Wednesday, May 18, 2011

နိုင်ငံရေးအကျဉ်းသားများ မခံစားရသည့် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသားများလွတ်

ဘုန်းခိုင်

နိုင်ငံ တဝန်းရှိ အကျဉ်းထောင်များထဲမှ အကျဉ်းသားများကို မြန်မာအစိုးရသစ်က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ယနေ့ပြန်လည်လွှတ်ပေးခဲ့သော်လည်း လွတ်မြောက်လာသူအများစုသည် လွတ်ရက်နီးသူများဖြစ်ကာ ရာဇဝတ်မှုဖြင့် အကျဉ်းကျသူ အများစုလွတ်မြောက်လာခြင်းဖြစ်ကြောင်း ယနေ့လွတ်မြောက်လာသူများက ပြောသည်။

ဦးသိန်းစိန်အစိုးရ၏ မေလ (၁၆) ရက် နေ့စွဲဖြင့် ထုတ်ပြန်သည့် အမိန့်ကြေညာချက်တွင် သေဒဏ်ချမှတ်ခံရသူများ အတွက် ထောင်ဒဏ်တစ်သတ်သို့ လည်းကောင်း၊ ထောင်ဒဏ်ကျခံနေရသူများအတွက် ရရှိပြီးသော လျော့ပေါ့ရက်များအပြင် တစ်နှစ်ထပ်မံလျော့ပေါ့ရရှိစေရန် လည်းကောင်း လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် အခုလိုအကျဉ်းထောင်အသီးသီးမှ လွတ်ရက်နီး အကျဉ်းသားများ ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။

ယနေ့ တောင်ငူထောင်မှ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူ ဒေါ်နော်အုန်းလှက လွတ်ငြိမ်းချမ်းသာခွင့် ကြောင့်မဟုတ်ပဲ လွတ်ရက်နီး၍ လွတ်မြောက်လာခြင်းဖြစ်သည်ဟု ပြောသည်။

“အန်တီတို့ တောင်ငူထောင်မှာက အမျိုးသမီး (၃၅) ယောက်၊ အမျိုးသားက (၂၀၆) ယောက် အားလုံးဆို (၂၄၁) ယောက် ဒီနေ့ လွတ်တယ်ပေါ့။ အန်တီအပါအ၀င် နိုင်ငံရေးအရ အဖမ်းခံရတဲ့သူ (၅)ဦးလွတ်တဲ့ အထဲမှာပါတယ်။ ဒါပေမယ့် အားလုံးက လွတ်ရက်နီးနေသူတွေချည်းပဲ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် လွတ်တာမဟုတ်ဘူး အန်တီဆို (၂)နှစ်ကျတာ လပေါင်း (၂၀)ကျော်နေခဲ့ပြီးပြီ။ လွတ်တဲ့သူအများစုက ရာဇ၀တ်မှုတွေနဲ့ကျတဲ့ အကျဉ်းသားက အများကြီး” ဟု ပြောသည်။

တောင်ငူထောင်တွင် ထောင်ဒဏ် (၆၅)နှစ်ကျခံနေရသည့် (၈၈) မျိုးဆက်ကျောင်းသား ကိုဇော်မင်းအပါအ၀င် နိုင်ငံရေးအကျဉ်းသား (၂၀)ဦးခန့် ကျန်ရှိနေပြီး တောင်ငူထောင်အတွင်း အပြစ်တစုံတရာမရှိဘဲ မှားယွင်းစွပ်စွဲကာ အကျဉ်းကျခံ နေရသူများလည်းရှိကြောင်းနှင့် နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရသူများ လွတ်ငြိမ်းချမ်းသာခွင့်မရအောင် စီမံပြုလုပ်သည့် လွတ်ငြိမ်းချမ်းသားခွင့်သည် ပြည်သူကို နားလှည့်ပြီး ပါးရိုက်လိုက်ခြင်းသာဖြစ်ကြောင်း ဒေါ်နော်အုန်းလှက ဆက်ပြောသည်။

ယနေ့နံနက်ပိုင်းမှာပင် အင်းစိန်ထောင်မှ ဒေါ်ပုံမြို့နယ် အဖွဲ့ချုပ်လူငယ်တဦးဖြစ်သည့် ကိုညီညီအောင်၊ မမိမိလေး၊ မချို၊ ကိုစိန်လှိုင်၊ ကိုရွှေဂျိုးနှင့် ကိုထွေးသိန်းတို့ လွတ်မြောက်လာပြီး မြင်းခြံထောင်မှ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ဝင် ကိုရဲမင်းဦးနှင့် ကိုမျိုးသန့်၊ ပြည်အကျဉ်းထောင်မှ မချိုချိုလွင်နှင့် ကိုအေးလွင်၊ ပေါင်းတည်ထောင်မှ ကိုဇင်လင်းအောင်နှင့် မမာမာအေး၊ စစ်တွေထောင်မှ ကိုသိန်းဆွေ၊ ရမည်းသင်းထောင်မှ ကိုငွေစိုး၊ မိုင်းဆက်ထောင်မှ ကိုကျော်ဆန်း၊ ပူတာအိုထောင်မှ မထက်ထက်ဦးဝေ၊ မသန္တာ၊ မမြမြသိန်း၊ ခန္တီးထောင်မှ ကိုကျော်ညွန့်နှင့် ကိုစိုင်းမင်းသိဏ်း၊ ကော့သောင်းထောင်မှ ကိုဇေယျာသော်၊ တောင်ငူထောင်မှ ဒေါ်နော်အုန်းလှနှင့် ကိုမြသန်းထိုက်အပါအ၀င် နိုင်ငံရေးနှင့်ပတ်သက်ပြီး ထောင်ကျခဲ့သည့်အကျဉ်းသား (၅)ဦး အသီးသီး လွတ်မြောက်ခဲ့သည်။

မန္တလေးထောင်တွင် အကျဉ်းသား (၉၀၀)ခန့်လွတ်မည်ဖြစ်ပြီး ယနေ့ နေ့လယ်ပိုင်းအထိ အကျဉ်းသား (၂၀၀)နီးပါး လွတ်ခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသားမပါကြောင်း မန္တလေးမြို့မှ နိုင်ငံရေးအကျဉ်းသားများနှင့် နီးစပ်သည့် ဒေသခံများက ပြောသည်။ ထို့ပြင် ရွှေဘိုအကျဉ်းထောင်မှလည်း နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ခြင်း မရှိသေးဟု သိရသည်။

No comments:

Post a Comment