကူ၍ တင်ပေးပြီးနောက် ငွေတစ်ကျပ်ထုတ်ပေးသော ကျေးဇူးရှင် မောင်စိန်းခို၏ မျက်နှာကို မြင်ယောင်နေသည်။
၎င်းနောက် ဦးကျောက်ဒိုးသည် မျက်နှာဖုံးစာသားကို ဖတ်ကြည့်လိုက်သည်။

သတင်းဦးပေးသူ ဦးစိန်းခို၏ နောက်ဆုံးသတင်း

ယနေ့ နံနက် ခြောက်နာရီ အချိန်တွင် သတင်းထောက် ဦးစိန်းခိုသည် ကိုင်းတန်းနေအိမ်၌ အနိစ္စ ရောက်သွားပြီ။ အလောင်းကို ယနေ့ ဆေးရုံ၌ ခွဲကြည့်မည်ဖြစ်ရာ နှလုံးရောဂါဖြင့် သေဆုံးကြောင်း သိဖွယ်ရှိသည်။

ဦးကျောက်ဒိုးသည် အထက်ပါ ခေါင်းစီးများကို ဆုံးအောင် ကြည့်နိုင်သည် မဟုတ်ပါ။ သူ၏ ဇနီးကို ငိုသံပါနှင့် ခေါ်၍ နှစ်ဦးသား ဟုတ်မှဟုတ်ပါ့မလား ဟု တွေးတောရင်း ဖတ်ကြည့်ရာ အထက်ပါအတိုင်း တွေ့ရပါသည်။

သတင်းတွင် မောင်စိန်းခို၏ မွေးရာဇာတိနှင့် မွေးနေ့သက္ကရာဇ်၊ မိဘနှစ်ပါးအမည်၊ ငယ်စဉ်က နေခဲ့သောကျောင်း၊ မိဘတို့နှင့် ခွဲခွာ၍ လုပ်ခဲ့သောအခါ ဦးကျောက်ဒိုးနှင့် မည်သို့ ကံဆုံခဲ့ရပုံ၊ ဇမ္ဗူကျွန်းလုံး သတင်းစာ၏ ရာဇဝင်၊ ဗေဒပါရဂူ ဦးစံသူ၏ ဟောကိန်းများ၊ သတင်းဦးကို ဗေဒင်ကြောင်းဖြင့် ထောက်ခဲ့ပုံ၊ သတင်းကြောင့် မည်သို့ ဒုက္ခရောက်ခဲ့ပုံ၊ သတင်းစာ စောင်ရေ မည်မျှ တိုးခဲ့ရပုံ၊ မိမိ၏ သက်တမ်း ကုန်ဆုံးမည်ကို လက္ခဏာဗေဒင် အလိုအားဖြင့် သိခဲ့ရပုံ၊ ထိုသို့ သိခဲ့ရခြင်းကြောင့် စိတ်သောက ရောက်ခဲ့ရပုံ၊ မိန်းမပေးစားမည်ဟု ဆရာကတော်က စကားစတိုင်း မိမိ၏ ကံကြမ္မာ ကုန်ဆုံးရမည့်နေ့ကို သတိရကာ ဝမ်းနည်းမိရပုံ၊ မိမိ၏ နာရေးကြော်ငြာကို မိမိကိုယ်တိုင် မည်သို့ရေးပုံ အစရှိသဖြင့် ခရေစေ့တွင်းကျ ဖွင့်ချထားသည်များ ပါဝင်လေသည်။

ထိုနေ့တွင် သတင်းထောက် ဦးစိန်းခို၏ ရုပ်ကလာပ်ကို ရန်ကုန်ဆေးရုံကြီးသို့ ယူဆောင်သွားကြသည်။ ဦးကျောက်ဒိုးက ရိုးရိုးသေဆုံးခြင်း ဖြစ်ပါသည်ဟု ပြောစေကာမူ ကျန်းမာရေးဌာနက သင်္ကာမကင်းဖြစ်၍ အလောင်းကို ခွဲစိတ်ကြည့်လိုသည်ဟု ဆိုလေသည်။

နေ့ချင်းပေါက်ပင်လျှင် ဆေးရုံကြီးမှ ဆရာဝန်များက လွန်ခဲ့သော သုံးနှစ်လောက်က စွဲကပ်နေဟန်ရှိသည့် နှလုံးရောဂါဖြင့် သတင်းထောက် ဦးစိန်းခိုသည် အနိစ္စရောက်ကြောင်း ဆေးစာ လက်မှတ်ကို ထုတ်ပေးလေသည်။
ဇမ္ဗူကျွန်းလုံး သတင်းစာ ပုံနှိပ်တိုက်သည် ယခုအခါ (၇) လမ်း ၌ ရှိသေးသည် မရှိသေးသည်ကို ကျွန်တော် အပ်ချမတ်ချ မပြောနိုင်တော့ပါ။ ကိုင်းတန်း၌ ရှိခဲ့ဖူးသော ဦးစိန်းခို၏ နေအိမ်လည်း ယခုတိုင် ရှိ မရှိကို ဒိဋ္ဌ မပြောနိုင်ပါ။ ဦးကျောက်ဒိုးတို့ ဇနီးမောင်နှံ နေထိုင်ရာ ပုပျပ်ပျပ် တစ်ထပ်တိုက်သည်လည်း ခြောက်မိုင်တွင် ယနေ့တိုင် တွေ့နိုင်၏ မတွေ့နိုင်၏ ကိုလည်း ကျွန်တော် အာမ မခံနိုင်ပါ။

သို့သော် ဦးစိန်းခို အနိစ္စရောက်ပြီးနောက် ဇမ္ဗူကျွန်းလုံး သတင်းစာနှင့်တကွ ပိုင်ရှင်အယ်ဒီတာ ဦးကျောက်ဒိုးတို့ ဇနီးမောင်နှံပါ ကွယ်ပျောက်သွားခဲ့သည်ကို ကျွန်တော် ဒိဋ္ဌဓမ္မ ပြောပြနိုင်ပါသည်။

မောင်ထင် (၁၉၅၃)

No comments:

Post a Comment