Thursday, September 1, 2011

မြန်မာစစ်တပ်ချင်း ပစ်ခတ်မှုတွင် ၃ ဦးသေ၊ ၄ ဦးဒါဏ်ရာရ

KNG

သြဂုတ် ၃၀၊ အင်္ဂါနေ့က မြန်မာပြည်၏အကြီးဆုံး မန္တလေး-မူဆယ် နယ်စပ်ကုန်သွယ်ရေး ကားလမ်းမကြီးတွင် မြန်မာအစိုးရစစ်တပ် အချင်းချင်း ပစ်ခတ်ကြရာ (၃) ဦးသေဆုံးပြီး ၄ ဦး ဒါဏ်ရာရရှိသည်ဟု မျက်မြင် သက်သေများပြောသည်။


တရုတ်နိုင်ငံမှ စစ်ကားများအား မူဆယ်မှ မန္တလေးဘက် မောင်းနင်ယူဆောင်ရာ ကားလမ်းလုံခြုံရေးယူ ထားသည့် သိန္နီအခြေစိုက် စကခ (၁၆) လက်အောက်ခံ မြန်မာစစ်သားများအား မူဆယ်-ကွတ်ခိုင်ကြား KIA တပ်ရင်း (၉) က တိုက်ခိုက်ခဲ့သည်ဟု KIA ကဆိုသည်။

သို့သော် အစိုးရ စစ်အင်အားများလွန်းသည့်အတွက် KIA တပ်များ အချိန်တိုပစ်ခတ်ပြီး ဆုတ်ခွာသွားသည်ဟု သိရသည်။

ထို့နောက် ကွတ်ခိုင်မြို့ဘက်မှ တပ်ကူ စစ်ကား (၅) စီးဖြင့် ရောက်လာသည့် အစိုးရစစ်သားများနှင့် ကားလမ်းလုံခြုံရေးယူထားသော တပ်များကြား မွန်းလွဲ ၂ ခန့်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ကြသည်ဟု မျက်မြင်သက်သေများ ဆိုသည်။

ထိုသို့မှားယွင်းပစ်ခတ်ကြသည့်နေရာမှာ ကွတ်ခိုင်မှ မူဆယ်ဘက်သို့ ဦးတည်သည့် နမ်ပါကာ (Nampaka)မြို့ နှင့် နမ်အွမ် (Nam Um)ကျေးရွာ ကြားတွင် ဖြစ်သည်။

ဒါဏ်ရာရရှိသွားသော စစ်သား ၄ ဦးသည် ယခုချိန် ကွတ်ခိုင်ဆေးရုံတွင် ရောက်ရှိနေကြသည်ဟု ဒေသခံများ ပြောပါသည်။

သြဂုတ် (၂၅) ရက်တွင်လည်း မူဆယ်မှ မောင်းနင်လာသည့် မြန်မာစစ်ကားများအား ရှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ ၄ အောက်၊ KIA တပ်ရင်း ၉ က တိုက်ခိုက်မှု ပြုလုပ်ခဲ့သေးသည်။

No comments:

Post a Comment