Thursday, September 1, 2011

နွံထဲက ကြာ

အေးချမ်းမြေ့

မိုးရာသီဆိုပေမယ့် ဖန်င ကောင်းကင်ကတော့ ကြည်လင်လုနီးပါး တိမ်ဖြူတိမ်လိပ် အနည်းငယ်လောက်ပဲ တွေ့ရပါတယ်။ တဝုန်းဝုန်း ရိုက်ခတ်နေတဲ့ ရေလှိုင်းသံကို နားဆင်ရင်း ဖြူလွလွ သဲသောင်ပြင်၊ ပြာလွင်တဲ့ ပင်လယ်ကြီးပေါ်က ဆည်းဆာ ကောင်းကင်ရဲ့ အလှကို အကောင်းဆုံး ကြည့်ရှု ခံစားနိုင်ဖို့ နေရာ ယူထားတာကတော့ “KHOA LAK SEA VIEW” ဆိုတဲ့ ကြယ်ငါးပွင့်အဆင့် ဟိုတယ်ကြီးပါ။

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ခရိုင် ဖန်င မြို့နယ်မှာရှိတဲ့ အဲဒီဟိုတယ်ကြီးရဲ့ ရှေ့မှာတော့ ဖြူစင်တဲ့ စားဖိုဆောင်ဝတ်စုံကို ခေါင်းကနေ ခြေဖျားအထိ အပြည့်အစုံ ဝတ်ထားတဲ့ မြန်မာနိုင်ငံသား လူငယ်တဦး ရပ်နေပါတယ်။ သူကတော့ ဒီဟိုတယ် ကြီးမှာ စားဖိုမှူးအကူအဖြစ် အလုပ်ဝင်လုပ်နေတဲ့ အသက် ၁၈ နှစ်အရွယ် ကိုစိုးဇော်ဇော်ပါ။

“ဒီနေ့ အလုပ်နည်းနည်းပါးလို့ အခုလို ထွက်စကားပြောနိုင်တာ” လို့ သူက ဆိုပါတယ်။

မွန်ပြည်နယ် သံဖြူဇရပ်ဇာတိဖြစ်တဲ့ မွန်တိုင်းရင်းသား တဦးဖြစ်သူ ကိုစိုးဇော်ဇော်ဟာ မြန်မာပြည်မှာ တတိယတန်းအထိပဲ ပညာ သင်ခဲ့ ရပြီး စီးပွားရေးကြောင့် မိဘတွေ ထိုင်းနိုင်ငံတောင်ပိုင်းကို ရွှေ့ပြောင်းလာရာမှာ လိုက်ပါခဲ့ရသူပါ။ သူ့ဖခင်က မွန်ကျောင်းမှာပဲ တက်ခဲ့ ဖူးပြီး မိခင်ကတော့ အတန်းပညာ မသင်ခဲ့ရဘူးလို့ သူက ပြောပါတယ်။

ကိုစိုးဇော်ဇော်ရဲ့ မိဘတွေဟာ တခြား ရွှေ့ပြောင်းအလုပ်သမား အများစုလိုပဲ ဖန်ငမြို့နယ်ထဲက ရော်ဘာ တောတွေထဲမှာ ရော်ဘာစေးခြစ်၊ ရော်ဘာပြားဖိတဲ့ အလုပ်ကို လုပ်ကိုင်ကြသူတွေ ဖြစ်ပါတယ်။ ပြောင်းရွှေ့လာတဲ့ ကိုစိုးဇော်ဇော်ဟာ ဖန်င မြို့နယ်ထဲမှာ ပညာရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း (FED) က ဖွင့်ထားတဲ့ ကျောင်း တကျောင်းမှာ တခြားသော ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ သားသမီးတွေလိုပဲ ပညာ ဆက်သင်ခွင့် ရခဲ့ပါတယ်။

“၆ တန်းအောင်တော့ ကျနော့်ကို အမေတို့က ကျောင်းထွက်ပြီး အလုပ်လုပ်ခိုင်းတယ်။ ဒါပေမယ့် ကျနော်က ကျောင်းဆက် တက်ချင်လို့ အားတဲ့အချိန် အလုပ်လည်း ဝိုင်းလုပ်ပါ့မယ်၊ ကျောင်းလည်း တက်ပါရစေဆိုပြီး ပြောလို့ လူငယ့်သိပ္ပံ ကျောင်းမှာ ဆက်တက်ခွင့်ရတာ” လို့ ကိုစိုးဇော်ဇော်က ပြောပြပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်းဟာ တခြားဒေသတွေထက် အလုပ်အကိုင် အခွင့်အလမ်း များတယ်လို့ ဆိုရမှာပါ။ ရေလုပ်ငန်း၊ ငှက်သိုက် လုပ်ငန်း၊ ရော်ဘာစေးခြစ်တဲ့ လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်း၊ စားသောက်ဆိုင်၊ ဟိုတယ်နဲ့ တည်းခိုဆောင် လုပ်ငန်း စသည်ဖြင့် အလုပ်တွေအများကြီး ရှိတာကြောင့် မိဘတွေဟာ သားသမီးတွေ အသက် ၁၂ နှစ် ၁၃ နှစ်လောက် ရောက်ပြီဆိုတာနဲ့ ကျောင်းကထုတ်ပြီး အလုပ်ခွင်ကို ဝင်စေချင်ကြပါတယ်။

ကိုစိုးဇော်ဇော်ရဲ့ မိဘတွေဟာလည်း တခြားအလုပ်သမား မိဘတွေလိုပဲ သားဖြစ်သူကို ရော်ဘာစေး ဝင်ခြစ်စေချင်ခဲ့တာပါ။

ရော်ဘာစေး ခြစ်တဲ့လုပ်ငန်းဟာ လစာနဲ့ လုပ်ရတာမဟုတ်ဘဲ ရတဲ့ ရော်ဘာပြားကို ပိုင်ရှင်သူဌေးနဲ့ အချိုးကျ ခွဲဝေ ယူရတာကြောင့် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအတွက် လုပ်ရင် လုပ်နိုင်သလို ဝင်ငွေရနိုင်ပါတယ်။ ဒါကြောင့်လည်း သူတို့တွေဟာ မိသားစုလိုက် အိမ်ရှိလူကုန် လုပ်ကိုင်လိုကြတယ်။

“ကလေး အများစုက ၆ တန်းအောင်ပြီးသွားရင် လူငယ့်သိပ္ပံ ကျောင်းကို ဆက်မတက်ကြတော့ဘူး။ မိဘတွေ ကလည်း သူတို့သားသမီးတွေကို အလုပ်ခွင် ဝင်စေချင်တယ်။ ကလေးတွေကလည်း ပိုက်ဆံ မြင်နေရတော့ ကျောင်းကို စိတ်မပါကြတော့ဘူး” လို့ FED ရဲ့ ဒါရိုက်တာ ဦးထူးချစ်က ပြောပါတယ်။

FED က ဖွင့်လှစ်ထားတဲ့ ကျောင်း ၉ ကျောင်းမှာ မူကြိုကျောင်းကို ဖယ်ထားမယ်ဆိုရင် သူငယ်တန်း အဆင့်ကနေ ၆ တန်းအထိ ကျောင်း ၇ ကျောင်း ရှိပါတယ်။ ၆ တန်းအောင်သွားရင် လူငယ့်သိပ္ပံ ဆိုတဲ့ အထက်တန်းကျောင်း ရှိပါတယ်။ အဲဒီကျောင်းမှာ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သမိုင်း၊ ထိုင်းစာနဲ့ သိပ္ပံဘာသာရပ်တွေကို သင်ပေးပါတယ်။

ကျောင်း ၉ ကျောင်းမှာ တက်ရောက် ပညာသင်နေတဲ့ ကျောင်းသား အရွယ်အစားစုံ စုစုပေါင်း ၇၀၀ ခန့်သာ ရှိပေမယ့် တကယ့်တကယ် ဖန်င မြို့နယ်ထဲမှာ ကျောင်းသားဦးရေ ၃၀၀၀ ကနေ ၅၀၀၀ လောက် ရှိတယ်လို့ ဦးထူးချစ်က ပြောပြပါတယ်။

ဒီကျောင်းတွေ စတင်ထူထောင်တဲ့ကာလ ၂၀၀၅ ခုနှစ်ဆန်းလောက်ကတည်းက ကျောင်းသားတဦးအတွက် ကျောင်းစရိတ် တလကို ဘတ် ၃၀၀ (ကျပ် ၉၀၀၀ ခန့်) ကောက်ခံခဲ့တယ်လို့ သိရပါတယ်။ အရင်က ကျောင်းတွေမှာ နေ့လယ်စာ ထမင်းကျွေးပေမယ့် အခုတော့ မူကြိုကျောင်းကလွဲရင် မကျွေးနိုင်တော့ပါဘူး။

“ဒီကျောင်းတွေအတွက် အလှူငွေတွေရှိနေပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဒီအလှူငွေတွေ ဝင်မလာတော့ရင်၊ ဖြတ်တောက်လိုက်ရင် ကျောင်းတွေပိတ်လိုက်ရတာမျိုး ဖြစ်မှာစိုးလို့ အစောကြီးကတည်းက စဉ်းစားပြီး တလကို ဘတ် ၃၀၀ ကောက်ခံခဲ့တာပါ” လို့ ဦးထူးချစ်က ဆိုပါတယ်။

အခု လက်ရှိအခြေအနေအရ ထိုင်းနိုင်ငံ ဒေသအသီးသီးမှာ ဖွင့်ထားတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား သားသမီးတွေ ပညာသင်ကြားနေတဲ့ ကျောင်းတွေအတွက် ရန်ပုံငွေတချို့ ဖြတ်တောက်ခံရတဲ့ အနေအထား ရှိလာတာကြောင့် တချို့ နယ်စပ် ဒေသက ကျောင်းတွေ ကသောင်းကနင်း ဖြစ်ပေမယ့် ကျောင်းလခ ကောက်ခံထားတဲ့ ဖန်င မြို့နယ်ထဲက ကျောင်းတွေ ကတော့ အခက်အခဲ အနည်းငယ် ရှိတာကလွဲရင် ဆက်လက် ရပ်တည်နေနိုင်ပါတယ်။

ရွှေ့ပြောင်းအလုပ်သမား တယောက်ရဲ့ တလဝင်ငွေဟာ အနည်းဆုံး ဘတ် ၆၀၀၀၊ ၇၀၀၀ လောက် ရတဲ့ ဒေသ ဖြစ်တာ ကြောင့် ကျောင်းလခ ဘတ် ၃၀၀ ကို ကြည်ကြည်ဖြူဖြူ ပေးကြပေမယ့် တနေရာနဲ့ တနေရာ ဝေးကွာပြီး သွားလာရ ခက်ခဲတာက တကြောင်း၊ အသက် ၁၂ နှစ် ၁၃ နှစ်အရွယ်မှာ အလုပ်ခွင် ဝင်ခိုင်းချင်တာ တကြောင်းကြောင့် ကလေးတွေဟာ ကျောင်းစာသင်ခန်းကို အပြည့်အဝ မရောက်လာကြတာလို့ ဦးထူးချစ်က ပြောပါတယ်။

“တကယ်တော့ ကလေးတွေကို ကျောင်းပြီးအောင် တက်စေချင်တယ်။ လူငယ့်သိပ္ပံကျောင်းကို တက်လိုက်ရင် သူတို့အတွက် အဆင့်မြင့်တဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုရနိုင်တယ်” လို့ သူက ဆိုပါတယ်။

မိဘတွေစိတ်တိုင်းကျ ညဘက်မှာ ရော်ဘာဈေး ဝင်ခြစ်၊ နေ့ဘက်မှာ လူငယ့်သိပ္ပံကျောင်းတက်ခဲ့တဲ့ ကိုစိုးဇော်ဇော်ဟာ ဂျာမဏီအဖွဲ့တဖွဲ့က လာရောက်ဖွင့်လှစ်တဲ့ ဟိုတယ်သင်တန်းကျောင်းကို တက်ခွင့်ရခဲ့ပါတယ်။ ဟိုတယ် သင်တန်းကျောင်းမှာ ထိုင်းဘာသာစကားနဲ့ စာကို ကောင်းမွန်စွာ တတ်မြောက်ပြီဖြစ်တဲ့ ကိုစိုးဇော်ဇော် တယောက်သာ မြန်မာလူမျိုးဖြစ်ပြီး ကျန်တဲ့ ကျောင်းသားတွေက ထိုင်း နိုင်ငံသားတွေဖြစ်တယ်လို့ သိရပါတယ်။

“အစကတော့ ဧည့်ကြိုလုပ်ငန်းကို သင်မလို့။ ဒါပေမယ့် မပျော်ဘူး။ အစားအသောက် ချက်ပြုတ်တာတော့ ပျော်ဖို့ ကောင်းတယ်” လို့ ကိုစိုးဇော်ဇော်က ပြောပါတယ်။

အမြင်မကျယ်သေးတဲ့ သူတို့ ပတ်ဝန်းကျင်မှာ စားဖိုမှူးအလုပ်ကို ယောက်ျားတွေ လုပ်တယ်ဆိုတာကို လက်မခံနိုင်ကြ သေးတဲ့အတွက် သူ ဒီသင်တန်း တက်စမှာလည်း မိဘတွေက သဘောမကျကြဘူးလို့ ကိုစိုးဇော်ဇော်က ဆိုပါတယ်။

အခုတော့ သူက ကြယ်ငါးပွင့် အဆင့်ရှိတဲ့ ဟိုတယ်ကြီးမှာ စားဖိုမှူးအကူအဖြစ် မိဘတွေကို တဖက်တလမ်းက ဖြည့်ဆည်း ပေးနိုင်ခဲ့ပါပြီ။ တလကို လစာချည်းပဲသက်သက် ဘတ် ၆၀၀၀ ရတဲ့အပြင် ဟိုတယ်ကနေ မုန့်ဖိုး (Tips Money) လည်း ဧည့်သည် ဝင်ရင် ဝင်သလို ရတယ်လို့ သိရပါတယ်။ ဧည့်သည် များတဲ့အချိန် နိုဝင်ဘာ၊ ဒီဇင်ဘာ ကနေ မတ်၊ ဧပြီ၊ မေ လလောက်အထိ သူ့ဝင်ငွေဟာ ဘတ် ၁ သောင်းခွဲနီးပါး ရှိပါတယ်။ ဥရောပ အစားအစာ တော်တော်များများကိုလည်း ချက်ပြုတ်ပြင်ဆင် တတ်နေပြီလို့ သိရပါတယ်။

ကိုစိုးဇော်ဇော်လိုပဲ လူငယ့်သိပ္ပံကျောင်းကို ပြီးအောင်တက်ပြီး ထိုင်းဘာသာစကားနဲ့ စာ ကျွမ်းကျင်တဲ့ အသက် ၁၈ နှစ်အရွယ် မနီနီဝင်းကတော့ FED မှာ အလုပ်သင်အဖြစ် ဝင်လုပ်ရင်း တဘက်က ပြင်သစ်စာသင်နေတယ်လို့ ပြောပါတယ်။

“မနီနီဝင်းလိုကလေး ၃၊ ၄ ယောက်ရှိတယ်။ သူတို့က ဘန်ကောက် ချူလာလောင်ကွန်း တက္ကသိုလ်က ချီးမြှင့်တဲ့ ဘာသာပြန် လက်မှတ် ရထားတာပါ” လို့ ဦးထူးချစ်က ဆိုပါတယ်။

ထိုင်း - အင်္ဂလိပ် ဘာသာပြန်လက်မှတ် ရထားတဲ့ မနီနီဝင်းကတော့ လက်ရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံရဲ့ တရားရေးဌာနတွေ၊ ဆေးရုံ၊ ဆေးခန်းတွေမှာ အဓိက ဘာသာ ပြန်ပေးနေရပါတယ်။

“သမီးကတော့ ပညာတွေ အများကြီး တက်ချင်တယ်။ တခြား နိုင်ငံကြီးတွေမှာ ကျောင်း ဆက်တက်ခွင့် ရမယ်ဆိုရင်လည်း တက်ချင်တယ်။ အခုတော့ ပြင်သစ်စာကို လေ့လာနေပါတယ်” လို့ မနီနီဝင်းက ဆိုပါတယ်။

ပညာ တပိုင်းတစနဲ့ အလုပ်ထွက်လုပ်တာထက် ပညာပြည့်စုံအောင်သင်၊ အသက်မွေးဝမ်းကျောင်း ပညာရပ် တခုခု ဖြစ်ဖြစ်၊ ဘာသာစကားဖြစ်ဖြစ် ကျွမ်းကျင်အောင်လုပ်ပြီးမှ အလုပ်ထွက်လုပ်မယ် ဆိုရင် နာမည်ကျော် ကမ်းခြေဒေသ ဖြစ်တဲ့ ထိုင်းနိုင်ငံတောင်ပိုင်းက တခြားဒေသတွေထက် အလုပ်အကိုင် အခွင့်အလမ်း အများကြီး ပိုရှိတယ်လို့ ဦးထူးချစ်က ပြောပြပါတယ်။

လူငယ့်သိပ္ပံကျောင်းကနေ ကျောင်းပြီးခဲ့ပြီး အင်္ဂလိပ်စာနဲ့ ထိုင်း ဘာသာစကား ကျွမ်းကျင်တဲ့ သူတွေကို ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေက ခန့်ထားချင်လို့ လာပြောထားတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

ကိုစိုးဇော်ဇော်တို့၊ မနီနီဝင်းတို့ကို ကြည့်ပြီး တချို့ မိဘအနည်းငယ်ကလည်း သူတို့သားသမီးတွေကို ကျောင်းထားချင်စိတ် ရှိလာကြသလို သူတို့ကို အားကျပြီး အလုပ်တဘက်လုပ်ရင်း ပညာသင်ချင်တဲ့ လူငယ်တွေရှိလာပြီလို့ ဦးထူးချစ်က ပြောပြပါတယ်။

“ပညာသင်ချင်တဲ့ ကလေးတွေရှိနေပေမယ့် သိပ်နည်းသေးတယ်။ လူငယ့်သိပ္ပံကျောင်းမှာဆို အငယ်တန်းနဲ့ အကြီးတန်း နှစ်တန်းပေါင်းကို ကျောင်းသား ၂၅ ယောက်ပဲ ရှိတယ်” လို့ သူက ဆိုပါတယ်။

ကိုစိုးဇော်ဇော်ရဲ့ အောက်မှာ မူလတန်းအရွယ် ညီမလေး ၂ ယောက်ရှိနေသေးတာကြောင့် သူတို့ကို ကျောင်းထွက်ပြီး အလုပ်မလုပ် ခိုင်းတော့ဘူး၊ ပညာတွေ သင်ခိုင်းဖို့ သူ့ မိဘတွေက ဆုံးဖြတ်ထားတယ် ဆိုတဲ့အကြောင်း ကိုစိုးဇော်ဇော်က ဝမ်းသာအားရ ပြောပြပါတယ်။

ကိုစိုးဇော်ဇော်ကတော့ အခွင့်အရေးရခဲ့ရင် မြန်မာပြည်မှာ နိုင်ငံကူးလက်မှတ်ပြန်လုပ်ပြီး ဥရောပနိုင်ငံကြီးတွေမှာ စားဖိုမှူး ပညာ သွားသင်ချင်သေးတယ်လို့ ဆိုပါတယ်။

“အီတလီအစားအစာတွေ ချက်ပြုတ်ရတာ သဘောကျတယ်။ အီတလီမှာ ကျောင်းသွားတက်ချင်တယ်။ ကျနော့် အသက် ၃၀ မှာ ဟိုတယ်ကြီးတခုခုရဲ့ အကြီးဆုံး စားဖိုမှူးကြီး ဖြစ်ရမယ်လို့ ရည်မှန်းထားတယ်” လို့ ကိုစိုးဇော်ဇော်က ပြောပါတယ်။ ။

No comments:

Post a Comment