Wednesday, May 18, 2011

မြန်မာ-အမေရိကန် ရင်းနှီးလာမည် တရုတ် စိုးရိမ်

KNG

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ General Xu Caihou ၏ မြန်မာပြည်အလည်အပတ်ခရီးသည် မြန်မာအစိုးရသစ်နှင့် တရုတ်၏မဟာပြိုင်ဘက်အမေရိကန်ကြား ပိုမိုရင်းနှီးလာမည် စိုးရိမ်ခြင်းကို အလေးအနက်ပြသခြင်းဖြစ်ကြောင်း နိုင်ငံရေး လေ့လာ သူများ ဆိုသည်။

ဗိုလ်ချုပ်ကြီး Xu ဦးဆောင်သည့်တရုတ်စစ်ထိပ်တန်းအရာရှိများနှင့် စစ်အရေခွံခြုံ မြန်မာအစိုးရတို့သည် နှစ်နိုင်ငံ စစ်ရေး ပူးတွဲ လုပ်ဆောင် ချက်ပြုလုပ်သွားရန်အတွက် သဘောတူလက်မှတ်ရေးထိုးခဲ့သည်ကို နှစ်နိုင်ငံသတင်းစာများ၌ဖော်ပြခဲ့သည်။

တရုတ်ဗိုလ်ချုပ်ကြီးသည် မြန်မာ ဗိုလ်ချုပ်ကြီးဟောင်း သမ္မတဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ်သစ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်းသူရရွှေမန်းတို့နှင့် မေ ၁၂ မှ ၁၄ ထိ ၃ ရက်ခရီးတွင် တွေ့ဆုံခဲ့သည်။

“ဒီလည်ပတ်မှုဟာ တရုတ်အစိုးရက နှစ်နိုင်ငံဆက်ဆံရေးကို ပြန်မြှင့်တင်လိုတာရယ်၊ မြန်မာက အမေရိကန်နဲ့ရင်းနှီးလာတာကို မလိုလားတာရယ်၊ မြန်မာအပေါ် တရုတ်သြဇာလွမ်းမိုးထားတာကို ထိန်းထားချင်တာတွေအတွက်ဖြစ်တယ်” ဟု ဗမာပြည်ကွန်မြုနစ်ပါတီအရာရှိဟောင်း ဘွမ်ထွယ်သုံးသပ်သည်။

လက်ရှိ တရုတ်၏ မြန်မာပြည်တွင် စီးပွားရေး ရင်းနှီးမြုပ်နှံထားခြင်းပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၀၀ ဘီလီယံကျော် ရှိပြီး၊ အဓိက စွမ်းအင်နှင့်သတ္တုတွင်းကဏ္ဍတွင် ဖြစ်သည်။

တရုတ်က မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ပြည်နယ်မှ တရုတ်နယ်စပ်မူဆယ်ကို ဖြတ်သန်းပြီးပိုက်လိုင်း တည်ဆောက်နေသည်။

တရုတ်က “တခြားနိုင်ငံများ၏ပြည်တွင်းရေးတွင် ၀င်ရောက်စွက်ဖက်ခြင်း မပြုရန်” မူ ချမှတ်ထားသော်လည်း အိမ်နီးချင်း မြန်မာနိုင်ငံအား မငြိမ်မသက်ဖြစ်အောင် ဖန်တီးနေသည်ဟု ဘွမ်ထွယ်က ဆက်ဆိုသည်။

ယခုချိန် “မြန်မာနယ်စပ်အနီး ယူနန်ပြည်နယ် မန်ဟိုင်းတွင် တရုတ်တိုက်ခိုက်ရေးတပ် စစ်စခန်းသစ်များ တည်ဆောက်နေခြင်းနှင့် ပြီးခဲ့သည့် ၅ နှစ် ကတည်းက တရုတ် စစ်သားဟောင်း ၂ သိန်းကျော်အား မြန်မာနိုင်ငံထဲသို့ စနစ်တကျ စေလွှတ်ထားခြင်းများ” ကို သူ ထောက်ပြသည်။

အများအားဖြင့် တရုတ်စစ်သားဟောင်းများကို တရုတ်လူမျိုးများဦးစီးသော တရုတ်အစိုးရ ကိုယ်တိုင်ငွေကြေးထောက်ပံ့ထားသည့် ကုမ္ပဏီများတွင် အလုပ်သမားများအနေဖြစ် ခေါ်ယူထားခြင်းဖြစ်သည်။

မြန်မာပြည် ဘိန်းဘုရင် Lo Hsing Han ၏ Asia World Company (အေးရှားဝေါလ်ကုမ္ပဏီ) လည်း တစ်ခုအပါအ၀င်ဖြစ်သည်ဟု ဘွမ်ထွယ် ပြောသည်။

တရုတ်က ၎င်းမှချုပ်ကိုင်သော ‘၀’ ပြည်သွေးစည်းညီညွှတ်ရေးတပ်ဖွဲ့ (United Wa State Army, UWSA) ကဲ့သို့ မြန်မာပြည်တွင်အကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် တခြား တရုတ်လူမျိုးများဦးဆောင်သည့် ရှမ်းပြည်နယ်ရှိ ပြည်သူ့စစ်တပ်ဖွဲ့များအား လက်နက်ထောက်ပံ့ခြင်းဖြင့် မြန်မာ-အမေရိကန်ရင်းနှီးလာပါက နိုင်ငံတွင်း မငြိမ်မသက်မှုဖန်တီးရန် စီစဉ်နေသည်ဟု ဘွမ်ထွယ်ဆိုသည်။

အမည်မဖော်လိုသူ ၀ါရင့်ကချင်နိုင်ငံရေးသုံးသပ်သူတစ်ဦးကလည်း တရုတ်အစိုးရက “စစ်မှန်တဲ့ပြည်ထောင်စုနှင့် ကိုယ်ပိုင်ပြဌါန်းခွင့်တောင်းဆိုနေသည့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များထက် မြန်မာအစိုးရဘက်ရပ်တည်ရန်” ပိုလိုလားမည်ဟု သုံးသပ်သည်။

အကြောင်းမှာ တရုတ်၏လုံခြုံရေးအတွက် “တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များထက် မိမိပြည်သူများပေါ် ဖိနှိပ်အုပ်ချုပ်သော မြန်မာအစိုးရကိုထောက်ခံခြင်းက ပိုအကျိုးရှိမည်ကို တရုတ်ခံယူထားမည်ဖြစ်သည်” ဟု သူက ဆိုသည်။

မြန်မာပြည်တည်ငြိမ် အေးချမ်းရေးအတွက် တရုတ်လိုလားသည့် “ငြိမ်းချမ်းရေးပုံစံ” သည် နိုင်ငံရေးအတိုက်အခံအားလုံး (ဒီမိုကရေစီအင်အားစုများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ) ကို ချေမှုန်းပစ်ခြင်း နည်းဗျူဟာဖြစ်ကြောင်း နိုင်ငံရေးသုံးသပ်သူနှစ်ဦးက သုံးသပ်သည်။

No comments:

Post a Comment