Monday, September 20, 2010

ကြံ့ဖွံ့ပါတီများ ကျေးရွာတွင်း စည်းရုံးမှု ပြုလုပ်ပါက ပစ်ခတ်မည်ဟု သတင်းများ ထွက်နေ

ကန္တာရ၀တီတိုင်း(မ်)

ကရင်နီပြည်နယ်အတွင်းရှိ ကျေးရွာ အတော်များများတွင် နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲအတွက် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီများ ၀င်ရောက်စည်းရုံးရေး ပြုလုပ်မည် ဆိုပါက ပြည်တွင်းရှိ ကရင်နီတပ်မတော်များက ပစ်ခတ်မည်ဟု တရားဝင် ကြေညာထားကြောင်း ဒေသခံများက ပြောပါသည်။

“အရင် တစ်ခေါက်တုန်းက တွေ့ဖြစ်သေးတယ်လေ။ အဲလိုပြောထားတယ်။ ပြီးတော့ ဟိုနေ့ကလည်း ကြားသေးတယ်။ ကယားရွာတွေ မှာ အရှေ့ဘက်ခြမ်းက၊ အနောက်ဘက်တော့ အေးသေးတယ်။ ဘာမှ မကြားရသေးဘူး။ တရားဝင် စာဖြန့်မယ်လို့ ပြောထားတယ်လေး။ စာတော့ မတွေ့သေးဘူး။ ဘာလို့လဲ ဆိုတော့ ကြံ့ဖွံ့ထဲမှာလဲ အမျိုးတွေ တချို့ပါနေလို့ စာနဲ့ ထွက်မယ်လို့ ပြောထားတယ်” ဟု လွိုင်ကော် ဒေသခံတဦးက ပြောပါသည်။

ဆက်လက်ပြီး ၎င်းက ဒေါတမကြီး၊ ဒေါတခြား၊ ဒေါညေးခူ၊ ဒေါဖု၊ ဒေါပက်၊ တနီးလျားလဲ၊ ဒေါတငူ၊ ဒေါစဲ၊ ကေးလျှား၊ ဒေါဘျာကူး၊ ဒေါတဒါး၊ ထီးပိုကလိုး၊ ထီးသဲကလိုး၊ ဒေါခူလီ၊ လောပလျှားလဲ၊ လောလျာခူ စသည့် ကျေးရွာ အုပ်စုများတွင် မ၀င်ရောက်ရန် ကြေညာထားခြင်း ဖြစ်သည်ဟု ပြောပါသည်။

ကရင်နီတပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီထူးက “ညွန်ကြားချက်တော့ မပေးထားဘူးပဲ။ ပထမတော့ နည်းနည်းစဉ်းစားကြည့်တယ်။ အထူးသဖြင့် သူတို့ စိုက်တဲ့ ရုံးတွေပေါ့။ စဉ်းတော့ စဉ်းစားတယ်။ ကိုယ့်အမျိုးသားတွေပဲ ဖြစ်နေတော့ ဘာမှ မလုပ်တော့ဘူး။ ဒီအတိုင်းပဲ လွတ်ထားတယ်လေ။ ပစ်ခတ်တယ်ဆိုတာထက် လူထုကို ကျနော်တို့ ချပြီး ရှင်းပြတာ ပိုအကျိုးရှိမယ် ထင်တယ်။ အဲဒီနည်းကို ကျနော်တို့ ပြန်သုံးတယ်လေ” ဟု ပြောကြားသွားပါသည်။

ယခုလို ကျေးရွာအတွင်းသို့ မ၀င်ရောက်ရန် တားမြစ်ထား၍ ကြံ့ဖွံ့ပါတီဝင်များက ကျေးရွာဥက္ကဌများကို မြို့ပေါ်သို့ ခေါ်လာပြီး ပစ္စည်းဥစ္စာများဖြင့် စည်းရုံးပြီး ၎င်းပါတီကို မဲထည့်ရန် ပြောကြားသည်ဟု ပါတီနှင့် နီးစပ်သူ တဦးက ပြောပါသည်။

“အများအားဖြင့် မြို့မှာတော့ တော်တော်လေး သူတို့ စည်းရုံး ဖြစ်ပါတယ်။ သူတို့က ဒါပေးမယ် ဟိုပေးမယ်။ ရွာလူကြီးတွေကို မက်လုံး ပေးတာပေါ့။ ကျောင်းဆောက်ပေးမယ်။ လမ်းဖောက်ပေးမယ် စသည်ဖြင့်ပေါ့။ ဘာလိုချင်လဲ တောင်းဆိုတဲ့ နည်းတွေနဲ့ လုံးဝ မရရင် မလုပ်ရင် မနေရဆိုတဲ့ power ကို သုံးလိုက်ရုံးဘဲလေး။ မလက်ခံလို့ မရဘူး။ မလက်ခံရင် ကိုယ်ဘဲ ခံရမှာလေး” ဟု ပြောပါသည်။

ဒေသခံများမှ ကြံ့ဖွံ့ပါတီအား ဆန့်ကျင်သည်နှင့် နိုင်ငံရေး လုပ်သည်ဟု သတ်မှတ်လိုက်ပြီး အသက် ၁၈ နှစ်အထက် ရှိသူများကို အုပ်စုစာရင်းသို့ ဖြည့်ခိုင်းကာ အသင်းဝင်အဖြစ် သတ်မှတ်လိုက်ကြခြင်းများလည်း ရှိသည်။

No comments:

Post a Comment